www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြစ်မှုသတင်း. Show all posts
Showing posts with label ပြစ်မှုသတင်း. Show all posts

Tuesday, September 4, 2018

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ခုနှစ်နှစ်စီချမှတ်



ရန်ကုန် ၄-၉-၂ဝ၁၈

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်ခုနစ် နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ကိုးလကျော် အမှုရင်ဆိုင်ခဲ့ရသည့် နောက်ပိုင်းတွင် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ အမိန့်ချမှတ် လိုက်ခြင်းအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိနေကြောင်း တရားရုံးသို့လာရောက် ခဲ့ကြသည့်သတင်းစာ ဆရာများက ပြောပြသည်။

"ဒီဥပဒေက ယူနတီတုန်းကလဲ ထောင် ၁ဝနှစ်ကျခဲ့ပါတယ်။ အခုလဲကျတယ်ပေါ့။ အဲဒါကြောင့် ဒီဥပဒေကိုတော့ ပြင်ဆင်သင့်နေပြီ။ အခုအစိုးရအနေနဲ့ ဗြိတိသျှ ကိုလိုနီခေတ်ကလိုမျိုး ဖြစ်နေတဲ့ ဒီဥပဒေကို နိုင်ငံရေးဆန္ဒအရပဲဖြစ်ဖြစ် ပြင်ဆင်သင့်နေပြီလို့ မြင်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကိုလဲ ဒီကနေတောင်းဆို ချင်ပါတယ်။ နိုင်ငံရဲ့အကျိုး၊ မီဒီယာလောကရဲ့ အကျိုးကိုရှေးရှုပြီးတော့ ဒီဥပဒေကို ပြင်ဆင်ဖို့လုပ်ဆောင်သင့်ပြီ လို့မြင်ပါတယ်" ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ကောင်စီဝင် ဦးမြတ်ကျော်က ပြောပြသည်။

ထိုကဲ့သို့ ထောင်ဒဏ်များချမှတ် လိုက်မှုအပေါ် အမေရိကန်သံရုံး အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ ဌာနများမှ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး သတင်းစာဆရာများ အနေဖြင့်လည်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုများနှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်မှုအပေါ် အယူခံတက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ဟာ မြန်မာနိုင်ငံအပါအဝင် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးနဲ့အရပ်ရပ်က သတင်းသမားတွေအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့ဖြစ်ပါတယ်။ သတင်းမီဒီယာကို ခြိမ်းခြောက်ဖို့နဲ့ သတင်းရေးသားတာကို တားဆီးဖို့ အစီအစဉ်နဲ့ မမှန်ကန်တဲ့ စွဲချက်တွေနဲ့ ဒီလေးစားအားကျဖို့ ကောင်းတဲ့ သတင်းထောက်နှစ်ယောက်ကို ထောင်ထဲမှာ အကျဉ်းချထားတာ ကိုးလနီးပါးရှိပြီ ဖြစ်ပါတယ်။ သူတို့မှာ အပြစ်ရှိကြောင်း ဘာသက်သေမှ မရှိတဲ့ အပြင် ရဲတွေကနေ သူတို့ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာ သက်သေအခိုင်အမာ ရှိလျက်နဲ့ တရားရုံးကနေ ဒီနေ့ချလိုက်တဲ့ စီရင်ချက်အမိန့်က သူတို့ရဲ့လွတ်လပ်ခွင့်ဆက်ပြီး ဆုံးရှုံးဖို့အတွက် ပြစ်ဒဏ်ချတဲ့ လုပ်ရပ်ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေချိုးဖောက်မှုကိုတော့ လျစ်လျူရှုသလို ဖြစ်နေပါတယ်။ ဒီလုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းအတွက် နောက်ပြန်လှည့်တဲ့ ကြီးမားတဲ့ခြေလှမ်း တစ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု သို့မဟုတ် လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်နဲ့ ကိုက်ညီမှု မရှိတဲ့အတွက် မြန်မာအစိုးရအနေနဲ့ အဆောတလျင် ပြင်ဆင်ရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဒီမတရားမှုကို ခံစားနေရတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဒီအတိုင်းစောင့်နေမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းကနေ အကြံဥာဏ်တောင်းခံတာအပြင် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တ်ာတို့ အနေနဲ့အဖြေရှာသွားမှာ ဖြစ်ပါတယ်"ဟု Reuters သတင်းဌာန ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် Stephen J. Adler က ပြောပြသည်။

ကိုဝလုံး(ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ယနေ့တွင် ထောင်ဒဏ်ခုနစ်နှစ်စီ အသီးသီးချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, September 15, 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ငွေကျပ် ၅၄၈၇ သိန်းတန်ဖိုးရှိ တရားမဝင်နိုင်ငံခြားငွေများ စစ်ဆေးဖမ်းဆီးနိုင်ခဲ့သော တာဝန်ကျလေဆိပ် ဝန်ထမ်းများအား ဖမ်းဆီးရငွေ၏ ၃ဝ ရာခိုင်နှုန်းခံစားခွင့်ပြုမည်



ရန်ကုန် ၁၅-၉-၂၀၁၇

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စက်တင်ဘာ ၁ဝ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ငွေကျပ် ၅၄၈၇ သိန်းတန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသော အိန္ဒိယရူပီးငွေနှင့် အမေရိကန်ဒေါ်လာများကို စစ်ဆေးဖမ်းဆီးပေးနိုင်ခဲ့သော တာဝန်ကျလေဆိပ်ဝန်ထမ်းများအား ဖမ်းဆီးရငွေ၏ ၃ဝ ရာခိုင်နှုန်းကိုခံစားခွင့် ပြုမည်ဖြစ်ကြောင်း လေဆိပ်လုံခြုံရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရဲမှူးချုပ်မြဝင်းက ပြောသည်။

အဆိုပါတရားမဝင် နိုင်ငံခြားငွေများ ပြည်ပသို့ သယ်ဆောင်မှုကို ဖမ်းဆီးနိုင်ခဲ့သော လေဆိပ်တာဝန်ကျ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon Aerodrome ကုမ္ပဏီရုံးခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုပွဲတွင် လေဆိပ်လုံခြုံရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ရဲမှူးချုပ်မြဝင်းက တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သော လေဆိပ်တာဝန်ကျ ရဲအုပ်ဇော်လင်းဦး၊ ဒုတိယရဲအုပ်သက်လွင်ဟိန်း၊ ဒုတိယအကောက်ခွန်မှူးဒေါ်အေးအေးတင်မောင်၊ ရဲတပ်ကြပ်ကြီး မျိုးအောင်၊ ဦးထွန်းထွန်းအောင် (YACL) နှင့် ဦးမြတ်လင်း (YACL) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၁ဝ ရက်နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူလေဆိပ်သို့ ထွက်ခွာမည့် Jetstar လေကြောင်းခရီးစဉ် အမှတ် 3K-584 ဖြင့်လိုက်ပါရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal-2 သို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၄) ရပ်ကွက် သိင်္ဂီ(၃)လမ်းနေ ဖြိုးသက်အောင်(ဘ)ဦးအောင်ကျော်ဦး ၃၂ နှစ်သည် ပြည်ပထွက်ခွာ Main X-Ray စက်၌အစစ်ဆေးခံရာ မသင်္ကာဖွယ်ရာ ငွေစက္ကူပုံရိပ်များတွေ့ရှိရသဖြင့် တာဝန်ကျ ဝန်ထမ်းအသီးသီးက ကြည့်ရှုစစ်ဆေးရာ ခရီးဆောင်အိတ် နှစ်အိတ်အတွင်းမှ အိန္ဒိယရူပီးငွေ ၂ဝဝဝ တန် ၁၃ဝဝဝ ရွက်၊ ၎င်း၏ Baohua စာတန်းပါ ကျောပိုးအိတ် အနက်ရောင်အတွင်းမှ အမေရိကန်ဒေါ်လာ ၁ဝဝ တန်အရွက် ၂ဝ အား စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာခွင့်ပြုချက် စာရွက်စာတမ်းများမပါရှိဘဲ ပြည်ပသို့ တရားမဝင်နိုင်ငံခြားငွေများ သယ်ဆောင်သူ ဖြိုးသက်အောင်အား ၂ဝ၁၂ ခုနှစ် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ ဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်း၌ အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, July 27, 2017

မိုးမောက်မြို့နယ်တွင် ကျောက်စိမ်း အချောထည်နှင့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ



မိုးမောက် ၂၇-၇-၂၀၁၇

ကချင်ပြည်နယ် မိုးမောက်မြို့နယ် စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်၂၅ရက် နံနက် ၈ နာရီက ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ ကျောက်စိမ်း အချောထည်များနှင့် ကျောက်စိမ်းတုံးများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ် စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိန်လုံရဲကင်းမှူး ရဲအုပ်မျိုးမင်းစိုးဦးစီး ပူးပေါင်းအဖွဲ့သည် ရှာဖွေစစ်ဆေး ရေးဆောင်ရွက်စဉ် ဇူလိုင် ၂၅ရက် နံနက် ၈နာရီက မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ တွမ်ပီဟွေး (ခ) အောင်အောင် (ဘ)ဦးတွမ်စွမ်းကျီ ဆိုင်းတောင်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်ပြီး တုံချမ်ဆီ (ဘ) ဦးတုံဝှမ် ရွာမရပ်ကွက် တာမိုးညဲကျေးရွာ ကွတ်ခိုင်မြို့နယ်နေသူ တို့လိုက်ပါလာသည့် ယာဉ်အမှတ်၊4D/----PRADO  ငွေရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဆာလာအိတ်အဖြူအတွင်း၌ မုန့်ပုံးအတွင်းထည့်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်နှစ်ကွင်း၊ လက်စွပ်ကျောက်(အသေး) ခြောက်လုံး၊ ဆင်စွယ်ပုံ လည်ဆွဲကျောက် (အသေး) တစ်လုံး၊ ငွေရောင်ကျောက်စိမ်းနားဆွဲ (အသေး) တစ်ရန်နှင့် ကျောက်စိမ်းရိုင်းတုံး အရွယ်စုံ ၉၇တုံး အလေးချိန် ၅ ဒသမ ၄၅ ပိဿာခန့်ကို ရှာဖွေတွေ့ရှိ ရမိခဲ့သဖြင့် စစ်ဆေး မေးမြန်းရာ ၎င်းတို့ပိုင်ဖြစ်ပြီး လွယ်ဂျယ်မြို့အနီး တရုတ်နိုင်ငံ လားရင်းရွာသို့ သွားရောက်ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်ကျောက်စိမ်း တုံးများကို သယ်ဆောင်လာသူ တွမ်ပီဟွေး (ခ) အောင်အောင်နှင့် တုံချမ်ဆီတို့ နှစ်ဦးကို မိုးမောက်မြို့မရဲစခန်းက (ပ) ၃၃/၂ဝ၁၇၊ ကျောက်မျက်ဥပဒေ ပုဒ်မ-၃၉အရ အမှုရေး ဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Friday, July 21, 2017

သာစည်မြို့နယ်တွင် သေနတ်များ ဖမ်းဆီးရမိပြီး ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိ


ဖမ်းဆီးရမိသည့်လက်နက်များကို တွေ့ရစဉ်။

ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၂၁-၇-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးသာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်တွင် ဇူလိုင် ၁၉ရက် ည ၁ဝနာရီခန့်က တရားမဝင် သယ်ဆောင်လာသည့် မောင်းပြန်သေနတ် ၂၂လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ကျွဲတပ်ဆုံ တိုးဂိတ်အနီး စောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နေစိုးထွေးမင်း (ခ) ကိုစိုင်း မောင်းနှင်ပြီး ဇနီးဖြစ်သူ မမြတ်ဆုနှင်း လိုက်ပါ စီးနင်းလာသော ယာဉ်အမှတ် 2D/---- ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် အဖြူရောင် ဆာလာအိတ်အတွင်း မွေ့ရာဖြင့် ပတ်ထားပြီး သယ်ဆောင်လာသော HK-33 မောင်းပြန် ရိုင်ဖယ်အလက် ၂ဝ (ကျည်အိမ်ပါ)နှင့် AK-47 မောင်းပြန်ရိုင်ဖယ် နှစ်လက် (ကျည်အိမ်မပါ) တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

နေစိုးထွေးမင်းနှင့် ဇနီး ဖြစ်သူတို့အား စစ်ဆေးချက်အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ)မောရာ၊ကလေးမြို့ တာဟန်းရပ်ကွက် နေသူထံ ပို့ဆောင်ခငွေကျပ် ၁၅ သိန်းဖြင့် ပို့ဆောင်ပေးရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရပြီး အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ) မောရာအား ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်း၏ နေအိမ်ကို ဆက်လက် ရှာဖွေရာတွင် ဒီတိုနေတာ တစ်ထုပ်လျှင် အခု ၅ဝဝ ပါ ၂၆ ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် ၉ဝကျပ်သားပါ အထုပ် ၆ဝနှင့် ငွေသားကျပ်သိန်း ၁၄ဝ တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လက်နက်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ပြီး ယခုဖမ်းဆီးရမိသည့် အကြိမ်သည် တတိယ အကြိမ်ဖြစ်ကာ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 17, 2017

ဗန်းမော်မြို့တွင် နေအိမ်အတွင်း ဖဲရိုက်လောင်းကစား နေသူများကို ဖမ်းဆီးရမိ



ဗန်းမော် ၁၇-၇-၂၀၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲအုပ်စု ရိုးကြီးရပ် အမှတ် (ဟတ/၁၁၂၃)ရှိ နေအိမ်တွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဗန်းမော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် မျိုးမင်းဦးစီးတပ်ဖွဲ့ဝင်များသည် ဇူလိုင်၁၅ရက် ညနေ၃နာရီမိနစ် ၃ဝ က လောင်းကစား သတင်းအရ သက်သေများနှင့် အတူဗန်းမော်မြို့ ဟန်းတဲအုပ်စု ရိုးကြီးရပ် အမှတ် (ဟတ/၁၁၂၃) နေဒေါ်တင်နွဲ့ (ဘ) ဦးကျောက်လုံး၏ နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားရှာဖွေခွင့် ဝရမ်းအမှတ် (၂/၂ဝ၁၇) ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းတွင် ဖဲလောင်းကစား ပြုလုပ်နေကြသည့် ဒေါ်တင်နွဲ့၊ မဇာဇာ (ဘ) ဦးအောင်ကြိုင် ခွန်သာရပ်ကွက် ဗန်းမော်မြို့၊မစိုးသူ (ဘ) ဦးစိုးမောင် ရိုးကြီးရပ် ဟန်းတဲအုပ်စု ဗန်းမော်မြို့၊ မမိုးချစ် (ဘ) ဦးအောင်ဝင်း ရိုးကြီးရပ်ဟန်းတဲအုပ်စု ဗန်းမော်မြို့၊သာထူး(ဘ)ဦးတင်ထွန်း ရိုးကြီးရပ်၊ဟန်တဲအုပ်စု၊ ဗန်းမော်မြို့နေသူတို့ ငါးဦးဖဲလောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

ထို့နောက် ဆက်လက်ရှာဖွေရာ ၎င်းတို့ငါးဦး ရှေ့အလယ်တွင် ဖဲလောင်းကစားရာ၌ အသုံးပြုသည့် ဖဲချပ် ၁ဝ၈ ချပ်၊ မြန်မာငွေကျပ် စုစုပေါင်းငွေကျပ် ၄၄၃ဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖဲလောင်းကစား ပြုလုပ်သူ တင်နွဲ့၊ ဇာဇာ၊ စိုးသူ၊ မိုးချစ်နှင့် သာထူးတို့ငါးဦးကို ဗန်းမော်မြို့မရဲ စခန်းက (ပ) ၁၉၉/၂ဝ၁၇၊လောင်း ကစားဥပဒေပုဒ်မ-၁၃ (က)/ ၁၄ (က)ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

Thursday, July 6, 2017

တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော အိမ်စီးမော်တော်ယာဉ်ပေါ်မှ တရားမဝင်အေးခဲအသားများ ဖမ်းဆီးရမိ



ကျိုင်းတုံ ၆-၇-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော အိမ်စီးမော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်အေးခဲ အသားများကို ကျိုင်းတုံမြို့အဝင်ရှိ နောင်နွမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဇူလိုင် ၄ရက်ညနေ ၃နာရီက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

''သတင်းပေးတိုင်ကြားသူက မော်တော်ယာဉ် အမျိုးအစားနဲ့ကား နံပါတ်ကိုပေးပြီး တိုင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့တားဆီး စစ်ဆေးတော့လဲ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်း တွေလဲမပါရှိလို့ စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေး ကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ကားပေါ်မှာတင်ဆောင်လာတဲ့ အေးခဲအသားတွေကို သိမ်းဆည်းဖျက်ဆီးမှာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီမှ မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးသန်းစိုးက ပြောပြသည်။

ကျိုင်းတြုံမို့၊ အမှတ်(၁)ရပ်ကွက်၊ ကုန်းကျောင်းရပ်၊ အမှတ်(၇)နေ ယာဉ်မောင်း စိုင်းတီ မောင်းနှင်လာသော Honda Fit အမျိုးအစား ယာဉ်နောက်ခန်းတွင် ကြက်အသည်း အမြစ်၊ ကြက်သားများ ထည့်ထားသော စက္ကူဖာ ၄၉ဖာ၊ခန့်မှန်းအလေးချိန် ၅၂ဝကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီသည် တရားမဝင်အေးခဲ အသားမျိုးစုံကို တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ချိရောင်းချခြင်းနှင့် စားသုံးခြင်းမပြုကြရန် အတွက် အသိပညာပေး နှိုးဆော်ထားပြီး အဆိုပါတရားမဝင် အေးခဲအသားများတွင် တာရှည်ခံစေရန် ဖော်မလင်ဓာတု ဆေးဝါးများ သုံးစွဲထားခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)က ခွင့်ပြုထားခြင်းမရှိသော ကုန်ပစ္စည်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ကျိုင်းတုံမြို့နယ် အတွင်းသို့ တရားမဝင်အေးခဲ အသားမျိုးစုံကို ပြင်ပဒေသများမှ တရားမဝင် တင်သွင်းလာခြင်းနှင့် မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း များကို သတင်းပေးတိုင်ကြားပါက ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

Thursday, June 29, 2017

မြင်းခြံမြို့တွင် မော်တော်ဆိုင်ကယ် ၃၃ စီး ခိုးယူမှုကို ဖော်ထုတ်ဖမ်းဆီးရမိ



မြင်းခြံ ၂၉-၆-၂၀၁၇

မြင်းခြံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ် မျိုးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့တွင် မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာမှ မော်တော်ဆိုင်ကယ် ခိုးယူသူများကို ယနေ့တွင်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

မြင်းခြံမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများကြောင့် မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းမှု များရှိရာမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးထွန်းအောင်သည် နယ်ထိန်းတပ်ဖွဲ့ဝင် များနှင့်အတူ ဖော်ထုတ်စစ်ဆေးရာမှ ဇွန် ၁၆ ရက်တွင် အမှတ် (၁) ရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ စန်းဗိုလ်ကို ဆိုင်ကယ်ခုနစ်စီးခိုးယူ ထားမှုဖြင့် (ပ)၉၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားခဲ့ပြီး ဇွန် ၂ဝရက်တွင် အခြားမော်တော် ဆိုင်ကယ် ခိုးယူထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ ယဉ်မင်းထွန်း(ခ) Y2K၊ အမှတ် (၃)ရပ်ကွက်နေ မောင်လှမင်းထက် (ခ) ဝတုတ်(ခ) တရုတ်ကြီးတို့ကို မော်တော်ဆိုင်ကယ် ၁၃ စီးခိုးယူထားမှုဖြင့် (ပ) ၂၃၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ထို့အတူ ဇွန် ၂၆ရက် တွင် အခြားမော်တော်ဆိုင်ကယ် ခိုးယူထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ စိုးထွန်း (ခ) ဘာလီ၊ ဆင်းဂွတ်ကျေးရွာနေ မျိုးလှိုင်(ခ) မျိုးကြီးတို့နှင့်အတူ ပူးပေါင်းပါဝင်သော အမှတ်(၂)ရပ်ကွက်နေ ဖြိုးဝေ (ခ) ချစ်မွေးတို့ကို မော်တော်ဆိုင်ကယ် ၁၃စီး ခိုးယူထားမှုဖြင့် (ပ)၂၄၇/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ၃၈ဝ/၅၄ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ မော်တော်ဆိုင်ကယ်များကို မြင်းခြံမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များမှခိုးယူခဲ့ကြောင်း၊ ထို့ပြင်မန္တလေးမြို့မှ မော်တော်ဆိုင်ကယ် များလည်း ခိုးယူသည့်အထဲတွင် ပါဝင်ကြောင်း သိရသည်။

ခိုးယူခံရသည့် မော်တော်ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထားများ ယူဆောင်၍ မြို့မရဲစခန်းတွင် မိမိတို့ဆိုင်ကယ်ဟုတ်၊ မဟုတ် လာရောက် စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရသည်။

#Yadanarpondaily

Monday, June 26, 2017

တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်းကစားပြုလုပ်သူများကို သက်သေခံပစ္စည်းများနှင့် အတူဖမ်းမိ



တံတားဦး ၂၆-၆-၂၀၁၇

တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်း ကစားပြုလုပ်သူများကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မြို့မရဲစခန်းရဲအုပ် မောင်မောင်ဆွေသည် ဇွန်၂၄ရက် မွန်းတည့်၁၂နာရီက နယ်ထိန်းခေါင်းဆောင် တာဝန်ထမ်းဆောင်နေစဉ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရတပ်ဖွဲ့ဝင်များ၊ အသိသက်သေများအဖြစ် တံတားဦးမြို့ အမှတ်(၁) ရပ်ကွက် ရာအိမ်မှူး ဦးဘဌေး၊ ဦးအောင်ဆန်းဝင်း၊ တောင်ပြုံး (မ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဆန်းတို့ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်စိုး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် လောင်းကစားနေအိမ်သို့ ဝင်ရောက် ရှာဖွေရေး ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၈/၂ဝ၁၇) ဖြင့် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ဖမ်းဆီးရာတွင် တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာမှ ဖိုးခွား (ခ) သော်ဇင်ဦး၏ နေအိမ် ဧည့်ခန်းအတွင်း၌ တောင်ပြုံး (မ) ကျေးရွာနေ သူများဖြစ်ကြသည့် ဇော်မင်းအောင်၊ ဆီကျော်၊ကုလား၊ဦးညို၊ဖိုးခွား(ခ) သော်ဇင်ဦးနှင့် လဝကဲကျေးရွာမှ ထွန်းကြိုင်တို့ကို ဖမ်းဆီးရမိပြီး ဖဲရိုက်လောင်း ကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော အေသုံးလုံး တံဆိပ်ပါ ဖဲချပ် ၁ဝ၈ချပ်၊ ငွေကျပ် ၇၆ဝဝဝ၊ အကြွေစေ့အဖြစ် အသုံးပြုသော အစိမ်းရောင် မျက်စဉ်းဘူး ၂၉ခု၊ အောက်ခံ အခင်းအဖြစ်အသုံးပြုသော အဝါ၊ အစိမ်းကွက် ပုဆိုးတစ်ထည်၊ ခရမ်းရောင်၊ အနီရောင်၊ အဝါရောင်တို့ပါရှိသော အခင်းနှစ်ခုနှင့် ဝါးဖျာကြမ်းတစ်ချပ် တို့ကိုသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖဲရိုက်လောင်းကစား သူများဖြစ်ကြသည့် ဇော်မင်းအောင်၊ ဆီကျော်၊ ကုလား၊ ဦးညို၊ ဖိုးခွား(ခ) သော်ဇင်ဦးနှင့် ထွန်းကြိုင်တို့ကို တံတားဦးမြို့မရဲစခန်းက(ပ) ၁၅၁/၂ဝ၁၇ လောင်းကစားဥပဒေ ပုဒ်မ-၁၃(က)/ ၁၄(က) အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, March 21, 2017

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်ကညာ ကျေးရွာ နေ ညီပု (ဘ) ဦးစန်းမြင့် ၏နေအိမ်အား မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေရာ ညီပုကို ရဲဝဏ္ဏကျော် (ဘ) ဦးကျော်မောင်၊ ဟိန်းသူရဇော် (ဘ) ဦးဆန်နီ၊ ညီငယ် (ဘ) ဦးအောင်သန်း တို့နှင့်အတူ တွေ့ရှိရပြီး ၄င်းတို့အနီးမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ သိန်းခွဲခန့်) နှင့် ငွေစက္ကူ ရောရာ ငါးသိန်းကျော် တို့ကို တွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် သတင်းအရ ညီငယ်၏ နေအိမ်အား ဆက်လက် ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၅၇ တောင့်၊ ၄င်းကျည်အိမ် နှစ်ခု၊ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည် နှစ်တောင့်၊ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၄င်းကျည် ၈ဝဝ တောင့် ၊ ၄င်းကျည်အိမ် နှစ်ခု၊ နှစ်လုံးပြူးသေနတ် တစ်လက်၊ ၄င်းကျည် တစ်တောင့်တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ဗိုလ်ရွှဲ(၃) လမ်းနှင့် ဦးသုခ ရေခဲစက် လမ်းထောင့်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ စောင့်ဆိုင်းစဉ် ဇွဲမြင့်ဦး (ဘ) ဦးမောင်မြင့် မောင်းနှင်၍ ကျော်သူရ (ဘ) ဦးခင်မောင်ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့် စစ်ဆေးရာ ထားဝယ်မြို့၊ ညောင်ရမ်း တောင်ရပ်ကွက်နေ မင်းသက်ဌေး (ဘ) ဦးကျော်ထွန်းက ပို့ဆောင်ခိုင်းသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ သိန်းကျော်) တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ သူများအား ရေဖြူမြို့နယ် ရဲစခန်းနှင့် ကော့သောင်းမြို့မ ရဲစခန်းတို့၌ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Sunday, March 5, 2017

နယ်မြေကျော်လွန် ဖြတ်သန်းသယ်ဆောင်ခွင့် မပါဘဲဆင်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးဖမ်းဆီးရမိ




နေပြည်တော် ၊ ၅-၃-၂၀၁၇

ကယားပြည်နယ်၊ ရှားတော-အောင်ပန်း- စဥ့်ကူး-လက်ပံလှ-ငါးအိုး- ကွန်းချောင်း-မဘိမ်း လမ်းကြောင်းအတိုင်း တရားမဝင် ဆင်များအား ယာဉ်များဖြင့် သယ်ဆောင်လာကြောင်း သတင်းအရ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့အဝင်ရှိ နမ့်ပုံးပုံး ရပ်ကွက်အနီး ၌ စောင့်ဆိုင်း စစ်ဆေးစဉ် မတ် ၂ ရက် ညနေ ၄ နာရီခန့်တွင် ယာဉ်မောင်း ဦးတင်ကျော်(ဘ) ဦးသိန်းနိုင်နှင့် ဦးကျော်ကျော်ဦး (ဘ) ဦးတင်ရွှေ တို့မောင်းနှင်၍ ဦးစောမူးလူ (ဘ) ဦးဗဇော်၊ ဦးစောဒဂေါ် (ဘ) ဦးမော်ဆေးဖေ နှင့် ဦးစောထိပ်တုံး (ဘ) ဦးထူးဝေဟဲ တို့ လိုက်ပါလာသည့် ယူဒီ အမျိုးအစား ခြောက်ဘီးယာဉ်နှင့် ဒေါင်ဖန်း အမျိုးအစား ခြောက်ဘီးယာဉ် တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ နယ်မြေကျော်လွန် ဖြတ်သန်း သယ်ဆောင်ခွင့် မပါဘဲ တင်ဆောင်လာသည့် ဆင်နှစ်ကောင်ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများ၊ ဆင်များနှင့် ယာဉ်များအား မဘိမ်းသစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

တရားမ၀င် ရွှေတူးဖော်နေသူများအား ဖမ်းဆီးရမိ



နေပြည်တော် ၊ ၅-၃-၂၀၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာ အနီးရှိ တက်လက်ရွှေမှော် တစ်ဝိုက်၌ တရားမဝင် ရွှေတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်း မှုများ ဆောင် ရွက်ရာ မတ် ၁ ရက် ညနေ ၆ နာရီခန့်တွင် ဝှေလုံကျေးရွာ၏ အနောက် တောင်ဘက် ၃ မိုင်ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်နေသည့် ဦးလနောင်(ဘ) ဦးဇော်ရှိန်နှင့် ကျင်းသားခုနစ်ဦး တို့ကို ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား လုံးတုံနယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ် ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Thursday, November 3, 2016

မိုင်းနောင်မြို့နယ် အတွင်း တရားမ၀င် သယ်ဆောင်လာသော ယမ်းကြိုးများ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းနောင်မြို့နယ်၊ ဝမ်ဖွန်းကျေးရွာ အနီး၌ တပ်မတော် စစ်ကြောင်း သည် ပုံမှန် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၃၁ ရက်ည ၁ဝ နာရီခန့်တွင် မိုင်းနောင်ဘက် မှ လဲချား ဘက်သို့ ယာဉ်မောင်း တယ်အန်း (ဘ) ကျန်ကြည်ခြင် လားရှိုးမြို့နေသူ မောင်းနှင်၍ ဇော်လှိုင်ဖြိုး (ဘ) ဦးဝင်းအောင် လိုက်ပါလာသော ISUZU BIGHORN အမျိုးအစား (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ အရှည် ၁၂ လက်မခန့် ရှိ ဓားမြှောင် တစ်ချောင်း၊ ကျောက်စိမ်း အရိုင်းတုံး သုံးတုံး၊ ကျောက်ပြား တစ်ပြား၊ လက်ကိုင် ဖုန်းသုံးလုံး၊ စက္ကူဖာ ခြောက်ဖာ၊ ဆာလာအိတ် ငါးအိတ်ဖြင့် သယ်ဆောင် လာသည့် ၁၂ ပေအရှည် အစိမ်းရောင် ယမ်းကြိုးပါ ဒီတိုနေတာ ၇၉ဝ ချောင်း၊ ၁၂ ပေအရှည် အနီရောင် ယမ်းကြိုးပါ ဒီတိုနေတာ ၄ဝဝ ချောင်း၊ ၁၂ ပေအရှည် အဖြူရောင် ယမ်းကြိုးပါ ဒီတိုနေ တာ ၃၉ဝဝ ချောင်း၊ ၉ ဒသမ ၅ လက်မ အရှည် ပလတ်စတစ် အစိမ်း၊ နီကြား ယမ်းကြိုးပါ ဒီတိုနေတာ ၇၆ဝ ချောင်းနှင့် ၉ ဒသမ ၅ လက်မအရှည် ပလတ်စတစ် အနက်၊ နီကြား ယမ်းကြိုး သတ္တုခေါင်းပါ ဒီတိုနေတာ ၁ဝဝ ချောင်း၊ စုစုပေါင်း ၅၉၅ဝ ချောင်းတို့ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူများ၊ ယာဉ်နှင့် ပစ္စည်းများအား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး လဲချားမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

#Themyawadydaily

Wednesday, June 22, 2016

ဒေသခံလူငယ်များ အန္တရာယ်ကင်းစေရန် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နှောင့်ယှက်သူများက ရန်စထိုးကြိမ် သေနတ်လုယူမှုကြောင့် ကျည်ပေါက်ထွက်မှု ဖြစ်ပွား


မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား အနီး၌ နှောင့်ယှက်ခံရသည့် ဒေသခံ လူငယ်များကို အဖြစ်မှန် စစ်ဆေး မေးမြန်းစဉ်

နေပြည်တော် ၊ ၂၂-၆-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား အနီး၌ ဇွန် ၂ဝ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တံတားလုံခြုံရေး ယူထားသော လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံမှ သေနတ်လုယူ ခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများ နှင့် အင်တာနက် ဝက်ဘ်ဆိုက်များ ပေါ်၌ သတင်းအမျိုးမျိုး ဖြစ်ပေါ်လျက် ရှိကြောင်း တွေ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာ ဇွန် ၂ဝ ရက် ည ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့နေ မောင်စီစာရပ်၊ မောင်ဝင်းမျိုးသန့်၊ မနွေးနွေး၊ မနန်းလေး တို့လေးဦးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ခြမ်း မှဆိုင်ကယ်စီး၍ ဗလမင်းထင်တံတား အားဖြတ်သန်းပြီး မြစ်ကြီးနား ဘက်သို့ ပြန်လည် မောင်းနှင် လာခဲ့ရာ စီတာပူရပ်ကွက် သို့ ရောက်ရှိစဉ် အမည် (စိစစ်ဆဲ) လူရှစ်ဦးက ၄င်းတို့စီးနင်း လာသည့် ဆိုင်ကယ်အား လုယူရန် နှောင့်ယှက် ခဲ့ကြောင်း သိရှိရသည်။

အနှောင့်အယှက် ခံရသူ လေးဦးက နယ်မြေခံတပ်မှ လုံခြုံရေးရယူ ထားသည့် ဗလမင်းထင် တံတား လုံခြုံရေးဂိတ် (စီတာပူ) ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီ တောင်းခံခဲ့သဖြင့် လုံခြုံရေး စစ်သည်နှစ်ဦးမှ လိုက်ပါကူညီပြီး စိတ်ချရသည့် နေရာအထိ ပို့ဆောင်ပေး ခဲ့သည်။ လုံခြုံရေး စစ်သည်နှစ်ဦး တာဝန်ကျဂိတ်သို့ ပြန်လာစဉ် လူငယ်လေးဦးအား နှောင့်ယှက်ခဲ့သည့် အမည်စိစစ်ဆဲ လူရှစ်ဦးက စစ်သည်နှစ်ဦးအား လုံးထွေး ထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်ခဲ့၍ စစ်သည်တစ်ဦး ကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားကာ လူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန်လူများ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

စစ်သည်နှစ်ဦး သည် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး နယ်မြေခံတပ်၌ ဆေးကုသမှု ခံယူလျက် ရှိကာ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Sunday, June 5, 2016

ရန်ကုန်တိုင်းဒေသကြီး၌ ငါးလအတွင်း လူပျောက်တိုင်ကြားမှု ၂၀၀ ကျော်ရှိခဲ့ရာတွင် ၁၀၀ ကျော် ပြန်လည် တွေ့ရှိခဲ့သော်လည်း ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်


ရန်ကုန် ၊ ၅-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော် ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည်တွေ့ရှိ ခဲ့ပြီး အသက် ၁၆ နှစ်အောက် အရွယ် ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယင်းသို့ ပျောက်ဆုံးနေသည့် ကလေးငယ် ၆၁ ဦးတွင် အသက် ၁ဝ နှစ်မှ ၁၆ နှစ်ကြားရှိ အမျိုးသမီး ၄၄ ဦး၊ အမျိုးသား ၁၂ ဦးနှင့် ၁ဝ နှစ်အောက် ကလေးငယ် ငါးဦးတို့ ဖြစ်ပြီး အလည်လွန် ရာမှ ပျောက်ဆုံးခဲ့ မှုသည် အများဆုံး ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ၁ဝ နှစ်အောက် ကလေးငယ် လူပျောက် တိုင်ကြားမှု ပေါင်း ၁၈ မှုရှိခဲ့ရာ ကလေးငယ် ၁၃ ဦးကို ပြန်လည် တွေ့ရှိခဲ့ပြီး ကလေးငယ်များ ထပ်မံ မပျောက်ဆုံး စေရန် အုပ်ထိန်းသူ မိဘများနှင့် စာသင် ကျောင်းများမှ ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က မှုခင်း အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူပျောက် တိုင်ကြားသည့် အမှုပေါင်း ၁၆ဝဝ ကျော်ရှိခဲ့ပြီး ၁၁၉၉ ဦးကို ပြန်လည်တွေ့ရှိခဲ့ သော်လည်း လူ ၄၅ဝ ကျော်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ယင်း လူပျောက်ဆုံးမှု ဖြင့် တိုင်ချက်ဖွင့်သူ များတွင် အမျိုးသမီး အများစု ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃ဝ နှစ်အရွယ် ကြားရှိ အမျိုးသမီးများ အလုပ်သွား အလုပ်ပြန်ရာမှ ပျောက်ဆုံး ခဲ့ကြောင်း၊ ၁ဝ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုမှာ ၁ဝ မှုခန့်သာ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

Tuesday, February 9, 2016

ဖားကန့်မြို့နယ်တွင် တရားမ၀င် သယ်ဆောင်လက်သည့် ကျပ်သိန်း ၉၀၀ ခန့်တန်ဖိုးရှိ အမိုနီယမ်နိုက်ထရိတ် များ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၉-၂-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက်ည ၁၁ နာရီခန့်တွင် ဆိပ်မူကျေးရွာ အုပ်စု၊ မိုးကာကျေးရွာ အနီး ယာဉ်မောင်း မင်းသန်းဦး ၂၅ နှစ်(ဘ) ဦးသန်းနိုင် မောင်းနှင်ပြီး မျိုးလင်း ၂၂ နှစ် (ဘ) ဦးသန်းမောင် တို့ လိုက်ပါလာသော နစ်ဆန်း အမျိုးအစား (အဖြူရောင်) ၁၂ ဘီးယာဉ်ပေါ်မှ မိုးကာဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင် လာသည့် အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ၄ဝ ကီလိုဂရမ်ပါ ၆ဝဝ အိတ်နှင့် ယာဉ်မောင်း ဇင်ကိုသက် ၂၂ နှစ် (ဘ) ဦးမောင်ထွေး မောင်းနှင်ပြီး အောင်နိုင်စိုး ၁၇ နှစ်(ဘ) ဦးအောင်ခင် တို့ လိုက်ပါလာသော နစ်ဆန်း အမျိုးအစား (အဖြူရောင်) ၁၂ ဘီးယာဉ်ပေါ်မှ မိုးကာဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင် လာသည့် အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ၄ဝ ကီလိုဂရမ်ပါ ၆ဝဝ အိတ်၊ စုစုပေါင်း အမိုနီယမ် နိုက်ထရိတ် ၁၂ဝဝ အိတ်၊ ကာလတန်ဖိုး ကျပ်သိန်း ၉ဝဝ ခန့်အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသော တရားခံ၊ ယာဉ် နှင့် အမိုနီယမ် နိုက်ထရိတ် အိတ်များအား ဖားကန့်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Wednesday, January 27, 2016

ရန်ကုန်မြစ်ဝအနီး၌ ဗီယက်နမ်ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အား စစ်ဆေး အရေးယူသွားမည်


နစ်မြုပ်သွားသည့် ဗီယက်နမ် ကုန်တင်သင်္ဘောမှ သင်္ဘောသားများကို ကယ်တင်လာစဉ်

ရန်ကုန် ၊ ၂၇-၁-၂၀၁၆

မြန်မာ့ ပင်လယ်ပြင် ရန်ကုန်မြစ်ဝ ရေကြောင်းပြ စခန်းအနီးတွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောသည် ကျောက်ကြိုးပြတ်ပြီး ဆီတင်သင်္ဘော ကို ၀င်တိုက်ကာ ယင်း ကုန်တင်သင်္ဘော နစ်မြုပ်မှု ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA)မှ ဖြစ်စဉ် အသေးစိတ်အား စစ်ဆေးကာ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။

''နစ်မြုပ်သွားတဲ့ ဗီယက်နမ် နိုင်ငံသားပိုင် MV DONG THIEN PHU SILVER ဘိလပ်မြေတင် သင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသား ၁၄ ဦးမှာ ၁၃ ဦးကတော့ အတိုက်ခံရတဲ့ ဆီတင်သင်္ဘော ပေါ်ကို ရောက်အောင် ဆီတင် သင်္ဘောသား တွေက အမြန်ဆုံး ကယ်တင်နိုင်ခဲ့တယ်။ တစ်ဦးကတော့ ပင်လယ်ထဲ မျောပါသွား ပါတယ်။ နစ်မြုပ်တဲ့ သင်္ဘောက ဦးပိုင်းလေးပဲ ပေါ်နေတာကြောင့် တပ်မတော် (ရေ)က ရောက်လာပြီး ရေနစ်မြုပ် သင်္ဘောမှာ ပါတဲ့ နိုင်ငံခြားသား သင်္ဘောသား တွေကို အတိုက်ခံရတဲ့ ဆီတင်သင်္ဘော ကနေ တစ်ဆင့် ခေါ်ဆောင်ခဲ့ပြီး နန်းသီတာ ဆိပ်ကမ်းကို ည ၁၁ နာရီ မိနစ် ၄ဝ မှာ လာပို့တယ်။ ဒါကို ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ နစ်မြုပ်သွားတဲ့ သင်္ဘော ကိုယ်စားလှယ် တွေနဲ့ တာဝန်ရှိသူတွေက လက်ခံခေါ်ဆောင် သွားပြီး ပြုစု စောင့်ရှောက်လို့ အခုအချိန် မှာတော့ အားလုံးဒဏ်ရာ အနာတရမရှိ ကောင်းသွား ပါပြီ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ရေကြောင်း ဌာနမှူးချုပ် ဦးအောင်ကျော်ထူး က ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်မြစ် ရေပိုင်နက် ရေမိုင် ၂၄ မိုင်အကျော် ပင်လယ်ဝမှ ၂ မိုင်ခွဲကျော်အကွာ လတ္တီတွဒ် ၁၆ ဒီဂရီ ၁၁ ဒသမ ၉၅ မိနစ် (မြောက်) လောင်ဂျီတွဒ် ဝ၉၆ ဒီဂရီ ၁၉ ဒသမ ၄၉ မိနစ် (အရှေ့)တွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောမှ ကျောက်ကြိုး ပြတ်မျောကာ မလှမ်းမကမ်း အကွာတွင် ကျောက်ချ ထားသော ဆီတင်သင်္ဘော ဦးပိုင်းအား ခါးလယ်ပိုင်းဖြင့် အရှိန်ပြင်းစွာ ဝင်ဆောင့် တိုက်မိခဲ့ရာ ခါးလယ်ပိုင်း သင်္ဘော ဝမ်းပေါက်၍ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA) ဒေါပုံမှ သင်္ဘော ကျောက်ကြိုးပြတ် မျောပါမှုသည် နေ့လယ်ပိုင်း ဖြစ်ပြီး ယင်း အချိန်တွင် သင်္ဘောသား များ၏ တာဝန် ထမ်းဆောင်မှု၊ အရေးပေါ် ဆောင်ရွက်ချက် များ လိုက်နာမှု ရှိ မရှိတို့အား တာဝန်ရှိ သူတို့က စစ်ဆေး ဆောင်ရွက်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Wednesday, January 13, 2016

ဧရာဝတီမြစ်ကြောင်းသွား ရေယာဉ်အချို့ ညအိပ်ရပ်နားထားစဉ် အုပ်စုဖွဲ့လူတစ်စု၏ တိုက်ခိုက်လုယက်ခံရမှုများ ဖြစ်ပေါ်



ကသာ ၊ ၁၃-၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ၊ မန္တလေးမြို့မှ ဧရာဝတီ မြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့သို့ စက်သုံးဆီများ သွားရောက် ပို့ဆောင်သည့် ရေယာဉ်ကြီး နှစ်စင်းသည် ဇန်န၀ါရီ ၉ ရက် သန်းခေါင်ကျော် မိနစ် ၃၀ ခန့်က မတ္တရာမြို့နယ် ၊ ဥဒိမ်ကျေးရွာ အုပ်စု ၊ သူဌေးကုန်းကျေးရွာ အနီး ဧရာဝတီ မြစ်ကြောင်းအတွင်း ညအိပ် ရပ်နားရန် ရေယာဉ်ဆိုက်ကပ် ထားစဉ် တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ ၁၂ ဦးခန့်က ဟွန်ဒါစက်တပ် ပွဲချိတ် ၂ စီးဖြင့် ရောက်ရှိလာပြီး လေးခွ ကုန်းသီများဖြင့် ပစ်ခတ်တိုက်ခိုက် ကာ ၄င်း ရေယာဉ်ပေါ်ရှိ သင်္ဘောသားများ ထံမှ ငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၉ လုံးတို့ကို လုယက်ယူငင် သွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ထားသည့် လူ ၁၂ ဦးခန့်သည် မြစ်ကြောင်း အတိုင်း စုန်ဆင်းသွား ခဲ့ပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ညအိပ်ရပ်နားရန် ဆိုက်ကပ်ထားသည့် ရေ ယာဉ် နောက်တစ်စီးကို အလားတူ ထပ်မံ တိုက်ခိုက်ခဲ့ပြီးနောက် ၄င်းရေယာဉ်ပေါ်မှ ငွေကျပ် သိန်း ၂၀ နှင့် လက်ကိုင်ဖုန်း ၁၂ လုံးတို့ကို လုယူသွားကြောင်း သိရသည်။

" လေးခွကုန်းသီ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ငွေကြေးနဲ့ လက်ကိုင်ဖုန်းများ လုယက်ခံရသည့် ရေ ယာဉ်နှစ်စင်း ကတော့ စိန်စွန်ညို ရေယာဉ်နဲ့ အေးချမ်းမြန်မာ (၁) ရေယာဉ်များ ဖြစ်ပါတယ် " ဟု မတ္တရာ မြို့မရဲစခန်း မှ အတည်ပြု ပြောကြားသည်။

ထို့ကြောင့် တုတ် ၊ ဓား ၊ လေးခွများ ကိုင်ဆောင်ကာ အုပ်စုဖွဲ့၍ ရေယာဉ်များ ညအိပ် ရပ်နားထားစဉ် ပစ်ခတ်တိုက်ခိုက်၍ ငွေကြေးနှင့် လက်ကိုင်ဖုန်းများ လုယက်ယူငင် ထွက်ပြေးတိမ်းရှောင် သွားသူများ နောက်သို့  မတ္တရာမြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူး အေးမင်း နှင့်အဖွဲ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။ (၁၅၄)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Monday, September 14, 2015

ဆင်ခြေဖုံးမြို့နယ် အချို့၌ ဆိုင်ကယ်ဖြင့် လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားလျက်ရှိ


ရန်ကုန် ၊ ၁၄-၉-၂၀၁၅

ဆင်ခြေဖုံးမြို့နယ် တချို့၌ ယခုလပိုင်းများ အတွင်း ဆိုင်ကယ်ဖြင့် လမ်းဘေးတွင် လမ်းလျှောက် နေသူများနှင့် ရပ်နေသူများ ထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ လုယက်မှု အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။

''ည ၇ နာရီလောက် လမ်းထိပ်မှာ ရပ်ပြီး ဖုန်းပြောနေတုန်း ဆိုင်ကယ်တစ်စီးက ဘေးကနေ ဖုန်းကိုလှမ်းလုပြီး မောင်းပြေး သွားတယ်။ လိုက်တော့လည်း သူတို့က ဆိုင်ကယ်နဲ့ ဆိုတော့ လိုက်မမီ တော့ဘူး။ အခုတလော ဆိုင်ကယ်တွေနဲ့ လုယက်တာတွေ အများဆုံး ဖြစ်နေတာ ကြားနေရတယ်''ဟု မြောက်ဥက္ကလာပ မြို့နယ်၌ နေထိုင်သည့် လက်ကိုင်ဖုန်း လုယက်ခံရသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်များဖြင့် လုယက်မှု အများဆုံး ဖြစ်ပွားလျက် ရှိသည့် မြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စသည့် ဆင်ခြေဖုံးမြို့နယ် များ၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

''အခုရက်ပိုင်းမှာ လူနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ပေါ် ကနေ နောက်ကစီး လာတဲ့သူက လက်ကိုင်ဖုန်း တွေကို ယူသွားလို့ လာတိုင်တာ လေးမှုလောက် ရှိသွားပြီ။ ကျွန်တော်တို့ အနေနဲ့လည်း လုယက်တဲ့ လူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရပ်မိရပ်ဖ တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင် နေပါတယ်''ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးနင်း လုယက်မှု အများဆုံး ဖြစ်ပွားတတ်သည့် အချိန်မှာ ညပိုင်းအချိန် များနှင့် နံနက် အစောပိုင်း အချိန်များတွင် အများဆုံး ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (ချမ်းချမ်းကို)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

Thursday, September 3, 2015

ရန်ကုန်တောင်ပိုင်းခရိုင် အတွင်း ပြေးဆွဲယာဉ်လိုင်း များအား အုပ်စုဖွဲ့လုယက်မှု နှင့် ငွေညှစ်မှု ပိုမိုဖြစ်ပွားလာ



ရန်ကုန် ၊ ၃-၉-၂၀၁၅

ရန်ကုန် တောင်ပိုင်းခရိုင် ဒေသအတွင်း သန်လျင်- ရန်ကုန်၊ ရန်ကုန် ကျောက်တန်း ပြေးဆွဲနေသာ မော်တော်ယာဉ် လိုင်းများမှ မော်တော်ယာဉ် များအား အုပ်စုဖွဲ့ လုယက်မှုနှင့် ငွေညှစ်မှု များမှာ သြဂုတ်လ အတွင်း ပိုမိုဖြစ်ပွား လာကြောင်း တောင်ပိုင်း ခရိုင်အတွင်း ပြေးဆွဲနေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် သြဂုတ်လ အတွင်း ပိုမိုဖြစ်ပွား လာခြင်းများ ကြောင့် ယင်းဒေသ အတွင်း ပြေးဆွဲ နေသော ယာဉ်မောင်း များသည် စိုးရိမ်မှုများဖြင့် မောင်းနှင်နေကြ ရကြောင်း၊ ဖြစ်ပွားမှု များသော နေရာများသည် သန်လျင်မြို့နယ် နတ်စင်တစ်ရာ မှတ်တိုင်နှင့် ကျိုက်အင်း မှတ်တိုင် အကြားတို့ ဖြစ်ကြောင်း၊ လုယက်သူ များသည် အများအားဖြင့် မော်တော်ယာဉ် နောက်လိုက်များ ထံမှ ဓားထောက် လုယက်ခြင်းများ ဖြစ်ပြီး နေ့စဉ် မောင်းနှင်ရခြင်း များကြောင့် အသက်အန္တရာယ် ရှိသဖြင့် သက်ဆိုင်ရာသို့ မတိုင်ရဲ ကြကြောင်း၊ ယင်းဖြစ်ရပ်များ ထပ်မံ မဖြစ်ပွား စေရေးအတွက် သက်ဆိုင်ရာမှ အရေးယူ ပေးစေ လိုကြောင်း သိရသည်။

လုယက်မှု ဖြစ်စဉ်များ ဖြစ်ပွားသော နေရာများသည် ယခင်က မည်သည့် မှုခင်း ဖြစ်စဉ်များ မရှိခဲ့ သော်လည်း ယခု နောက်ပိုင်းတွင် တခြားသော ဒေသများမှ ပြောင်းရွှေ့ လာရောက် နေထိုင်သူများ ထဲတွင် ဒုစရိုက်မှု ကျူးလွန်သူများ ပါဝင်လာကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

Thursday, August 27, 2015

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အနေဖြင့် လူကုန်ကူးမှု ၇၄ မှုဖြစ်ပွား


ရန်ကုန် ၊ ၂၇-၈-၂၀၁၅

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်မှုများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး အကဲဖြတ်ခြင်း နှင့် အစီရင်ခံခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၅ ခုနှစ် သြဂုတ် ၂၅ ရက်အထိ လူကုန်ကူးမှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၁၂ မှုကို အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၃၆ မှု၊ ၂ဝ၁၂ ခုနှစ်တွင် လူကုန်ကူးမှု ၁၂ဝ မှု၊ ၂ဝ၁၃ ခုနှစ်တွင် လူကုန်ကူးမှု ၁ဝ၂ မှုနှင့် ၂ဝ၁၄ ခုနှစ်တွင် လူကုန်ကူးမှု ၁၂၄ မှု ဖြစ်ပွားခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်း စီမံချက်များ အရှိန်အဟုန်မြှင့် အကောင် အထည် ဖော်ဆောင်ရွက် မှုကြောင့် ဇူလိုင် ၂၇ ရက်တွင် အမေရိကန် နိုင်ငံ မှ ထုတ်ပြန်သည့် ၂ဝ၁၅ ခုနှစ် အစီရင် ခံစာတွင် မြန်မာနိုင်ငံကို Tier 2 Watch List အဆင့်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ စာချုပ် ဖြစ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်း ကော်မတီ သုံးခုကို ဖွဲ့စည်းခဲ့ပြီး တားဆီး ကာကွယ်ရေး၊ တရား စွဲဆိုရေး၊ လူကုန်ကူးခံ ရသူများကို အကာအကွယ် ပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက် နိုင်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ်စီမံကိန်း ရေးဆွဲပြီး နှစ်စဉ် လုပ်ငန်း စီမံချက်များဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

ကောင်းစစ်နိုင်

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger