www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts
Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts

Monday, March 20, 2017

ပုဂံဒေသတွင် ကလေးငယ်များအကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် ပညာပေးဆောင်ရွက်မည်



ညောင်ဦး ၊ ၂၀-၃-၂၀၁၇

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ ရှိသောစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကလေး သူငယ်များကို အကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံ)မှ သိရသည်။

အဆိုပါလုပ်ငန်းကို UNICEF နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ပူးပေါင်း တက်ရောက်၍ ယခုနှစ် မတ် ၁၁ ရက် က ပုဂံသီရိပစ္စယာ ဟိုတယ်၌ ကြိုတင် ကာကွယ်ရေး ပညာပေး အစီအစဉ်များကို ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လာမည့် လများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ကလေးငယ်တွေကို ဂေဟာတစ်ခုဖွင့်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ကာ နိုင်ငံခြားဝင်ငွေ ရှာနည်းတွေ၊ ပြည့်တန်ဆာ အဖြစ်နဲ့ ဝင်ငွေရှာတာ တွေကို တချို့နိုင်ငံတွေမှာ ရှိနေတယ်လို့ ကြားသိရပါတယ်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာလဲ ဒါမျိုးတွေ အထင်အရှား မရှိပေမယ့် နောင်တစ်ချိန် ဖြစ်မလာအောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု အဆိုပါဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွန်းခိုင် က ပြောပြသည်။

ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း၌ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ရှောင်ရှား နိုင်ရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား ဝေငှပေးထားပြီး ပညာပေး ဟောပြောပွဲများ ကိုလည်း သက်ဆိုင်ရာ ဦးစီးဌာနများ၊ NGO အဖွဲ့များနှင့် ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ ပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, February 22, 2017

သက်တမ်းကုန်ဆေးဝါးများ သောက်သုံးမှုမရှိစေရန် ကျေးလက်ဒေသများအထိ ကွင်းဆင်းပညာပေးမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

ရာသီ အကူးအပြောင်း ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ဖျားနာမှု များကြောင့် ဆေးဝါး သောက်သုံးရာ၌ ကျေးလက်နေ ပြည်သူ အများစုမှာ သက်တမ်းကုန်ဆုံး နေသော ဆေးများကို စပ်ဆေးအဖြစ် ဝယ်ယူသောက် နေသဖြင့် ထိုဆေးဝါးများ သောက်သုံးမှု မရှိစေရန် ကျေးလက်ဒေသ များသို့ သွားရောက်ကာ ကွင်းဆင်း အသိပညာပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

ရာသီဥတု အကူးအပြောင်းတွင် ဖြစ်ပွား တတ်သည့် ဖျားနာမှုများကို သက်တမ်းကုန် နေသော ဆေးဝါးများဖြင့် စပ်ဆေး ရောင်းချသည့် ဆိုင်မှဝယ်ယူ သောက်သုံးမိ ပါက တစ်ခဏတာ ရောဂါဝေဒနာများ ပျောက်ကင်း သလို ခံစားရသော်လည်း ဘေးထွက်ဆိုးကျိုး များစွာရှိကြောင်း သိရသည်။

''ဒီဆေးတွေက သက်တမ်းကုန်ဆုံး နေတာတွေလား ဆိုတာ ကိုယ်က မသိနိုင်ပါဘူး။ ဒါကို ဝယ်ယူ သောက်သုံးနေတဲ့ ပြည်သူတွေ အန္တရာယ်များလို့ ပညာပေးမှု ပြုလုပ်သွား မှာပါ။ ဒါ့အပြင် ဆေးရောင်း ချသူတွေ၊ ဆေးဆိုင်ကို ကြီးကြပ်ကွပ်ကဲ မယ့်သူတွေပါ ဆေးဘက်ဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေကို သိရှိမှ ဆေးဆိုင် ရောင်းချခွင့်ပြုဖို့ စီစဉ်ဆောင်ရွက် နေပါတယ်'' ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဆေးဝါးဌာန ညွှန်ကြားရေးမှူးေ ဒါက်တာ ဒေါ်သိင်္ဂီဇင် က ပြောသည်။

ဈေးကွက်အတွင်း၌ သက်တမ်းကုန်ဆုံး နေသော ဆေးဝါးများကို ၁ဝ ထုပ်ပါ တစ်ပါကင်လျှင် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချလျက် ရှိသည်။ ထိုဆေးဝါးများကို ကျန်းမာရေး ဗဟုသုတ နည်းပါးသော ပြည်သူများက ဝယ်ယူသောက် သုံးနေကြသည့် တချို့ ကျေးလက်နေပြည်သူ များသည်လည်း ယင်းဆေးများကို စွဲသောက် လာသဖြင့် အန္တရာယ်ရှိကြောင်းကို အသိပညာပေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေး sသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, February 20, 2017

ရွာလေး၏ ငိုရှိုက်သံ


ရွာလေး၏ ငိုရှိုက်သံ

( ဆောင်းပါးရှင် - မဒါလေး )

ကျွန်မသည် ရွာလေးကို မရောက်သည်မှာ နှစ်တော်တော်ကြာ ပေပြီ။ အတိအကျ ဆိုရလျှင် ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီ။ ဆယ်စုနှစ် မတိုင်မီက ကြိုးကြားကြိုးကြား ရောက်ဖြစ်သည်။ သို့သော် ရွာလေးမှာ ဟိုးလွန်ခဲ့သည့် နှစ်များစွာက ကဲ့သို့ပင် မပြောင်းလဲပေ။ လယ်လုပ်သူ၊ ငါးရှာသူ၊ သစ်ဆွဲသူ၊ သားသတ်သူ၊ ဆန်ကြိတ်သူ၊ အိမ်လှည့် သတင်းစကားပေးသူ၊ အိမ်ရှေ့ဈေးဆိုင် တည်သူစသည့် အမျိုးမျိုးသော လုပ်ငန်းကို လုပ်ကိုင်ရင်း လည်ပတ်ရပ်တည် နေကြသူများ သည်လည်း ထိုစဉ်အချိန်က ထိ မပြောင်းလဲပေ။ အိမ်လေးများ မှာလည်း ရိုးရာအတိုင်း ဆောက်လုပ် ထားကြသဖြင့် တစ်အိမ်နှင့်တစ်အိမ် တူနေကြသည်။ ထိုစဉ်က စာရေးသူ အိမ်မှားပြီး မကြာခဏ တက်ခဲ့ဖူးသည်။ တစ်ရွာလုံး ဆွေမျိုးများကဲ့သို့ ဖြစ်နေသဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ ကြသည်။

ယခုတစ်ကြိမ်တွင် စာရေးသူ မျက်စိမှားလောက် အောင်ပင် ရွာလေး၏ တိုးတက်မှု များသည် အံ့မခန်း ဖြစ်ခဲ့ရသည်။ ရိုးရာခြေတံရှည် အိမ်များကြား နှစ်ထပ်၊ သုံးထပ်ထိ မြင့်သော တိုက်တာ အဆောက်အအုံ များ တိုးလာသည်။ တစ်ရွာလုံး အိမ်ရှေ့လမ်းများ သည် မြေသားအစား ကွန်ကရစ်ခင်း ထားသော လမ်းမို့မို့များ ဖြစ်နေသည် မှာလည်း မြေကွက်လပ်ပင် မရှိသလောက် ဖြစ်နေသည်။ ယခင်က မိုးရွာလျှင် ရေလျှံတတ်သဖြင့် ထိုကဲ့သို့ ကွန်ကရစ် လမ်းမို့မို့ မောက်မောက် လေးများ ခင်းထားခြင်းက ရေလျှံခြင်းကို ကာကွယ်နိုင်ရန် စဉ်းစားပြီး လုပ်ထားပုံ ပေါ်သည်။ အိမ်မရှိသည့် နေရာနှင့် မညီညွတ်သည့် အိမ်များ၏ရှေ့ လမ်းများတွင် မြေသားအချို့ ကျန်နေ သေးသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ ရွာအဝင် လမ်းမနှင့် ဘုန်းကြီးကျောင်းသို့ သွားရာလမ်းသည် လမ်းကျယ်ပြီး မြေသားလမ်း ဖြစ်သဖြင့် ညနေခင်းတွင် ဆော့ကစားသည့် ကလေးများနှင့် ပြည့်နေသည်။

အစားအသောက် ခုံမင်သည့်ဒေသ ဖြစ်သဖြင့် နံနက်ခင်းမှစ၍ ညနေစောင်းထိ အစားအသောက် ရောင်းချသော ဈေးသည်များလည်း ပေါများလှသည်။ နံနက်ခင်းတွင် မုန့်ဟင်းခါး၊ ထမင်းချဉ်၊ ထမင်းသုပ်၊ မှိုသုပ်၊ အစုံသုပ်၊ မုန့်စိမ်းပေါင်းစသည့် ရိုးရာ အစားအသောက်များ ရောင်းချသူ ပေါများပြီး နေ့ခင်းစာ အတွက် ပဲပြားအစာသွတ်၊ ခရမ်းချဉ်သီး အစာသွတ်၊ ပဲတီပင်ပေါက်ကြော်၊ ဘူးသီးကြော်၊ သရက်သီးသုပ်၊ မရန်းသီးသုပ်၊ နာနတ်သီးသုပ် စသည်များ ရောင်းချကြသည်။ ညနေခင်းတွင် ထိုင်း အစားအသောက် များ ရောင်းချသော ဆိုင်များတွင် လူစည်တတ်သည်။ အစားအသောက် မက်သော စာရေးသူ အတွက်က တော့ နေ့တိုင်းဘုရားပွဲ တွေ့နေသည်။ တစ်နေကုန် သွားလိုက်၊ စားလိုက်နှင့် ညရောက်တော့ ဗိုက်အင့်ကာ မလှုပ်နိုင်အောင်ပင် ဖြစ်ရသည်။

စာရေးသူ ဤရွာကို ရောက်သည်မှာ နှစ်ရက်ရှိပေပြီ။ သဘာဝလေ အရသာနှင့် ညဘက် အိပ်စက်ရ သည်ကို အလွန် သဘောတွေ့ လှသည်။ တစ်ချက်တစ်ချက် မလှမ်းမကမ်းမှ ကြားရသည့် မီးရထားသံနှင့် တစ်ခါတစ်ခါ ဝှေ့တိုက်လာသည့် စပါးနံ့သင်းသော လေရနံ့မှာ အရသာ ရှိလှသည်ဟု ထင်မိသည်။ ထိုညက စာရေးသူ စောစောပင် အိပ်ပျော်သွား ခဲ့သည်။ နံနက်အရုဏ် မတတ်မီ အခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။ သည်အချိန်ကြီး ဘယ်သူများ လာနှိုးပါလိမ့်။ ဘာကိစ္စများ ရှိ၍ပါလိမ့်။ စာရေးသူ ကဲ့သို့ အလည်သက်သက်လာသော သူစိမ်းတစ်ဦး အတွက် ကိစ္စအထွေအထူး မရှိနိုင်သည်မှာ သေချာသည်။ ရုတ်တရက် အထဲမှပင် အသံပြုလိုက်သည်။ ''တံခါးခေါက်တာ ဘယ်သူလဲ''။ အပြင်မှ အသံ တိတ်ဆိတ်လျက် ရှိသည်။ ခဏအကြာမှ နောက်တစ်ခွန်း ထပ်မေးမည် ပြုစဉ် ''ကျုပ် ရွာကလေးပါ''။ အပြင်မှ အသံ ကြားကြားချင်း ရယ်ချင်သွားသည်။ ထို့နောက် စိတ်တိုသလို ဖြစ်လာပြီး စိုးရိမ်စိတ်လည်း ဝင်လာသည်။ ဒီအချိန်ကြီး လာစနေတာလား။ ရွာကလူကြီး ဆိုလည်း ရွာလူကြီးပေါ့။ သည်အချိန်ကြီး ရွာလူကြီး ဆိုလျှင်လည်း ဘာကိစ္စပါလိမ့်။ ယခုခေတ်က ရွာလူကြီးခေတ် မဟုတ်တော့။ စာရေးသူ အတွေးများရပြီ။ ဧည့်စာရင်း ကလည်း တိုင်စရာမလို သဖြင့် ဧည့်စာရင်း စစ်ခြင်းလည်း မဖြစ်နိုင်။ သည်လိုဆို အန္တရာယ်ပေးမည့် သူများလား။ အနီးရှိဖုန်းကို ကောက်ကိုင်ကာ ပတ်ဝန်းကျင်မှ အမျိုးများထံ ဖုန်းဆက်ရန် ပြင်လိုက်သည်။ ထိုစဉ် အပြင်မှ ''ကျုပ်ဒီရွာလေး ပါဗျာ။ ဒီက မိတ်ဆွေကို ကျုပ်အကြောင်း ရင်ဖွင့်စရာလေးတွေ ရှိလို့ပါ။ မိတ်ဆွေ စရောက် ကတည်းက ကျုပ်အပေါ် ဂရုတစိုက်ရှိတာ ကျုပ်သိလို့ပါဗျာ'' ဆိုသည့် အသံကြားမှပင် အံ့သြမှင်တက် မိသည်။

တံခါးဖွင့်သင့်၊ မဖွင့်သင့် စာရေးသူ စဉ်းစားလိုက်သည်။ အကယ်၍ ရင်ဖွင့်ချင်တယ် ဆိုလျှင် နံနက်မှလာ၍ မရဘူးလားဟု လည်း စဉ်းစားမိသည်။ ''ရှင် မနက်မှ လာခဲ့ပါလား။ ကျွန်မ ရှင်ပြောချင်တဲ့ စကားတွေကို တစ်နေ့လုံး နားထောင်ပေး နိုင်ပါတယ်''။ အပြင်မှ သက်ပြင်းချသံကို အထဲမှပင် ကြားနေရသည်။ ''တံခါးမဖွင့်ချင်လဲ ကျုပ်ပြောတာကို အထဲကနေပဲ နားထောင်ပေး ပါဗျာ။ မနက်မှာတော့ ကျုပ်ပြောဖို့ အခွင့်မသာ လို့ပါ''။ သူပြောတဲ့ နည်းလဲ ကောင်းတာပဲ။ ''အင်း ဒါဆို ကျွန်မအထဲက နားထောင်နေမယ် ရှင် ပြောလို့ရပြီ''။ စာရေးသူ စကားပြန် ပြန်ချင်းပင် ကျေးဇူးတင် ကြောင်း ပြောသည်။

ထို့နောက် သူသည်မှာ ရွာလေးအဖြစ် ဖြစ်တည် လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခင်က ပွင့်လင်းရိုးသားသော ရွာသူ၊ ရွာသားများနှင့် လယ်ယာလုပ်ကြသော ရွာသူ၊ ရွာသားများကြားတွင် ပျော်စရာအတိ ဖြစ်ခဲ့ရကြောင်း၊ ဘာသာတရား ကိုင်းရှိုင်းကြကြောင်း၊ ရိုးရာအစဉ်အလာ နှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကြသူများ ဖြစ်ကြောင်း ပြောပြသည်။ အချို့ အကြောင်းအရာ များကို စာရေးသူ၏ အဘိုး၊ အဘွားများ ပြောပြသဖြင့် ကြားဖူးခဲ့သည်။ 

ခဏအကြာတွင် ရှိုက်သံလိုလို၊ ငိုသံလိုလို နှင့် အသံတစ်သံ ထွက်လာသဖြင့် ကျွန်မ စိုးရိမ်တကြီး မေးမိသည်။ ''ရှင် အဆင်ပြေ ရဲ့လား၊ ဆက်မပြော ချင်လဲ ရတယ်နော်''။ ကျွန်မရဲ့ အသံအဆုံးမှာ'' ပြောလက်စနဲ့ ပြီးအောင် ပြောပါရစေ။ ဒါမှ ကျုပ်ရင်ထဲပေါ့ သွားအောင်လို့ပါ''။ ထို့နောက် ''ဒီနေ့အချိန် မှာတော့ အားလုံး ပြောင်းလဲသွားခဲ့ပြီ။ ရိုးရာ အစဉ်အလာ တွေလဲ တချို့မေ့ထား လိုက်ကြပြီ။ ရွာထဲမှာလဲ လူငယ်လူရွယ် ရယ်လို့ မရှိအောင်ဘဲ ရှားပါးသွားပြီ၊ ကလေးတွေ ဆော့ကစားတဲ့ မြေနေရာလွတ် တွေလဲ နည်းသွား ကြပြီဗျာ။ မနေ့ကတောင် ကွန်ကရစ် လမ်းပေါ် စက်ဘီးလဲတဲ့ ကလေး ဒူးပြဲသွားတာ ကျုပ် မကြည့်ရက် ဘူးဗျာ။ အရင်ကဆို ဖုန်ထူပေမယ့် ကျရင်ခံသာ သေးသဗျာ'' သူ့စကားကို ခဏနား လိုက်သည်။ သူပြောတာလဲ ဟုတ်မှာပါပဲ အရွယ်ရောက် သည်နှင့် ပညာရှာသည့် ကလေးထက် တစ်ဖက်နိုင်ငံ သို့သွားကာ ဝမ်းစာရှာ သည့် ကလေးများ ပိုပေါလာသည်။ ဟိုစက်ရုံ၊ သည် စက်ရုံ များသို့ အလုပ်ပွဲစား များမှတစ်ဆင့် ပို့ကြသည်။ တစ်ဖက်တွင် ရသည့် လုပ်ခမှာ တစ်လလျှင် ငွေကျပ် သိန်းလေး၊ ငါးသိန်းက သည်ဘက်တွင် မိသားစု တစ်စုလုံး အဝစားနိုင်ရုံ သာမက အိမ်ပါ ဆောက်နိုင်ကြတော့ နောက်က လူများမှာလည်း အားကျကာ အရွယ်ရောက်ပြီး အလုပ်လုပ် နိုင်သည်နှင့် တစ်ဖက် နိုင်ငံသို့ ပို့ကြသည်။

တိုးတက်လာသည့် ခေတ်အရ ငါးတန်း၊ ခြောက်တန်းအရွယ် နှင့်ပင် ဖုန်းကိုင်နေကြသော ရွာမှကလေး များကို မြင်ရသောအခါ ရင်လေးမိသည်မှာ မှန်သော်လည်း တစ်ဖက်မှ စဉ်းစားလျှင် အခြားနိုင်ငံသို့ ရောက်နေသော သူတို့ မိသားစုနှင့် တွေ့ရန်ကား ဖုန်းရှိမှသာ အဆင်ပြေမည် ဖြစ်သဖြင့် အဆင်ပြေသည့် ဘက်မှ တွေးပေးရ ပြန်သည်။ ဆိုးသည်က ထိုသို့သော ကလေးများထံတွင် ပညာကို လိုချင်သောစိတ် ထိထိမိမိ မရှိခြင်းပင် ဖြစ်သည်။ 

ခဏကြာတော့ ''အရင်ကဆို ကျုပ်ရွာက ရေစီးရေလာ ကောင်းပြီး သန့်ရှင်းမှု ရှိတယ်။ အခု လမ်းတွေအကုန်လုံး ကို ကွန်ကရစ်တွေ ခင်းတော့ ရေတွေ မစီးနိုင်ဘဲ မိုးတွင်းဆို ရောဂါတွေလဲ ပိုထူလာတော့ တာပါပဲ။ လမ်းခင်းတော့ ရေစီးမယ့် နေရာတွေပါ ပိတ်ပြီး ခင်းလိုက်ကြ တယ်လေ။ ရွာထဲ သန့်ရှင်းသွားတယ် ထင်ရပေမယ့် ရေမစီးတော့ အလကားပါပဲ။ တစ်နွေကောင်း တော့ လှရှာပါပေတယ်။'' သူပြောသည်မှာ လည်းဟုတ်သည်။

လမ်းများက မို့မို့မောက်မောက် ခင်းထားသည့် အပြင် ရေမြောင်းများ မရှိသဖြင့် မိုးရွာလျှင် ရေများကအိမ်များ အောက်သာ အောင်းနေသည်။ ယခုပင်လျှင်အိမ်များ မှသုံးရေများသည် အိမ်အောက်တွင်ပင် ဝပ်နေသည်။ ခြေတံရှည် အိမ်များဖြစ်သဖြင့် မသိသာသော်လည်း ကျန်းမာရေး ရှုထောင့်ကကြည့်လျှင် မကောင်းသည်မှာ မှန်သည်။ ''အဆိုးဆုံးကတော့ ရိုးရာအိမ်တွေကို သဏ္ဌာန်ယူပြီး ကောင်းအောင် ဆောက်နိုင်ပါလျက် နိုင်ငံခြားပုံစံ အိမ်တွေဆောက် လာကြတာပါပဲ။ ကျုပ်ကို ခေတ်မမီဘူး ပြောပြော၊ ရှေးကျတယ် ဆိုဆို မနှစ်မြို့ဘူးဗျာ။ ပြီးတော့ ကျုပ်ရွာကို ရပ်ကွက်အဖြစ် ပြောင်းလိုက်ကြတယ်။ ပြီးတော့ မြို့နာမည် တစ်ခုပေးပြီး အဲဒီမြို့ထဲက ရပ်ကွက်စာရင်းဝင် သွားတယ်။ နာမည်သာ ပြောင်းတာပါဗျာ လူတွေရဲ့စိတ်ဓာတ် အရည်အချင်းနဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ နိမ့်ပါးနေသရွေ့ ရွာဟာရွာပါပဲ။''

သူပြောမှပဲ နံနက်က ကျွန်မတွေ့မြင်ခဲ့ ရသည်များကို ပြန်ပြီးစဉ်စား မိသည်။ ကျောင်းတက်ရမည့် အရွယ် ကလေးငယ်အချို့ ငါးဖမ်းနေကြသည်။ စီးပွားဖြစ် ငါးဖမ်းနေလျှင် အပြစ်မဆိုသာ အပျော်ငါးဖမ်း ထွက်ကြခြင်း ဖြစ်သည်။ အချို့ ကောင်လေးများ ကြက်လေး တစ်ကောင်စီ ပိုက်လျက် ရွာလယ်လမ်းပေါ် ဟိုသည်သွားကာ ပြိုင်ဘက် ရှာနေကြသည်။ နေ့ခင်း ကြောင်တောင် ခြင်းခတ် နေကြသည်။ သိပ်မကြာပါ သည်ကလေးများ တစ်ဖက်နိုင်ငံရှိ စက်ရုံများသို့ သွားကြရမည်မှာ သေချာသည်။ သည်မှာနေလျှင် ပျက်စီးမည့် အတူတူ မိဘများ ကလည်း ငွေလည်းဝင် အလုပ်လည်း ရသည့် ထိုနည်းလမ်း ဖြင့်သာ ဖြေရှင်း ပေလိမ့်မည်။ သူတို့ အနာဂတ်ကား ထိုမှပြန်လာလျှင် လယ်ယာ လုပ်ချင်လုပ်၊ မလုပ်လျှင် သစ်ဆွဲသည့် အလုပ်လုပ် ကြမည်။ ထိုသို့သာ သံသရာလည် နေကြသည်။ ဘဝကို လွယ်လွယ် တွေးတတ်ကြ သည်က သည်ရွာက လူများအကျင့်လား ဟုပင် မေးရမလို ဖြစ်နေသည်။

ရွာလေး စိတ်မကောင်း ဖြစ်လျှင်လည်း ဖြစ်ချင်စရာပင်။ လူမနေဘဲ ဆောက်ထားသည့် တိုက်အိမ်များ၊ အိမ်များ၏ ရှေ့လမ်းများတွင် မြေသားတစ်ဝက် ကွန်ကရစ် တစ်ဝက်နှင့် လူများ၏ စိတ်ဓာတ်ကို ဖော်ပြနေသည်။ စည်းလုံး ညီညွတ်မှုကို ဖော်ပြနေသည်။ မည်သူမျှ မေးနေစရာ မလိုအောင် အဖြေက ထွက်နေသည်။ သူ့ကို မည်သို့ နှစ်သိမ့်ရမလဲ မသိအောင်ပင် တွေဝေ နေမိသည်။ အပြင်မှ တံခါးခေါက်သံ ခပ်ပြင်းပြင်း ကြားလိုက်သဖြင့် သတိပြန်ဝင် လာသည်။ ''ခဏလေး ခဏလေးပါ။ ကျွန်မ ဘာပြောရမှန်း မသိတော့ဘူး''။ ပြောပြော ဆိုဆိုနှင့် တံခါးကို ဖွင့်လိုက်သည်။ စူးရှသော နေရောင်ကြောင့် ရုတ်တရက် မျက်လုံးမှိတ် လိုက်သည်။ ''ဘာမှပြော မနေနဲ့တော့ မိုးတော်တော် လင်းနေပြီ။ မထသေးလို့ တံခါး လာခေါက်တာ''။ ညီမဝမ်းကွဲ တစ်ဦး၏ အသံကိုကြားမှ ရုတ်တရက် အိပ်မက်မက် နေမှန်း သတိထား မိသည်။ ရေအိုးရှိရာ အပြေးသွားပြီး ရေတစ်ခွက်ကို မော့သောက် လိုက်သည်။ သည်နေ့ တွေ့ရမည့် နောက်ထပ် အသစ်အသစ်သော အရာများ အတွက်လည်း ရင်မော နေမိသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

Tuesday, January 31, 2017

ဘ၀အောင်မြင် တိုးတက်စေကြောင်း


ဘ၀အောင်မြင် တိုးတက်စေကြောင်း

အလုပ်တစ်ခု ပြောဆိုလုပ်ကိုင် ရာတွင် အောင်မြင်ရာ အောင်မြင်ကြောင်း နည်းလမ်းကောင်း များစွာရှိသည်။ ထိုနည်းလမ်းကောင်း များကို ကောင်းစွာ အသုံးချ၍ မိမိတို့၏ လုပ်ငန်းဆောင်တာ အဖြာဖြာတို့သည် အောင်မြင် တိုးတက်မှုများ ရှိသကဲ့သို့ နည်းလမ်းကောင်း များနှင့် အကျိုးရှိစွာ အသုံးချနိုင်မှု အားနည်း၍ အခွင့်အလမ်းများနှင့် လွဲချော်မှုများလည်း ရှိတတ်သည်။

ထိုနည်းလမ်းကောင်း များစွာအနက် တစ်ခုသော နည်းလမ်းမှာ စကားပြောဆိုရာတွင် ချိုချိုသာသာ ပြောဆိုပြီး အလုပ်လုပ်ရာတွင် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်း ဖြစ်သည်။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆိုသည်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လျင်လျင်မြန်မြန် လုပ်ဆောင်ခြင်း ကိုဆိုသည်။

မှန်ကန်၍ ချိုသာသော စကားကို လူတိုင်းနှစ်သက် ကြသည်။ နှုတ်ချိုလျှင် သျှိုတစ်ပါးပြီးသည်ဟု ဆိုကြသည်။ ဘုရားရှင်ဟော တော်မူသော မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါစာ ကောင်းမွန် မှန်ကန်သော စကားကို ဆိုခြင်းနှင့် သမ္မာကမ္မန္တော မှန်ကန်ရိုးသားစွာ လုပ်ကိုင်ခြင်းတို့ ပါဝင်သည်။ ချိုသာယဉ်ကျေးသော စကားကို လူတိုင်းနှစ်သက်၍ ဆက်ဆံရေး ကောင်းမွန် စေသည်။

သို့သော် မျက်နှာပေါ်တွင် ပြုံးပြီး နှလုံးသားတွင် အပြုံးမပါသော ဆက်ဆံရေးသည် ချိုသာယဉ် ကျေးမှုရှိသော်လည်း ခိုင်မာသော ဆက်ဆံရေး ဖြစ်လာမည် မဟုတ်ပေ။ အပြောကောင်း သလောက် အလုပ်မလုပ် နိုင်လျှင်လည်း အပြောနှင့် အလုပ်မညီ၍ လူအများ၏ ယုံကြည်မှု၊ လေးစားချစ်ခင်မှုကို ရရှိမည် မဟုတ်ပေ။

ဤတွင် အချို့သော ပုဂ္ဂိုလ်များသည် အပြော မကောင်းကြပါ။ အပြောအဆို မပြေပြစ်သော်လည်း အလုပ်လုပ်ရာတွင် စေတနာပါပါ လုပ်တတ်ကြ ပါသည်။ ထိုသူမျိုးသည် အပြောချို၍ အလုပ် မလုပ်သူထက် ဘဝအောင်မြင်မှု ရနိုင်သည်။ ထိုထက် အပြောလည်းကောင်း၊ အလုပ်လည်းကောင်း မည်ဆိုပါက အကောင်းဆုံး၊ အတော်ဆုံးပုဂ္ဂိုလ်ဟု ဆိုရမည်သာ ဖြစ်သည်။

လူတိုင်းကြီးပွား ချမ်းသာလို ကြသည်။ အောင်မြင်ကျော်ကြား သူများ ဖြစ်လိုကြသည်။ အောင်မြင်စေသော နည်းလမ်းကောင်းများ လည်းရှိနေပါသည်။ ကောင်းစွာ အသုံးချနိုင်လျှင် တစ်ခုသော ဘဝ အဆင့်အတန်းသို့ 

တက်လှမ်းနိုင်မည် ဖြစ်သည်။ အပြောကောင်း၊ အလုပ်ကောင်း ခြင်းသည် ဘဝ အောင်မြင်စေသော နည်းလမ်း ဖြစ်သည်။ သို့သော် လူအများမှာ အပြောနှင့်အလုပ် ညီညွတ်အောင် လုပ်ဆောင်ရန် အားထုတ်မှု နည်းပါးသည်ကို တွေ့ရသည်။ လူမှုဘ၀တွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးသည် အရေးကြီးသည်။

ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်းသည် ကောင်းမွန်သော ဆက်ဆံရေးကို ဖြစ်ပေါ်စေသည်။ ရိုးသား ပွင့်လင်းစွာ လျင်မြန်စွာ လုပ်ကိုင်ခြင်းသည် လူအများ၏ နှစ်သက်ယုံကြည်မှု၊ အားကိုးမှု တို့ကို တိုးပွားစေသည်။ သို့ဖြစ်ရာ ပြောဆိုဆက်ဆံ ရာတွင် ချိုသာစွာ ပြောဆိုပြီး အလုပ်ကို ရိုးသားပွင့်လင်း လျင်မြန်စွာ လုပ်ကိုင်ကြမည် ဆိုလျှင် လူတိုင်းဘဝ၏ အောင်မြင်ကြီးပွား တိုးတက်စေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

Saturday, January 21, 2017

စိန်ခေါ်မှုနှင့် အခွင့်အလမ်းကြား လျှောက်လှမ်းရသော လူငယ်များ


စိန်ခေါ်မှုနှင့် အခွင့်အလမ်းကြား လျှောက်လှမ်းရသော လူငယ်များ

ထက်ခိုင် (စမ်းချောင်း)

ကမ္ဘာတစ်ဝန်းရှိ တိုးတက်ပြောင်းလဲ မှုများ ရှိလာသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။ တိုးတက်မှုများကို ဦးဆောင်လေ့ ရှိသည့် ခေတ်မီ နည်းပညာသစ် များကလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက် လာကြစမြဲပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို မောင်းနှင်ရာတွင် အခြေခံ စွမ်းအား၏ လူသား အရင်းအမြစ် ဖြစ်သော လူငယ်များသည် အဓိက အခန်းကဏ္ဍ က ပါဝင်လျက် ရှိသည်။

လူငယ်ဟူသော သတ်မှတ်ချက်ကို နိုင်ငံတကာရှိ နိုင်ငံတချို့နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ က အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား အရွယ်ကို သတ်မှတ်ကြ သော်လည်း မြန်မာနိုင်ငံ၌ အသက် ၁၈ နှစ်မှ အသက် ၄ဝ အထိကို အလုပ်လုပ် နိုင်သောစွမ်းအား ရှိသည့်လူငယ် အဖြစ် လူငယ်ညီလာခံ များ၌ သတ်မှတ်ထား ကြသည်။ မည်သို့ပင် ဆိုစေကာမူ ထိုအသက်အရွယ် အပိုင်းအခြား များသည် တိုင်းပြည်အတွက် အလုပ်လုပ် နိုင်သော နုပျိုသန်စွမ်း သည့် အသက်အရွယ် အပိုင်းအခြားများ ဖြစ်သည်။

ခေတ်နှင့် လျော်ညီသော တိုးတက် ပြောင်းလဲမှု များနှင့်အတူ သင်ယူစရာ နည်းပညာ များကလည်း များပြား လာသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိလာသည်။ မိမိ လျှောက်လှမ်း လိုသော ရည်မှန်းချက် ပန်းတိုင်ကို သွေဖည် မသွားစေဘဲ ဖြောင့်ဖြောင့် တန်းတန်း ရောက်ရှိရန် အရေးကြီး လှသည်။

''အခု လူငယ်တွေက ကိုယ် ဘာဖြစ်ချင်မှန်း မသိကြတာ များတယ်။ ရည်မှန်းချက်တွေ ပျောက်နေတာ တွေ့ရတယ်။ ပညာရေးနဲ့ ပတ်သက်ရင် မိဘက ဒီဘာသာရပ်၊ ဒီလိုင်း ယူဆိုလို့ မိဘကို မလွန်ဆန်နိုင် လို့သာ လိုက်လုပ်ကြ ပေမယ့် တကယ်ကိုယ်က ဝါသနာပါ မှု အားနည်းတော့ ဖြစ်ထွန်းသင့် သလောက် မဖြစ်ထွန်းကြဘူး'' ဟု ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးအောင်စိုး က ပြောသည်။

မိဘများ၏ အတင်းအကျပ် တိုက်တွန်းမှု များကြောင့် သင်တန်းမျိုးစုံတက်၍ ဃနမအင်ငခအေန များစွာ ရရှိထားသော်လည်း လူငယ် အများစုမှာ လက်တွေ့ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အဆင်မပြေ ဖြစ်မှုများ တွေ့ကြုံရသည်။ သင်တန်း တက်လိုသော လူငယ်တချို့မှာ သင်တန်းကြေးများ ကြီးမြင့်ခြင်းကြောင့် ငွေကြေး မတတ်နိုင်သဖြင့် ပညာဒါန သင်တန်းများကိုသာ အားကိုးနေ ရသည်။

''သင်တန်းသား၊ သင်တန်းသူ တွေရဲ့ တောင်းဆိုမှု တွေကြောင့် ဘာသာစကား နဲ့ ကွန်ပျူတာသင်တန်း တွေသာမက ဟိုတယ်ဆိုင်ရာ သင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း၊ စာရင်းအင်းဆိုင်ရာ သင်တန်းတွေ နဲ့ လုပ်ငန်းခွင်ထဲမှာ လက်တွေ့ အသုံးကျစေဖို့ လက်တွေ့အသုံးချ သင်တန်းတွေ ကိုလည်း တိုးချဲ့ဖွင့်လှစ် ထားပါတယ်''ဟု မနောရမ္မ ပညာဒါနကျောင်း မှ သင်တန်းနည်းပြ တစ်ဦးက ပြောသည်။

လူငယ်များမှာ သင်တန်းများ အများအပြား တက်ရောက်ထား သော်လည်း လုပ်ငန်းခွင် ဝင်ရောက်သည့် အခါ အများဆုံးကြုံ ရသော အခက်အခဲမှာ လက်တွေ့နယ်ပယ် ၌ ကျွမ်းကျင်မှု မရှိခြင်းဖြစ်ပြီး ရရှိသော လုပ်ခလစာ မှာလည်း သင်တန်းကြေး များကိုပင် ကာမိသော အနေအထားမျိုး မရှိသည့်အခြေအနေ များကို တွေ့ကြုံ နေရသည်။ ''ပေးတဲ့လစာက သင်တန်းတစ်ခုရဲ့ သင်တန်းကြေး ကိုတောင်မှ မကာမိဘူး။ ခေါ်တဲ့အလုပ် ခေါ်စာမှာဆိုရင် အရည်အချင်း သတ်မှတ်ချက် တွေက အများကြီးပဲ ဆိုတော့ အလုပ်ရဖို့ အခက်အခဲ ဖြစ်နေရတယ်။ အခက်အခဲတွေက တော့ အများကြီးပါ။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း လက်တွဲပြီး ဖေးမကူညီမယ် ဆိုတဲ့ အသိကလည်း နည်းပါးကြတယ်။ ဝင်လာတဲ့လူသစ်ကို ပညာပြချင်ကြတာ များတယ်။ တချို့ကျတော့ လုပ်ငန်းခွင်အတွင်း မတရားဖိနှိပ် ခိုင်းစေတာမျိုး ကိုလုပ်တော့ အလုပ်လုပ်ရတာ ကြာလေ စိတ်ပျက်မိလေ ပါပဲ'' ဟု လုပ်ငန်းခွင်အတွင်း အခက်ကြုံနေသူ ကိုမြတ်လင်းမောင် ကပြောသည်။

လူငယ်အများစု သည် စူးစမ်းလိုစိတ် ရှိကြပြီး စွန့်စားလုပ်ကိုင်လို စိတ်များလည်း ရှိကြသည့်အတွက် လူငယ်တချို့ လွဲမှားသော လမ်းများပေါ် ရောက်ရှိသွားကာ ပြင်မရသည့် အမှားများ ကြုံလာမည်ကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် အသက်အရွယ် တူချင်း ကျန်းမာရေးဆိုင်ရာ ပညာပေး သင်တန်းများအဖြစ် စီမံချက်များချကာ ဖွင့်လှစ်သင်ကြား ပေးနေကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့မှ ဒေါက်တာ နေဝင်း ကပြောသည်။

''ခေတ်ကာလ တိုးတက်လာလေလေ မကောင်းတဲ့ဘက်ကို လမ်းလွဲသွား ကြဖို့ စိန်ခေါ်မှုက များလာလေလေ ပါပဲ။ လူငယ်တွေ အတွက် လွဲမှားတဲ့အသိတွေ၊ ခံယူချက်တွေ မဖြစ်အောင် မိဘတွေအနေနဲ့ အထူးဂရုစိုက် ရမယ်။ တချို့အမှားတွေက ပြုပြင်လို့မရအောင် ဖြစ်သွားတတ်တယ်။ ဒါကိုလည်း မိဘတွေက သိဖို့အရေးကြီး ပါတယ်'' ဟု ဒေါက်တာ နေဝင်း က ဆက်လက်ပြောသည်။

မိမိက မှန်ကန်အောင် နေထိုင်သည့် ကြားမှပင် တချို့သော အပေါင်းအသင်း၏ မကောင်းမှု ကျူးလွန်ခြင်းများ ကြောင့် မိမိ၏ သားသမီးကို ခေါ်ယူစစ်ဆေးခံ ရသော အဖြစ်များလည်း ရှိခဲ့ရာ အပေါင်းအသင်း ရွေးချယ်မှုသည် လည်း အရေးကြီးကြောင်း၊ ဆိုးသွမ်းသည့် အပေါင်းအသင်း များနှင့် ပေါင်းဖော်မိပါက မိမိပါ ဒုက္ခရောက် တတ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ ရသည့် မိဘအုပ်ထိန်းသူ တစ်ဦးက ပြောသည်။

''သားရဲ့ သူငယ်ချင်းတွေက ဆေးသုံးတယ်။ ရဲကဖမ်းဆီး မိတော့ သူတို့နဲ့ပေါင်းတဲ့ ကိုယ့်သားကိုလည်း ခေါ်စစ်ပါတယ်။ တကယ်တော့ အပေါင်းအသင်း ကြောင့်ပေါ့။ ကိုယ့်သားက ဆေးမသုံးလို့ တော်သေးတယ်။ သုံးရင် သူလည်းအမှုတွဲ ထဲမှာ တစ်ခါတည်း ပါပြီ။ မသုံးတာတောင် ခဏခဏ ခေါ်စစ်ဆေးခံ နေရတယ်။ သားကို သင်တန်းတွေတော့ တက်ခိုင်းတယ်။ အပြင်သင်တန်း တွေက ဈေးလည်းမြင့်တော့ ပညာဒါနမှာပဲ စုံစမ်းပြီး တက်ခိုင်းရတယ်။ ပညာဒါနက ဖွင့်ထားတဲ့ Speaking သင်တန်းတွေကို တက်ခိုင်းထားတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တဲ့အခါ အထောက်အကူ ရအောင်လို့ပါ'' ဟု ၄င်းက ပြောသည်။

ယနေ့ လူငယ်အများစု၏ စိတ်တွင် ကောင်းကောင်းဆိုးဆိုး အသက်အရွယ် ကြီးရင့်သူများ၏ ပြောဆိုဆုံးမမှု များကို လိုက်နာခံယူ ရခြင်း၊ မိမိ၏ မိသားစုအတွင်း ကောင်းရာ ကောင်းကြောင်း အကြံပြု လမ်းညွှန်မှုများ ကိုလည်း အရာမဝင်ဟု ထင်မှတ်ခံရခြင်း၊ မိမိတို့၏ အခွင့်အရေးများကို ထုတ်ဖော်ပြောဆို ပိုင်ခွင့်မရှိခြင်း စသည်ဖြင့် အယူလွဲမှားမှု များရှိနေကြသဖြင့် လူငယ်များ၏ ထုတ်ဖော် ပြောကြားခွင့် များနှင့် အခက်အခဲ အတွက် ဆွေးနွေးပွဲများ ပြုလုပ်၍ ကြိုးပမ်းဆောင်ရွက် နေရကြောင်း မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးဝင် လူငယ်တစ်ဦး ကပြောသည်။

မည်သို့ပင် ဆိုစေကာမူ တိုးတက်ပြောင်းလဲ နေသောခေတ်နှင့် အတူ လိုက်ပါစီးမျောကာ မိမိတို့၏ဘဝကို တိုးတက်ပြောင်းလဲ လာစေရန် ပြုပြင်ရမည့်သူမှာ မိမိကိုယ်တိုင်ပင် ဖြစ်သည်။ မြို့ပြနှင့် ကျေးလက် အခွင့်အလမ်း ကွာဟမှု အခြေအနေ အရပ်ရပ်တို့ပေါ် မူတည်ကာ တင်းတိမ်ရောင့်ရဲမှု နိယာမကို လက်ကိုင်ထား၍ လမ်းကြောင်းမှန်ပေါ်မှ မိမိတို့၏ဘဝကို တိုးတက် ပြောင်းလဲရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Thursday, January 12, 2017

တုနှိုင်းမမီ မေတ္တာရည်


တုနှိုင်းမမီ မေတ္တာရည်

ခိုင်ပွင့်သူ (ပညာရေး)

ပြာသိုလပြည့် နေ့သည် အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မြတ်မိခင်များ၏ မေတ္တာပြယုဂ် အစုံစုံတို့ အတွက် ဂုဏ်ပြုပေးသော ထူးမြတ်သည့် နေ့တစ်နေ့ ဖြစ်သည်။ အကြောင်း အမျိုးမျိုးတို့ကြောင့် မေ့လျော့မှု၊ ပျက်ကွက်မှု တို့ဖြင့် မွေးကျေးဇူး၊ ကျွေးကျေးဇူး အထူးထူးကို နှောင်းနောင်တ မရစေခြင်းငှာ ဤစာမွန်လွှာဖြင့် အသိစိတ် တို့ကို နိုးထစေအပ် ပါသည်။

ခုမြင် ခုပျောက် ဆိုသကဲ့သို့ အလွန် တိုတောင်းလှသော လူ့ဘဝသက်တမ်း တစ်ခု ရရှိလာချိန်တွင် မိဘတို့၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေး ရသည့် သားသမီးများ ရှိသကဲ့သို့ ငယ်ရွယ်နုနယ် သေးသည့် သားသမီးများ၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေး နေရသော မိဘတို့မှာလည်း နည်းလှသည် မဟုတ်ပါ။ သို့အတွက် မိဘများအပေါ် သားသမီး ဝတ္တရား ကျေပွန်မှု နောက်မကျ စေလိုသော ဆန္ဒမွန်ဖြင့် နှိုးဆော်ခြင်း လည်းဖြစ်သည်။ သက်ရှိ ဘုရားဟု ဆိုအပ်သော မိဘတို့၏ ကျေးဇူးတရားကို သိတတ်သူ သာလျှင် လူဖြစ်ရ ကျိုးနပ်သည် မဟုတ်ပါလော။ ကျေးဇူးရှိသူကို ကျေးဇူးဆပ် ရသည်မှာလည်း မြန်မာတို့၏ ချစ်စရာ ကောင်းသော ဓလေ့များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

လူမျိုး၊ ဘာသာ မတူငြားလည်း မိခင်တိုင်းသည် တူညီသော မေတ္တာများကို ပေးစွမ်းခဲ့သူ ထာဝရ မေတ္တာရှင်များ ဖြစ်ကြောင်းကို သာဓက သက်သေ တင်လိုက်ရ ပါသည်။ ချမ်းသာသော အမေ၊ ဆင်းရဲသော အမေ၊ တောရွာနေ အမေ၊ မြို့ပေါ်က အမေ၊ တောင်တန်းဒေသ က အမေ၊ မြေပြန့်က အမေ၊ သဘာဝ ဘေးအန္တရာယ် ကြားက အမေ စသည်ဖြင့် ဘဝမျိုးစုံမှ အမေမျိုးစုံတို့၏ အဟုန်ပြင်းပြင်း စုန်ရေပမာ စီးဆင်းလျက် ရှိသော မေတ္တာ ရေတံခွန်မှ မေတ္တာရေစင် တို့ကို သောက်သုံးရှင်သန် ခဲ့ကြသည့် ဘဝများ မဟုတ်ပါလော။

အခြားသော မေတ္တာတရား တို့တွင် ပြောင်းလဲမှု ရှိသော်လည်း မိခင်တို့၏ မေတ္တာတရားမှာ ကျောက်သားကဲ့သို့ တည်ငြိမ်ခိုင်မာ လှသည့် အဖြူစင်ဆုံး၊ အမြင့်မြတ်ဆုံး မကုန်ခန်း နိုင်သော အသွင်သဏ္ဌာန် ကို ဆောင်သည်။ သားသမီးများ အတွက်ဆိုလျှင် ရဲရင့်ပြတ်သား သော စွန့်လွှတ်စွန့်စား ဝံ့သော စွမ်းဆောင်ချက် များဖြင့် လောကအလယ် ရင်ဆိုင်ရမည့် ဝဲဂယက် အသွယ်သွယ် တို့ကို ကျော်လွှား၍ မော်ကြွားနိုင်သည့် သတ္တိမျိုး ရှိကြသည်။ မျိုးရိုး၊ ဥစ္စာ၊ ဂုဏ်၊ ရူပါ မည်သည့်အချက် နှင့်မျှ ဆက်စပ်ခြင်း မရှိသော စကြဝဠာတွင်းက အနန္တမေတ္တာရှင် များဖြစ်သည်။ တောင်းဆိုး ပလုံးဆိုးသာ ပစ်ပယ်ရိုးထုံးစံ ရှိသော်လည်း သားဆိုး၊ သမီးဆိုးများကို မပစ်ပယ်နိုင် ကြသကဲ့သို့ ကိုယ်အင်္ဂါ မပြည့်စုံသည့် သားသမီးများ မွေးဖွား ပိုင်ဆိုင်ခွင့် ရကြသူ မိခင်တို့ သည်လည်း ထိုသားသမီး များကို ပစ်ပယ်ခဲ့ရိုး မရှိပါ။ မေတ္တာ၊ ကရုဏာများ ပိုမိုပွား၍ ချစ်မြဲချစ်လျက် ချစ်ခဲ့ကြသူများပါ။

အမျိုးသမီးတို့သည် များသောအားဖြင့် အချဉ်၊ အငန်၊ အစပ် အရသာတို့ကို လွန်ကဲစွာ နှစ်သက် တတ်ကြသည့် သဘာဝ ရှိသော်လည်း ကလ လရည်ကြည် သန္ဓေတည်သည့် အချိန်မှစ၍ မိမိ နှစ်သက်သည့် အတိုင်း စားသောက်ခြင်း တို့မှ ဆင်ခြင်ကြ ရသည်။ အနေအထိုင်၊ အသွားအလာ ခက်ခဲပင်ပန်း ကြရသည်။ သေမင်းနှင့် စစ်ခင်းကာ မွေးဖွားခဲ့ကြ ရသည်။ မွေးဖွားပြီး နုနယ်ငယ်ရွယ် သည်မှ လူလား မြောက်သည့်တိုင် ကျွေးမွေးပြုစု ပေးကြသော မေတ္တာ စွမ်းဆောင်ချက် တို့ကို ညွှန်းစာဖွဲ့၍ မီနိုင်မည် မဟုတ်ပါ။ ပန်းတကာ တို့ထက် မွှေး၍ စမ်းတကာ တို့ထက် အေးမြသော ပြည့်စုံမှုတို့ ပေးစွမ်းနိုင်ကြ သူများဖြစ်သည်။ ဘယ်ခရီးကို ဘယ်ထီးနှင့် ဘယ်လမ်းကို ဘယ်ပန်းနှင့်ဟု ထိန်းကျောင်းပဲ့ ပြင်မှုတို့ဖြင့် သားသမီးတို့ ၏ ဘဝကို လှပစေခဲ့သူ များလည်း ဖြစ်သည်။ မည်သည့် အခြေအနေတွင်မျှ ငြိုငြင်မှု အရေး စိုးစဉ်းမျှ မတွေးလေသူ ထာဝရ ဖြည့်ဆည်းပေး နိုင်စွမ်းသော မေတ္တာ တန်ခိုးရှင်များ ဖြစ်ကြသည်။

လူသားမိခင် မဆိုထားနှင့် အဟိတ်တိရစ္ဆာန် တို့တွင်လည်း မိခင်နေရာ ရောက်ရှိလာပြီ ဆိုလျှင် အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ လာသည်ကို တွေ့ရသည်။ ထိုသို့ ပြောင်းလဲခြင်း သည်လည်း သားသမီးများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသောက်ရေး တို့အတွက် ဖြစ်သည်။ ကြက် မိခင်သည် ကြက်ဥလေးများ ကို ရက်ပေါင်းများစွာ ရင်ငွေ့ နွေးနွေးဖြင့် ဒုက္ခခံပြုစု ပေးပြီး အကောင်ပေါက် စေခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်ပေါက်သည့် ကြက်သားပေါက် ကောင်ရေ မည်မျှများသည် ဖြစ်စေ အစာရှာ ကျွေးခြင်း၊ ရေရှာပေးခြင်း၊ ဘေးအန္တရာယ် တို့မှ ကာကွယ်ပေးခြင်း အမှုတို့ကို ပြုပေးသည်။ မည်မျှ ယဉ်ပါးအောင် မွေးမြူထားသည့် ကြက်မဖြစ်ပါစေ၊ ကြက်သားအုပ်မ ဖြစ်လာလျှင် ကြက်သားပေါက် လေးများကို ကာကွယ် စောင့်ရှောက်လိုစိတ် ပြင်းထန်ကာ မည်သူ့ကိုမျှ အနီးအနားကို အကပ်မခံတော့ပေ။ ကြက်သားပေါက် အရေအတွက် များသော်လည်း တစ်ကောင် တလေမျှပင် အဆုံးရှုံး၊ အထိခိုက်မခံ လိုသော မိခင်မေတ္တာ ဖြင့် ပူပင်သောက ဖြစ်ကာ ဟိုပြေး သည်ပြေးရ တက်မအေးသည့် အပြုအမူ များကိုလည်း အကြိမ်ပေါင်း များစွာ တွေ့မြင်ခဲ့ရသည်။

သတ္တဝါတို့တွင် များသောအားဖြင့် နားရွက်အပြင် ထွက်နေသော သတ္တဝါ အမျိုးအစားတို့က သားသမီးများကို အကောင်လိုက် မွေးဖွား၍ နို့တိုက်ကျွေးကြ သည်ဟု ဆိုသည်။ နားရွက်ကို အပြင်တွင် မတွေ့ရဘဲ နားပေါက်သာ ပါရှိသော သတ္တဝါ အမျိုးအစားတို့က ဥမှ အကောင်ပေါက် သည်ဟု ဆိုကြသည်။ မည်သို့ပင် မွေးဖွား၍ မျိုးပွားကြသည်ဖြစ်စေ သတ္တဝါတိုင်း ၏ မိခင်တို့သည် မိမိတို့၏ သားသမီးများ အပေါ်ထားရှိသော မေတ္တာတရား ကြောင့် မိခင်မဖြစ်မီ အခြေအနေနှင့် အပြုအမူ၊ လုပ်ဆောင်ချက် တို့ များစွာကွာခြား သွားသည်ကို တွေ့ရသည်။ ၀မ်းကြာတိုက် အတွင်း သက်ဝင် လှုပ်ရှားသည့် အချိန်မှစ၍ မိခင်နှင့် ရင်သွေးတို့၏ အချစ်စတင် ဖြစ်ပေါ်လာသည် ဟု ဆိုကြသည်။

လောကကြီး တစ်ခုလုံးကို မေတ္တာပေါင်းစုံ တို့က တန်ဆာဆင်၍ ပုံဖော်ထားခြင်း ဖြစ်သည်။ မေတ္တာတရားနှင့် လုပ်ဆောင်ချက် တို့က လောကတစ်ခွင်ကို သာယာစေသည်။ မေတ္တာပေါင်းစုံတို့ လွှမ်းခြုံ၍ ကိုယ်ချင်းစာ တရား၊ စေတနာ သဒ္ဓါတရား၊ ကရုဏာ တရား၊ အကြင်နာတရား တို့ကို တိုးပွားစေသည်။ မေတ္တာပေါင်းစုံ တို့ဖြင့် ကြင်နာဖေးမ ကူညီကြသည့် လုပ်ရပ်များ၊ ဖြည့်ဆည်းပံ့ပိုး လမ်းညွှန် ပေးသည့် လုပ်ရပ်များ၊ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေး သည့်လုပ်ရပ်များကို မြင်တွေ့ကြားသိ ရလျှင် စိတ်ဘဝင် ကြည်နူးချမ်းမြေ့ ကြရသည်။ မိခင်မေတ္တာ ဟူသည် မေတ္တာအပေါင်း တွင် သရဖူဆောင်းသည့် မေတ္တာမျိုး ဖြစ်သည်။

တစ်ခေတ်ပြီး တစ်ခေတ်၊ တစ်နှစ်ပြီး တစ်နှစ် ဖြင့် သက္ကရာဇ်ပေါင်း များစွာ ပြောင်းလဲ ကုန်လွန်လာ သကဲ့သို့ တစ်သုတ်ပြီး တစ်သုတ်၊ တစ်ဦးပြီး တစ်ဦး ကွယ်လွန်ခဲ့သည့် မိခင်ပေါင်း များစွာ ရှိခဲ့လေပြီ။ သို့သော် ထာဝရ ပြောင်းလဲခြင်း မရှိသည်မှာ မည်သည့် မေတ္တာမျိုးနှင့်မျှ တုယှဉ်နှိုင်း၍ မမီနိုင်သော အရည်အသွေး ပြည့်ဝသည့် မိခင်တို့၏ မေတ္တာဖြစ်ကြောင်း၊ မိခင်အပေါင်း သူရဲကောင်းတို့၏ မြတ်ဂုဏ်အင်ကို ဂါရဝဖြင့် စာစီမော်ကွန်းပြု လိုက်ရပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)

Monday, January 9, 2017

ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်


ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်

( မောင်သင်းဝေ )

နံနက်မိုးလင်း၍ အိပ်ရာမှ နိုးထသည်နှင့် ကျွန်တော်ပထမဆုံး သတိထားမိသော အရာသည် အိမ်ရှေ့ တရုတ်မန်ကျည်းပင်မှ စာကလေးများ ဖြစ်သည်။ နံနက်လင်း သည်နှင့် သူတို့ရောက်ရှိ လာကြပြီး အစာရှာကြသည်။ အချို့က ကောက်ရိုးမျှင် လေးများ၊ ငှက်မွေးလေးများ ကိုက်ချီလာကြပြီး အိမ်ဆောက်ကြသည်။ ဆက်ရက်ကလေး များနှင့် နှံပြီစုတ် ကလေးများ လည်း ပါလာကြသည်။ တစ်ချိန်တည်း တွင် စာရေးသူ လမ်းမဆီကို မျှော်ငေးကြည့် လိုက်တော့ လုပ်ငန်းခွင်သို့ အသီးသီး သွားလာနေကြသော စက်ဘီးများကို တွေ့ရသည်။ သူတို့စက်ဘီး လက်ကိုင်တွင် လက်သုတ်ပဝါလေးနှင့် ထမင်းချိုင့်လေးများ ကိုယ်စီ ချိတ်ဆွဲထား ကြသည်။

နေ့သစ်တစ်ခုကို စတင်ပြီ ဆိုသည်နှင့် သတ္တဝါအားလုံး မိမိတို့ တစ်ဝမ်းတစ်ခါး အတွက် အလုပ်လုပ် ကြရသည်။ အချို့ ကုန်စိမ်းသည်များ ဆိုလျှင် နံနက် ၃ နာရီခန့်ကပင် ထ၍ မီးတိုင်ဈေးသို့ ဈေးကားဖြင့် လိုက်ကာ ဈေးထွက်ရန် ပြင်ဆင်ကြ ရသည်။ အိမ်ရှင်မက မိမိခင်ပွန်းနှင့် သားသမီးများ အတွက် ချက်ပြုတ် ကျွေးမွေးရန် ဈေးခြင်းပြင် ရသည်။ ကျောင်းသား၊ ကျောင်းသူ များကလည်း ကျောင်းသွားရန် ပြင်ဆင်ကြ ရသည်။ အားလုံးသည် အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ထမ်းဆောင် နေကြသည်။ လောကကြီးတွင် လူပိုလူလျှံအဖြစ် အချည်းနှီး နေ၍ မရတော့ပါ။

အမှန်တွင် အလုပ်သည် လူ့ဘဝ၏ ဂုဏ်သိက္ခာ ဖြစ်သည်။ လက်လုပ်လက်စား ပင် ဖြစ်စေ၊ စာရေးစာချီ ပင်ဖြစ်စေ၊ ကုန်သည်ပွဲစား ပင်ဖြစ်စေ၊ အရာရှိကြီးများ၊ ဆရာဝန်ကြီးများ ပင်ဖြစ်စေ၊ မိမိဘဝကို အဓိပ္ပာယ် ရှိအောင် အလုပ်လုပ် နေကြခြင်း ဖြစ်သည်။ ကျွန်တော် တို့တစ်တွေ စိတ်ပါသည် ဖြစ်စေ၊ စိတ်မပါသည် ဖြစ်စေ၊ မိမိဝါသနာ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အလုပ်တစ်ခု မဟုတ် တစ်ခုတော့ လုပ်နေကြ ရသည်ပင် ဖြစ်သည်။

အဘယ်ကြောင့် ကျွန်တော်တို့ အလုပ်လုပ်နေ ကြတာလဲ။ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး အဖြေကတော့ ဝင်ငွေရရှိရေးပင် ဖြစ်သည်။ ဝင်ငွေရှိမှ ဘဝရပ်တည်ရေး၊ စားဝတ်နေရေး အတွက် အဆင်ပြေမည်။ အထောက်အကူ ရပေမည်။ ဝါသနာကြောင့် ဖြစ်စေ၊ ဂုဏ်ဒြပ်ကြောင့် ဖြစ်စေ၊ လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင်ဖြစ်စေ အလုပ်လုပ် နေသူများလည်း ရှိကောင်းရှိသည်။ အမှန်တွင် အလုပ်ကြောင့် ကျွန်တော်တို့ ဘဝများ ရှင်သန်နေခြင်း ဖြစ်သည်။ အဓိပ္ပာယ် ရှိနေခြင်း ဖြစ်သည်။ အလုပ်လုပ် ခြင်းဖြင့် ငွေကြေးကို ရရှိနိုင်သည်။ စကားပြောဆို ခြင်းဖြင့် အသိဉာဏ် ဗဟုသုတကို ရရှိနိုင်သည်။

By work you get money, by talk you get knowledge. ယနေ့ အောင်မြင်မှု ရရှိနေသူများ၊ ထိပ်ဆုံးသို့ ရောက်ရှိ နေသူများသည် အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားလုပ်ကိုင် ခဲ့ကြသူများ ဖြစ်သည်။ ထိုကဲ့သို့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သည့် အကျင့်စရိုက် ကောင်းကြောင့်လည်း အောင်မြင်ခြင်းကို သူတို့ရရှိ ခံစားခဲ့ကြ ရသည်။ အနာဂတ် ဆိုသည်မှာ အလုပ်အပေါ်တွင် တည်ရှိနေခြင်း မဟုတ်ပါ။ အလုပ်လုပ်သူ ထံတွင်သာ အနာဂတ် ဆိုတာရှိနေခြင်း ဖြစ်သည်။

တစ်ခါက မိုးထိမြင့်မားသော အဆောက်အအုံ ကြီးတစ်ခုကို ဆောက်လုပ် နေသည့် ကန်ထရိုက်တာ တစ်ဦးကို လူငယ်လေး တစ်ဦးက တအံ့တသြ ဖြစ်ကာ အားကျကြည်ညို စိတ်ဖြင့် မေးခဲ့ဖူးသည်။ ''ကျွန်တော် ကြီးလာရင်လဲ ဦးလေးလို ချမ်းသာချင် လိုက်တာ။ အဲဒီလို ဖြစ်လာအောင် ကျွန်တော် ဘယ်လိုလုပ်ရ မလဲဟင် ဦး''။ သည်တွင် အသက်အရွယ် ရလာပြီဖြစ်သည့် ကန်ထရိုက်တာ ကြီးက ''ဒီမှာ ချာတိတ်၊ အနီရောင် အင်္ကျီတစ်ထည် ဝတ်ပြီးတော့ အလုပ်ကို အပြင်းအထန် လုပ်ကွာ''ဟု ပြောလိုက်သည်။

ချာတိတ်လေးက လူကြီး၏ စကားကို နားမလည် နိုင်ရှာပါ။ အဆိုပါ ပုဂ္ဂိုလ်ကြီးကမူ သူ့အလုပ် သူလုပ်၍ ညွှန်ကြားစရာ ရှိသည်ကိုသာ ဆက်လက် ညွှန်ကြားနေသည်။ ပြီးမှ ချာတိတ်လေးဘက် လှည့်ပြီး- ''ဟိုမှာ ကြည့်စမ်း အလုပ်လုပ် နေကြတဲ့လူတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့အားလုံးရဲ့ အမည်ကို ငါ မသိနိုင်ဘူး။ တချို့ဆိုရင် ငါနဲ့တောင် မျက်နှာချင်း ဆိုင်ဖူးကြတာ မဟုတ်ဘူး''။

လူကြီးက ဆက်ပြောသည်-

''တစ်ခါက မင်းလို လူငယ်လေး တစ်ယောက်ဟာ အနီရောင် အင်္ကျီဝတ်ပြီး အလုပ်လုပ် နေခဲ့တယ်။ အဲဒီ အချိန်မှာ အလုပ်သမား အများစုကတော့ အပြာရောင်ပဲ ဝတ်လေ့ဝတ်ထ ရှိကြတာ။ အနီရောင် ဝတ်တဲ့ ကောင်လေးကတော့ တခြားသူတွေ ထက်ပိုပြီး အလုပ် ကိုကြိုးကြိုးစားစား လုပ်တယ်။ အလုပ်ခွင်ကိုလဲ တခြား အလုပ်သမားတွေ မရောက်ခင် အစောကြီး ရောက်လာတယ်။ အလုပ်လုပ် ရာမှာလဲ သူများတွေ ထက်ပိုပြီး သွက်လက်တယ်။ အလုပ်သိမ်း တော့လဲ သူက နောက်ဆုံးမှ လူအုပ်ကြားမှာ သူ့ကိုပိုပြီး ထင်ထင်ရှားရှား မြင်နေရတယ်။ ဘာလို့လဲဆိုတော့ သူက အနီရောင် ရှပ်အင်္ကျီ ဝတ်ထားတာကိုး။ ဒီမှာ အလုပ်ရှင်က သတိထားမိပြီး သူ့လုပ်ငန်းမှာ ကြီးကြပ်သူ အဖြစ် အလုပ်ခန့် လိုက်တယ်။ တစ်နေ့မှာ သူ လက်ထောက် ဖြစ်နိုင်တယ် လို့လဲ လုပ်ငန်းရှင်က တွက်မိမှာပေါ့။ သူက အလုပ်လဲ ကြိုးစားတယ်။ ဒါပေမဲ့ သူများလိုပဲ အပြာရောင် အင်္ကျီသာ ဝတ်ထားရင် လုပ်ငန်းရှင်က ဘယ်မှာ သတိထားမိ မှာလဲ။ ရှပ်အင်္ကျီ အနီရောင် ကြောင့်သာ သူ့ကို သတိထားမိတာ။ ဒါနဲ့ပဲ သူဟာ အလုပ်တွေ ကြိုးစားလုပ်၊ ရရှိတဲ့ငွေကို စနစ်တကျသုံးစွဲ၊ စုဆောင်း၊ နောက်ဆုံးတော့ အဲဒီ လူငယ်ဟာ အဲဒီလုပ်ငန်းကြီးရဲ့ လုပ်ငန်းရှင်ဖြစ် လာခဲ့တယ်။ အဲဒီလူဟာ တခြားလူတော့ မဟုတ် ပါဘူး။ မင်းရှေ့မှာ ရပ်နေတဲ့ ငါကိုယ်တိုင်ပဲ'' ဟု ပြောပြသည်။

အလုပ်လုပ်သည့် လုပ်သား ပုရွက်ဆိတ် များသည် မိုးတွင်းအတွက် ရိက္ခာမပူရချေ။ ပျားလုပ်သားများ အတွက် ပျားရည်ဘဏ်တိုက် အဆင်သင့် ရှိနေသည်။

တစ်ခါက ကမ္ဘာကျော် စန္ဒရားပညာရှင် ရိုလာဝီလျံ ကို သာသနာပြု အဖွဲ့တွင် လှူဒါန်းတီးမှုတ် ဖျော်ဖြေမှုအတွက် ဂုဏ်ပြု ညစာစားပွဲဖြင့် ဧည့်ခံ ကျွေးမွေး ခဲ့သည်။ သူသည် ညစာစားပွဲကို အချိန် အနည်းငယ်မျှ တက်ရောက်ပြီး သည်နှင့် ''ကျေးဇူးတင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်လေး ရှိသေးလို့ ခွင့်ပြု ပါအုံး''ဟု ဆိုသည်။

ဤတွင် ညစာစားပွဲ ဧည့်ခံသူ အမျိုးသားက-

''အလုပ်ဟုတ်လား။ ဒီအချိန်ကြီးမှာတောင် အလုပ်က ရှိသေးတာ လားဗျာ'' ဟု တအံ့တသြ မေးရာ ''ဟုတ်တယ်။ အိမ်ပြန်ပြီး စန္ဒရား လေ့ကျင့်ရအုံးမယ် လေဗျာ။ ည ၁ဝ နာရီကနေ ၂ နာရီလောက် ထပ် ပြီးတော့ လေ့ကျင့် ရသေးတယ်''ဟု ဆိုသည်။ ''နေ့တိုင်း ဒီအတိုင်းပဲလား'' ဟု မေးတော့ ''နေ့တိုင်း ဒီအတိုင်းပဲ'' ဟု ဆိုသည်။

မှန်ပါသည် အလုပ် ဆိုသည်မှာ အမြဲတမ်း လုပ်နေရမည့် အရာဖြစ်သည်။ အလုပ်မရှိလျှင် စိတ်လေမည်။ ပျင်းရိဖွယ် နေ့တာများကို ဖြတ်သန်းရမည်။ ယောင်တိ ယောင်ချာဖြင့် အချိန်များ ကုန်ဆုံးရသည် အသက်အရွယ် ကြီးရင့်၍ လုပ်ငန်းပင်စင် ယူသည့်တိုင် အလကား မနေတတ်၍ ဝါသနာပါရာ လုပ်ကိုင်ရင်း ကမ္ဘာကျော်ခဲ့ ကြသော ပန်းချီဆရာ၊ စာရေးဆရာ များလည်း ရှိနေသည်။

အသက်အရွယ် အိုမင်း၍ တခြား အလုပ်မလုပ် နိုင်တော့သည့်တိုင် သမထ ဝိပဿနာ ပွားများ၍ သံသရာ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း ကျင့်ကြံအားထုတ် ကြရမည်။ အသက်ရှင် နေသရွေ့ အလုပ်နှင့်လူ တွဲနေရမည်ပင် မဟုတ်ပါလား။

ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်။
အလုပ်မရှိလျှင် ပိုက်ဆံလည်း မရှိနိုင်ပါချေ။
No bees, no honey,no work, no money.

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, December 8, 2016

အချိန်လေးစား ထိုလူသား တိုးပွားကြစေရာ


အချိန်လေးစား ထိုလူသား တိုးပွားကြစေရာ

စက္ကန့် ၆ဝ တစ်မိနစ်၊ မိနစ် ၆ဝ တစ်နာရီ၊ ၂၄ နာရီတစ်ရက် ဆိုသည့် အချိန်သတ်မှတ် ချက်များကို မူလတန်းကျောင်းသား ဘဝမှစ၍ ကျက်မှတ်ခဲ့ ရသည်။ အချိန်နာရီ၊ ရက်၊ လ၊ နှစ်တွေ တရွေ့ရွေ့ ပြောင်းလဲမှု ဖြစ်စဉ်နှင့် အချိန်၏တန်ဖိုး တို့ကို မတွေးမိသော ကလေးပီပီ အချိန် သတ်မှတ်ချက်ကိုသာ ဆိုကောင်းကောင်း နှင့် အသံကုန်ဟစ် ကျက်မှတ်ခဲ့ခြင်း ဖြစ်သည်။

လူတစ်ဦး မွေးဖွားလာသည်နှင့် အချိန်ဟူသော ပိုင်ဆိုင်မှုမှလွဲ၍ တခြားမည်သည့် အရာမျှ ပါလာကြသည် မဟုတ်သကဲ့သို့ လူတိုင်းအတွက် နေ့စဉ်တူညီသော ပိုင်ဆိုင်မှုမှာ ၂၄ နာရီဖြစ်သည်။ မည်သူမျှပို၍ မရ၊ လို၍မရ ညီတူညီမျှသာ ဖြစ်သည်။ လူတစ်ဦးသည် လူမှုကိစ္စအဝဝ တို့ကို တာဝန်ယူနိုင်သည့် အချိန် အရွယ်သို့ ရောက်ပြီဆိုသည်နှင့် အချိန်ဇယား ခွဲခြားထားရမည်။ အချိန်ဇယား ခွဲခြားရာတွင် တစ်နေ့တာ အိပ်ချိန်၊ အလုပ်လုပ်ချိန် နှင့် အနားယူချိန် သို့မဟုတ် စိတ်ပြေလက်ပျောက် ရှိစေရန် အားကစား လေ့ကျင့်ခြင်း၊ စာပေ ဖတ်ရှု လေ့လာခြင်း၊ မိတ်ဆွေ အပေါင်းအဖော် များနှင့် နှီးနှောဖလှယ် ဆွေးနွေးခြင်း၊ မိသားစုနှင့်အတူ ရှိနေခြင်း စသည်တို့ဖြင့် တစ်နေ့တာ အနားယူချိန်အတွင်း စိတ်လက် ပေါ့ပါးမှုကို ရရှိနိုင်သည်။

အချိန်ဇယား ခွဲဝေမှုတွင် အိပ်ချိန်သည် ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေနိုင်သည် မှတစ်ပါး တခြားအကျိုး မရနိုင်ပေ။ အိပ်စက်ခြင်းမှာ ကြီးပွားတိုးတက် စေမည့် မျိုးစေ့မပါ သည့်အတွက် အိပ်နေခြင်းအားဖြင့် ရုပ်ဝတ္ထုများနှင့် ကြီးပွားချမ်းသာရေး တို့အလိုလို ရောက်လာမည် မဟုတ်ပေ။ လူတစ်ဦး ကျန်းမာရေး ကောင်းစေရန် တစ်နေ့လျှင် အိပ်ချိန် ရှစ်နာရီ သတ်မှတ်သင့်ကြောင်း ပညာရှင်များက အသိပေးထား ကြသည်။ ယခုအချိန်တွင် လူနေမှု အဆင့်အတန်း တိုးတက်လာသည်ကို အမီလိုက်နိုင်ရန် အလုပ်ချိန်ကို ရှစ်နာရီမှ ဆယ်နာရီအထိ ထားရန် လိုအပ်ကောင်း လိုအပ်ပေမည်။ ထို့ကြောင့် အနားယူချိန်သည် ခြောက်နာရီမှ ရှစ်နာရီသာ ကျန်ရှိမည်ဖြစ်ပြီး အနားယူ ချိန်သည် လူတစ်ဦး အောင်မြင်မှု အတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည်။ အနားယူချိန် အတွင်း ပညာရအောင် ရှာမှီးနိုင်ခွင့်ရှိသည်။ မိမိတွင်ရှိပြီးသော စွမ်းအားကို ပိုမိုအကျိုးရှိအောင် မည်သို့ အသုံးချမည်။ စွမ်းအားပိုမို ထက်မြက်စေရန် မည်သို့ရယူမည် စသည့် စိတ်ကူးကြံစည်မှု များဖြင့် မိမိဘဝပိုမို တိုးတက်စေမည့် အစီအစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။ ထို့ပြင် လူ့အဖွဲ့အစည်း အတွင်း သဟဇာတဖြစ်စေမည့် လူမှုဆက်ဆံရေး ကိစ္စများ ကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အနားယူချိန် အတွင်း ဆိုခဲ့သော ကိစ္စရပ်များကို မဆောင်ကြဉ်းဘဲ မိမိအာရုံကျသလို ပျော်ရွှင်မှုများဖြင့်သာ အချိန်ကုန်လွန် စေသူတစ်ဦး အတွက် ကံကောင်းထောက်မ မှုကြောင့် ရှားရှားပါးပါး ရရှိသော အခွင့်အရေး အနည်းငယ်မှ တစ်ပါး မည်သည့်နေရာတွင်မျှ အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ပေ။ အားလပ်ချိန် များသည် လူ့ဘဝကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ဖန်တီးနိုင်သည်။ အားလပ်ချိန်သည် မိမိအတွက် အခွင့်အလမ်း ရရှိချိန်အဖြစ် နားလည်သူက ကောင်းကျိုးသုခ ရရှိနိုင်မည့် ကိစ္စတို့အတွက် အသုံးချကြသည်။ အားလပ်ချိန် အတွင်းမှာ ဘဝအတွက် အနှောင့်အယှက် အပျက်အစီး ဘက်သို့ ဦးတည်သော ကြံစည်စိတ်ကူးမှု များကိုသာပြုသူ အတွက်မှာမူ ထိုအချိန်သည် သူ့အတွက် ကံဆိုးမိုးမှောင် ကျချိန်သာ ဖြစ်ပေမည်။

အားလပ်ချိန်သည် မိမိအတွက်ရော တခြားသူများ အတွက်ပါ အကျိုးဖြစ်ထွန်း စေသောကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်း ရပေမည်။ လူတစ်ဦး ပိုင်ဆိုင်သော အချိန်သည် ထိုသူတစ်ဦးတည်း ပိုင်သည်ဟု ဆိုရစေကာမူ ထိုသူအပေါ် မှီခိုနေထိုင် ကြရ သူများနှင့် ထိုသူ လုပ်ကိုင်နေသော လုပ်ငန်းရှင် တို့ကလည်း ထိုသူ၏ အချိန်ကို သွယ်ဝိုက်သော နည်းဖြင့် ပိုင်ဆိုင်ကြပေရာ တန်ဖိုးရှိသော အချိန်ကို အလဟဿ ဖြုန်းတီးပစ် သူများ နှင့် ပေါင်းသင်း ဆက်ဆံခြင်းကို ရှောင်ကြဉ်ကြ ရပေမည်။ တစ်ကိုယ်ကောင်း မဆန်သူတို့ သည် အချိန်ကို လေးစားမှုရှိပြီး အပြုသဘော ဆောင်သော လုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက်သာ အချိန်ကို အကျိုးရှိစွာ အသုံးချ ကြသည်။

လူသည် တစ်ဦး တစ်ယောက်တည်း နေထိုင်ရသည် မဟုတ်ဘဲ အများနှင့် ပေါင်းသင်းဆက်သွယ် နေရသည်ဖြစ်ရာ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး အတွက် လူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်။ သို့သော် များလှစွာသော လူတို့သည် လူ့ယဉ်ကျေးမှု အစဉ်အလာမှ ရရှိသော အခွင့်အရေး များကို မိမိတို့ကိုယ်ကျိုး အတွက်သာ ရယူသုံးစွဲ လိုကြပြီး တခြားသူများ အတွက် ပြန်လည် အကျိုးပြုရန် နှောင့်နှေး နေတတ်ကြပေရာ လိုအပ်သော အချိန်တွင် လိုအပ်သော ပြုဖွယ်ကိစ္စကို ပြုခြင်းသည်သာ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Wednesday, December 7, 2016

ကောင်းမှုတစ်ခု နေ့စဉ်ပြု


ကောင်းမှုတစ်ခု နေ့စဉ်ပြု

( မောင်သင်းဝေ )

လူ့ဘဝမှာ အလိုဆန္ဒတွေ ဘယ်လောက်ပဲ များများ၊ အဲဒီ အလိုဆန္ဒတွေ ဘယ်လောက်ပဲ ပြည့်စုံအောင် လုပ်လုပ် ပြည့်စုံကြွယ်ဝတဲ့ ဘဝမျိုးကို ပြည့်ပြည့်ဝဝ မရရှိနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူဆိုတာ လောဘကို အတောမသတ် နိုင်ကြလို့ပါပဲ။ လောဘကို အတောသတ် နိုင်မှ၊ လိုအင်ဆန္ဒတွေ လျှော့ချနိုင်ပြီ ဆိုမှသာ ဘဝဟာ နေပျော် ပါလိမ့်မယ်။ 

ဘဝမှာ ချမ်းသာစစ် ဆိုတာ ဘာလဲလို့မေးရင် ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှု ညီညွတ်မျှတ နေတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့ လောဘပါ။ လောဘကြောင့် အလိုရမ္မက်တွေ ဖြစ်ပေါ်လာ ပါတယ်။ အလိုရမ္မက် ကြောင့် အမှားအမှန် ချင့်ချိန်ဝေဖန် တွေးဆနိုင်မှု ဆိတ်သုဉ်းပြီး မောဟ အမှောင်ဖုံးလွှမ်း ရတော့တာပဲ မဟုတ်ပါလား။ တကယ်တော့ ချမ်းသာစစ် ဆိုတာ စိတ်ချမ်းသာမှု ရယ်၊ ကိုယ်ချမ်းသာမှု ရယ် ညီညွတ်မျှတ နေတာ ပါပဲ။ ကိုယ်ချမ်းသာမှု ဆိုတာ စည်းစိမ်ကြွယ်ဝ ချမ်းသာတာနဲ့လဲ မဆိုင်ပါဘူး။ အာရုံငါးပါး ခံစားနိုင်တာနဲ့လဲ မပတ်သက်ပါဘူး။ အနာရောဂါ ကင်းကင်းနဲ့ အလိုရမ္မက်တွေ ကင်းရှင်းပြီး ကိုယ့်စိတ်ကို ဖြူစင် အောင်၊ ငြိမ်းအေးအောင် ထားနိုင်ဖို့ အရာရာ မေတ္တာတရားနဲ့ ပွားများနိုင်ဖို့ ပါပဲ။

လူတော်တော် များများဟာ ကိုယ့်ကိုယ်ကိုယ် လူရာဝင်လိုကြတယ်။ လူတွင်ကျယ် လုပ်လိုကြတယ်။ အဆင့်နေရာ၊ ရာထူးဂုဏ်ရှိန် ကို မက်မောတွယ်တာ ကြတယ်။ တကယ်တော့ အဲဒီဘဝမျိုးဟာ နွံထဲမှာ ပျော်တဲ့ ကျွဲဘဝနဲ့ ဘာမှမထူးပါဘူး။ ငြီးငွေ့စရာ စက်ဆုပ်စရာ ကြီးပါ။ အမှန်တကယ် ကျေနပ်စရာ ကောင်းတဲ့ စစ်မှန်တဲ့ ဘဝဆိုတာ ငွေကြေး၊ အာဏာ၊ ဂုဏ်ပါဝါတွေ မဟုတ်ပါဘူး။ ဘဝမှာ ချမ်းသာ ပျော်ရွှင်အောင် နေတတ်တဲ့ အကျင့်စရိုက်ပဲ ဖြစ်ပါတယ်။ ဘဝမှာ အဆင့်အတန်း မြင့်မြင့် နေထိုင်နိုင်သူ တချို့ရဲ့ ဘဝဟာလဲ မပီဝိုးတဝါးနှင့် ကျေနပ်စရာ မရှိတာကို တွေ့ရတတ်ပါတယ်။

ဒါပေမဲ့ တခြားတစ်ဖက်ကို ကြည့်မြင်တဲ့အခါ လမ်းဘေး သစ်ပင်ရိပ်မှာ ဂိတ်ထိုးပြီး စာဖတ်နေတဲ့ အနှေးယာဉ်မောင်း တစ်ယောက်ရဲ့ ဘဝဟာ ရိုးရိုးရှင်းရှင်း လေးပါ။ ဒါပေမဲ့ ခရီးသွားတွေကို သူတို့လိုရာ ခရီးရောက်ရှိအောင် လိုက်လံပို့ဆောင် ပေးရတဲ့ အရသာကိုလဲ သူနှစ်ခြိုက် နေပါတယ်။ သူဟာသူ့ဘဝကို သူကျေနပ်ပျော်ရွှင် နေသူပါ။

ကုန်တင်၊ ကုန်ချလုပ်သား တွေ ပလက်ဖောင်းဘေးမှာ ထမင်းဝိုင်းဖွဲ့စားရင်း စကားစမြည် ပြောဆို နေကြတာတွေ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေ အချင်းချင်း ခြေတို့လက်တို့ ပြောဆို ရယ်မောနေကြ ပုံတွေ စာရေးသူတို့ အများကြီးတွေ့ခဲ့၊ မြင်ခဲ့ကြဖူး ပါတယ်။ စာရေးသူ အမေ့ရွာကို ခဏပြန်စဉ်က လယ်သမား မိသားစုတော်တော် များများနဲ့ တွေ့ဆုံကျွမ်းဝင် ခဲ့ပါတယ်။ သူတို့ဟာ နေထွက်၊ နေဝင် ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့ကြ ပါတယ်။ 

မိုးရွာမရှောင်၊ နေပူမရှောင် ပါပဲ။ ဒါပေမဲ့ သူတို့ရရှိတဲ့ ဝင်ငွေဟာ သူတို့အတွက် တစ်ဝမ်းတစ်ခါး မျှတရုံထက် မပိုပါဘူး။ သူတို့အဖို့ ပျော်ပွဲရွှင်ပွဲမရှိ၊ ဘောလုံး လောင်းစရာမရှိ၊ တီဗွီဂိမ်း မရှိ၊ ရှိုးပွဲမရှိ၊ သူတို့အဖို့ သူတို့လယ်၊ မြေရှိရာနဲ့ အိမ်ရာကလွဲပြီး တခြား သွားစရာ မရှိသလောက်ပါပဲ။

'' ဘဘတို့ဘ၀လဲ မလွယ်ပါလားဗျာ " လို့ စာရေးသူက ပြောတော့ ဘကြီးဖြိုးက-

''ရိုးရိုးလေးပါ ငါ့တူရာ၊ ငါက ငါ့ဘဝကို ရည်ရွယ်ချက် တစ်ခုတည်းနဲ့ တည်ဆောက် ထားတာ။ အသက် ရှင်သမျှ စိတ်ချမ်းသာအောင် နေမယ်။ လုပ်နိုင်သလောက် လုပ်မယ် ဒါပဲပေါ့။ ဒါဟာ ငါ့တူတို့ ပြောပြော နေကြတဲ့ ဂုဏ်တွေ၊ ပကာသနတွေ၊ ရာထူးရာခံ တွေထက် သာပါတယ် မောင်ရာ။'' ဟုတ်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝဟာ သာမန်မျှသာ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် တန်ဖိုးထား မြှင့်တင်နိုင် ပါတယ်။ ကိုယ်ရောက်ရှိ နေတဲ့ ဘဝကို တန်ဖိုးထား တတ်တာ၊ ပျော်ရွှင်တာက တကယ်ပဲ အရေးပါလှတယ် ဆိုတာ စာရေးသူ သင်ခန်းစာ ရခဲ့ပါတယ်။

ဘဝရည်မှန်းချက်

ထွေထွေထူးထူး မဟုတ်ပါ။ တစ်ပါးသူ စိတ်ချမ်းသာဖို့နဲ့ သူတို့ဘဝ အခြေအနေ မြင့်မားစေဖို့ အတွက် တတ်နိုင်သမျှ ကူညီဖို့ပါပဲ။ တစ်ပါးသူဆိုတာ မိသားစုဝင် တစ်ယောက်လဲ ဖြစ်ချင်ဖြစ်မယ်။ လုပ်ငန်းခွင့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်လဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်း မိတ်ဆွေ တစ်ယောက်ယောက် လဲ ဖြစ်ချင်ဖြစ် ပါလိမ့်မယ်။ သူတို့အတွက် ကူညီဆောင်ရွက် ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ လုပ်ဆောင်ပေး နိုင်တယ် ဆိုတာတွေဟာ တကယ်လဲ လုပ်သင့်လုပ်ထိုက် တာတွေ ဖြစ်ပါလိမ့်မယ်။

သူတို့အဆို သူတို့သဘောထား

ပလေတို၊ အရစ္စတိုတယ်၊ ရူဆိုး၊ ဟေဂဲလ် စတဲ့ တွေးခေါ် ပညာရှင်ကြီး တွေရဲ့ လူ့လောကအပေါ် တူညီတဲ့ သဘောထားတစ်ရပ် ရှိပါတယ်။

''လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက် ဆိုတာ သူပါဝင်ရာ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးပြုဖို့ပဲ ဖြစ်ပါတယ်။ အများကောင်းကျိုး ဆိုတာ ကိုယ်ကိုယ်တိုင် ပါဝင်လုပ်ကိုင် ဆောင်ရွက်ရင်း ကိုယ့်ရဲ့ ပင်ကိုယ် အရည်အသွေးကို အမြင့်ဆုံး စံချိန်ထိ တွန်းပို့ဖို့ ဖြစ်ပါတယ်။

''လူဆိုတာ သဘာဝအရ ကိုက နိုင်ငံရေး သတ္တဝါပဲ'' လို့ အရစ္စတိုတယ်က ဆိုဖူးပါတယ်။

သစ်စေ့တစ်စေ့ ကနေ သစ်ပင်ကြီး အဖြစ် ကြီးထွား ရှင်သန်လာပြီး အကိုင်းအခက်တွေ ဝေဆာဖွံ့ဖြိုး လာသလို လူတစ်ယောက် အနေနဲ့လဲ သူကျင်လည်ရာ လူ့အသိုင်းအဝိုင်း ကို ဖွံ့ဖြိုးစည်ပင်အောင် အကျိုးပြု လုပ်ဆောင်ရ ပါလိမ့်မယ်။ ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစား ရပါလိမ့်မယ်။

''အောင်မြင်သူဆိုတာ လူသား အချင်းချင်း စိတ်ဝင်စားသူ၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်အသုံးခံက ပြသူဖြစ် ပါတယ်''လို့ စိတ်ပညာရှင်ကြီး ဘဲလ်ဖရက် အက်ဒလာ က ပြောခဲ့ဖူး ပါတယ်။

ကောင်းမှုတစ်ခု နေ့စဉ်ပြု 

လူသားအများစု အတွက် ကောင်းကျိုးပြုဖို့ ဆိုရာမှာ နေ့စဉ်အများနဲ့ ဆိုင်တဲ့ ကောင်းမှု တစ်ခုခုကို ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့တွေ့ကြုံ ဆက်ဆံရတဲ့ လူတစ်ဦး တစ်ယောက်အပေါ် ပဲဖြစ်ဖြစ်၊ အများစု အပေါ်ပဲဖြစ်ဖြစ် အားနည်းချက် လေးတွေကို ဖေးကူပြီး အားသာချက် လေးများကို ထောက်ပြ ချီးမွမ်းတာ၊ အားပေးကူညီ တာမျိုးပဲ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကျရောက်ရာ တစ်ထောင့် တစ်နေရာမှာပဲ ဘဝအပေါ် နှစ်သိမ့် ကျေနပ်နိုင်သူ၊ တာဝန်ကျေသူဟာ စိတ်ရောကိုယ်ပါ ချမ်းသာမှု တစ်ခုမဟုတ် တစ်ခုပြုလုပ် နေသူတွေလဲ ဖြစ်ပါတယ်။ လူတစ်ဦးချင်းဆီမှာ ရှိကြတဲ့ တာဝန်ပိုင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုပြီး ချီးမွမ်းပြောဆို နိုင်သူ အားပေး အားမြှောက်သူလဲ ဖြစ်ပါတယ်။

ဈေးသည် အမျိုးသမီးဟာ ကိုယ့်ရဲ့ဖောက်သည် အပေါ် ကျေနပ် နှစ်သက်အောင် ဆက်ဆံမယ်၊ ချိုချိုသာသာ ပြောဆို နှုတ်ဆက်ပြီး အဆစ်တောင်း လာရင်လဲ ပိုပိုသာသာ လေးပေးမယ်။ ပြီးတော့ ''အခုလို အားပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်'' ဟု ပြောပါလိမ့်မယ်။

ဒီအမျိုးသမီးဟာ သူနေထိုင်ရာ ရပ်ကွက်မှာ ဝင်ဆံ့သူ၊ ရပ်ရေးရွာရေးမှာ ပါဝင် ဆောင်ရွက်သူ၊ သာရေး၊ နာရေး၊ နှုတ်မလေးသူ၊ ရပ်ကွက်သူ၊ ရပ်ကွက်သား တွေနဲ့ တစ်သားတည်း ကျအောင် ချစ်ချစ်ခင်ခင် နေထိုင်နိုင်သူ ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီ အမျိုးသမီးဟာ စိတ်ရောကိုယ်ပါ ပြည့်စုံနေပြီလို့ မဆိုနိုင်ဘူးလား။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ ပြုစုပျိုးထောင် ယူရမယ့်ဘဝ။ သူတစ်ဖက်သား အပေါ် အကောင်းဘက်က ရှုမြင်စိတ်နဲ့ အကူအညီ ပေးနိုင်တဲ့ဘဝ ဖြစ်ပါတယ်။

ဒီလိုသာဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုး မဆို အထီးကျန် မဖြစ်နိုင်တော့ သလို ဘဝဟာလဲ ငြီးငွေ့စရာ ကောင်းတော့မှာ မဟုတ်ပါဘူး။ လူအများစုနဲ့ ရောပြီး ပါဝင်လှုပ်ရှား နိုင်လေလေ၊ စိတ်အာရုံ ခံစားမှုတွေက နုပျိုလန်းဆန်း လာလေဖြစ်ပြီး ဘဝဟာ နေပျော်သည်ထက် နေပျော်ကာ အဓိပ္ပာယ် လေးနက်လေလေ ဖြစ်ပါလိမ့်မယ်။

ရတနာပုံနေ့စဉ်သတင်းစာ

Tuesday, November 29, 2016

စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုစာသင်ဝိုင်းများကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဆောင်ရွက်မည်



တောင်ကြီး ၊ ၂၉-၁၁-၂၀၁၆

မြန်မာနိုင်ငံ၌ စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို လာမည့်နှစ် ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ ထံမှ သိရသည်။

''၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အရ ရှမ်းပြည်နယ် က စာတတ်မြောက်သူ အနည်းဆုံး ဖြစ်နေတာကြောင့် အခုလို စာတတ်မြောက်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ရ တာပါ။ ပထမဆုံးအနေနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ် ၁ဝ မြို့နယ်နဲ့ ကျေးရွာတွေမှာ စာသင်ဝိုင်းတွေ လုပ်ဖို့ ဆောင်ရွက် နေတယ်။ လတ်တလောမှာ စာသင်ဝိုင်းတွေ အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ တွေကို စာသင်ဝိုင်း တွေမှာ နေရာချဖို့ စီစဉ်နေပါတယ်။ နောက်အကျဆုံး ဇန်နဝါရီလ လောက် စလုပ်ဖြစ်မယ် ထင်ပါတယ်'' ဟု ဒေါက်တာ ခိုင်မြဲ ကပြောသည်။

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးနောက် အောက်တိုဘာလ က ကယားပြည်နယ် အတွင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယခုအခါ ဒုတိယ အကြိမ်အဖြစ် ရှမ်းပြည်နယ်၌ သင်ကြားပေး ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူ အရေအတွက် ၃၅ သိန်းကျော်ရှိပြီး စာမတတ်သူ အများဆုံး ရှိသည့်ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ကာ စာမတတ်သူ ၁၃၁၄၅၇ဝ ဦးရှိကြောင်းနှင့် အသက် ငါးနှစ်အရွယ် ကျောင်းနေ ကလေး ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ထို့ပြင် အသက် ကိုးနှစ်နှင့် ၁၂ နှစ်ကြား ကလေးငယ် ၇ဝ ရာခိုင်နှုန်းသာ စာသင်ကြားလျက် ရှိပြီး အသက် ၁ဝ နှစ်နှင့် ၂ဝ နှစ်ကြားတွင် စာသင်ကြားသူ အရေအတွက် ဆက်တိုက်ကျဆင်း နေကာ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေး များသည် ပညာဆက်လက် မသင်ဘဲ ကျောင်းထွက် သည်ကို တွေ့ရှိရကြောင်း ၂ဝ၁၄ လူဦးရေ နှင့်အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်း မှတ်တမ်းပါ ဖော်ပြချက်များ အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၆)

Tuesday, November 22, 2016

ငယ်စဉ်ကပင် ဤမျှခါးနေလျှင်


ငယ်စဉ်ကပင် ဤမျှခါးနေလျှင်

ရှေ့နေ ဦးဝင်းကြည် (စဥ့်ကိုင်)

နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ်တို့တွင် လည်းကောင်း၊ Facebook လူမှုကွန်ရက် စာမျက်နှာတွင် လည်းကောင်း အမြဲမြင်တွေ့ ဖတ်ရှုနေရသည့် သတင်းကား သက်ငယ်မုဒိမ်းမှု ဖြစ်သည် သက်ငယ် မုဒိမ်းမှု ကျူးလွန်ခြင်း အမျိုးမျိုးရှိသည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီးများကို ကျူးလွန်ခြင်း၊ အသက် ငယ်ရွယ်သော မိန်းကလေး များကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများက ကျူးလွန်ခြင်း၊ အသက်ငယ်ရွယ်သူ ယောက်ျားလေးက အသက်ငယ်ရွယ် သူ မိန်းကလေးကို အဓမ္မကာမ ရယူ ကျူးလွန်ခြင်းနှင့် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိသော သတင်း၊ ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် စုံစမ်းရှာဖွေနေသော သတင်းများကို ဝမ်းနည်းဖွယ်ရာ ဖတ်ရှုနေရသည်။

အသက် ငယ်ရွယ်သော မိန်းကလေးများကို အသက်အရွယ် အပိုင်းအခြား မရှိသော အမျိုးသားများ ကျူးလွန်သည့် မုဒိမ်းမှုများကို နောင်ကြဉ်ဟန့်တား စေသည့် ပြစ်ဒဏ်များ ချမှတ်သင့်သည်။ အသက် ငယ်ရွယ်သည့် ယောက်ျားလေးက ပြစ်မှုကျူးလွန်ခြင်း တို့ကို နောင်ကြဉ်ဟန့်တား စေသည့် အပြစ်ဒဏ် ချမှတ်ရန်မှာ ဥပဒေအရ အခက်အခဲများ ရှိသည်။ ထိုအခက်အခဲ ကား အခြားမဟုတ် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေကြောင့် ဖြစ်သည်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ မပြဋ္ဌာန်းမီက ၁၉၅၅ ခုနှစ် ကလေးသူငယ်များ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ကလေးသူငယ်များ ပြစ်မှုကျူးလွန် ပါက ကလေးသူငယ် အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်း (ကလေးထောင်) စသည်တို့တွင် ထိန်းသိမ်း စောင့်ရှောက်၍ စာရိတ္တကို ပြုပြင်ပေး ခဲ့သည်။ ပြစ်မှုကျူးလွန် ခဲ့ဖူးသော ကလေးသူငယ် သည် နိုင်ငံတော် အတွက် သားကောင်း ရတနာများ ဖြစ်ခဲ့ဖူးကြောင်း လေ့လာသိရှိ ခဲ့ရသည်။

သို့သော် ၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလတွင် မြန်မာနိုင်ငံ၌ ကလေးသူငယ် များ၏ လူ့အခွင့်အရေးကို အလေးထား တောင်းဆို ဆောင်ရွက် ခဲ့သောကြောင့် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေနှင့် ကလေးသူငယ် နည်းဥပဒေ များကို ပြဋ္ဌာန်းခဲ့သည်။ ထို ကလေးသူငယ် ဥပဒေများ ပြဋ္ဌာန်းပြီးသည့် နောက်ပိုင်း ကာလတွင် ပြစ်မှု ကျူးလွန်သော အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ် များကို သေဒဏ် ကျခံနိုင်သည့် ပြစ်မှု၊ တစ်သက် တစ်ကျွန်းဒဏ် ကျခံနိုင်သည့် ပြစ်မှုကို ကျူးလွန်ပြီး အကျင့်စာရိတ္တ လွန်ကဲစွာ ပျက်စီးနေ သဖြင့် မည်သည့်နည်း နှင့်မျှ ထိန်းသိမ်း၍ မရနိုင်သည့် ကလေးသူငယ် ဖြစ်မှသာ ခုနစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ကလေးသူငယ် ကျူးလွန်သော ပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စာရိတ္တ ပျက်ပြားခြင်း မရှိသေးလျှင် နောက်ထပ်ပြစ်မှု ကျူးလွန်ခြင်းကို ဟန့်တားနိုင်ရန် သုံးနှစ်ထက် မပိုသော ကာလအတွင်း ခံဝန်ချုပ်ပါ စည်းကမ်းအတိုင်း ကောင်းမွန်စွာ နေထိုင်ကျင့်ကြံ စေရေးအတွက် မိဘ အုပ်ထိန်းသူကို ခံဝန်ချုပ် ချုပ်ဆိုစေပြီး ပြန်လည်အပ်နှံ နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် အကျင့်စာရိတ္တ ပျက်ပြားနေလျှင် အနည်းဆုံး နှစ်နှစ် ဖြစ်စေ၊ အသက် ၁၈ နှစ်ပြည့်သည့် နေ့ထိ ဖြစ်စေ သင်တန်းကျောင်း တစ်ခုခုသို့ ပို့အပ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

အထူးအားဖြင့် ကလေးသူငယ် ယောက်ျားလေး များသည် အသက်အရွယ် အပိုင်းအခြား မရှိ အမျိုးသမီး များကို မုဒိမ်းမှု ကျူးလွန်ရခြင်း နှင့် ခိုးဆိုးလုယက်၊ လူသတ်မှု ဖြစ်ရသည့် အကြောင်းရင်း များကိုလည်း လေ့လာဆန်းစစ် မိသည်။ ထိုသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် စာပေ သင်ကြားမှု နည်းပါးခြင်း၊ အသိပညာ ခေါင်းပါးခြင်း၊ လူ့ယဉ်ကျေးမှု နှင့် ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ အမိအဖ ဆရာသမား များ၏ သွန်သင် ဆုံးမခြင်းကို နာခံမှု နည်းပါးခြင်း၊ ဘာသာတရား အသိ နည်းပါးခြင်း၊ မူးယစ် စေတတ်သော ဘီယာ၊ အရက် များကို သောက်ခြင်း၊ စိတ်ကြွ ဆေးများ မှီဝဲခြင်း၊ ကိလေသာပိုင်း ဆိုင်ရာ ဆေးဝါးများ ပေါများခြင်း စသည်တို့အပြင် လူမှုကွန်ရက် Facebook မှလည်းကောင်း၊ ပတ်ဝန်းကျင်မှ မကောင်းမှု အကျင့်ဆိုးများကို အတုယူခြင်း တို့ကြောင့်လည်း ကောင်း အသက် ငယ်ရွယ်သည့် ကလေးငယ် များသည် အတုမြင် အတတ်သင်ကာ ဒုစရိုက်မှုများ ကျူးလွန်ခြင်း နှင့် လိင်မှုဆိုင်ရာ ကိစ္စရပ်များ အတုယူမှား သောကြောင့် ရာဇဝတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ကြောင်း ဆန်းစစ်တွေ့ရှိ ရသည်။

ထိုသို့ အသက်ငယ်ရွယ်သူ ကလေးများ ဒုစရိုက်မှုများ ကျူးလွန် နေသဖြင့် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး တွင် ရင်လေးဖွယ်ရာ ဖြစ်သည်။ ငယ်စဉ် မူလတန်း ကျောင်းသားဘဝ က သင်ကြားခဲ့ ဖူးသော မြန်မာဖတ်စာမှ မင်းသားနှင့် တမာရွက် ဇာတ်လမ်းလေး ကို သတိရ တွေးမြင်မိသည်။

တစ်ခါက ဘုရင်ကြီးတစ်ပါး တွင် သားတော်လေး တစ်ပါးရှိသည်။ သားတော်လေး သည် ခက်ထန်ကြမ်းတမ်း သည့် စရိုက်ရှိသည်။ သားတော်ကို လိမ်မာယဉ်ကျေး စေရန်အလို့ငှာ ဆရာရသေ့ တစ်ပါးထံ အပ်နှံ၍ ပညာသင်ကြား စေသည်။ ဆရာရသေ့ ကလည်း မင်းသား၏ အမျက်ဒေါသ မာန်မာန ချိုးနှိမ်ရန်အတွက် မင်းသားကို ခေါ်၍ ဥယျာဉ်တော်သို့ သွားလေသည်။ တစ်နေရာသို့ ရောက်သောအခါ အရွက်သုံးရွက် မျှသာ ရှိသေးသော တမာပင်ကို မြင်လျှင် ''အသင်မင်းသား ဤအရွက်ကို ခူး၍ ဝါးပါလေ'' ဟု စေခိုင်းသည်။ မင်းသားသည် သစ်ရွက်နှစ်ရွက်ကို ခူး၍ ဝါးကာ ထွီခနဲထွေးပစ်ပြီး တမာပင်ငယ်ကို ဆွဲနုတ်ပြီး ချိုးခြေလိုက်သည်။ ဆရာရသေ့ က ''အဘယ်ကြောင့် ဆွဲနုတ်ပြီး ချိုးခြေရသလဲ'' ဟုမေးမြန်းရာ ''အရှင် ဆရာရသေ့ ဤအပင်သည် ငယ်စဉ်ကာလ ကပင် ဤမျှခါးနေလျှင် ဤအပင် ကြီးလာပါက အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု ဖြေလေသည်။ ဆရာရှင်ရသေ့ က ''အသင် မင်းသားသည် အသက် ငယ်ရွယ်စဉ်ကပင် ဤမျှရက်စက် ကြမ်းကြုတ် နေပါက ကြီးလာလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း'' ဟု သွန်သင်ဆုံးမ သဖြင့် လိမ္မာယဉ်ကျေး သွားသည်။

ယနေ့ကာလတွင် အသက် ငယ်ရွယ်သော ယောက်ျားလေး များသည် ဒုစရိုက်ပြစ်မှု များနှင့် မုဒိမ်းမှုများ ကျူးလွန် နေပါလျှင် အရွယ်ရောက် လာပါက အဘယ်ဆိုဖွယ်ရာ ရှိတော့မည်နည်း။

အသက် ငယ်ရွယ်သော မိန်းကလေး များအား မတော်မတရား မုဒိမ်းအကျင့်ခံ ရခြင်း အကြောင်းရင်းကို ဆန်းစစ်လျှင် မိဘဆွေမျိုး အသိုင်းအဝိုင်း များ၏ အုပ်ထိန်းမှု အားနည်းချက် တစ်ခုလည်း ပါဝင်သည်။ ပတ်ဝန်းကျင် ကောင်းလည်း လိုအပ်လှသည်။ လူသူ အသွားအလာ ပြတ်သောနေရာ ဒေသများသို့ အသက် ငယ်ရွယ်သူ မိန်းကလေး များကို အစောင့်အရှောက် မပါဘဲ တစ်ဦးတည်း စေလွှတ်ခြင်းများ မပြုလုပ်အပ်ပေ။ ထို့ပြင် မိန်းကလေးငယ် များကို အခြား တစ်ပါးသော ယောက်ျားလေး များက ခေါ်လျှင် မလိုက်ကြရန် နှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ဒုစရိုက်မှု များကို နားလည် သဘောပေါက် သည်ထိ ရှင်းလင်းပြသ လမ်းညွှန် သင့်သည်။

 ယနေ့ကာလ ခေတ်စားနေသော အသက်ငယ်ရွယ်သည့် ယောက်ျားလေးများ ရာဇဝတ်ပြစ်မှုများ ကျူးလွန် နေခြင်းသည် အသိပညာ၊ အတတ်ပညာ နည်းပါးခြင်း၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှု နည်းပါးခြင်း၊ ယဉ်ကျေးလိမ္မာ အသိတရား နည်းပါးခြင်း၊ မူးယစ်စေသော သေရည်သေရက် သောက်စားခြင်း၊ စိတ်ကြွဆေးဝါး သုံးစွဲခြင်း၊ လူမှုကွန်ရက် င်္Facebook မှ ကာမရာဂနှင့် စပ်ဆိုင်သည့် ဆေးဝါးများ ကြော်ငြာခြင်း၊ ပတ်ဝန်းကျင် ကောင်းများ နည်းပါးခြင်း၊ အတုမြင် အတတ်သင်ကာ လက်တွေ့စမ်းသပ် လုပ်ကိုင်လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရပေသည်။ ထိုကဲ့သို့ မဖြစ်စေရန် အတွက် မိဘများ၊ ဆွေမျိုး သားချင်းများ၊ အပေါင်းအသင်း များက သွန်သင်ဆုံးမ ရပေမည်။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာကြမည့် အနာဂတ်၏ သားကောင်း သမီးကောင်း များသည် အသက်ငယ်ရွယ် စဉ်ကပင် ရာဇဝတ်ပြစ်မှု၊ ဒုစရိုက်မှုများ ကျူးလွန်နေပါက အသက်အရွယ် ကြီးလာသည့် အခါ အတင့်ရဲကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန် နိုင်သည်ကို သတိပြုအပ် ပေသည်။ ရာဇဝတ်မှုခင်း ကျူးလွန်မှု များပြားလာလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိပါးလာပေမည်။ တရားဥပဒေ စိုးမိုးမှုလည်း ကင်းမဲ့ လာမည်ဖြစ်သည်။

သို့ပါသောကြောင့် ''လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ'' တို့အပြင် ဆွေမျိုး ပတ်ဝန်းကျင် အပေါင်းတို့က ကလေးသူငယ် များကို စာရိတ္တ မြင့်မားရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် မလိုလား အပ်သော ဘေးအန္တရာယ် များကို ကြိုတင်ကာကွယ် တားဆီးမှု များ ပြုလုပ်ပေးပါလျှင် ကလေးသူငယ်များ ရာဇဝတ်မှု ကျူးလွန်ခြင်းကို ကာကွယ်တားဆီး ပေးနိုင်မည် ဖြစ်ကြောင်းနှင့် တိုင်းကားပြည်ရွာ အေးချမ်းသာယာ ဖွံ့ဖြိုးစေမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)

Friday, November 11, 2016

ဘက်စုံ ထောင့်စုံမှ တွေးတောခြင်း


ဘက်စုံ ထောင့်စုံမှ တွေးတောခြင်း

ချစ်စံဝင်း

အရှေ့တောင်အာရှ နိုင်ငံများတွင် စင်ကာပူ နိုင်ငံသည် ထိပ်တန်းသို့ ရောက်ရှိနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘယ်ပုံဘယ်နည်း ထိပ်တန်း ရောက်နေတာလဲ ဟုဆိုတော့ တက်စုံ၊ ဘက်စုံ၊ ထောင့်ပေါင်းစုံမှ ထိပ်တန်း ရောက်နေခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံသည် ယနေ့ ထိပ်တန်းသို့ ရောက်နေ သော်လည်း တစ်ချိန်က ရန်ကုန်မြို့ကို အတုခိုးခဲ့ ရသောနိုင်ငံဟု ဆိုပါ၏။ စင်ကာပူနိုင်ငံက ရန်ကုန်မြို့ တည်ဆောက်ပုံ၊ အဆောက်အအုံတွေ၊ ရေသွားလာမှု စနစ်တွေ၊ ဈေးတွေ၊ လမ်းတွေကို အတုခိုး ခဲ့သည်ဟု ဆိုသည်။ ယနေ့ အရှေ့တောင် အာရှတွင် သာမက ကမ္ဘာတွင်ပါ နာမည်ကြီး ဟိုတယ် ဖြစ်သည့် စင်ကာပူနိုင်ငံ ၏ ရပ်ဖဲဟိုတယ် ကြီးသည် မြန်မာတို့၏ ကမ်းနားလမ်း ဟိုတယ်ကို အတုယူ ဆောက်ခဲ့တာ ဟု ဆို၏။ စင်ကာပူရှိ လာပါဆပ်သံဈေး သည် ရန်ကုန်မှ လမ်းမတော်သံဈေး၊ ကြည့်မြင်တိုင် သံဈေး၊ တာမွေသံဈေး၊ မန္တလေးဈေးချို သံဈေးစသော ဈေးများကို အတုယူပြီး ရန်ကုန်သံဈေးများ ဆောက်ရာမှ ပိုလျှံသော သံထည်ပစ္စည်း တို့ဖြင့် ဆောက်ခဲ့တာ ဟုဆို၏။ လာပါဆပ်သံဈေး သည် ယခုအခါ စင်ကာပူမြို့လယ် တွင် တင့်တင့်တယ်တယ် ရှိနေသော်လည်း မြန်မာနိုင်ငံမှ သံဈေးများကို ဖျက်၍ သံတိုသံစ အဖြစ် ရောင်းထုတ်ခဲ့ သည်မှာ သံဈေးအားလုံး ကုန်ပြီဖြစ်သည်။

စင်ကာပူနိုင်ငံသည် နိုင်ငံဟု ဆိုသော်လည်း မြို့တစ်မြို့စာသာ ရှိ၍ နိုင်ငံအရွယ်အစား ငယ်လှသည်။ သောက်ရေကိုပင် မလေးရှားနိုင်ငံမှ ဝယ်ယူရသည်ဟု ဆို၏။ သည်ကြားထဲမှ တိုးတက်လာသော နိုင်ငံဖြစ်သည်။စင်ကာပူနိုင်ငံ တိုးတက်ဖွံ့ဖြိုး ရခြင်း၏ အကြောင်းခြင်းရာ တစ်ရပ်သည် ဘက်စုံ၊ ထောင့်စုံမှ တွေးခေါ်တတ်မှု ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ သည် သူ့နိုင်ငံသားများကို ဘက်စုံထောင့်စုံမှ တွေးတတ်အောင်၊ ဆင်ခြင်တတ် အောင် သင်ကြားပေး ထားသည်။ စင်ကာပူနိုင်ငံသည် ဘက်စုံတွေးခေါ် ရေးကို သူတို့၏ ပညာသင်ကြားရေး စနစ်ထဲတွင်ပင် ထည့်သွင်း သင်ကြားပေးသည်။

စင်ကာပူနိုင်ငံသား ကျောင်းသား လူငယ်များကို မူလတန်းမှစ၍ ဘက်စုံ မြော်မြင်ရေး ပညာကိုသာ သင်ကြားပေးသည်။ ယင်းကို Visual Education (Visual Thinking) ဟုလည်း ဆိုပါသည်။

စင်ကာပူလူငယ် များသည် မူလတန်း သင်ကြားစဉ်ကပင် သင်ရိုးညွှန်းတမ်း ထဲ၌ ဘက်စုံတွေးခေါ် ရေးကို တွဲဖက်သင်ကြား သည်။ မူလတန်းတွင် ရာဇဝင် သမိုင်း၊ ပထဝီ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ပန်းချီ၊ ပန်းပု၊ ကဗျာ၊ လင်္ကာ စသော ပညာရပ်များ၊ နည်းပညာ များကို သင်ပေးစဉ်ကပင် ဘက်စုံ တွေးခေါ်ရေးနှင့် တွဲဖက် သင်ကြားသည်။

အထက်တန်း၊ တက္ကသိုလ်၊ ဘွဲ့လွန်ပညာရပ် များကို သင်ကြားရာတွင်လည်း ဘက်စုံတွေးခေါ်မှု ရှုထောင့်စုံမှ တွေးတတ်အောင် သင်ကြားသည်။ အထူးသဖြင့် နည်းပညာ သင်ကြားရာတွင် ဘက်စုံရှုထောင့်မှ အသုံးချ နိုင်အောင် သင်ကြားသည်ဟု ဆိုသည်။ ကျောင်းအတွင်း စာသင်ခန်းထဲမှ စ၍ သင်ယူခဲ့သော ဘက်စုံ တွေးတောကြံဆမှု အတတ်ကို အစိုးရအဖွဲ့၊ အစိုးရဌာနများ၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်းများ၊ အရောင်းအဝယ် ဌာနများတွင်ပါ ဘက်စုံ တွေးတောမှုကို လုပ်ဆောင်သည်ဟု လည်းဆိုသည်။ စင်ကာပူ အစိုးရအဖွဲ့ ဝန်ကြီးဌာနများ၊ ကော်ပိုရေးရှင်းကြီး များသည် လုပ်ငန်းဆောင်တာ များကို အကောင်အထည် ဖော်ရာတွင် ပထမဆုံး ကြိုတွေးရသည်။ Thinking Ahead ဟုဆိုသည်။

နိုင်ငံအတွက်၊ တိုင်းသူပြည်သား တို့အတွက် တံတားကြီးတွေ ဆောက်မည်။ ရေကာတာကြီးတွေ တည်ဆောက်မည် ဆိုပါက ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ် များကို ပြည့်စုံအောင် ကြိုတွေးသော နိုင်ငံသည် စင်ကာပူနိုင်ငံ ဖြစ်သည်။ ဘက်ပေါင်းစုံမှ မတွေးဘဲ မည်သည့်လုပ်ငန်း ကိုမှ မလုပ်သော နိုင်ငံဖြစ်သည်။

ဘက်စုံကြိုတွေး ပြီးပြီဟု ဆိုပါက အလုပ် စတင်ချိန်၌ လည်းကောင်း၊ အလုပ်လုပ်ဆဲ ကာလတွင် လည်းကောင်း အပြန်ပြန် အလှန်လှန် တွက်ချက် တွေးတော နေသေးသည်။ ယင်းကိုပြန်တွေး (Thinking Again) ဟုခေါ်သည်။ ပြန်တွေးခြင်း အားဖြင့် လုပ်ငန်း ဆောင်တာများ ပို၍ချောမွေ့ စေပါသည်။ ကြိုတွေးရုံ၊ ပြန်တွေးရုံ သာမက Thinking Across ကျော်တွေးမှုလည်း ပြုလုပ်သည်။ အချိန်ကာလ ပြောင်းသွား သည်နှင့် လုပ်ငန်း ဆောင်ရွက်မှု များလည်း တစ်စိတ် တစ်ဒေသ ပြောင်းသွားတတ်ရာ စင်ကာပူ နိုင်ငံသူ၊ နိုင်ငံသား တို့သည် ကျော်တွေးမှု ကိုလည်းပြု ကြသည်။ ယင်း အလေ့အထကို အစိုးရအုပ်ချုပ်ရေး ယန္တရား တွင်ပါ အသုံးပြုသည်။ 

တွေးတောခြင်း၊ စဉ်းစားခြင်း တို့သည် ငွေကြေး အကုန်အကျ များသည်မဟုတ်။ အထပ်ထပ် အခါခါ စည်းဝေးတိုင်ပင် လုပ်ငန်း အတွေ့အကြုံချင်း ဖလှယ်ကာ အကောင်အထည် ဖော်ကြ သောကြောင့် လုပ်ငန်းများ အောင်မြင်သည်။ လုပ်ငန်းခွင် အန္တရာယ်များ၊ ဆုံးရှုံးမှုများကို အချိန်မီ ဖယ်ရှား နိုင်သည်။ နိုင်ငံခြားရေးဌာန၊ ကုန်သွယ်ရေးဌာန ကဲ့သို့သော အစိုးရဌာန ကြီးများပါ ဘက်စုံ တွေးတောမှုကို ပြုလုပ်ကြသည်။

ကျွန်တော်တို့ နိုင်ငံသည် ဘက်စုံ၊ ထောင့်စုံ တွေးတောမှု အားနည်းသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများက စင်ကာပူနိုင်ငံ နှင့် စီးပွားရေး လုပ်ဆောင် ရတာသည် အလွန်ချောမွေ့
သည်။ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ် ကိစ္စရပ်များတွင် စင်ကာပူနိုင်ငံ သည် နံပါတ်(၁) အလုပ်လုပ်ရန် အလွယ်ကူဆုံး နိုင်ငံဟု ဆိုပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အမျိုးသား ပညာရေးစနစ်ကို ရေးဆွဲပြဋ္ဌာန်း လျက်ရှိသည်။ အမျိုးသား ပညာရေးစနစ် ထဲမှာပင် ဘက်စုံတွေးတော တတ်သော Visual Education ဘက်စုံပညာရေး စနစ်ကို ထည့်သွင်း ရေးဆွဲရမည် ဖြစ်သည်။ ဘက်စုံတွေးတော တတ်အောင် သင်ကြားပေးသော ပညာရေး စနစ်ကမှ ခေတ်မီပညာရေး စနစ်ဖြစ်သည်။ ဘက်စုံတွေးတော တတ်မှု မပါသော ပညာရေးသည် နိမ့်ကျသော ပညာရေးစနစ် ဖြစ်သည်။ 

ထို့ကြောင့် အမျိုးသားရေး စနစ် ရေးဆွဲပြဋ္ဌာန်း ရာတွင် သာမက လုပ်ငန်းဆောင်တာ အရပ်ရပ်လုပ် ဆောင်ရာတွင် ကြိုတွေး တတ်အောင်၊ ပြန်တွေး တတ်အောင်၊ ဘက်စုံ တွေးတတ်အောင် အလေ့အကျင့် ပြုလုပ်ရန် လိုကြောင်း တင်ပြရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

Tuesday, November 8, 2016

စာပေတန်ဆောင် မီးရှူးရောင် ထွန်းလင်းရေး


စာပေတန်ဆောင် မီးရှူးရောင် ထွန်းလင်းရေး

စာပေသည် လူမျိုးတစ်မျိုး၏ ဉာဏ်ပညာ အခြေခံကို ထင်ဟပ်လျက် ထိုလူမျိုး၏ အဆင့်အတန်းကို ဖော်ညွှန်းသော ကြေးမုံဖြစ်သည်။ ဘာသာစကား နှင့် စာပေသည် နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုး၏ တန်ဆောင်ဆီမီးပင် ဖြစ်သည်။ ပုဂံခေတ် ကျန်စစ်သား မင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ကမ္ပည်းရေးထိုး ခဲ့သော မြစေတီ ကျောက်စာ၌ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိဘာသာ တို့နှင့် ရေးထိုးရာတွင် ဖခမည်းတော်ကို ကျေးဇူးဆပ်သည့် အကြောင်း ရေးထိုးထားသည်ကို ထောက်၍ မြန်မာစာပေသည် ကျေးဇူး သိတတ်မှုတည်း ဟူသော လူ့ယဉ်ကျေးမှုဖြင့် အစပြုခဲ့သည်။ ပြောဆိုသည့် ဘာသာစကား မတူညီသော ပုဂံ ပြည်သူတို့ စည်းလုံး ညီညွတ်စွာ နေထိုင်ကြ ခြင်းကြောင့် ဤကမ္ဘာမှာ ပြည်မြန်မာ ဂုဏ်တင့်ခဲ့သည်။

ဤအကြောင်းကို နှောင်းလူတို့ သိရှိလိုက်နာကြ စေခြင်းငှာ ဆရာ ဇော်ဂျီ က ရှေးခေတ် ပုဂံပြည်ကဗျာ တွင် ဖော်ကျူးထား သည်မှာ ''စေတီနဲ့ တန်ဆောင်း၊ ဆည်ချောင်းနဲ့ စပါးနှံ၊ ရွှေပေါက္ကံ ပြည်တစ်ကြောမှာ၊ ပေါချင်တိုင်း ပေါတဲ့ပြင်၊ ဝပြောတဲ့ သာသနာ၊ ခေါင်းလောင်းသံ ညံမစဲရယ်နဲ့၊ ပုဂံပွဲသာ လွန်းလို့၊ လာသူလာ သွားသူသွား၊ လယ်တွင်းသား ပြည်တော်သား၊ အသည်သား မင်းမှုထမ်း၊ တစ်စိတ်ဝမ်း တစ်လက်ညီ၊ ပြည်ရေးကို ပြိုင်တူချီတော့၊ ပြည်တော်မြတ် ပဲ့တင်သံ၊ ဘဝဂ်က ပြန်ပါရော့'' ဆိုသော စာပိုဒ်များတွင် တွေ့ရသည်။

ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည့် အားလျော်စွာ နိုင်ငံတစ်နိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ အဖြာဖြာတို့သည် ထိုနိုင်ငံသားတို့၏ ပညာရည်ပေါ် တည်မှီလျက် ရှိသည်။ နိုင်ငံသားတို့၏ ပညာရည် မြင့်မားရေး အခြေခံသည် စာပေအပေါ်တွင် မူတည်သည်။ စာပေမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ် အယူအဆ၊ ဗဟုသုတ ကြွယ်ဝမှုတို့ကို ရရှိနိုင်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင် ကလေးစာပေ ထွန်းကားရေး အတွက် ကြိုးပမ်းလျက်ရှိရာ ကလေးငယ်များ စာဖတ်ရာမှ ရရှိသော အသိဖြင့် အဆိုးကိုကြဉ်၍ အကောင်းကို ခင်တတ်စေရန် ရည်ရွယ်သော စာပေများ ယခုထက်ပိုမို ရေးသားထုတ် ဝေ နိုင်ရေး ကလေးများ လက်လှမ်းမီ ဖတ်ရှုနိုင်စေရန်တို့ကို အားလုံးဝိုင်းဝန်း ကြိုးစား ကြရမည် ဖြစ်သည်။ ကလေးများ ဖတ်လိုစိတ် ရှိစေရန်နှင့် စာဖတ်ပြီး ရရှိသော အသိကို အကျိုးရှိအောင် အသုံးချတတ် စေရန် မိဘ၊ ဆရာနှင့် ပတ်ဝန်းကျင် တို့က အားပေး လမ်းညွှန်တတ်ရေး ကိုလည်း အလေးထား ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ နည်းပညာ ဖွံ့ဖြိုးရေးသည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး အတွက် အဓိက ဖြစ်သည်ကို မငြင်းနိုင် သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး သည်လည်း လူ့အဖွဲ့အစည်း ငြိမ်းချမ်း သာယာရေး အတွက် မရှိမဖြစ် လိုအပ်ကြောင်း မည်သူမျှ မငြင်းနိုင်ပေ။

မြန်မာ စာပေလောက တွင် ၃၈ ဖြာမင်္ဂလာ တရားတော်ကိုအခြေပြု၍ ပုံဝတ္ထုများ ရေးသားထားသည်မှာ အရွယ်သုံးပါး မရွေး၊ ကိုးကွယ်သည့် ဘာသာမရွေး ဖတ်ရှုသူ အတွက် အသိပညာ တိုးပွားဖွယ်ရာ များသာ ဖြစ်သည်။ ထိုပုံဝတ္ထုများကို သင်ခန်းစာ ယူ၍ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်ဆန်းစစ်ကာ လူဖြစ်ရသည့် ရည်ရွယ်ချက်ကို ကောင်းစွာ ဖြည့်ဆည်းနိုင် သဖြင့် လူဖြစ်ရကျိုး နပ်မည်ဖြစ်သည်။ ဤသို့ ကောင်းကျိုးသုခကို သတိမမူမိကြ သူများမှာမူ ရှေးရှေးတုန်းက ပုံပြင်တွေ ပြောမနေပါနှင့်၊ ဘိုးတော်ဘုရား လေးဖက်သွား တုန်းက အကြောင်းတွေ ပြောမနေပါနှင့် စသည်ဖြင့် ပြောသံများ ကြားရဖူးသည်။

ရိုးရိုးလေး ဆိုရသော် အလိမ္မာ စာမှာရှိဆိုထားသည့် အတိုင်း ပထမ မြန်မာနိုင်ငံတော် ပုဂံခေတ်မှစ၍ ကျေးဇူးတရား သိနားလည်မှု၊ စည်းလုံးခြင်း အင်အားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း သာယာ ဝပြောအောင် တည်ဆောက်ခဲ့မှု တို့ဖြင့် သန္ဓေတည် ထွန်းကားခဲ့သော မြန်မာစာပေ အမွေကို မျိုးဆက်သစ်များ ခံယူ၍ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုးကာ၊ ကောင်းကျိုးကိုယ်၌ တည်စေခြင်းငှာ စာပေတန်ဆောင် မီးရှူးရောင် ထွန်းလင်းရေး အားပေးကူညီ ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Monday, October 3, 2016

ရွှေတိဂုံစေတီတော် မော်ကွန်းဓာတ်ပုံပြခန်း ၀င်ပေါက်အနီး၌ တပ်ဆင်ထားသော Public Digital Library Service ကို သုံးစွဲသူနည်းပါးနေ



ရန်ကုန် ၊ ၃-၁၀-၂၀၁၆

ရွှေတိဂုံ စေတီတော် မော်ကွန်းဓာတ်ပုံ ပြခန်းဝင်ပေါက် အနီး၌ ပြီးခဲ့သည့် တစ်လကျော်က တပ်ဆင်ထားသော Public Digital Library Service (PDLS) ကို ယခုအချိန်ထိ သိရှိသုံးစွဲသူ နည်းပါးနေသေး ကြောင်း သိရသည်။

'' အဲဒီစက်ကို တပ်ထားသော တစ်လကျော် နေပါပြီ။ ရှစ်လပိုင်းကုန် လောက်က လာတပ်သွား တာပါ။ e-Book စာအုပ်ပေါင်း ၇ဝဝဝ ကျော် လောက်ရှိပါတယ်။ အခုချိန် ထိတော့ သုံးတဲ့သူ နည်းနေ သေးတယ်'' ဟု ရွှေတိဂုံ စေတီတော် မော်ကွန်းဓာတ်ပုံ ပြခန်းမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောသည်။ အဆိုပါ Public Digital Library Service ကို သြဂုတ် ၂၃ ရက်က ဒဂုံမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနက လာရောက် တပ်ဆင်ပေးခြင်း ဖြစ်သည်။

ထို့ပြင် PDLS မှ e-Book စာအုပ်များအား ဖတ်ရှုလေ့လာ လိုသူများ အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင် စေရန် အသုံးပြုနည်း လမ်းညွှန် ဗီနိုင်းတစ်ခု ကိုလည်း မော်ကွန်းဓာတ်ပုံ ပြခန်းဝင်ပေါက် နံဘေး၌ ကပ်ပေး ထားသည်။

ယင်း Public Digital Library Service ကို အသုံးပြုရာတွင် အင်တာနက်နှင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ Smart Phone ၊ Tablet နှင့် Notebook တို့ဖြင့် WiFi Switch ကိုဖွင့်၍ moi-pdls.net အမည်ရှိ hotspot အား Connect လုပ်ကာ သုံးစွဲနိုင်ကြောင်း၊ ထို PDLS သည် Browser အားလုံးဖြင့် အသုံးပြုနိုင် သော်လည်း Chrome, Firefox တို့ဖြင့် ပိုမို အသုံးပြုရခြင်း မှာ အဆင်ပြေကြောင်း သိရသည်။

Library Page ဘယ်ဘက်တွင် စာအုပ် အမျိုးအစား Menu ကို စီစဉ်ပေးထားပြီး ယင်း Menu မှတစ်ဆင့် မိမိတို့ ဖတ်ရှုလိုသော စာအုပ်များကို အဆင့်ဆင့် ရွေးချယ်ကာ ဖွင့်လှစ်ဖတ်ရှု နိုင်သည်။ ထို့ပြင် PDLS  စက်ထဲတွင် ထည့်သွင်းထားသော e-Book စာအုပ်များထဲ၌ Download ဆွဲပြီးဖတ်ရှု နိုင်သော စာအုပ်များပါပြီး Read-Only အနေဖြင့် ဖတ်ရှုနိုင်သော စာအုပ်များလည်း ပါဝင်သည်။

လက်ရှိတွင် PDLS ၌ စုစုပေါင်း e-Book စာအုပ် အရေအတွက် ၇ဝဝဝ ကျော် ထည့်သွင်းပေး ထားပြီး နောက်ပိုင်း လူသုံးများ လာသောအခါ e-Book များလည်း ထပ်မံဖြည့်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, September 22, 2016

ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုထူးချွန်ရန် Play Therapy ကို အသုံးချသည့် သင်တန်း မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်မည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

မြန်မာနိုင်ငံရှိ မွေးကင်းစမှ အရွယ်ရောက်သည် အထိ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ပြီး ပိုမိုထူးချွန် ထက်မြက်စေရန် ပံ့ပိုးကူညီ ရာတွင် အရေးပါသည့် Play Therapy အသုံးချသည့် သင်တန်းကို အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ Oxford Myanmar Medical College (OMMC) ၌ ပထမဆုံး ဖွင့်လှစ်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်သီဟ (Operations Director Myanmar International University) ထံမှ သိရသည်။

အဆိုပါ သင်တန်းကို ဗြိတိန်နိုင်ငံရှိ Play Therapy International နှင့် Oxford Myanmar Medical College (OMMC) တို့ပူးပေါင်း၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်း ကာလမှာ တစ်နှစ်နှင့် ရှစ်လ ကြာမြင့်မည် ဖြစ်သည်။

သင်တန်းသား ဦးရေ ၂ဝ လက်ခံမည် ဖြစ်ပြီး သင်တန်းကြေးမှာ အမေရိကန် ဒေါ်လာ ၂၅ဝဝ သတ်မှတ် ထားကြောင်းနှင့် သင်တန်း တက်ရောက် လိုသူများသည် တက္ကသိုလ်ဝင် တန်း အောင်မြင်ပြီးသူ Play Therapy ကို စိတ်ပါဝင်စားသူ မည်သူမဆို အသက် အကန့်အသတ်မရှိ တက်ရောက် နိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ၌ ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးရေးအတွက် ပထမဆုံး ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ကလေးမိဘများ၊ ကလေးများနှင့် ပတ်သက်သည့် လုပ်ငန်း လုပ်ကိုင်သူ များနှင့် ကလေးများ ကို ပြုစု စောင့်ရှောက်သည့် သူနာပြုများ အနေဖြင့် တက်ရောက်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တက်ရောက် လိုပါက Myanmar International University အမှတ်(၇ဝ/ ဗ ) ဖိုးစိန်လမ်းနှင့် နတ်မောက် လမ်းသစ်ထောင့် နှင့် Oxford Myanmar Medical College အမှတ် (၃၅၁/၃၅၅) သိမ်ဖြူလမ်း ဗိုလ်မင်းရောင် မီးပွိုင့် ရန်ကုန်မြို့ ဖုန်း- ဝ၉- ၃ဝဝ၇ ၁၇ဝ၃ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

Thursday, September 15, 2016

မြန်မာနိုင်ငံ၌ ၂၁ ရာစုအတွင်း စာမတတ်သူမရှိစေရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၅-၉-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စာမတတ်သူ သုံးသန်းကျော် ရှိနေသေး သောကြောင့် ၂၁ ရာစုအတွင်း စာမတတ်သူ မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာတတ်မြောက်ရေး နှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ထံမှ သိရသည်။

မြန်မာနိုင်ငံ၌ စာမတတ်သူ မရှိစေရေး အတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အ-သုံးလုံး လုပ်ငန်းကို နိုင်ငံတော် အစိုးရ ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းအရ ကယားပြည်နယ် တစ်ခုလုံးကို စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''စာမတတ်သူ သုံးသန်းကျော် လောက် ကျန်နေသေးတဲ့ အတွက် ၂၁ ရာစုအတွင်း မှာ အပြီးလုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီနှစ်ကတော့ ကယားပြည်နယ် တစ်ခုလုံးမှာ ပြည်နယ်လုံးကျွတ် စာတတ်မြောက်ရေး  လုပ်ဆောင် သွားမယ်လို့ ကြေညာထား ပါတယ်'' ဟု ဦးအောင်ကြည်ညွန့် က ပြောသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ စာမတတ်သေးသူ များအတွက် စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်စဉ် စာသင်သားများ အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များ ဝေငှခြင်း၊ တိုးချဲ့မြို့နယ်များ သတ်မှတ်ပြီး အ-သုံးလုံး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လုပ်ငန်းစဉ်အဖြစ် နည်းပညာ ပံ့ပိုးမှုများ ပေးခြင်းအပြင် ကျောင်းနေ အရွယ်ကလေးများ ကျောင်းမနေနိုင် ပါက ကျောင်းပြင်ပ ပညာရေးအဖြစ် သင်ကြားပေး ခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာပေါ်၌ လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည့် အနက် စာမတတ်သူ ဦးရေမှာ သန်း ၈ဝဝ ခန့်ရှိကြောင်း ကမ္ဘာ့ စာတတ်မြောက်ရေး နေ့တွင် ယူနက်စကို၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ (ဆုလာဘ်) 

မြ၀တီနေ့စဉ် ၊ စာ(၆)

Sunday, September 11, 2016

စာဖတ်ခြင်းကျေးဇူး



မကျေးဥ

လူ့လောကရှိ လူသားတို့သည် မည်သည့် အမျိုးအနွယ်မှ ဆင်းသက်ပေါက်ဖွား လာကြရစေကာမူ လူတစ်ဦးချင်းစီ အတွက် ပိုင်ဆိုင်ရမည့် အမြတ်ဆုံး ဥစ္စာသည်ကား သီလနှင့် ပညာဖြစ်၏။ သီလနှင့်ပညာကို ရှင်တော်ဘုရားက သီလအား ခြေထောက်နှင့် ဥပမာပြု၍ ပညာအား မျက်စိဖြင့် ဥပမာပြု တော်မူခဲ့သည်။ ခြေထောက်ရှိပြီး မျက်စိနှစ်ကွင်း အလင်းမရသည် ရှိသော် လိုရာမရောက် ခရီးမပေါက်နိုင် သကဲ့သို့ မျက်စိနှစ်ကွင်း အလင်းရ သော်လည်း ခြေထောက်နှစ်ဖက် မသန်စွမ်းခဲ့ ပါမူ လိုရာမရောက် ခရီးမပေါက်ဘဲ ဖြစ်ရ၏။

လူတစ်ဦးချင်း စီတွင်ရှိသော ခြေနှစ်ဖက် မှာလည်း သန်စွမ်း၊ မျက်စိနှစ်ကွင်း မှာလည်း အလင်းရမှသာ လိုရာပန်းတိုင် ရောက်ပေမည်။ မိမိတို့လိုရာ ပန်းတိုင်ခရီးသို့ ရောက်နိုင်ရန် အတွက် ခြေနှစ်ဖက်နှင့် မျက်စိနှစ်ကွင်း ကြံ့ခိုင်သန်စွမ်း နေရမည် ဖြစ်သည့်နည်းတူ လူတစ်ဦးချင်း စီတွင် ခြေနှစ်ဖက်နှင့် တူသော သီလ၊ မျက်စိနှစ်ကွင်း နှင့်တူသော ပညာသည် မယွင်းမပျက် တွဲဖက်ရှင်သန် ရမည် ဖြစ်ပါသည်။

သီလရှိပြီး ပညာမရှိလျှင်၊ ပညာရှိပြီး သီလမရှိလျှင် ပန်းတိုင်မရောက် ခရီးမပေါက်နိုင်။ သီလသည် ပညာကို အမှီသဟဲပြု၍ လည်းကောင်း၊ ပညာသည် သီလကို အမှီသဟဲပြု၍ လည်းကောင်း တည်မှီရ၏။ လူတစ်ဦးချင်း စီတွင် သီလချည်း လုံခြုံနေရုံ မျှဖြင့် အရာရာကို မပြီးမြောက် နိုင်သကဲ့သို့ ပညာချည်း ကျွမ်းကျင် တတ်မြောက် နေရုံမျှဖြင့်လည်း အရာရာကို မပြီးမြောက် နိုင်ဘဲ ရှိချေသည်။ အရာရာကို ပြီးမြောက်လိုပါမူ လူတစ်ဦးချင်းစီ တွင် သီလရော ပညာပါ ယှဉ်တွဲပေါင်းဖက် နေရမည် ဖြစ်ပါသည်။ လူတစ်ဦးချင်း စီတွင် သီလလည်း လုံရပါမည်။ ပညာလည်း စုံရပါမည်။ 

သီလလုံပြီး ပညာစုံရမည် ကို ကျေးဇူးတော်ရှင် မန်လည် ဆရာတော်ကြီး က မဃဒေဝလင်္ကာ တွင်-

''ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏'' ဟူ၍ ရေးဖွဲ့သီကုံး ဆုံးမတော်မူ ခဲ့ပေသည်။ ပညာလည်း ပြည့်စုံ၊ နှလုံးလည်း လှမှသာ အရာရာကို ပြီးမြောက်အောင် ဆောင်ကြဉ်းနိုင်စွမ်း ရှိကြောင်း  ဆုံးမတော်မူ ခဲ့သော လင်္ကာစာသား ဖြစ်ပါသည်။ အမြဲမပြတ် မှတ်သားနာယူ ကျင့်ဆောင် ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ပညာပြည့်ဝပြီး နှလုံးလှသူများ ဖြစ်အောင်စာဖတ်ကြ ရပါမည်။

စာဖတ်သူသည် တိုးတက်မြဲ တိုးတက်နေသည်။ စာမဖတ်သူမှာ တိုးတက်မှု ရပ်နေသည်။ စာဖတ်သူသည် ဖွင့်ထားသော ပြတင်းပေါက်နှင့် တူ၏။ အရာရာကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းဆင်ခြင် တွေ့မြင် နိုင်သည်။ စာမဖတ်သူ မှာကား ပိတ်ထားသော ပြတင်းပေါက် နှင့် တူ၏။

စာဖတ်သူမှာ လိမ္မာ ယဉ်ကျေး၏။ အသိပညာ၊ ဗဟုသုတ ရှိ၏။ အရာရာ စဉ်းစားဆင်ခြင် လုပ်ကိုင်နိုင်၏။ ရှောင်သင့်တာ မှန်သမျှ ရှောင်ရှားနိုင်ပြီး ဆောင်သင့်သည် များကို ဆောင်ထားကာ လူ့လောက လူ့ပတ်ဝန်းကျင် တွင် အမြင်တင့်တယ် ပေသည်။

စာဖတ်သူသည် ပြောတတ်၊ ဆိုတတ်၊ လုပ်ကိုင်တတ်၏။ အေးအေးဆေးဆေး ထိထိမိမိနှင့် အရာရာကို ဆုံးဖြတ်လုပ်ကိုင် နိုင်ပေသည်။ လူချစ်လူခင် ပေါများကာ လူတကာ၏ ကြည်ညို လေးစားမှု ခံရပါသည်။ လူတိုင်းကလည်း အားကိုး ယုံကြည်ကာ မည်သည့်ကိစ္စ မဆို အကြံဉာဏ် တောင်းခြင်းခံ ရတတ်ပါသည်။ စာမဖတ်သူများကား လုံးဝအသိတရားမရှိ ထင်ရာ ပြောဆိုလုပ်ကိုင် တတ်သည်။ လုပ်သင့်၊ မလုပ်သင့် မစဉ်းစား ရှေ့ရေးနောက်ရေး မတွေး အရာရာ မှားပြီးမှ နောင်တများ ရတတ်သည်။ စာမတတ်သူများကို ကန်းနေသော မျက်ကန်းများ ဟူ၍ တင်စားထား ပါသည်။ စာတတ်ပါလျက် စာမဖတ်ဘဲ နေသူများမှာလည်း မည်သည့် အသိဉာဏ် ဗဟုသုတမှ မရှိ၍ စာတတ်ကန်းများ ဟူ၍လည်း ဆိုထားပါသည်။

စာတတ်ပြီး စာဖတ်ပါမှ အကျိုးများ ပေမည်။ စာမတတ်သူများက စာမဖတ်သည်မှာ သဘာဝကျ သော်လည်း စာတတ်ပြီး စာမဖတ်သူ များကား ဆိုးရွားလွန်းလှ ပါသည်။ စာမတတ်၍ စာမဖတ်ဘဲ အမှားများကို လုပ်ဆောင် ပြောဆိုခြင်း ကိုကား နားလည်ခွင့်လွှတ် နိုင်ပါ၏။ စာတတ်ပြီး စာမဖတ်မိ၍ လုပ်ကိုင်ပြောဆို သမျှ အမှားမှား အယွင်းယွင်း ချည်းသာ ဖြစ်နေလျှင်ကား လက်မခံစရာ၊ သဘာဝမကျစရာ ဖြစ်ပါတော့သည်။

စာအုပ်စာပေသည် လူတိုင်းအတွက် အဖိုးတန်ရတနာ တစ်ပါးဖြစ်သည်။ ရှေးခေတ်မြန်မာ တို့က ပေရွက်ပေါ်တွင် ကညစ်ဖြင့် စာကိုရေးသား သီကုံးခဲ့ကြသည်။ ''က'' ကညစ် ပေမှာခြစ် ဟူသော ကျောင်းသုံးအက္ခရာ ဗျည်းကဗျာ စာတွင် ဟိုယခင်က အသုံးပြုခဲ့ဖူးသည်။ ပေရွက်ကို ဆီလူး၍ အသုံးပြုပါက တာရှည်ခံပါသည်။ ဆီမလူးသော ပေဖူးလွှာကို ရှေးခေတ် စစ်သည်များ အသုံးပြုခဲ့ကြ၏။ ပုရပိုက်ကို ကံ့ကူဆံဖြင့် ရေးသားရသည်။ ထို့ကြောင့် မြန်မာစကားတွင် ''ကံ့ကူလက်လှည့်'' စကား ဝေါဟာရ ရှိခဲ့သည်။ ပေပုရပိုက် များတွင် မြန်မာ့ရာဇဝင် သမိုင်း မှတ်တမ်းမော်ကွန်း စသော စာပေများကို စာအုပ်သဖွယ် ရေးသား မှတ်တမ်းတင် ခဲ့ကြသည်။ ထို့ကြောင့် ရှေးမြန်မာ ကြီးများက ''အလိမ္မာစာမှာရှိ'' ဟူ၍ ဆိုခဲ့ကြ လေသည်။ 

သက္ကရာဇ် ၇၆၂ တွင် ဘုရင်မင်းခေါင် နန်းတက်သည်။ ဘုရင်မင်းခေါင် သည် ''စည်းတပစ်'' အမတ်ကြီးကို ခေါ်ယူ၍ ''အဘိုး တိုင်းပြည် အေးချမ်းအောင် ဘယ်လိုကျင့် ရမည်နည်း'' ဟု မေးပါသည်။ ပြည်ကြီး၏အရှင် မြတ်သောမင်းတို့ မည်သည် ပြည့်တံခွန်ကို မလှဲရာ (ရသေ့၊ ရဟန်း၊ ပညာရှိ တို့သည် ပြည့်တံခွန်မည်၏)။ ပြည့်ဦးကင်းကို မနှိမ်ရာ (ပညာရှိ အမတ်ကြီး၊ ဝန်ကြီး၊ ပညာရှိသုခမိန် များသည် ပြည့်ဦးကင်းများ ဖြစ်၏)။ ပြည့်စွယ်ပြည့်သွား ကို မချိုးရာ (မင်းညီမင်းသား တို့သည် ပြည့်စွယ် ပြည့်သွားများ ဖြစ်၏)။ ပြည့်မျက်လုံးကို မဖောက်ရာ (လောကီ၊ လောကုတ်၊ ပညာတတ် ပညာရှိသူ တို့သည် ပြည့်မျက်လုံးများ ဖြစ်၏)။ ပြည့်မျက်နှာကို မဖျက်ရာ(မိဘ၊ လင်သားတို့၏ ကြေးမုံ သဖွယ်ဖြစ်သော သူတို့၏ သားသမီး၊ ဇနီးတို့ကို အနိုင်အထက် မပြုအပ်ဟု ဆိုလိုသည်)။ ပြည့်ခြေပြည့်လက် ကို မဖြတ်ရာ(သူရဲကောင်း တို့သည် ပြည့်ခြေပြည့်လက် များနှင့်တူ၏)။ ပြည့်ဝမ်းကို မဖောက်ရာ (သူဌေးသူကြွယ် တို့သည် ပြည်၏ဝမ်းဖြစ်၏)။ ပြည့်ကျေးဇူးကို မထိန်ရာ(တိုင်းသူပြည်သား တို့သည် တိုင်းပြည်၏ ကျေးဇူးရှင်များဖြစ်၏) စသည့် မင်းတို့ ကျင့်အပ်သော ''အပရိဟာနတရား'' ခုနစ်ပါးကို ရွှေနှလုံးသွင်း တော်မူ၍ မှည့်မှဆွတ်သော ဥယျာဉ်မှူး တို့ကို လည်းကောင်း၊ တရွေ့ရွေ့ ပွားစေတတ်သော ပိုးနကျယ် တို့ကို လည်းကောင်း ပမာပြု၍ ကျင့်တော်မူရာ၏'' ဆိုသော ခမ်းနား ကြီးကျယ်သော အကြံကို ပေးခဲ့သည်။

ထို့ကြောင့် ဘိုးရာဇာဆိုသည့် အမည်နှင့် အဆောင်အယောင် တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ အလွန်တန်ဖိုး ရှိသော စကားများကို ပေးနိုင်သူ စည်းတပစ် အမတ်ကြီးသည် -

''ဘိုးရာဇာဟာလေ xxx တကယ်တော့ လယ်သမားလေး ပါဗျ xxxx သူတကယ် လိုက်စားခဲ့တာက xxxx လုံ့လနှင့် ပညာကိုရှာ xxxx ဘုရင့်ရွှေနားတော်xxxx ပေါက်ကြားရာက မြှောက်စားခံရပါတဲ့ ပညာရှိကြီးပါ xxxx'' ဆိုသည့် သီချင်းအတိုင်း လယ်သမား တစ်ယောက်ဖြစ် သော်လည်း ပညာကို လိုချင်သူဖြစ်၍ တွေ့သည့် နေရာ၌ ပညာကိုရအောင် ရှာဖွေစုဆောင်း တတ်သူဖြစ်ပြီး စာဖတ်ခြင်း၏ ကျေးဇူးကြောင့် ပညာရှိအမတ်ကြီး ဖြစ်လာခဲ့သည်။

သက္ကရာဇ် ၇၃ဝ တွင် မိတ္ထီလာကန် ပေါက်၍ ဘုရင်မင်းကြီးစွာမှ ကန်ကို ဆည်တော်မူ၏။ မြေတူးရာ၌ ရွှေနှင့် သွန်းလုပ်ထားသော ယိုးဒယား လင်းဇင်းမင်း တို့၏ သား၊ သမီးအရုပ်ကို ကမ္ပည်းနှင့် တကွ တွေ့ရ၏။ ဝန်စင်း(ဝန်ဇင်း) ရွာသူကြီးကို မေးတော်မူရာ မသိကြောင်း၊ အသည်သား (မင်းမှုထမ်း မဟုတ်သူ သာမန် အရပ်သား) မောင်ညို ခေါ်သူ တစ်ယောက်သည် ယာထွန်လျှင် ခါးတွင် ပုရပိုက်နှင့် ပညာရှိတို့ကို ချဉ်းကပ် သောကြောင့်အကြားအမြင်နှင့် ပြည့်စုံသည်။ ထိုသူ သိနိုင်လိမ့်မည် ဟု နားတော် လျှောက်၏။ ဝန်စင်း အသည်သားကို မေးတော်မူရာ-

''ကျွန်တော်မျိုး ကြားဖူးပါသည် ဘုရား။ ဘေးလောင်းတော် အလောင်းစည်သူ မင်းကြီး တိုင်းခန်း လှည့်တော်မူစဉ် ထိုသို့သော မင်းတို့ကို သစ္စာခံတော်မူ စေပြီး ခြေတော်ရင်း၌ မြဲစေခဲ့ကြောင်း၊ တစ်ရံရောအခါ အလောင်းစည်သူ မင်းကြီး မိတ္ထီလာကန်ကို ဆည်ခိုက် နောက်တော် တွင်ပါလာသော သား၊ သမီးတို့ ကံတော်ကုန် သောကြောင့် လာလတ္တံသော မင်းတို့ သိစေသောငှာ အရုပ်ကို သေချာစွာ စာတန်းထိုးမြှုပ် ထားတော်မူခြင်း ဖြစ်ကြောင်း'' လျှောက်ထားရာမှ ပညာရှိအဖြစ် နန်းတော်သို့ ခေါ်ယူ မြှောက်စားခံ ရခြင်း ဖြစ်ပါသည်။

''စည်းတပစ်'' ဆိုသည်မှာ ''သန္ဒပဇ္ဇောတ သဒ္ဒါ'' ကို အစွဲပြုခေါ်ဆိုခြင်း ဖြစ်ကြောင်း၊ စန္ဒသဒ္ဒါ-လ၊ ဟော၊ ပဇ္ဇောတသဒ္ဒါ- အလင်းရောင် ကို ဟောသဖြင့် လကဲ့သို့ ထွန်းလင်း တင့်တယ်သော ပညာရှိဟု ဆိုလိုကြောင်း သိရသည်။ (အရှင်သံဝရာ လင်္ကာရ-စည်းတပစ် လျှောက်ထုံး၊ အတွေးအမြင် ၂၃၅)။

ဘိုးရာဇာ ခေါ် မောင်ညို ဆိုသော သာမန် လူငယ်လေးသည် ပညာရှိကြီး ဖြစ်စေရော့၊ ဘုရင့် အချီးအမြှောက် ခံရစေတော့ ဟူသည့် စိတ်နှင့် ကြိုးစားခဲ့ခြင်း မဟုတ်ဘဲ ပညာကိုသာ လိုချင်သိချင်သူ ဖြစ်သည်။ စာပေပုရပိုက် များကို လုံ့လဝီရိယ စိုက်ထုတ်ကာ လေ့လာ မှတ်သား တတ်၍ စာဖတ်ခြင်း ကျေးဇူးကြောင့် အားကိုးထိုက်သော ပညာရှိကြီး ဖြစ်လာခဲ့သည်။ လောက၌ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်သွားလျှင် သူ့အတွက် နေရာသည် သူ့အလိုလိုဖြစ်လာတတ်၏။ လူရှေ့သူရှေ့ သို့ ထိုက်တန်စွာ ရောက်လာတတ် ပါသည်။

''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဟု အဆိုရှိရာ လူတိုင်းသည် စာပေနှင့် မကင်းကွာ သင့်ပေ။ လူတိုင်းသည် စာပေကို လေ့လာလိုက်စား ကြရပါမည်။ မကုန်ဆုံး နိုင်သော အတတ်ပညာရပ် တို့သည် စာအုပ်စာပေ အတွင်း၌ ရှာဖွေတွေ့ရှိ နိုင်ပါသည်။  ကျွန်မတို့ငယ်စဉ် ကလေးဘဝ၌ မိဘများက ဆုံးမပဲ့ပြင်လေ့ ရှိပါသည်။ ပညာသင်ချိန် ကျောင်းစာသင်ခန်း တွင်လည်း ဆရာ၊ ဆရာမများ က ကောင်းသော ဘဝလမ်းကို လျှောက်လှမ်းရန် လမ်းညွှန်ခဲ့ပါသည်။ ဘဝခရီးလမ်းကို ကိုယ်တိုင် လျှောက်လှမ်းချိန်တွင် မိတ်ကောင်းဆွေကောင်း များက အမြဲကူညီ ဖေးမခြင်း မပြုနိုင်ပါ။ ကျွန်မတို့နှင့် မခွဲမခွာအမြဲ ထာဝရ အတူရှိနေရမည့် မိတ်ဆွေကောင်းမှာ စာအုပ်စာပေ များသာ ဖြစ်ပါသဖြင့် စာမတတ်သူများ စာတတ်ကြပါစေ၊ စာတတ်သူများ စာဖတ်ကြပါစေ ဟု ''စာဖတ်ခြင်းကျေးဇူး'' အကြောင်းကို ရေးသားတင်ပြ လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

Wednesday, August 17, 2016

အတ္တလျှော်သည့် ခ၀ါသည်



( မဒါလေး )

စာရေးသူ ခရီးသွားရာမှ ပြန်ရောက်သည်မှာ သုံးရက်ခန့် ရှိပြီဖြစ်သည်။ ပြန်ရောက်သည့် နေ့ကတည်းက အလုပ်များ နေသည်မှာ ယနေ့ထိပင် အလုပ်အကြွေးများက မရှင်းနိုင်သေးပေ။ အလုပ်အကြွေး ထက် ပိုဆိုးသည်က အ၀တ်အစား လျှော်ရန် အကြွေးပင် ဖြစ်သည်။ ခရီးမှာ တစ်ထည်ဝတ် တစ်ထည်လဲ ၀တ်ခဲ့သဖြင့် အ၀တ်များ အတော်ပုံ နေသည်။ ထို အ၀တ်များကို တစ်ထိုင်တည်းနှင့် လျှော်ရန် စာရေစးသူတွင် အချိန်မရှိပါ။ နံနက် ၇ နာရီ မှ စတင်ကာ ည ၉ နာရီထိ လုပ်ငန်းခွင်ဝင် ရသော လူတစ်ဦးအတွက် စားရေး သောက်ရေးထက် လျှော်ဖွပ် သိမ်းဆည်းရေး မှာ အားအနည်းဆုံး ဖြစ်သည်။ လျှော်ဖွပ်သိမ်းဆည်း လျှင်လည်း အခြား အလုပ်များကို လက်လွှတ်ရမည် ဖြစ်သဖြင့် ဒိုဘီ အပ်ရန်သာ စိတ်ဆုံးဖြတ် ခဲ့သည်။ အချိန်တန်လျှင် လျှော်ဖွပ်ပြီးသား ၊ မီးပူ တိုက်ပြီးသား အသင့်ဝတ်လိုက်ရုံပင်။ ထို့ကြောင့် စိတ်လေးစရာ မလို ငွေအနည်းငယ် စိုက်ထုတ် လိုက်လျှင် ရနိုင်သည်။ ထိုသို့သာ စိတ်ဆုံးဖြတ်ပြီး ဒိုဘီဆိုင်သို့ ထွက်လာခဲ့သည်။

အ၀တ်လျှောက်ခြင်း အလုပ်ကိုဒိုဘီ ဟု ဟိန္ဒီ စကားဖြင့် အဓိပ္ပာယ် ဖွင့်ဆိုထားပြီး မြန်မာလို ခ၀ါသည် အိမ်သို့ ထွက်ခဲ့သည်။ ယခင်က ထိုနေရာသို့ စောင်အထူ များနှင့် ခရီးဆောင်အိတ်များ ၊ ရေ နှင့် လျှော်၍ မရသည့် ပိုးထည် များကိုသာ လာအပ်ဖြစ်သည်။ ဆိုင်ရှေ့ အရောက်တွင် မီးလုံးလေးများ လှုပ်ရှားလျက် စာတန်းထိုးနေသော ထိုလုပ်ငန်း ဆိုင်းဘုတ် မရှိတော့ပေ။ နေရာ ရွှေ့သွားခြင်းလား ၊ လုပ်ငန်း သိမ်းသွားခြင်းလား မသေချာပေ။ 

ဘေးဘယ်ညာ မေးကြည့်တော့ ဘယ်ပြောင်း သွားလည်း သေချာမသိ၍ စားရေးသူ အတွက် အခက်တွေ့ ရပါပြီ။ အ၀တ်ထုတ်ကြီး ဆိုင်ကယ်ပေါ် တင်ကာ မြို့ပတ်ပြီး ရှာရန် မဖြစ်နိုင်ပေ။ ဟိုမေး သည်မေးနှင့်ပင် ဒိုဘီ အ၀တ်လျှော် လက်ခံသည် ဆိုသော စာတန်းလေး နှစ်ကြောင်း တွေ့မှပင် စိတ်ထဲသက်သာရာ ရသွားသည်။ မရှိသည့် အဆုံးတွင်မူ သည်မှာပဲ အပ်မှဖြစ်မည်။ မဟုတ်လျှင် အ၀တ်အစား အသစ်ဝယ်ဝတ်ရန်သာ ကျန်တော့သည်။

အိမ်ရှေ့တွင် အသက် အနည်းငယ် ကြီးဟန်တူသော အမေအိုတစ်ဦး ထိုင်နေသည်။ အိမ်ရှေ့သို့ ရပ်လိုက်သည်နှင့် ထိုင်ရာမှ ထလာကာ အ၀တ်ထုတ်ကို လာဆွဲသည်။ ဆိုင်းဘုတ်ကို ကြည့်ကာ ပိုသေချာအောင် " အ၀တ်လျှော် ချင်လို့ရလား " ဟု ထပ်မေးလိုက်သည်။ အမေအို က ခေါင်းကိုညိတ်ကာ ပြုံးလျက် "ရတယ်လေ" ဟု ဖြေရင်း စာရေးသူ၏ အ၀တ်ထုပ်ကို ၀ိုင်းမပေးနေသည်။ အသက်အရွယ် ကြီးသူမို့ အားတုံ့အားနာ ဖြစ်ကာ "ရတယ်" ဟု ပြောနေသည့် ကြားကပင် အ၀တ်ထုပ်ကြီးကို မကာ အိမ်ထဲလာရန် ခေါ်နေသည်။ ခက်တော့ခက်ပြီ အိမ်ထဲဝင်ရန် ၀န်လေးသော စာရေးသူအတွက် အ၀တ်ထုပ် ကလည်း ပါသွားပြီမို့ အိမ်ထဲဝင်ရန်သာ ရှိတော့သည်။ အိမ်ရှေ့တွင် လှန်းထားသော ပုဆိုးများကြားမှ နေရာလွတ်တစ်ခုကို ရှာကာ ကြိုးတန်းအောက်မှ ဖြတ်ဝင်လိုက်သည်။ လေအတိုက်မှာ ရုတ်တရက် လွင့်လာသော ပုဆိုးစများနှင့် စားရေးသူကို မထိစေရန် ကိုယ်ကိုယိမ်းကာ ရှောင်လိုက်သည်။ 

အိမ်ဝတွင်ရပ်ကာ " ရတယ်။ အ၀တ်တွေ ထားခဲ့လိုက်မယ်။ ဘယ်နေ့ လာယူရမလဲ " ဟု စာရေးသူအမေးကို အမေအို ကြားဟန်မတူ အိမ်ထဲလာရန် တွင်တွင်သာ ခေါ်နေသည်။

စာရေးသူ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြန့်ကြက်လျက် ရှိသည်။ ခါတိုင်း အပ်နေကျ ဒိုဘီဆိုင်ကို မျက်လုံးထဲ မြင်မိသည်။ ယခင်ဆိုင်ထဲတွင် မိတ်ကပ်အလှ ခြယ်ထားသော မျက်နှာနှင့် မိန်းမငယ်လေး တစ်ဦး ထိုင်နေသည်။ မနိုင်မနင်း ပစ္စည်း သယ်လာလျှင်လည်း အရေးမစိုက်။ ဧည့်သည်ကို အပြုံးနှင့် ကြိုရမှန်းမသိ။ စတိုင်လ်ကျကျ ထိုင်ကာ အမှုစစ် သကဲ့သို့ မေးသော မေးခွန်းများကို ဖြေကာ မိမိပစ္စည်းများကို စာရွက်တစ်ရွက် နှင့် လဲလှယ်ထား ခဲ့ရသည်။ ယခုဆိုင်တွင် ဆိုင် အခင်းအကျင်း ကလည်း ဒိုဘီဆိုင်ဟု မထင်ရက်စရာ သပ်သပ်ရပ်ရပ် နှင့် ပစ္စည်းများ နေရာတကျ ချထားသည်။ အိမ်ထဲ ၀င်လိုက်လျှင် အိမ်က ညစ်ပတ်နေလျှင် (သို့မဟုတ်) အ၀တ်လျှော်မည့် နေရာမှာ မသပ်မရပ် ဖြစ်နေလျှင် နှလုံးမသန့်သော စာရေးသူအတွက် " အ၀တ်ထုပ်ကို ပြန်ယူမည် " ဟု စသည့် အတွေးများနှင့် အိမ်ထဲဝင် လိုက်သည်။ အိမ်ရှေ့အ၀ တွင် အ၀တ်လျှော်သည့် နေရာနှင့် ရေကန်ကို သပ်သပ်ရပ်ရပ် နှင့် တွေ့ရသဖြင့် အနည်းငယ် စိတ်ဖြေလျှော့ သွားသည်။ အိမ်ထဲဝင်ရန် အ၀တွင် ဖိနပ်ချွတ် လိုက်သည်။ အနည်းငယ် မှောင်နေသော အိမ်ထဲတွင် မီးပူတိုက်နေသော အန်တီတစ်ဦး အခန်းအမှောင်ကြောင့် မျက်နှာကို အတော်မှန်းယူ ရသည်။ ပြုံးပြနေသော သွားများကြားမှ အရောင်လက် နေသော မျက်လုံးများကိုသာ ပေါ်ပေါ်ထင်ထင် မြင်နေရသည်။ အိမ်ထဲတွင်လည်း သန့်ရှင်းသပ်ရပ်ကာ ဖုန်တစ်မှုန် မရှိအောင် ရှင်းလင်းနေသည်။ အနံ့အသက် ကင်းသည့်အတွက် စားရေးသူစိတ်ထဲ ကျေနပ်သွားသည်။

အမေအိုက အ၀တ်ထုပ်ရှေ့ ထိုင်ကာ " ဘာတွေလဲ " ဟုမေးသည်။ လျှော်စရာ အ၀တ်များကို "ဘာတွေလဲ" ဟု မေးသဖြင့် ရုတ်တရက် အံ့သြမိစွာ ဖြေမိသည်။ " အ၀တ်တွေပါ။ လျှော်မယ့် အ၀တ်တွေ " အမေအိုက ပြုံးကာ "သြော် . . .  စောင်တွေပါလား လို့ " အမေအိုအမေးကို " မဟုတ်ပါဘူး။ အင်္ကျီနဲ့ ထဘီတွေပါ။ ဒါတွေ မလျှော်ဘူးလား " စာရေးသူအမေးကို ခေါင်းလေးခါလျက် " လျှော်ပါတယ်။ ဒါနဲ့ ကလေးမက ဘာလုပ်လို့လဲ အ၀တ်လျှော် မ၀တ်ဘူးလား " အမေအိုအမေးကို မကြိုက်ချင်သလို ရှိသော်လည်း စာရေးသူပင် မိမိကိုယ်ကို ရှက်သလိုလို ဖြစ်မိသည်။ " မဟုတ်ပါဘူး။ လျှော်စရာတွေ ပုံသွားလို့ မလျှော်နိုင်တော့ လို့ပါ ။ အလုပ်က မိုးချုပ်တော့ ဒီလောက် အများကြီး လျှော်ဖို့ အချိန်မရှိလို့ပါ " စာရေးသူ၏ အဖြေကို နားထောင်ရင်း အိတ်ထဲက အ၀တ်များကို ကိုယ်တိုင် ရေတွက်နေသည်။ ပြီးမှ " ဘယ်နေ့လိုချင်လဲ ၊ ဘယ်အချိန်ရရင် အဆင်ပြေမလဲ " ဟုမေးသည်။ ထိုမေးခွန်း အတွက် စာရေးသူ အံ့အားသင့်ရပြန်သည်။ " အဆင်ပြေတဲ့ရက် ပြောလိုက်ပါ။ လာယူပါ့မယ် " ဟု ပြောတော့ နောက်ရက် ညနေလာယူရန် ပြောသည်။ အမေအိုမှာ ၀န်ဆောင်မှု ပေးသည့် သင်တန်းတစ်ခုခုများ တက်ထားသလား ထင်ရသည်။ စာရေးသူ ကြုံဖူးသည့် ယခင် ဒိုဘီဆိုင်သည် မိမိလိုချင်သည့်ရင် ပြောခွင့်မရှိ မေးလည်းမမေး ၊ မိမိအ၀တ်ကို အင်္ကျီဘယ်နှထည် ၊ စောင်ဘယ်နှထည် ပြောရသည်။ သူတို့ပေးသော အိတ်ထဲ ထည့်ပေးရသည်။ ပြီးလျှင် လက်ခံစာရွက်ပေးကာ သူရေးပေးသော နေ့မှလာယူရသည်။ မိမိ လိုချင်သည့်ရက် ပြောလျှင်လည်း မည်သည့်အခါမျှ မရ။

" တစ်ထည် ဘယ်လောက်ပေးရမလဲ " ဟု မေးလိုက်ရာ " မီးပူတိုက်ပြီး အပြီးအစီးမှ တစ်ရာ့ငါးဆယ် ကျမယ် " စာရေးသူ စိတ်ထဲဘုရားတမိသည်။ ခါတိုင်း အင်္ကျီတစ်ထည် လေးငါးရာ ပေးရသည်။ စောင်ဆိုလျှင် အနည်းဆုံး သုံးလေးထောင် ၊ အိတ်တစ်လုံးကို နှစ်ထောင် ၊ သုံးထောင် လိုချင်သည့်ရက် မရပေ။ ယခုမူ တစ်ထည် တစ်ရာ့ငါးဆယ် သာကျမည်။ စာရေးသူက " မလျှော့တော့ ဘူးလား " ဟု အကျင့်ပါနေသော ပါးစပ်က အလိုက်မသိစွာ  ဆစ်လိုက်သေးသည်။ ပြုံးနေသော အမေအိုက ဘာမျှမပြောဘဲ စာရေးသူကို ပြုံးကာကြည့်နေသည်။ " လျှော့ပေးပါ့မယ်။ သေသေချာချာ လေးလဲ လျှော်ပေးပါ့မယ် " ဟု အမေအိုစကားကို ကြားတော့ စာရေးသူ မိမိကိုယ်ကို ပြန်ရှက်မိသည်။ ယခင်ဆိုင်တုန်းက ဆစ်ဖို့ နေနေသာသာ သူတို့မျက်နှာ ကြည့်ကာ မိမိအ၀တ်လေး သေချာလျှော်ပေး၇န် ခခယယ ပြောရသေးသည်။ သူတို့ပြောသည့် စက်ရုံမှာ လျှော်တာ ဆိုတာကို နားမလည်စွာဖြင့် လက်ခံ လိုက်ရသည်။ ယခုမှ စေတနာအပြည့်ဖြင့် သေသေချာချာ မျက်မြင်ကိုယ်တွေ့ လုပ်ပေးနေသည် ကိုပင် အဆစ် တောင်းမိသည်။ အ၀တ်များလျှော်ရန် အပ်၍ရသကဲ့သို့ စာရေးသူ၏ အတ္တကြီးသည့် စိတ်ဓာတ်များ လျှော်ရန် အပ်၍ရလျှင် တစ်ခါတည်း လျှော်ခဲ့လိုက်ချင်သည်။ တစ်ခါတစ်ရံ မစာမနာ တွေးမိသောစိတ်ဖြင့် မြေနိမ့်ရာ လှံစိုက်ချင်သော စာရေးသူစိတ်ကို သန့်စင်သွားအောင် လျှော်ပစ်လိုက် ချင်သည်။

အသိနှင့်သတိရှိစွာ ထိန်းသိမ်း ပါသော်လည်း တစ်ခါတစ်ရံ လွတ်ထွက်သွား သေးသည်။ ကြောက်စရာ ကောင်းသော လူ့အတ္တကို မျက်မြင်သိရှိ လိုက်ရသည်။ အမေအိုမှာ အ၀တ်ပင် လျှော်ပေးသည် မဟုတ်ဘဲ စာရေးသူ၏ အတ္တစိတ်ကိုပါ လျှော်ဖွပ်သန့်စင် ပေးလိုက်ခြင်း ဖြစ်သည်။ အမြင်နှင့် ဆုံးဖြတ်သည့် အရာမို့ မှားစရာ အကြောင်း မရှိပေ။ အိမ်ထဲမှ အမေအိုသည် အိမ်အပြင်ထိ ပြန်လိုက်ပို့ကာ နှုတ်ဆက်နေသဖြင့် နှုတ်ဆက်ပြီး ပြန်အလှည့် လှန်းထားသော ကြိုးတန်းပေါ်မှ လေထဲတွင် လွင့်လာသော ပုဆိုးစတစ်စကို လက်ဖြင့်ဖယ်ကာ အိမ်အပြင်သို့ ထွက်ခဲ့သည်။ အတ္တလျှော်သည့် ခ၀ါသည် အမေအိုကို ရင်တွင် ချီထားသော လက်အစုံဖြင့် နှုတ်ဆက်ရင်း စိတ်ချမ်းမြေ့စွာ ဆိုက်ကယ်လေးစီး၍ ပြန်ခဲ့ ပါတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger