www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 28, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို Pre SeaGames Shaorinji Kempo အားကစား အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

၂ဝ၁၃ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ၌ကျင်းပ ပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို Pre SeaGames Shaorinji Kempo အားကစား အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ် ညှိနှိုင်း အစည်းအဝေး ကိုယမန်နေ့က ကျင်းပ ပြုလုပ်ရာ အခမ်းအနား သို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဌ အားကစား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းမှ တက်ရောက် အမှာစကား ပြောကြားရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း နှင့် လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း ၊ မြန်မာနိုင်ငံ ကမ်ပို အားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးနိုင် နှင့် အဖွဲ့ဝင်များ ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ကမ်ပို အားကစား နည်းကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခြင်းဖြင့် မြန်မာ့ လက်ရွေးစင် အသင်းအတွေ့ အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ် မည်ဖြစ်ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ တီမော ၊ ကမ္ဘောဒီးယား ၊ လာအို (၆)နိုင်ငံပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း ၊ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ၊ အထောက် အကူပြုမည့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီများ နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးရုံးမှ တာဝန်ရှိ သူများက တက်တက် ကြွကြွ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် ပေးစေလိုကြောင်း ၊ ပြိုင်ပွဲ ကျင်းပစဉ် ကာလအတွင်း ပြိုင်ပွဲဝင် အသင်းများ၏ သွားလာ နေထိုင်ရေး ၊ ကြို/ပို့ ကိစ္စရပ်များ နှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် ပြောဆိုနိုင်မည့် Internet , Wifi ယာယီ ချိတ်ဆွဲတပ်ဆင် ပေးရေး ၊ ကျန်းမာရေး အတွက် ဆေးအဖွဲ့ ၊ လုံခြုံရေး ကိစ္စရပ်များ ၊ ပြိုင်ပွဲဝင် နိုင်ငံများ၏ အလံ လွှင့်ထူရေး ကိစ္စရပ်များ ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် အားကစား အဖွဲ့ဝင်များ အတွက် Black List ကိစ္စ ၊ On Arrival ကိစ္စ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင် အားကစား သမားများ၏ နေထိုင်ခွင့် Stay နှင့် Visa ရရှိရေး ၊ ပြိုင်ပွဲဝင် ကာလအတွင်း လျှပ်စစ်မီး လုံလောက်စွာ ရရှိရေး ကိစ္စရပ်များ ၊ အကြံပေး ပူးပေါင်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးနိုင် က ပြိုင်ပွဲအတွက် ပြင်ဆင်ထားရှိမှု အခြေအနေ ၊ ဆောင်ရွက်ရမည့် အခြေအနေများ နှင့် လိုအပ်ချက်များ အပေါ် တင်ပြ ဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေး သို့ တက်ရောက် လာကြသော ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ၊ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တို့က အစိုးရ အဖွဲ့ ဆပ်ကော်မတီများ ၊ ဖွဲ့စည်း၍ လုံခြုံရေး ၊ ပို့ဆောင်ရေး ၊ လေဆိပ် ဆိုက်ရောက် အဝင်အထွက် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေး ရှင်းလင်းကြရာ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လိုအပ်ချက် များအပေါ် အပြန်အလှန် ဆွေးနွေး တင်ပြကြသည်။


ဆွေးနွေးချက်များ အပေါ် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း သည် လုံခြုံရေး ကိစ္စများ ၊ On Arrival Visa ကိစ္စများ ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့များ အပါအဝင် ကော်မတီများ ဖွဲ့စည်း အတည်ပြုရေး ကိစ္စရပ်များ ၊ ကမ်ပို အားကစားနည်း SEA Games အကြို အောင်မြင်စွာ ကျင်းပနိုင်ရေး Laison Officer နှင့် Volunteer Officer ထားရှိရေး တို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးရုံးများ အနေဖြင့် ဝိုင်းဝန်းကူညီ အကြံပြု၍ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး မှာကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger