www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မွေးမြူရေးဆိုင်ရာ. Show all posts
Showing posts with label မွေးမြူရေးဆိုင်ရာ. Show all posts

Thursday, April 4, 2019

ဧရာဝတီတိုင်း ဒေသကြီး၌ ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်း စမ်းသပ် လုပ်ကိုင်မည်

ဧရာဝတီတိုင်း ဒေသကြီး၌ ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်း စမ်းသပ် လုပ်ကိုင်မည်
-
ပုသိမ်၊  မွေးမြူရေး မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်ယခုလမှစ၍  ဧရာဝတီတိုင်းဒေသကြီး၌  ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ အကြံပေး ဦးစိုးထွန်း၏ ပြောကြားချက်အရ သိရသည်။ 
-
မြန်မာ့ရေထွက်ကုန်ဖြစ်သော ကဏန်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး တင်ပို့ နေသည့် ကဏန်းများသည် သဘာဝမှပေါက်ပွား ကြီးပြင်းသည့် ကဏန်းများဖြစ်၍ ဖမ်းယူချိန်ကြာလာပါကကဏန်းတင်ပို့မှုများ  လျော့နည်း လာနိုင်သောကြောင့် ယခုကဲ့သို့ ကဏန်းသားဖောက်လုပ်ငန်းများ စမ်းသပ်လုပ်ကိုင်လာခြင်းဖြစ်သည်။ 
-
''သဘာဝကပဲဖမ်းနေတော့ ကဏန်းပျော့ လုပ်ငန်းက နည်းနည်း ထိခိုက်လာတယ်။ အကောင်ကြီးတဲ့ ကဏန်းတွေကို တရုတ်နိုင်ငံကိုပို့တဲ့အပြင် ကဏန်းပျော့လည်း လုပ်တယ်။ ကဏန်းပျော့ လုပ်တဲ့သူတွေကဝယ်ရတာ ဈေးကြီးတယ်။ အပြိုင်အဆိုင်လည်းဝယ်ရတယ်။ ကျွန်တော်တို့က သဘာဝကရတဲ့ ကဏန်းကိုပဲ အားကိုးပြီး မွေးမြူရေးမလုပ်တဲ့ အတွက်သဘာဝကဏန်းရှားလာပြီ။ ကဏန်းသားဖောက် လုပ်ငန်းကနေ ရရှိတဲ့  ကဏန်းတွေကို မွေးမြူသူတွေယုံယုံကြည်ကြည်နဲ့ မွေးမြူဖို့လိုတယ်။ မွေးမြူပြီး ရလာတဲ့ သားပေါက်တွေကို နည်းနည်းဈေးပိုရတဲ့  ကဏန်းပျော့လုပ်မယ်။  ဒါကြောင့် အခုလိုစီစဉ်ရတာပါ''ဟု ဦးစိုးထွန်း ကပြောသည်။ 
-
မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ  ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊  ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ကဏန်း သားဖောက်ရန် စီမံကိန်းနယ်မြေများအဖြစ် ရွေးချယ်ထားပြီး ကဏန်းသားဖောက် စီမံကိန်း အကောင်အထည်ဖော်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၌ စတင်စမ်းသပ်မည်ဖြစ်သည်။ 
-
အဆိုပါ  ကဏန်းသားဖောက်မည့် စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၊ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း ဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

မန္တလေးတိုင်း ဒေသကြီး၌ လုပ်ကိုင်လျက်ရှိသည့် နို့စားနွား မွေးမြူရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းရန် နယူးဇီလန်နိုင်ငံနှင့် စတင်ဆွေးနွေး

မန္တလေးတိုင်း ဒေသကြီး၌ လုပ်ကိုင်လျက်ရှိသည့် နို့စားနွား မွေးမြူရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းရန် နယူးဇီလန်နိုင်ငံနှင့် စတင်ဆွေးနွေး
-
မန္တလေး  ဖေဖော်ဝါရီ   ၄ 
-
မန္တလေးတိုင်းဒေသကြီး၌ လုပ်ကိုင်လျက် ရှိသည့် နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်လာစေရန် နယူးဇီလန်နိုင်ငံမှ  နို့စားနွားမွေးမြူသည့် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ အက်(ခ်)လန်မြို့၌ စတင် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်သည့် မန္တလေးမြို့ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ထွန်းထံမှ သိရသည်။
-
''ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ နို့စားနွားမွေးမြူရေး လုပ်ငန်းတိုးတက်လာဖို့ နို့စားနွားမွေးမြူရာမှာ နာမည်ကြီးတဲ့ နယူးဇီလန်နိုင်ငံနဲ့ ပူးပေါင်းမှသာ အဆင်ပြေမှာပါ။အဲဒီနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတချို့ကလည်း ပူးပေါင်းလုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့အတွက် အခုလိုဆွေးနွေးတဲ့ အဆင့်ဖြစ်လာတာပါ'' ဟု ဦးအောင်ထွန်း ကပြောသည်။ 
-
မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များနှင့် နယူးဇီလန်နိုင်ငံမှ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ   အက်(ခ်)လန်မြို့ ၌ ကျင်းပသည်။ ကနဦးဆွေးနွေးမှုအရ မန္တလေးတိုင်း ဒေသကြီးမှ နို့စားနွား မွေးမြူရေးလုပ်ငန်းရှင်များက နယူးဇီလန်မျိုးဖြစ်သည့် နို့စားနွားမျိုးကောင်းမျိုးသန့်များနှင့် နည်းပညာများ ပံ့ပိုးပေးရန်တောင်းဆိုထားကြောင်း သိရသည်။ 
-
''လောလောဆယ်တော့  ပြည်တွင်းမှာရှိတဲ့ နို့စားနွားမွေးမြူရေး လုပ်ငန်းတွေမှာ ဘရာမင်အမျိုးအစားပဲ   မွေးမြူကြတာများတယ်။နယူးဇီလန်က နို့စားနွားမျိုးကို ပြည်တွင်းမှာ မွေးလို့ရမယ်ဆိုရင်အကောင်းဆုံးဖြစ်မှာပါ။ ပြည်တွင်း ကနို့စားနွားမွေးမြူရေးလုပ်ငန်းတွေပိုတိုးတက်လာနိုင်တယ်'' ဟုတံတားဦးမြို့နယ်မှ နို့စားနွား မွေးမြူသူ ဦးခင်ဆောင် ကပြောသည်။ မြန်မာနှင့် နယူးဇီလန် နှစ်နိုင်ငံမှ နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များ အကျိုးတူ ဆွေးနွေးပွဲတွင်  မန္တလေးတိုင်းဒေသကြီး အတွင်းမှ  မွေးမြူရေး လုပ်ငန်းရှင်  ၁၂ ဦး ပါဝင်ဆွေးနွေးကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 31, 2019

နွေစပါး လယ်ကွင်းများ၌ ဘဲမွေးမြူသူများ များပြားလာ

-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် နွေစပါး စိုက်ပျိုးရန် ထွန်ယက်ခြင်း လုပ်ငန်းများစတင်လုပ်ကိုင်နေပြီဖြစ်ရာ စပါးစိုက်ကွင်းများအတွင်း ရွှေ့ပြောင်း ဘဲမွေးမြူသူ များလာကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးရန် နတ်တော်လနှင့် နွေစပါး ရိတ်သိမ်းချိန် ကဆုန်လတို့တွင် မန္တလေး၊ ရွှေဘို၊ ပဲခူး၊ မိတ္ထီလာ၊ သာစည် အစရှိသည့်မြို့နယ်တို့မှ ရွှေ့ပြောင်း ဘဲမွေးမြူသူများ ရောက်ရှိမွေးမြူကြပြီး အချိန်ကာလအားဖြင့် တစ်လကြာခန့် နေထိုင်မွေးမြူကြကြောင်း သိရသည်။ 
-
''ကျွန်တော်က အကောင်ရေ ၃၄ဝဝ မွေးထားပါတယ်။ ဥနှုန်းက တစ်နေ့ကို ၂၄ဝဝလုံး ပျမ်းမျှဥတယ်။ စိုက်ပျိုးချိန်ကတော့ ကွင်းနဲ့ရေရဖို့အဓိကပါ။ ဘဲတွေကို အစာကျွေးတဲ့အခါ တစ်နေ့ကို ပုစွန်ဖွဲအိတ် သုံးလုံး၊  ပွိုင့် ခြောက်လုံး၊ ဆန်လတ်လေးလုံး ကျွေးတယ်။ အစာဖိုးတစ်ရက် နှစ်သိန်းကုန်တာပေါ့။ ဘဲကျောင်းဖို့ လုပ်သားလေးယောက် ငှားထားပါတယ်။ လုပ်အားခက တစ်ယောက်ကို စရိတ်ငြိမ်း ငွေကျပ် တစ်သိန်း ပေးရပါတယ်။  ရိတ်သိမ်းချိန်ဆိုရင်တော့ အစာဖိုး မကုန်ဘူးပေါ့''ဟု ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှ ဘဲမွေးမြူသူ ဦးမင်းနိုင်က ပြောသည်။ ''ထိုင်းစပ် အကောင်ပေါက်ကတစ်ကောင်ကို ငွေကျပ် ၆၅ဝ၊ ၇ဝဝ၊ ထိုင်းအစစ် အကောင်ပေါက်က တစ်ကောင်ကို ငွေကျပ် ၁၅ဝဝ ပေးရပြီး မြဝတီက တစ်ဆင့် သယ်တာပါ။ လေးလခွဲ၊ ငါးလ ဥခါနီးဆိုရင် တစ်ကောင်ကိုငွေကျပ်၄၅ဝဝ ကျတယ်။ ဥ   ဥဖို့တစ်နှစ်ခွဲအထိထားပြီးရင်  ပြန်ရောင်းပါတယ်။ တရုတ်အဝယ်လိုက်တော့ ဥနှုန်းကျသွားတဲ့ အကောင်တွေဆိုရင် တစ်ကောင်ကို ၃၅ဝဝ လောက်ပြန်ရပါတယ်''ဟု သာစည်မြို့နယ်မှ ဘဲမွေးသူ ဦးခင်မောင်ဦးက ပြောသည်။ 
-
အဆိုပါလယ်ကွင်းများရှိ လယ်သမားများက လယ်များ အတွင်း ပိုးသတ်ဆေး ပက်မည်ဆိုပါက ဘဲမွေးသူများကိုကြိုတင်ပြောကြားလေ့ရှိကြောင်း၊ ဘဲချေးမှတစ်ဆင့်လယ်မြေအတွက် မြေသြဇာရရှိကြောင်း၊ ဘဲများအား  လွှတ်ကျောင်းခြင်းအားဖြင့် သမန်းနှိုးရာ ရကြောင်း စသည့် အကျိုးကျေးဇူးများကြောင့် လယ်သမားများက ဘဲမွေးသူများလာရောက်ရန်အလိုရှိကြောင်းသိရသည်။ ဘဲဥရောင်းရန် တစ်ကတ်လျှင် အလုံး  ၃ဝ ပါရှိ၍ ၁ဝ ကတ်တွဲ တစ်တွဲအလုံး ၃ဝဝတွင် ၁၃ ပိဿာအထက် ရရှိပါက ဈေးကောင်းရရှိကြောင်းနှင့်   ဘဲမွေးမြူသူများသည် ဘဲကျောင်းကွင်း၊ ရေနှင့်သဘာဝ အစာများရရှိရန် မြန်မာနိုင်ငံ အနှံ့အပြားရှိ လယ်ကွင်းများ၊   ဆည်ကန်များတွင် လှည့်လည်ရွှေ့ပြောင်း မွေးမြူတတ်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, January 21, 2019

မြန်မာ့ကြက်မွေးမြူရေး လုပ်ငန်းများ နှစ်စဉ် ၁၅ ရာခိုင်နှုန်းကျော် တိုးတက်လာ

-
ရန်ကုန်   ဇန်နဝါရီ   ၂ဝ
-
မြန်မာ့ကြက်မွေးမြူရေး လုပ်ငန်းများသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ထံမှသိရသည်။မြန်မာနိုင်ငံ၏ Livestock Production index သည် ၁၉၆၇ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်းကျော်ရှိရာမှ ၂ဝ၁၈ ခုနှစ်တွင်   ငါးဆခန့်မြင့်မားလာပြီး နှစ်ပေါင်း ၅ဝ အတွင်း နှစ်စဉ်ပျမ်းမျှ ၅ ဒသမ ၄၂ ရာခိုင်နှုန်းခန့် အထိတိုးတက်လာသည်။
-
သို့သော် ရောဂါပိုး ကျရောက်လာပါက လျင်မြန်စွာ နှိမ်နင်းနိုင်ရန် လိုအပ်ပြီး အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါနှင့် တခြားသော ကူးစက်မြန်ရောဂါ အမျိုးမျိုးတို့သည် မြန်မာ့ကြက်မွေးမြူရေးကို  ခြိမ်းခြောက်နေသည့်အပြင် လိုအပ်သော ဓာတ်ခွဲခန်းများ၊ ပြည်ပမှတရားမဝင်တင်သွင်းသည့်   ကြက်ဥနှင့်   ကြက်သားပေါက်များ ရှိနေခြင်းကြောင့် လုပ်ငန်းများဖွံ့ဖြိုးမှုကို ဟန့်တားလျက်ရှိသည်။
-
မွေးမြူရေးအတွက် မြေယာတခြားနည်းဖြင့် အသုံးချခွင့် လွယ်ကူရှင်းလင်းစွာ ရရှိရန် မွေးမြူထားသည့် မြေနေရာကို နှစ်ကာလတစ်ခုဖြင့် အာမခံချက်ပေးရန်၊ ထုတ်လုပ်မှုစရိတ် အနည်းဆုံးဖြင့် အကောင်းဆုံး ထုတ်လုပ်နိုင်ရန်နှင့် အလုံပိတ်စနစ်များဖြင့် စက်ရုံပုံစံ မွေးမြူနိုင်ရန် စသည့်ပံ့ပိုးမှုများ လိုအပ်သည်။
-
၂ဝ၁၆ ခုနှစ်က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် မွေးမြူရေးကြက် အကောင်ရေ များစွာ သေဆုံးခဲ့သည့် အပြင် ရောဂါထိန်းချုပ်ရေးနှင့် သုတ်သင် ရှင်းလင်းရေးတို့ အတွက်အမေရိကန်ဒေါ်လာ ၁ ဒသမ၂ သန်းခန့် ဆုံးရှုံးပြီး ရန်ကုန်မြို့ ကြက်ဘဲဈေးသို့ ကြက်အကောင်ရေ ဝင်ရောက်မှု ၄ဝ ရာခိုင်နှုန်းခန့် ကျဆင်းကာ ကြက်သား ဈေးနှုန်းများမှာ  ၄ဝ ရာခိုင်နှုန်းမှ  ၈ဝ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 2, 2019

ငါးမျိုးများ စိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်

ငါးမျိုးများ စိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်
-
ဇလွန်    ဇန်နဝါရီ    ၁ 
-
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်းရှိ ကြေးတိုင်အင်း ၁၁ အင်းအတွင်း ငါးမျိုး စိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ၌ကျင်းပသည်။ 
-
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန် အင်းသားကြီးများထံသို့ ၄ လက်မအရွယ် ငါးမြစ်ချင်းသားပေါက်  ကောင်ရေ  ၂၈ဝဝဝ  ကို ပေးအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 27, 2018

ယခုနှစ်အတွင်း တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့

ယခုနှစ်အတွင်း တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့
-
ရန်ကုန် ဒီဇင်ဘာ ၂၆ 
-
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်းစခန်းမှ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော နည်းပညာနှင့် ငါးမျိုးများရရှိရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ငါးသား ပေါက်ကောင်ရေ သိန်း ၂၉ဝ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးထံမှ သိရသည်။ 
-
လက်ရှိတွင် အဆိုပါ ငါးလုပ်ငန်းစခန်း၌ ငါးသားပေါက် ထုတ်လုပ်မှု လျာထားချက် ပြည့်မီရေး နှင့် ထုတ်လုပ် ဆောင်ရွက်နိုင်မှုတို့နှင့် ပတ်သက်ပြီး စမ်းသပ် သားဖောက်မည့် တိုင်းရင်းငါး များ၊ လက်ရှိသားဖောက်လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ရေချိုငါးများ၊ ဒေသတွင်း ငါး၊ ပုစွန်ရောဂါ ကင်းရှင်းရေးအတွက် အထောက်အကူပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
တွံတေး ငါးလုပ်ငန်းစခန်းမှ တွံတေးမြို့နယ်အတွင်း ငါးမွေးမြူသူ ၁၃၆၉ ဦး၏ ငါးမွေးမြူရေး ဧရိယာ ဧက ၅၃၈၃ဝ ခန့်၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် အတွင်းရှိ ငါးမွေးမြူသူ ၂ဝဝ၅ ဦး၏ ငါးမွေးမြူရေး ဧရိယာ ၃၄၁၉၈ ဧကတို့အတွက် လိုအပ်သော နည်းပညာနှင့် ငါးမျိုး များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ 
-
လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ သားငါး ထုတ်ကုန်ကဏ္ဍ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငါးလုပ်ငန်းစခန်း ၂၇ ခုမှ ငါးသားပေါက်ကောင်ရေ ၁၂၅၉၁ သိန်း တိုးတက် ထုတ်လုပ်နိုင်ခဲ့သည်။ ငါးမွေးမြူသူများ အနေဖြင့် ဈေးကွက်ဝင် ငါးမျိုးများဖြစ်သည့် ရွှေနီ၊ ရေချိုငါးမုတ်၊ ငါးခုံးမကြီး၊ တောင်ပေါ် ငါးသလောက်၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ ရွှေဝါငါးကြင်း၊ ရောင်စုံငါးကြင်း၊ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ စသည့်ငါးမျိုးတို့ တိုးချဲ့မွေးမြူလာခြင်းကြောင့် ငါးမျိုးများ တိုးတက်ရရှိရန် လိုအပ်လာကြောင်း သိရသည်။ 
-
တွံတေး ငါးလုပ်ငန်းစခန်းမှ ငါးအမျိုးအစားနှင့် အရွယ်အစားအလိုက် သင့်တင့်သော ဈေးနှုန်း များဖြင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ရောင်းချပေးနေပြီး စခန်း၌ တိုက်ရိုက် လာရောက် ဝယ်ယူနိုင်သကဲ့သို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနများနှင့်လည်း ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။ 
-
သုသု(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, June 18, 2018

အရည်အသွေးမီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ် နိုင်ရေးဆောင်ရွက်



ရန်ကုန် ၁၈-၆-၂ဝ၁၈

ဘေးကင်းလုံခြုံပြီး အရည်အသွေး ပြည့်မီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်မှသာ ပြည်ပမှ တင်သွင်းမှုများကို အစားထိုးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်ထံမှ သိရသည်။

ထို့ပြင် ပြည်တွင်း၌ အစားအစာ ဘေးကင်း လုံခြုံမှုအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဝိုင်းဝန်းလုပ်ဆောင် လျက်ရှိရာ ထုတ်လုပ်သူများ အနေဖြင့် မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရန် လိုအပ်သည်။

''ထုတ်လုပ်သူတွေက ကိုယ်ထုတ်လုပ်တဲ့ပစ္စည်းက ဘေးအန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အမြဲတမ်းလုပ်နိုင်မှသာ ပြည်ပကတင်သွင်းနေတဲ့ သွင်းကုန်တွေကို အစားထိုးနိုင်မှာပါ'' ဟု ဒေါက်တာခင်လှိုင်က ပြောသည်။

လတ်တလောတွင် နို့နှင့်နို့ထွက် ပစ္စည်းများကို နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံတို့မှ အဓိကတင်သွင်းပြီး နိုင်ငံတကာကလည်း နို့မှုန့်၊ နို့ဆီနှင့် နို့စိမ်းဘူးများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

''ပြည်တွင်းထွက်ရှိမှုက စားသုံးမှုအတွက် မလုံလောက်ဘူး။ ဒါကြောင့် နှစ်စဉ် ပြည်ပ ကနေသွင်းနေရတာပါ''ဟု ဒေါက်တာခင်လှိုင်က ပြောသည်။

လတ်တလောတွင် ပြည်တွင်း၌ နို့စားနွားကောင်ရေ သုံးသိန်းခန့်ရှိပြီး တစ်ဝက်ခန့်သာ နို့ထွက်ရှိသည့်အတွက် ပြည်တွင်းစား သုံးမှုမလုံလောက်သဖြင့် နို့နှင့်နို့ထွက် ပစ္စည်းများကို နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၁၁ဝ ဝန်းကျင်ခန့် ပြည်ပမှတင်သွင်း နေရကြောင်း သိရသည်။

#Themyawadydaily

Monday, May 28, 2018

ပူရှိန်ပြင်းမှုကြောင့် နွားစာရှားပါးလာကာ နို့ထွက်နှုန်းကျဆင်း နို့စားနွားမွေးမြူသူများ အခက်အခဲဖြစ်နေ



မင်းဘူး ၂၈-၅-၂ဝ၁၈

မင်းဘူးခရိုင် မင်းဘူးမြို့နယ် အတွင်း နို့စားနွားမွေးမြူသူများ ယခုလပိုင်းတွင် နေ့အပူရှိန် မြင့်မားလာမှုကြောင့် နွားစာရှားပါး လာကာနွားစာ ဈေးမြင့်တက်ခဲ့ပြီး နွားနို့ အထွက်နှုန်းများ ကျဆင်းနေသဖြင့် နွားမွေးမြူသူများ အဆင်မပြေဖြစ်ကာ အခက်အခဲ ဖြစ်နေရကြောင်း နို့စားနွား မွေးမြူသူများထံမှ သိရသည်။

နွားမွေးမြူရေး အပိုင်းတွင် မြန်မာနွားအုပ် မွေးမြူသူနှင့် နို့စားနွားမွေးမြူသူဟု နှစ်ပိုင်းရှိပြီး နို့စားနွား မွေးမြူသူများမှာ နွားစာရှားပါးမှုကြောင့် အစာဈေးနှုန်း မြင့်တက်ခြင်းနှင့် နို့အထွက်နည်းခြင်း တို့ကြောင့်ပို၍ အခက်အခဲကြုံတွေ့နေရကြောင်း နို့စားနွားမွေးမြူ သူများထံမှ သိရသည်။

"နို့စားနွားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်လာတာ ရှစ်နှစ်ကျော်ပါပြီ။ နွားမတစ်ကောင်ရဲ့ အရင်ကတစ်နေ့တာ နို့ထွက်နှုန်း ရှစ်ပိသာလောက် ထွက်ရှိပြီး အခုအပူရှိန် ပူပြင်းလွန်းတာကြောင့် နို့ထွက်နှုန်း တွေကျဆင်းခဲ့တယ်။ နွားမတစ်ကောင် တစ်နေ့တာ နို့ထွက်နှုန်း ခြောက်ပိဿာလောက်ပဲ ထွက်ပါတယ်"ဟု မင်းဘူးမြို့တမာ တန်းရပ်နေ နို့စားနွားမွေးမြူသူ ဦးဇော်ဦးက ပြောပြသည်။

နို့စားနွား တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် ၁၅ သိန်းခန့်ရှိပြီး နွားစာအနေဖြင့် တစ်နေ့တာ နွားမတစ်ကောင် ကုန်ကျစရိတ် ငွေကျပ် ၈ဝဝဝ ကုန်ကျကြောင်း၊ ကုလားပဲ၊ နှမ်းဖတ်၊ ဆန်ကွဲ၊ဖွဲတို့နှင့် အစာကြမ်းရော ကျွေးရကြောင်း၊ အစာဈေးနှုန်းများ မြင့်တက်နေသဖြင့် နို့စားနွား မွေးမြူသူများအတွက် နွားနို့ တစ်ပိဿာ ငွေကျပ် ၂ဝဝဝ ဈေးသာရှိသောကြောင့် တွက်ခြေမကိုက်ကြောင်း ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, February 8, 2018

ဆောင်းရာသီ၌ ငါးအသေအပျောက် နည်းစေရန် ငါးစာကျွေးရာတွင် ဂရုပြုရန်လိုအပ်



ရန်ကုန် ၈-၂-၂ဝ၁၈

ဆောင်းရာသီတွင် ငါးအသေအပျောက် ဖြစ်ပွားတတ်သည့်အတွက် အစာကျွေးရာတွင် သတိထားပြီး ငါးမွေးမြူရေး ကန်များအနေဖြင့် အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိမှသာ ငါးများကို အစာကျွေးသင့်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းအတွင်း ရေးမှူးဒေါက်တာ မြင့်ဆွေထံမှ သိရသည်။

ဆောင်းရာသီတွင် ငါးများသည် အစာချေဖျက်မှု အားနည်းပြီး ကန်ရေပြင်အေးနေပါက အစာမစားချင်သော ငါးများ၏ အလေ့အထကို နားမလည်ဘဲ ပုံမှန်အစာကျွေး နေကျအချိန်အတိုင်း ကျွေးမွေးပါက ငါးများအစာမစား သောကြောင့် ယင်းအစာများသည် ကန်ရေပြင်ကိုလည်း ညစ်ညမ်းစေသည့်အပြင် ငါးများအမှန်တကယ် အစာစားချင်သည့် အချိန်တွင် အစာမစားကြရသည့်အတွက် ငါးအသေအပျောက်များခြင်း လည်းဖြစ်သည်။

ဆောင်းတွင်းကာလတွင် အစာကျွေးသည့် အခါ အပူချိန်တိုင်းတာသည့် သာမိုမီတာ ဆောင်ထားသင့်ပြီး အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ရှိမှသာ ကျွေးသင့်သည်။ အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ရောက်မှသာ အစာကျွေး
ပါက အစာအလေအလွင့် နည်းမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာသီဥတုအေးသည့် အချိန်သည် ငါးများခုခံအား ကျဆင်းနေချိန် ဖြစ်ပြီးကျန်းမာရေး ကျဆင်းကာ အစာစားနှုန်း ကျဆင်းသည့်အချိန်တွင် ငါးကန်အတွင်းရှိ Parasite ဟုခေါ်သည့် ဗက်တီးရီးယား ရောဂါပိုးပွားနှုန်းများ သည့်အတွက်လည်း ငါးသေဆုံးမှုများ ရှိကြောင်း၊ ဆောင်းရာသီတွင် ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါးများ သေဆုံးမှုနှုန်းမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီတွင် ငါးအသေအပျောက် နှုန်းများသည့်အတွက် အစာကျွေးရာတွင် ထိန်းထိန်းသိမ်းသိမ်း ကျွေးရန်လိုအပ်ပြီး အစာအကြွင်းအကျန်များ မများစေရန် လိုအပ်သည်။ ဆောင်းတွင်းကာလတွင် အောက်ဆီဂျင်နည်းသည့် အတွက် ကန်မကျပ်ရန်လည်း သတိပြုရန်လိုကြောင်းနှင့် ငါးတွေများပြီးကန် ကျပ်ပါကလည်း ရောဂါပိုးများ၏ တိုက်ခိုက်မှုကြောင့် ငါးအသေအပျောက်နှုန်း များသည်ကို တွေ့ရကြောင်း သိရသည်။

#Themyawadydaily

Monday, January 22, 2018

အသုံးချ ငါး ပုစွန်မွေးမြူရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပ



ရန်ကုန် ၂၂-၁-၂ဝ၁၈

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သုံးလကြာ ဖွင့်လှစ်ခဲ့သော အသုံးချငါး၊ပုစွန်မွေးမြူရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံမှ ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းများကို ကောင်းစွာလုပ်ဆောင် နိုင်သော ဝန်ထမ်းများထွက်ပေါ် လာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဌေးမြင့်၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ဦးဌေးမြင့်တို့က အမှာစကား ပြောကြားပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို တစ်ဦးချင်းစီအလိုက် ဆုများချီးမြှင့်ခဲ့ သည့်အပြင် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအလိုက် သင်တန်းဆင်း အောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့သည်။

''ဒီသင်တန်းကဆင်းတဲ့ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ တချို့က သင်တန်းဆင်းပြီး သိပ်မကြာခင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ငါး၊ ပုစွန်ကန်တွေမှာ ဝင်ရောက်လုပ်ကိုင်မှာပါ။ တချို့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က နောက်ထပ် လုပ်မယ့်လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်လုပ်ကိုင်မှာပါ'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၇၁ ဦးအနက် ဘွဲ့ရပြီးသူများကို နည်းပြ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို ကြီးကြပ်နှင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများကို ကျွမ်းကျင်ဟူ၍ အမျိုးအစားများ ခွဲခြားကာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Thursday, October 12, 2017

တိုင်းရွှေဂုံအရောင်းဆိုင်များတွင် သန့်ရှင်းလတ်ဆတ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များနှင့် စားသောက်ကုန်၊လူသုံးကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး


တိုင်းရွှေဂုံ အရောင်းဆိုင်များတွင် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များနှင့် စားသောက်ကုန်၊လူသုံးကုန်များ ရောင်းချပေးနေမှုကို တွေ့ရစဉ်။

စိုက်ပျိုးမွေးမြူရေး စခန်းများတွင် DYL အသားတိုးဝက်များ မွေးမြူထားမှုကို တွေ့ရစဉ်။

နေပြည်တော် ၁၂-၁၀-၂၀၁၇

တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စီးပွားရေး အမြတ်အစွန်းအရ မဟုတ်ဘဲ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေးကို တိုက်ရိုက်အထောက်အကူ ဖြစ်စေရန်နှင့် သက်သာချောင်ချိရေး အတွက်
ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။ တပ်ရင်း/တပ်ဖွဲ့များ၊ တပ်ဌာနချုပ်များအနေဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို သက်ဆိုင်ရာနယ်မြေ ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများကိုပါ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး နိုင်သည်အထိ တပ်ပိုင်စီးပွားရေးနှင့် မွေးမြူရေးလုပ်ငန်းများကို နည်းစနစ်တကျဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း စော်ဘွားကြီးကုန်း၊ တညင်းကုန်း၊ မှော်ဘီနှင့် ထောက်ကြံ့တို့ရှိ စိုက်ပျိုးမွေးမြူရေး စခန်းများတွင် Novogen Brown ဥစားကြက်ကောင်ရေ ၄ဝဝဝဝ၊ အသားစားကြက်ကောင်ရေ ၅ဝဝဝ၊DYL အသားတိုးဝက် ၁၇၁ ကောင်၊ နို့စားနွား ၄၂ ကောင်နှင့်ငါးကောင်ရေ ၁၈ဝဝဝဝ ကျော် မွေးမြူထားရှိကြောင်း သိရှိရသည်။ စိုက်ပျိုးရေးအနေဖြင့်လည်း ရာသီသီးနှံ စိုက်ခင်းများအပြင် Green House များဖြင့် စိုက်ပျိုးခြင်း၊ မြေလွှာမဲ့ဟင်းသီး ဟင်းရွက်စိုက်ပျိုးမှု Hydroponic နည်းစနစ်ဖြင့်စိုက်ပျိုးခြင်း၊ ငှက်ပျောနှင့် ဒန့်သလွန်ပင်များ တစ်အုပ်တစ်မစိုက်ပျိုး ထားရှိပြီး ထွက်ရှိလာသည့် ကြက်ဥ၊အသားငါး၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များကိုတပ်မတော် ရိက္ခာပေးသွင်းခြင်း၊ စစ်သည် မိသားစုများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် ဝန်ထမ်းများကို ရောင်းချပေးခြင်းအပြင် စော်ဘွားကြီးကုန်းရှိ တိုင်းရွှေဂုံအရောင်း ဆိုင်အမှတ်(၁)၊ ဘောက်ထော်ရှိ တိုင်းရွှေဂုံ အရောင်းဆိုင် အမှတ် (၂)၊ ရှစ်မိုင်ကုန်းမြင့်သာရှိ တိုင်းရွှေဂုံအရောင်းဆိုင် အမှတ် (၃) တို့တွင်ပါ ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး လျက်ရှိသည်။ယင်းတိုင်းရွှေဂုံ အရောင်းဆိုင်များကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ယခုအောက်တိုဘာလ အထိကြက်ဥလုံးရေ ၈၄ဝဝဝဝကျော်၊ ကြက်သားပိဿာ ၁၇ဝဝကျော်၊ နွားနို့ပိဿာ ၅ဝဝဝ ကျော်နှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပ
ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့သဖြင့် ဝယ်ယူစားသုံး သူပြည်သူများအတွက် တန်ဖိုးငွေကျပ် ၂၅၇ သိန်းခန့် သက်သာမှုရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုင်းရွှေဂုံ အရောင်းဆိုင်များတွင် တပ်မတော်စက်ရုံများ မှထုတ်လုပ်သည့် ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည်ထုပ်များ၊ စည်သွတ်ဘူးများ၊ အချိုရည်နှင့် အဖျော်ယမကာစသည့် စားသောက်ကုန်ပစ္စည်းများ၊ ပလတ်စတစ် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများ၊ မီးဖိုချောင်သုံး ဒန်သတ္တုပစ္စည်း၊ ဘောလုံးစသည့်လူသုံးကုန် ပစ္စည်းများနှင့် တပ်မတော်အထည်ချုပ် စက်ရုံများမှ အဝတ်အထည်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, September 14, 2017

တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ကျွဲ၊နွား၊သိုး၊ဆိတ်မွေးမြူ၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် စီစဉ်နေ



နေပြည်တော် ၁၄-၉-၂၀၁၇

တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မြန်မာနိုင်ငံတွင်မွေးမြူ၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်(ရန်ကုန်)မှ သိရသည်။

ထိုသို့တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ကျွဲ၊နွား၊သိုး၊ ဆိတ်စသည်တို့၏ အရည်အသွေးကို တရုတ်နိုင်ငံဗဟို အစိုးရအဖွဲ့က အသိအမှတ်ပြုထားသည့် တရုတ်ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးအဖွဲ့(AQSIQ) ကလေ့လာဆန်းစစ် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"တရုတ်နိုင်ငံက လာရောက်ရင်းနှီး တဲ့ကုမ္ပဏီကတော့ ပိုင်ခမ်ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက နိုင်ငံပေါင်း၂ဝမှာ သူတို့ရင်း နှီးမြှုပ်နှံမှု ပြုလုပ်ထားပါတယ်။ ဒါပြင် သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားတဲ့ အနေအထားမှာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့က သူတို့နိုင်ငံရဲ့ကြီးမားတဲ့ ဈေးကွက်အတွင်းမှာ ဝင်ရောက်နိုင်ဖို့ တစ်ဖက်တစ်လမ်းက နေပြီးတော့ ပံ့ပိုးနိုင်အောင်လို့ လာရောက်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးစိန်ဝင်းက ပြောပြသည်။

မြန်မာနိုင်ငံရှိ ကျွဲ၊ နွား၊ သိုး၊ဆိတ်စသည့် မွေးမြူရေးတိရစ္ဆာန်များကို ပြည်ပတင်ပို့ရာ၌ အထူးကုန်စည်ခွန်ဥပဒေနှင့် ငြိစွန်းနေ ခြင်းကြောင့် ကျွဲ၊နွား၊ ဆိတ်နှင့်သိုးတို့ကို အထူးကုန်စည်ကုန်အဖြစ်မှ ပယ်ဖျက်ပေးသည့် အမိန့်ကြေညာချက်ကို သက်ဆိုင်ရာဌာနက မကြာမီထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှသိရသည်။မြန်မာနိုင်ငံ၌ ၁၉၄၇ခုနှစ်က အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်ကျွဲ၊ နွား၊ သိုး၊ဆိတ်စသည့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ တရားမဝင်တင်ပို့ရောင်းချ ခြင်းတို့ပြုလုပ်လျှင် ထောင်ဒဏ်ခြောက်လမှ သုံးနှစ်ထိနှင့် ငွေကျပ်ငါးသိန်းထက် မပိုသောဒဏ်ငွေ ချမှတ်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

Friday, August 11, 2017

ပုစွန်မွေးမြူရေး နည်းစနစ်များ ပြောင်းလဲရန် လုပ်ငန်းရှင်များအား အသိပညာပေး



ရန်ကုန် ၁၁-၈-၂၀၁၇

ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် ရာသီဥတု မတူညီမှုများကြောင့် အထွက်နှုန်းများ ကျဆင်းနေသည့်အတွက် ရာသီအလိုက် မွေးမြူနည်းစနစ်များ ပြောင်းလဲရန် လုပ်ငန်းရှင်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုးမြင့်ထံမှ သိရသည်။

ပြည်တွင်း၌ ၂ဝ၁၅ ခုနှစ်မှစ၍ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားသည့် အတွက် မွေးမြူရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးနေရကာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကဲ့သို့ ရေနက်ကွင်းများ၌ မွေးမြူရေး လုပ်ငန်း မလုပ်ကိုင်နိုင်သည့် အနေအထားအထိ ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ရောဂါဝင်ရောက်မှုနှင့် အထွက်နှုန်းကျဆင်းမှု စသည့်အခက်အခဲများ ရှိနေပြီး ရာသီဥတုဒဏ် ခံနိုင်သည့် မွေးမြူရေးနည်း စနစ်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

ရေကြီးမှုအပြင် အပူလွန်ကဲလာမှု၊ လာနီညာ၊ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များမှ လွန်မြောက်နိုင်မည့် မွေးမြူရေး နည်းစနစ်များကို တိုးတက်သည့် နိုင်ငံများ၌ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၌လည်း ဆောင်ရွက်နိုင်ရေး အစိုးရ၊ လုပ်ငန်းရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းအဖြေရှာရန် လိုအပ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။

#Themyawadydaily

Monday, July 24, 2017

ဧရာဝတီတိုင်းဒေသကြီး၌ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမည်



ပုသိမ် ၂၄-၇-၂၀၁၇

ပြည်တွင်း၌ နို့စားနွားမွေးမြူရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေသော ဧရာဝတီတိုင်း ဒေသကြီးရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် အနာဂတ်တွင် ယင်းလုပ်ငန်းကို ပိုမိုလုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းမှနိုင်ငံတော်အတွက် ဝင်ငွေများစွာ ရှာဖွေပေးနိုင်ရန် ရည်ရွယ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ နို့စားနွားမွေးမြူ ရေးလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်း တည်ထောင်ဖွဲ့စည်းရန် အကြိုဆွေးနွေးပွဲကို မကြာမီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေး ခန်းမဆောင် (၁) ၌ကျင်းပခဲ့ကာ ယင်းပွဲတွင် အဆိုပါအသင်း ဖွဲ့စည်းရန် သဘောတူညီချက်များ စွာရရှိခဲ့ပြီးယခုနှစ် နှစ်ကုန်ပိုင်းတွင် အမြန်ဆုံးဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖွဲ့စည်းရာတွင် လုပ်ငန်းစဉ်များစွာကို လုပ်ဆောင် ရမည်ဖြစ်၍ အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

အသင်းဖွဲ့စည်းပြီးပါက ယင်းအသင်းသည် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၏ အသင်းဝင်ဖြစ်ပြီး မွေးမြူရေးဆိုင်ရာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေး ပွဲများကို တက်ရောက်နိုင်မည် ဖြစ်သည်။

ယင်းအသင်းဖွဲ့စည်းပြီးပါက ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် အနည်းဆုံး ၃ဝ ဦးမှ အများဆုံး ၅ဝ ဦးအထိ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, July 3, 2017

မင်းစုံတောင်ဘေးမဲ့ တောတွင်ကြယ်လိပ်များ သဘာဝအတိုင်း မွေးမြူမှုအောင်မြင်



နွားထိုးကြီး ၃-၇-၂၀၁၇

နွားထိုးကြီးမြို့နယ်ရှိ ကြယ်လိပ်များကို သဘာဝအတိုင်း မင်းစုံတောင်ဘေးမဲ့တောတွင် လေးကြိမ်မြောက်ထိ ကြယ်လိပ် ၁ဝဝဝကျော် လွှတ်၍ မွေးမြူခဲ့ရာ ယခုနှစ်မေလနှင့် ဇွန်လတို့တွင် သားပေါက်နေပြီး ကြယ်လိပ်များ တိုးပွားနေကြောင်း မင်းစုံတောင်ဘေးမဲ့ တောအုပ်ချုပ်ရေးမှူးက ပြောပြသည်။

ကြယ်လိပ်မှာ မျိုးသုဉ်းတော့မည့်ကမ္ဘာ့ ရှားပါးတိရစ္ဆာန် စာရင်းဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မင်းစုံတောင်ဘေးမဲ့တောနှင့် ရွှေစက်တော်၌သာ သဘာဝအတိုင်း ပေါက်ပွားလျက်ရှိနေသည်။

နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောတွင် ကြယ်လိပ်များကို ဆက်သွယ်ရေး စက်များတပ်ဆင်ကာ တောထဲသို့လွှတ်၍ သဘာဝအတိုင်းမွေးမြူ သုတေသနပြုခဲ့ပြီး ဒေသခံများကို ပညာပေးစည်းရုံးမှုကြောင့် ယခုကဲ့သို့ ကြယ်လိပ်များ တိုးပွားလာခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့သားငှက်တိရစ္ဆာန် မွေးမြူရေးအဖွဲ့ WCF ၏ အကူအညီနှင့် မင်းစုံတောင်တွင် ခေတ်မီခြံခတ်မွေးမြူမှုမှာလည်း ကြယ်လိပ်များ တိုးပွားနေပြီး ယခုအခါ ကြယ်လိပ်အကောင်ရေ ၇၅ဝမွေးမြူ ထားကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

Monday, June 12, 2017

သီးပင်စားပင်စိုက်ပျိုးရေးနှင့် ရေသတ္တဝါ တွဲဖက်မွေးမြူသည့် စနစ်မြန်မာနိုင်ငံတစ်ဝန်းလုံး ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးမည်



ရန်ကုန် ၁၂-၆-၂၀၁၇

သီးပင်စားပင် စိုက်ပျိုးရေးနှင့် ရေသတ္တဝါတွဲဖက် မွေးမြူသည့် နည်းစနစ်သစ် နည်းပညာကို မြန်မာနိုင်ငံ တစ်ဝန်းလုံး အတိုင်းအတာထိ ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနသတင်းများအရ သိရသည်။

လက်ရှိတွင် အဆိုပါစနစ်ကို အီတလီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် စတင်ဆောင်ရွက် နေပြီဖြစ်သည်။ အဆိုပါစနစ်သည် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းနှင့် သီးပင်စားပင် စိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်လုပ် ကိုင်ဆောင်ရွက် နိုင်သည့်နည်းပညာဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အကောင်အထည် ဖော်ဆောင် ရွက်သွားမည့် နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ မြေဧရိယာ အနည်းငယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ အသုံးပြုလုပ်ကိုင်ရမည့် လုပ်ငန်းသုံး ကိရိယာများမှာလည်း ပြည်တွင်းတွင်ရှိနေပြီး ဈေးနှုန်းသက်သာမှု ရှိနေသဖြင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လိုသူများ အတွက်လည်း အဆင်ပြေစေမည်ဖြစ်သည်။ သီးပင်စားပင်များမှ ဝင်ငွေနှင့် ငါးပုစွန်များမှ ဝင်ငွေပါရရှိမည်ဖြစ်၍ နှစ်ဖက်နှစ်လမ်းက ဝင်ငွေရရှိမည် ဖြစ်သည်။

အဆိုပါနည်းပညာနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ရုံးများနှင့် ပြင်ပမှစိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအတွက် အဆိုပါနည်းပညာ ဆိုင်ရာများကို ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကျေးရွာများ အရောက်ပညာပေး မိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 7, 2017

မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်များ မိုးကာလရေကြီးမှု ဒဏ်ကိုကာကွယ်ရန် ကန်ပေါင်များ ထပ်မံမြှင့်တင်နေ



မော်လမြိုင်ကျွန်း ၇-၆-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များသည် ယခုနှစ် မိုးကာလရေကြီးမှုဒဏ်ကို ကာကွယ်ရန် ကန်ပေါင်များကို ထပ်မံမြှင့်တင် တည်ဆောက်နေကြောင်း ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်း ရှင်များထံမှ သိရသည်။

''ကန်တွေကို အရင်နှစ်စံချိန်ထက် ရေကျော်တက်တဲ့ဒဏ်လဲ ခံနိုင်အောင် ကန်ပေါင်တွေထပ်မြှင့် နေရတယ်။ ရေကတော့ မနှစ်ကထက် ဒီနှစ်ပိုကြီးမယ်ထင်လို့ ထပ်မြှင့်နေတာပါ။ ဒီကာလမှာ ငါးကန်တွေကြံ့ခိုင်ပြီး ကန်ပေါင်အမြင့် လုံခြုံမှုရှိဖို့လိုပါတယ်။ ရေကြီးတဲ့ကာလကလဲ တစ်နှစ်နဲ့တစ်နှစ်မတူဘူး။ ဒါကြောင့် ငါးကန်တွေကို မိုးကာလဆိုပုံမှန်ထက် လုံခြုံကြံ့ခိုင်မှုရှိ၊ မရှိ ဂရုတစိုက် စစ်ဆေးပြီး မွေးမြူနေရပါတယ်'' ဟုငါးမွေးမြူရေး လုပ်ငန်းရှင် ဦးမြင့်ဆွေက ပြောပြသည်။

ငါးမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် ဇွန်လမှစတင်၍ ယခင်ခုနစ်ပေ၊ ရှစ်ပေရှိ အနိမ့်ပိုင်း ကန်ပေါင်များကို လက်ရှိ ၁၃ပေထိ ထပ်မြှင့်နေပြီး အမြင့်ကိုးပေခွဲ၊ ၁ဝပေရှိ အမြင့်ပိုင်း ကန်ပေါင်များကို ယခု ၁ဝ ပေခွဲမှ ၁၂ ပေထိထပ်မံမြှင့်တင်နေရကြောင်း သိရသည်။

မော်လမြိုင်ကျွန်း မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးရေ ၂ဝဝခန့် ရှိပြီး ၎င်းတို့အနေဖြင့် ဇွန်လပထမပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ ရေကြီးကာလ ဖြစ်သောကြောင့် ဆောင်းဥတုနှင့်နွေဥတု ကာလများထက်ငါးကန်များ၏ သန့်ရှင်းမှု၊ ကန်ပေါင်များကြံ့ခိုင်မှု၊ မိုးရေ၊ မြစ်ရေများ ဝင်ရောက်မှုကို ချိန်ဆ၍မွေးမြူ နေကြရကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ငါးမွေးမြူသူများသည် ငါးကန်များကို တစ်ဧကမှ သုံးဧကအကျော် ကန်ပေါ်၍ မွေးမြူကြပြီး တီလားဗီးယား၊ ငါးခုံးမ၊ ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ဂျပန်ငါး၊ ငါးခူ စသည့် ငါးအမျိုးအစားများကို မွေးမြူကြကြောင်းသိရသည်။ ၂ဝ၁၆ခုနှစ် မိုးဥတု ရေကြီးကာလက ငါးမွေးမြူသူများ အနေဖြင့် အထူးဂရုစိုက်မွေးမြူခဲ့ ကြသောကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Monday, May 29, 2017

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် သားပေါက်ဝယ်ယူမွေးမြူလိုသူများ အနေဖြင့်ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်နိုင်



ရန်ကုန် ၂၉-၅-၂၀၁၇

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် ငါရံ့သားပေါက်ဝယ်ယူ မွေးမြူလိုသူများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ရေထွက် ပို့ကုန်များကို ပြည်ပသို့တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လက်ရှိတွင် မြန်မာ့ရေပြင် ဒေသများတွင် ရေသယံဇာတများ လျော့နည်းလာနေသဖြင့် ငါးမဖမ်းရရာသီများ သတ်မှတ် ဆောင်ရွက်နေရသည်။ ထို့ကြောင့်မြန်မာ့ရေထွက် ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက် သွားရမည်ဖြစ်သည်။ မွေးမြူးရေးကဏ္ဍအနေဖြင့် လည်းငါးသားပေါက် ရရှိရေး အခက်အခဲ၊ အစာအခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရသည်။ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ငါးရံ့ငါးသားပေါက်များကို သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့သည်။

အဆိုပါ စီမံဆောင်ရွက်မှုများအရ ယခုနှစ်ဖေဖော်ဝါရီလ မှစတင်ကာ ငါးရံ့သားပေါက်များကို စတင်မွေးမြူလုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုများမှာ ယခုအောင်မြင်မှုရရှိခဲ့ပြီဖြစ်သဖြင့် ငါးရံ့သားပေါက်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ပြီဖြစ်သည်။ ထို့ကြောင့်စီးပွားဖြစ် အသားတိုးမွေးမြူ နည်းပညာများကို လေ့လာလိုသူများနှင့် ငါးရံ့သားပေါက် ဝယ်ယူမွေးမြူလို သူများအနေဖြင့် ဖုန်းဝ၉-၂ဝ၁၁၈၉၃နှင့် ဝ၉-၇၇၂ဝ၁၁၈၉၂သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

Friday, April 21, 2017

ကျောက်ဆည်မြို့နယ်တွင် သိန်း ၆ဝဝဝခန့် ကုန်ကျသည့် အလုံပိတ်၊ အအေးပိတ်စက်ရုံစနစ်ဖြင့် ဥစားကြက်များ စတင်မွေးမြူ



မန္တလေး ၂၁-၄-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် မြို့နယ်တွင် သိန်း ၆ဝဝဝ ခန့် ကုန်ကျသည့် အလုံပိတ်၊ အအေးပိတ် စက်ရုံစနစ်ဖြင့် ဥစားကြက်များကို စတင်မွေးမြူ နေပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

အလုံပိတ်၊ အအေးပိတ်စက်ရုံ စနစ် ဥစားကြက် မွေးမြူရေး အတွက်လိုအပ်သော စက်ကိရိယာနှင့် ပစ္စည်းများကို ဂျာမနီနိုင်ငံမှ ဝယ်ယူတပ်ဆင် ခဲ့ခြင်းဖြစ်ပြီး ကြက်အကောင်ရေ၂ဝဝဝဝ မွေးမြူနိုင်သည့် စက်ရုံ
တစ်ရုံအတွက် ငွေကျပ်သိန်း ၃ဝဝဝ ခန့် ကုန်ကျပြီး နှစ်ရုံမွေးမြူထား သောကြောင့် ငွေကျပ်သိန်း ၆ဝဝဝ ခန့်ကုန်ကျကြောင်း သိရသည်။

အဆိုပါ အလုံပိတ်၊ အအေးပိတ် စက်ရုံစနစ် ကြက်မွေးမြူရေး ရုံနှစ်ခုသည် ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့ တောင်ဘက်ရှိ တောတွင်းကျေးရွာ တွင်ရှိပြီး သင်္ကြန် မတိုင်မီက စတင်ကာ မွေးမြူရေး လုပ်ငန်းရှင် ၃ဝကျော် ပူးပေါင်း ဖွဲ့စည်းထားသော မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဥစားကြက်များ ထည့်သွင်းမွေးမြူ နေခြင်းဖြစ်သည်။

အဆိုပါ အလုံပိတ်၊ အအေးပိတ် စက်ရုံစနစ်ဖြင့် ဥစားကြက်မွေးမြူ ခြင်းကြောင့် ကြက်အကောင်ရေ ၂ဝဝဝဝ ရှိ ရုံတစ်ခုအတွက် လူနှစ်ဦး ခန့်သာလိုအပ် မည်ဖြစ်ပြီး စက်ပစ္စည်းများကသာ အလိုအလျောက် ဆောင်ရွက် ပေးကြောင်း သိရသည်။

''ဒီမွေးမြူရေး စနစ်ကအားလုံး Automatic နဲ့သွားတာပါ။ကြက်ဥလဲ လူကခြံထဲ လိုက်ကောက်စရာ မလိုဘူး။ တစ်နေရာတည်း ကိုဆင်းလာတာ လူကယူရုံပဲ။ ရာသီဥတု အလိုက် ကြက်တွေ အတွက်လိုအပ်တဲ့ အပူချိန်၊အအေးချိန်တွေကို ထိန်းသိမ်း ပြုပြင်ပေးလို့ ရပါတယ်။ ကြက်စာတို့ ရေတို့ ကျွေးမွေးတာ၊ ကြက်ချေးတွေ ရယူတာကအစ အကုန်လုံး Automatic စနစ်နဲ့ ခလုတ်လေးတွေ နှိပ်လိုက်ရုံပါပဲ''ဟု မန္တလေးတိုင်း ဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာ ကျော်ထင်က ပြောပြသည်။

အဆိုပါ အလုံပိတ်၊ အအေးပိတ်စနစ် ကြက်မွေးမြူခြင်းသည် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ အနံ့အသက် ဆိုးရွားမှုများ မခံစားစေရဘဲ ကြက်ငှက်တုပ်ကွေး ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု လည်းရှိကြောင်း သိရသည်။

အဆိုပါ အလုံပိတ်၊ အအေးပေး စနစ် ကြက်မွေးမြူရေး စက်ရုံသည် ရေရှည်ခိုင်ခံ့ပြီး အနည်းဆုံးဆယ်နှစ်မှ နှစ်နှစ်ဆယ် ထိမွေးမြူနိုင်ကြောင်း သိရပြီး အဓိက လိုအပ်ချက်မှာ လျှပ်စစ်မီး ဖြစ်သောကြောင့် လျှပ်စစ်မီး
ပြတ်တောက်မှု ဖြစ်ပေါ်ပါက မွေးမြူထားသော ကြက်များ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ အလုံပိတ် အအေးပိတ် စက်ရုံစနစ်ဖြင့် ကြက်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မွေးမြူရေး လုပ်ငန်းရှင်များ ကို မြေယာအသုံးချ ခွင့်လွယ်ကူစွာ ရရှိနိုင်ရန်နှင့် မွေးမြူရေး ဇုန်စနစ် အားဖျက်သိမ်း ပေးရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, February 28, 2017

သဘာဝအရင်းအမြစ်များကို အသုံးချသော စိုက်ပျိုးမွေးမြူရေးစနစ် ပြန့်ပွားစေရန် ဆောင်ရွက်မည်


Permaculture စနစ်တစ်ခု

ရန်ကုန် ၊ ၂၈-၂-၂၀၁၇

စိုက်ပျိုးရေးလုပ်ငန်း များတွင် ဓာတ်မြေသြဇာ များအစား သဘာဝ အရင်းအမြစ်များ နှင့် မွေးမြူရေးလုပ်ငန်း များမှ စွန့်ပစ်ပစ္စည်း များကို ပြန်လည် အသုံးချပြီး ကုန်ကျစရိတ် လျော့နည်းစေကာ အထွက်နှုန်း ကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေး စနစ်ကို မြန်မာနိုင်ငံ တစ်ဝန်း ပြန့်ပွားစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Farmer to Farmer Project မှ Project Manager ဒေါက်တာ သက်ခိုင် ထံမှ သိရသည်။

ပြည်တွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် Permaculture နည်းစနစ်ကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည် လာစေရန် အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းပို့ချခြင်း များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ဝေးလံသော ကျေးလက်ဒေသများ အထိ သွားရောက် လုပ်ဆောင်သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ကို သြစတြေးလျ နိုင်ငံမှ စတင်တီထွင် ခဲ့ခြင်းဖြစ်ပြီး မွေးမြူရေး လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ အိမ်သုံးစွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးပြုကာ လယ်ယာ စိုက်ပျိုးမြေ များကို ပြုပြင် ထိန်းသိမ်းပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အတိုင်း လုပ်ကိုင် လည်ပတ်သော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းစနစ် တစ်ခု ဖြစ်သည်။

ထိုနည်းစနစ်တွင် စိုက်ပျိုးရေးခြံများ အတွင်း ပိုးမွှားများ မရှိစေရန် ဘဲများထည့်သွင်း မွေးမြူခြင်း၊ စွန့်ပစ်ရေများနှင့် မိုးရေများကို Permaculture နည်းစနစ်သုံး စိုက်ပျိုးရေးခြံများ ထဲသို့ အလိုအလျောက် ရောက်ရှိစေရန် မြောင်းတူး သွယ်တန်းခြင်း၊ သီးပင်စားပင်ကြီးများ အောက်တွင် ဝက်များ ထည့်သွင်း မွေးမြူခြင်း အစရှိသော စိုက်ပျိုးရေး အတွက်ရော မွေးမြူရေး အတွက်ပါ အကျိုးပြုစေမည့် နည်းလမ်းများ ပါဝင်သည်။

ယင်းနည်းစနစ် သည် သဘာဝ အရင်းအမြစ်များ ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်မြေသြဇာ များနှင့် ပိုးသတ်ဆေးများ ဝယ်ယူရသည့် ကုန်ကျစရိတ်ကို ၉ဝ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း၊ ယခုအခါ သြစတြေးလျ၊ ကင်ညာ၊ ဆားဘီးယား နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ Permaculture နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုစိုက်ပျိုး နေကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger