www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Wednesday, January 2, 2019

၂ဝ၁၈ ခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်

၂ဝ၁၈ ခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်
-
ရန်ကုန်  ဇန်နဝါရီ   ၁ 
-
၂ဝ၁၈ ခုနှစ်က အနောက်နိုင်ငံမှ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုမှာ သာမန်ထက် ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများမှ  ခရီးသွားများ လာရောက်မှုမှာ ပုံမှန်အတိုင်း ရှိနေကြောင်း၊ အာရှဒေသတွင်း နိုင်ငံများအနက်  ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ   လာရောက်မှုအများဆုံး ဖြစ်ခဲ့ကြောင်း  ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ 
-
၂ဝ၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာနိုင်သော အခြေအနေမျိုးရှိကြောင်း ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု  ကုမ္ပဏီဖြစ်သည့်  Global Asia Myanmar ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ဘုန်းနိုင် ကပြောသည်။ ''လာရောက်တာ များပြားတတ်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ သူတို့ရဲ့ အလေ့ အထနဲ့ ကိုက်ညီအောင်ပြင်ဆင်ရင်း ဧည့်သည်တွေရဲ့ နှစ်သက်အားပေးမှုတွေကို ရရှိစေနိုင်သလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။ 
-
ထို့ပြင် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ခရီးသွားလုပ်ငန်းဖြစ်သည့် ASTA နှင့်မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့သည်  ဇန်နဝါရီ ၁၃ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)  လက်မှတ်ရေးထိုးရန် ရှိနေပြီး ယင်းအတွက်ကြောင့်   အမေရိကန် နိုင်ငံသားခရီးသွား ဧည့်သည်များ    ပိုမို လာရောက်နိုင်မည့် အခြေအနေမျိုး ဖြစ်စေကြောင်း သိရသည်။ ''ဈေးကွက်ကတော့ တော်တော်လေးနှေး နေသေးတယ်။ တခြားနိုင်ငံတွေကိုလည်းသွားပြီးတော့  ပရိုမိုးရှင်းတွေ လုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိုလာမယ့် ခရီးသည်တွေကိုလည်း သူတို့နိုင်ငံ ကအေးဂျင့်တွေက ဘယ်နေရာကို သွားသင့်တယ်၊ မသွား သင့်ဘူးဆိုတာမျိုး ရှိတယ်။ အဲဒီမှာပါ ပရိုမိုးရှင်း ကောင်းကောင်းလုပ်နိုင်ရင် အများ ကြီးအကျိုးရှိမှာပါ။ လောလောဆယ် ဂျာမန်၊ စပိန်နဲ့ ပြင်သစ်တွေတော့ လာဖို့ အခြေအနေ ပိုကောင်းနေတယ်'' ဟု  ဧည့်လမ်းညွှန်  ဒေါ်အေးအေးခိုင် ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, August 4, 2017

(၂၉) ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး ပြင်ဦးလွင်-ရန်ကုန် အသွားအပြန် မိုင်တစ်ထောင်ကျော် တစ်ကိုယ်တော်လမ်းလျှောက်သူ မန္တလေးမြို့သို့ ရောက်ရ



မန္တလေး ၄-၈-၂၀၁၇

(၂၉) ကြိမ်မြောက် ဆီးဂိမ်း အောင်နိုင်ရေး၊ မြန်မာနိုင်ငံ စိမ်းလန်း စိုပြည်ရေးနှင့် မြန်မာနိုင်ငံ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲသူ ပပျောက်ရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြင်ဦးလွင်-ရန်ကုန် အသွားအပြန် မိုင်တစ်ထောင်ကျော် တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးကျော်ကျော်ဝင်း (ခ) ဦးနေမင်း (ခ) ဗိုလ်စနေသည် ယနေ့ နံနက် ၈ နာရီမိနစ် ၃ဝ က မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်မှစတင်ကာ တစ်ကိုယ်တော် လမ်းလျှောက်မှုကို စတင်ခဲ့သော ဦးကျော်ကျော်ဝင်းသည် သတ်မှတ်ခရီးစဉ် အတိုင်းဆက်လက် လျှောက်သွားမည် ဖြစ်ပြီး ၎င်းသည် မန္တလေးမြို့ ဘုရားကြီးရပ်ကွက် သားဖြစ်ကာ ပြင်ဦးလွင်မြို့ အနီးစခန်း ရပ်ကွက်ကြီး (၁၅) ဖောင်းတောစံပြ ကျေးရွာတွင် နေထိုင်ပြီး (ယခင်က) မန္တလေး စည်ပင်သာယာရုံး ကိုယ်စားပြုပြိုင်ဘီး အားကစားသမားဖြစ်ကာ ယခုအခါ ဆိုင်ကယ်ရှိုးပွဲနှင့် ဆိုင်ကယ်တီထွင်မှု ပြိုင်ပွဲများ ဝင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, January 17, 2017

ယာဉ်လိုင်းများ တံဆိပ်ပြောင်းလဲမှု အချိန်မီမပြီးစီးသဖြင့် လိုင်းသစ်စတင်သည့်ရက်တွင် ကားမှတ်တိုင်များ၌ ခရီးသည်များ စုပြုံနေ




ရန်ကုန် ၊ ၁၇-၁-၂၀၁၇

ရန်ကုန် အများပိုင် ယာဉ်လိုင်းများ ပြေးဆွဲရာ၌ ယာဉ်လိုင်း တချို့တွင် ယာဉ်လိုင်း တံဆိပ်များ ပြောင်းလဲ တပ်ဆင်မှု အချိန်မီပြီးစီးမှု မရှိသောကြောင့် အစီးရေ အပြည့်အဝ ပြေးဆွဲ နိုင်ခြင်းမရှိသဖြင့် ယာဉ်စီးနင်း သူများ မှတ်တိုင်၌ စုပြုံနေကြောင်း သိရသည်။

ယာဉ်လိုင်းများကို မ-ထ-သ တံဆိပ်ခွာ၍ YBS တံဆိပ် ပြောင်းလဲ တပ်ဆင်ရာတွင် အချိန်မီ ပြီးစီးမှု မရှိခြင်းနှင့် တချို့သော ယာဉ်လုပ်သားများ အနေဖြင့် ညလုံးပေါက် တံဆိပ်ကပ် ရသဖြင့် နံနက်ပိုင်းတွင် ယာဉ်မလိုက်
နိုင်ခြင်းတို့ကြောင့် ယာဉ်လိုင်းသစ် စတင်သည့် ရက်တွင် မှတ်တိုင်များသို့ ယာဉ်ရောက်မှု နည်းပါးရခြင်း ဖြစ်ကြောင်း YBS ၂၁ မှ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး ကပြောသည်။

ယာဉ်လိုင်းသစ် စတင်ရမည့် ရက်တွင် ဝင်ရောက် ပြေးဆွဲနိုင်သော ယာဉ်လိုင်းမှာ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကျန်ရှိသော ယာဉ်များမှာ တံဆိပ်ပြောင်းလဲ ကပ်ရန် ကျန်ရှိခြင်း နှင့် ယာဉ်လုပ်သားများ အချိန်မီ လာရောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ပြေးဆွဲမည့် ဘတ်စ်ကား များကို ဂိတ်မှငါးမိနစ် တစ်စီးနှုန်း လွှတ်ပေး၍ ရုံးချိန်အတွင်း နှစ်မိနစ် တစ်စီးနှုန်း ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောင်းလဲ ပြေးဆွဲပေးသည့် ယာဉ်လိုင်းများမှ သိရသည်။

သို့ရာတွင် ယမန်နေ့ နံနက်ပိုင်းတွင် ယင်းကဲ့သို့ သတ်မှတ် ပြေးဆွဲပေး နေသော်လည်း ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများ ရှိနေသဖြင့် သတ်မှတ်ချိန် အတိုင်း မှတ်တိုင်များ၌ ယာဉ်လိုင်းများ အချိန်မီ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွား ပြည်သူများ အနေဖြင့် ဘတ်စ်ကား အစီးရေ ပြေးဆွဲမှု နည်းပါးသဖြင့် သွားလာမှု အဆင်ပြေစေရေး အတွက် အငှားယာဉ်များ ငှားရမ်းသွားလာ နေရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

YBS ယာဉ်လိုင်းများတွင် ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှုမရှိ ၊ ကိုယ်ပိုင်ယာဉ်များဖြင့် အခမဲ့ပြေးဆွဲပေးမှုများ ရှိနေ




ရန်ကုန် ၊ ၁၇-၁-၂၀၁၇

YBS (ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု) ယာဉ်လိုင်းစနစ် စတင် အကောင် အထည်ဖော်သည့် ယမန်နေ့ နံနက်ပိုင်းတွင် ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှု မရှိသေးသည့် အတွက် ကိုယ်ပိုင်ယာဉ် များဖြင့် အခမဲ့ ပြေးဆွဲပေးမှု များလည်း ရှိကြောင်း သိရသည်။

YBS (ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု) ယာဉ်လိုင်းစနစ်ကို ယခင် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအောက်ရှိ ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်တွင် ယာဉ်လိုင်း ၇ဝ ဖြင့် ပြောင်းလဲ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

''အခု ကျွန်မတို့ သန်လျင်ကနေ လမ်း ၃ဝ ကိုသွားရမှာ။ သန်လျင်နံပါတ် ၃၁ က ဗိုလ်တထောင် ဘုရားအထိပဲ ရောက်တော့ အဆင်မပြေဘူး။ ပန်းဆိုးတန်း အထိ ဆွဲပေးနိုင်ရင် လမ်း ၃ဝ ကို လမ်းလျှောက်တော့ သိပ်မဝေးဘူး။ ပြောင်းစီးရမယ့် ကားက လာတော့လာတယ်။ ဒါပေမဲ့ စီးတဲ့သူတွေ များတော့ လိုက်မရဘူး။ အခုတောင် ဆူးလေကို အခမဲ့လိုက်ပို့တဲ့ ကိုယ်ပိုင်ကားနဲ့ ကြုံလို့ လိုက်လာရတယ်'' ဟု ခရီးသည် မသူဇာ ကပြောသည်။ပြောင်းလဲလိုက်သည့် YBS စနစ်တွင် ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသော မီနီဘတ်စ် ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းများ သည် ရန်ကုန်မြို့တွင်း သို့ တစ်ဆင့်ပြန်လည် ပြေးဆွဲရာတွင် ယာဉ်အစီးရေနှင့် လူဦးရေ မျှတမှု မရှိခြင်းကြောင့် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ မှတ်တိုင်မှာ လူတွေ များနေလို့ ဆူးလေဘက်ကို သွားမယ့်လူတွေ ကို တင်သွား လိုက်တာပါ။ ကျွန်တော့်လိုပဲ တင်သွားတဲ့ တခြားကိုယ်ပိုင်ကား တွေအများကြီး ပါပဲ။ အစဆိုတော့ ကားနဲ့ လူနဲ့မမျှဘူး ဖြစ်နေတယ်။ နောက်နေ့တွေ မှာတော့ အဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်'' ဟု ကိုယ်ပိုင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ပေးသူ တစ်ဦးက ပြောသည်။

ယမန်နေ့စတင် ပြောင်းလဲလိုက်သည့် YBS စနစ်ကို ယာဉ်လိုင်း ၆၁ လိုင်းနှင့် နောက်တိုး ယာဉ်လိုင်း ကိုးလိုင်းတို့ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Friday, December 23, 2016

အင်းဝမြို့ဟောင်းရှိ ကုန်းဘောင်ခေတ်လက်ကျန် ရှေးဟောင်းဆင်ကျုံးခံတပ် ကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာ



အင်းဝ ၊ ၂၃-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း တွင် ကုန်းဘောင်ခေတ် လက်ကျန် ရှေးဟောင်းဆင်ကျုံး ခံတပ်သို့ ယခုအခါတွင် ပြည်တွင်းပြညပ် ခရီးသွားဧည့်သည် အများအပြား လာရောက် လေ့လာ
လည်ပတ်လျက် ရှိကြောင်း သိရသည်။

မန္တလေး၊ စစ်ကိုင်း၊ အင်းဝ နှင့် ဧရာဝတီ မြစ်ကမ်းပေါ်တွင် ကုန်းဘောင်ခေတ် က တည်ဆောက်ခဲ့သည့် ခံတပ်သုံးခု ရှိရာ ဆင်ကျုံးခံတပ်၊ စစ်ကိုင်းခံတပ် (ခ) အစေခံခံတပ် နှင့် မန္တလေးဘက်ခြမ်း၊ စစ်ကိုင်း တံတားဟောင်း အနီးတွင် သပြေတန်းခံတပ် တို့ဖြစ်သည်။ ယခုအခါ အင်းဝမြို့ဟောင်းရှိ ဆင်ကျုံးခံတပ် သည် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း ဆင်ကျုံးကျေးရွာ မှ ဒေသခံတစ်ဦး ထံမှ သိရသည်။

''ဒီအချိန်က ခရီးသွားရာသီ ဆိုတော့ ဒီ ဆင်ကျုံးခံတပ်ကို လာရောက် လေ့လာသူ များပါတယ်။ ခံတပ်က ဧရာဝတီမြစ် ကမ်းဘေးမှာ ဆိုတော့ ဧရာဝတီမြစ်ရဲ့ သဘာဝအလှ ကိုလဲ လေ့လာလို့ ရတော့ လာရောက် လေ့လာသူ များပါတယ်။ ခံတပ် အတွင်းမှာရှိတဲ့ အမြောက်ကြီးတွေ၊ လက်နက်တိုက် တွေကိုလဲ အနီးကပ် ဝင်ရောက် လေ့လာလို့ ရပါတယ်။ ရှေးခေတ်မြန်မာ လူမျိုးတွေရဲ့ ခံတပ် တည်ဆောက်ပုံ ကိုလဲ လေ့လာလို့ ရပါတယ်''ဟု ဆင်ကျုံးကျေးရွာ မှ ဒေသခံတစ်ဦး က ပြောပြသည်။

အင်းဝမြို့ဟောင်း ရှိ ဆင်ကျုံးခံတပ် ကို မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီး လက်ထက်တွင် အိမ်ရှေ့စံ ကနောင် မင်းသားကြီး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောမင်းကြီး ဦးဖိုးလှိုင် တို့၏ စီမံမှုဖြင့် အီတလီလူမျိုး ကွန်မိုတို က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ် ခဲ့သည်။

ဆင်ရိုင်းများကို ကျော့သော ကျုံးကို ပြုပြင်ဆောက်လုပ် ထားသောကြောင့် ဆင်ကျုံးခံတပ် ဟု ခေါ်ဆိုကြောင်း ၊ ခံတပ်၏ တည်ဆောက်ပုံမှာ စတုရန်းပုံ ဖြစ်ပြီး အုတ်တံတိုင်း သုံးထပ် ပါရှိကြောင်း၊ ခံတပ်ပတ်လည်တွင် ကျုံးရှိပြီး အုတ်ရိုးများဖြင့် တည်ဆောက် ထားကြောင်း သိရသည်။

အပြင် တံတိုင်းမှာ ၃၅၅ပေ ပတ်လည်ရှိပြီး အလယ်တံတိုင်းမှာ ၂၉၃ ပေ၊ တံတိုင်း နှစ်ခုကြားတွင် ၃၁ ပေကျယ်သော ကျုံးရှိကြောင်း၊ အတွင်းဘက်တွင် တစ်ဖက်လျှင် ၂၁၃ ပေရှည်လျားသော အုတ်တံတိုင်း ရှိပြီး အပြင်ဘက်မှ မြေကြီးများ ဖြည့်ကာ ကတုတ်သဖွယ် ပြုလုပ်ထားကြောင်း၊ ခံတပ်၏ မြောက်ဘက် သရဲပြေးပေါ်၌ ဆုံလည် အမြောက်များ၊ စိန်ပြောင်းများ၊ သေနတ်များ ထားရာ စက်ဝိုင်း ပုံသဏ္ဌာန် အုတ်စီ အဝိုင်းပေါက်များ ပြုလုပ်ထားကြောင်း၊ အတွင်း၌ လက်နက်တိုက်နှင့် ယမ်းတိုက်များ ပါဝင်ကြောင်း မှတ်တမ်းများ အရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ကမ်းပါးနီကျောက်ခေတ် ယဉ်ကျေးမှုဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက်နိုင်ရန် လမ်းဖောက်မည်



ရွာငံ ၊ ၂၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် အတွင်းရှိ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများကို ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက် လေ့လာနိုင် စေရန် လမ်းဖောက်လုပ်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အဆိုပါ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုလက်ရာ များကို ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လေ့လာ ရာတွင် အဆင်ပြေမှု ရှိစေရန် လမ်းဖောက် လုပ်ခြင်း သာမက နားနေဆောင် များနှင့် သန့်စင်ခန်းများ ကိုပါ တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများ မပျက်စီးစေရေး အတွက် ခြံကာရံခြင်းနှင့် ပြဒါးလင်းဂူကို ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုဒေသကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ငွေကျပ် သိန်း ၄ဝဝ ခန့် အကုန်အကျခံကာ ပြုပြင် ထိန်းသိမ်းလျက် ရှိရာ နိုဝင်ဘာလကုန် တွင် မိုးရွာသွန်းမှု ကြောင့်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားရာမှ ယခုအခါ ပြန်လည် ဆောင်ရွက်လျက် ရှိသည်။

လမ်းဖောက်လုပ် ရာတွင် တောင်တက်လမ်းများ ဖြစ်ခြင်းကြောင့် စနစ်တကျ ဖောက်လုပ်မည် ဖြစ်ပြီး လမ်းပြီးစီးပါက ပြည်တွင်းပြည်ပ ခရီးသွားများ ယင်းဒေသသို့ လာရောက်မှု တိုးတက်လာမည့် အပြင် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, November 30, 2016

စင်ကာပူနိုင်ငံရှိ အထင်ကရ နေရာများသို့ လည်ပတ်နိုင်ရန် ၀င်ခွင့်ကတ်များ ရောင်းချလျက်ရှိ


The Singapore Flyer Cost

ရန်ကုန် ၊ ၃၀-၁၁-၂၀၁၆

စင်ကာပူ-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ကို ဒီဇင်ဘာ ၁ ရက်မှစ၍ ရရှိမည်ဖြစ်ပြီး ယင်းဗီဇာ ကင်းလွတ်ချိန် တွင် စင်ကာပူ နိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်မည့် ဝင်ခွင့်ကတ် ကို စင်ကာပူနိုင်ငံ ချန်ဂီး လေဆိပ်ရှိ စင်ကာပူ အဲလိုင်း (Silk Air) ကောင်တာ၌ ဝယ်ယူနိုင်မည် ဖြစ်ကာ ယင်း အဲလိုင်းရုံး ၌လည်း ဝယ်ယူနိုင်ရန် စီစဉ် ထားကြောင်း စင်ကာပူ အဲလိုင်း မန်နေးဂျင်း ဒါရိုက်တာ Ms.Jeanette Lee ထံမှ သိရသည်။

''အဲလိုင်းအနေနဲ့ Singapore Explorer Pass  လို အထူးအစီအစဉ် တွေနဲ့ စင်ကာပူ နိုင်ငံကို မြန်မာနိုင်ငံသား တွေ အလွယ်တကူ လည်ပတ်သွားလာ နိုင်အောင် ကြိုးစားပေး နေမှာပါ။ ဒီကတ်ကို ရက်အလိုက် ဝယ်ယူလို့ ရပါတယ်'' ဟု Singapore Explorer Pass က ပြောသည်။

ထို Singapore Explorer Pass တွင် စင်ကာပူနိုင်ငံ၏ အထင်ကရ နေရာများ ဖြစ်သည့ှ်Singapore Zoo ၊ Sentosa ၊ Gradens by the Bay နှင့် Singapore Flyar စသည့် နေရာများသို့ သွားရောက် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး တစ်ရက်စာ ဝင်ခွင့်ကတ်မှာ အမေရိကန် ဒေါ်လာ ၄၃ ဒေါ်လာဖြစ်၍ ယင်းကတ်မှာ အမျိုးအစားပေါင်း ၁၈ မျိုးအထိ အသုံးပြု နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, November 16, 2016

အင်းလေးကန်အတွင်း စက်လှေများမှ ထွက်သည့် လေထု ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှုများကို လျှော့ချမည့် စီမံကိန်းချမှတ် ဆောင်ရွက်မည်



တောင်ကြီး ၊ ၁၆-၁၁-၂၀၁၆

အာဆီယံ အမွေအနှစ် စာရင်းဝင်တစ်ခု အဖြစ် သတ်မှတ်ခံထား ရသည့် အင်းလေးကန် အတွင်း စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့် ဖြစ်ပေါ် လာနိုင်သည့် လေထု၊ ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Save The Inle Lake အဖွဲ့မှ သိရသည်။

ယင်းစီမံကိန်းကို Noice & Air Pollution Reduction Pilot Project ဟုအမည် ပေးထားပြီး အင်းလေးဒေသ ခရီးသွား ပို့ဆောင်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်သည့် လေထု၊  ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း စက်လှေ အစင်းရေ ၃ဝ ခန့်ဖြင့် စတင် ဆောင်ရွက်မည် ဖြစ်ပြီး အင်းဒေဝီကန် လှေလုပ်ငန်း အဖွဲ့က စက်ပိုင်းဆိုင်ရာ နည်းပညာနှင့် အသိပညာပိုင်း ဆိုင်ရာ နည်းပညာ များ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန်သို့ နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှု များပြားလျက်ရှိပြီး စက်တပ်လှေ အသုံးပြုမှု များလာသဖြင့် စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များနှင့် ဆီယိုဖိတ်မှု များကြောင့် လေထု၊ ရေထု ညစ်ညမ်းမှု များနှင့် အသံဆူညံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, September 19, 2016

လှော်ကားသဘာဝဥယျာဉ် ၏ (၂၇)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

စက်တင်ဘာ ၃ဝ ရက်တွင် ကျရောက်မည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှော်ကားသဘာဝ ဥယျာဉ်၏ (၂၇)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် တိရစ္ဆာန် အစာများ အခမဲ့ဝေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လှော်ကားဥယျာဉ် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရဲလင်းစိုး ထံမှ သိရသည်။

အဆိုပါနေ့တွင် လှော်ကားသဘာဝ ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များကို အစာ ကျွေးမွေးရန် လာရောက်ကြသူ များအား တိရစ္ဆာန်အစာများ အခမဲ့ဝေခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း အစီအစဉ်များ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

တောရိုင်းတိရစ္ဆာန် များနှင့် ဆောင်းခို ငှက်များ လာရောက် ကျက်စားသည့် လှော်ကားနယ်မြေကို ၁၉၅၆ ခုနှစ်တွင် ဆဋ္ဌမ သင်္ဂါယနာတင် အထိမ်းအမှတ်အဖြစ် လှော်ကားကန် ပတ်ဝန်းကျင် ဒေသကို ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၈၁-၁၉၈၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တို့ ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသား ဥယျာဉ်များ တည်ထောင်ရေး စီမံကိန်း အစီအစဉ်အရ လှော်ကားသဘာဝ ဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်။

လှော်ကားသဘာဝ ဥယျာဉ်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု လေ့လာနိုင်စေရန် စတင်ဖွင့်လှစ် ပေးခဲ့သည်။ လှော်ကားသဘာဝ ဥယျာဉ်သည်
ရန်ကုန်မြို့နှင့် အနီးဆုံး သဘာဝဥယျာဉ် ဖြစ်ကာ ၆၂ ဧက ကျယ်ဝန်းသော တိရ စ္ဆာန် ဥယျာဉ်ငယ်၊ ၈၁၈ ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ်နှင့် ကြားခံနယ်မြေ ၆၆ဝ ဧကရှိကာ ကျေးငှက်တိရ စ္ဆာန် များကို သဘာဝအတိုင်း လေ့လာနိုင်သည့် နေရာဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Tuesday, May 10, 2016

မင်းကွန်းဒေသ၌ မိုးသက်လေပြင်း ကျရောက်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်သူ နည်းပါး



စစ်ကိုင်း ၊ ၁၀-၅-၂၀၁၆

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် မင်းကွန်းဒေသ သို့ ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ရာသီဥတု ပူပြင်းမှုနှင့် အတူ မကြာမီက မိုးသက်လေပြင်းများ ကျရောက် မှုကြောင့် ဧပြီ နောက်ဆုံးပတ်မှ စ၍ လာရောက်သူ မရှိသလောက် နည်းပါးသွား ခဲ့ကြောင်း မင်းကွန်း အမှတ်တရ ပစ္စည်းများ ရောင်းချသည့် ဈေးတန်းမှ ဆိုင်ရှင်များ၏ ပြောကြားချက် အရ သိရသည်။

''အရင်က ပြည်တွင်း ဧည့်သည်တွေက နေ့စဉ်ပုံမှန် နီးပါး လာကြတယ်။ ဒါ့အပြင် စနေ၊ တနင်္ဂနွေနေ့ တွေမှာ ပုံမှန်လာကြ ပါတယ်။ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အနေနဲ့ အခု နိုဝင်ဘာလက ဧပြီလလယ် အထိလို ပွင့်လင်း ရာသီမှာ အများအပြား လာရောက် ကြတယ်။ ဒါပေမဲ့ လက်ရှိမှာ ရာသီဥတု ပူပြင်းလွန်းတာနဲ့ မိုးသက်လေပြင်း ကျရောက် ခဲ့တာကြောင့် အလာကျဲ သွားပြီး ဘုရားဖူးကား တွေလည်း မလာကြပါဘူး။ ဒါကြောင့် အမှတ်တရ ပစ္စည်း ရောင်းချရမှု လည်း မရှိတော့ဘဲ ဈေးဦးမပေါက်တဲ့ နေ့တွေတောင် ရှိလာပါတယ်'' ဟု အမှတ်တရ ပစ္စည်း ရောင်းချနေသည့် မမော်မော် က ပြောသည်။

ပြည်ပမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် မန္တလေးသို့ ရောက်ပြီးလျှင် မင်းကွန်းဒေသသို့ သွားရောက် လေ့လာမှု များပြားပြီး မင်းကွန်း ခေါင်းလောင်းကြီး အား အထူး စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း ခရီးသွားများ လာရောက်မှု နည်းပါးသည့် အပြင် ပြည်ပခရီးသွား ဧည့်သည်များပါ လာရောက်မှု နည်းပါး ခြင်းကြောင့် ရေလမ်း ပြေးဆွဲနေသည့် မော်တော်များ ခရီးသည် ရရှိမှု နည်းနေကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, May 9, 2016

မွေးရပ်မြေကို စွန့်ခွာကြသူများ


မွေးရပ်မြေကို စွန့်ခွာကြသူများ

( မဒါလေး )

ငယ်စဉ်က ကြုံခဲ့ရသည့် မွေးရပ်မြေမှ သင်္ကြန်မြင်ကွင်း များကို ဟိုတစ်စ၊ သည်တစ်စ ပြန်လည် ဆက်စပ်ရင်း အတိတ်က ဖြစ်ရပ်တို့သည် စိတ်တွင် ရေးရေး ပေါ်လာသည်။ စာရေးသူတို့ ငယ်စဉ်က နေထိုင်ရာ အဘွားအိမ်ရှေ့ တွင် ကျွန်းရွာ လမ်းမကြီး ရှိသည်။ ကျွန်းရွာ လမ်းမကြီးတွင် သင်္ကြန်အခါ ဆိုလျှင် အစည်ကားဆုံး ဖြစ်သည်။ လူငယ်များ အုန်းလက်မဏ္ဍပ် ကိုယ်စီဖြင့် စုဖွဲ့ ရေလောင်းရေပက် ကြသည်မှာလည်း ပျော်စရာ ကောင်းလှသည်။ 

စာရေးသူတို့ မြို့မှလူငယ်များ သင်္ကြန် လည်ရာတွင် မိမိတို့ ကားပေါ်၌ အသံချဲ့စက်များ တင်ကာ ကြိုက်နှစ်သက်ရာ သီချင်းများ ဖွင့်ပြီး ရေပက်ခံ ထွက်ကြခြင်း ဖြစ်သည်။ မဏ္ဍပ် မရှိသည့် နေရာတွင်လည်း ကားကို ရပ်ထားပြီး ကိုယ့်ကားမှာ ကိုယ့်မဏ္ဍပ် ကဲ့သို့ပင် သီချင်းများဖွင့်ကာ ဆိုကြ၊ ကကြနှင့် ပျော်စရာ ကောင်းသည်။ ယနေ့အချိန်အခါ တွင်လည်း ထိုကဲ့သို့ ပင်လောဟု တွေးရင်း သင်္ကြန်ရက် များကို ရင်ခုန်မိသည်က အမှန်ပင်ဖြစ်သည်။

ယခင်အခါ များက ဈေးသို့ လမ်းလျှောက် သွားလေ့ မရှိသော်လည်း သင်္ကြန်ရက်များ အတွင်းတွင် ဈေးကို လမ်းလျှောက် သွားဖြစ်သည်။ ဈေးသွားလျှင် လမ်းဘေးဝဲ၊ ယာရှိ အိမ်များကို ကြည့်ရင်း ယခင်က ခင်မင်ဖူးသော လူများကို ပုံဖော်ကြည့် နေမိသည်။ အများစုသည် အိမ်သစ်များ ဖြစ်ကြပြီး ယခင်က ကဲ့သို့ ရိုးရာခြေတံရှည် အိမ်မြင့်များ မဟုတ်ကြ တော့ဘဲ တိုက်များ၊ အိမ်များ သူ့ထက်ငါ အပြိုင် အထပ်မြင့် ဆောက်ထား ကြသည်။ အိမ်ပိုင်ရှင် အတော်များများ သည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ လမ်းဘေး တစ်လျှောက်တွင် အိမ်ကြီးအိမ် ကောင်းများ ဖြစ်သော်လည်း သော့ခတ် ထားသည်က များသည်။ အကြောင်းမှာ နယ်စပ်နှင့် တစ်ဖက် နိုင်ငံတွင် သွားရောက် လုပ်ကိုင် ကြသောကြောင့် ဖြစ်သည်။ စာရေးသူတို့ ဇာတိသည် အလုပ်အကိုင် အားဖြင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းနှင့် အရောင်းအဝယ် လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။ ရော်ဘာလုပ်ငန်း ကို လုပ်ငန်းရှင် ကြီးများကသာ လုပ်ကိုင်ကြသည်။

ယခုအခါတွင် လုပ်သား ရှားပါးခြင်းနှင့် ဈေးကွက် ကျဆင်းခြင်း တို့ကြောင့် ရော်ဘာလုပ်ငန်း သည်လည်း ပြောပ လောက်အောင် အဆင်မပြေပေ။ ထို့ကြောင့်လည်း မိသားစု တစ်စုတွင် အနည်းဆုံး နှစ်ဦး၊ သုံးဦးခန့်သည် တစ်ဖက်နိုင်ငံ သို့ သွားရောက် လုပ်ကိုင်ကြသည်။ အိမ်တိုင်းတွင် နိုင်ငံခြားပြန် မရှိသလောက် ဟု ဆိုရမလိုဖြစ်သည်။ တစ်ဖက်နိုင်ငံ တွင် သွားရောက် လုပ်ကိုင်သူများ သဖြင့် ဒေသအတွင်း တွင် လုပ်သား ရှားလာသည်။ 

လုပ်သား တော်တော်များများ ကိုလည်း အလုပ်ရှင် များက ငွေကြိုပေး စနစ်ဖြင့်သာ ခိုင်းကြသည်က များသည်။ ငွေကြိုမပေး နိုင်လျှင် လုပ်ငန်း မလည်ပတ် နိုင်အောင် ဖြစ်ရသည်။ သင်္ကြန်ရက်အတွင်း အလုပ်ပိတ်မည် ဖြစ်သောကြောင့် လုပ်ခ ကြိုတင်ယူ သူများဖြင့် အိမ်တွင် စည်ကားနေသည်။ စာရေးသူ၏ ဦးလေးနှင့် အဒေါ်အား လာကန်တော့ရင်း လုပ်ခကို ကြိုထုတ်ကြခြင်း ဖြစ်သည်။ လာ ကန်တော့သည့် မိသားစုတိုင်းတွင် တစ်ဖက်နိုင်ငံမှ အလုပ်ပိတ်ရက် ရသဖြင့် ပြန်လာသူ၊ တစ်ဖက်နိုင်ငံသို့ သွားရန် ပြင်နေသူ များဖြင့် ခေါင်းစဉ် မရိုးအောင် တွေ့ရသည်။ ထိုသို့ လာကန်တော့ တိုင်း စာရေးသူ၏ ဦးလေး ပြောသည်က ဇာတိရပ်ရွာ ဆိုသည်မှာ မမေ့ကောင်းကြောင်း၊ ကိုယ့်ရပ် ကိုယ့်ရွာကို တစ်နှစ်တစ်ခါ ပြန်လာသင့်ကြောင်း ဆိုသည့် စကားပင် ဖြစ်သည်။ ထိုစကားကို ကြားရသည့် အခါ စာရေးသူ ရင်ထဲတွင် ဖော်ပြခြင်းငှာ မစွမ်းသာသော ဝေဒနာ တစ်ခုကို ခံစား လိုက်ရသည်။

စာရေးသူ၏ မိဘများသည် ဝန်ထမ်းများ ဖြစ်သဖြင့် နယ်မြေဒေသ မရွေး ရွှေ့ပြောင်းသွားလာ နေရသည်။ စာရေးသူတို့ မောင်နှမ သည်လည်း မွေးတစ်နေရာ၊ နေတစ်နေရာ၊ ကြီးတစ်နေရာ ဖြင့် နေရာဒေသ အတည်တကျ အသေအချာ ပြော၍ မရခဲ့ပေ။ ယခင်က တစ်နှစ်တစ်ခါ ပြန်ရန် နယ်မြေဝေးကွာ လွန်းသည့် အတွက်ကြောင့် လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ သောကြောင့် လည်းကောင်း သေရေး၊ ရှင်ရေးက လွဲလျှင် မပြန်ဖြစ် သည်က များသည်။ ယခုလည်း အထက်အညာ ဒေသတွင် အခြေချ ဖြစ်သော စာရေးသူ အတွက် ငါးနှစ်ကြာမှ တစ်ကြိမ် ပြန်ရောက်ခြင်း ဖြစ်လေရာ ဦးလေးပြောသော စကားများသည် စာရေးသူ၏ ရင်ကို တည့်တည့် လာမှန်လေသည်။ အမှန် ပြောရမည် ဆိုပါက စာရေးသူ လည်း တစ်နှစ်တစ်ခါ ပြန်ချင်သည်။ မန္တလေးမြို့နှင့် မုဒုံမြို့ဆိုသော ခရီးသည် ယခု အနေအထား နှင့် ညနေ ကားစီးလျှင် မနက် ရောက်သောကြောင့် မဝေးလှဟု ဆိုနိုင်သော အနေအထား ဖြစ်သည်။ သို့သော် သာမန် လူတန်းစား တစ်ယောက် အနေဖြင့် ဤခရီး အသွားအပြန်တွင် ကုန်ကျမည့် စရိတ်များက ကြီးလေးလွန်း လှသည်။ တစ်ဦးထဲ ဆိုလျှင် မသိသာ သော်လည်း မိသားစုနှင့် ခရီးသွားရန် ဆိုသည်မှာ တော်ရုံ တန်ရုံ ကြိုတင်ပြင်ဆင်မှု မျိုးနှင့် မရပေ။ သို့အတွက် တစ်နှစ်တစ်ခါ မပြန်ဖြစ် သည်က များသည်။ မည်သူမဆို မိမိ မွေးရပ်မြေကို ပြန်ချင်မည်မှာ အသေအချာ ဖြစ်သည်။

တစ်ဖက်က ကြည့်လျှင်လည်း မွေးရပ်မြေကို စွန့်ခွာကာ တစ်ရပ်တစ်ကျေး တွင် အလုပ်လုပ် နေကြသော သူများသည်လည်း စာရေးသူ ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ မိမိဒေသတွင် ကြီးပွား တိုးတက်ရန် လုပ်ငန်း အခွင့်အလမ်း များ မရှိသော ကြောင့်သာ သူတစ်ပါး ဒေသများတွင် သွားရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည်။ တစ်ဖက်နိုင်ငံ ၏ စက်ရုံများရှိ ပန်ကာအောက်တွင် စက်ချုပ်ကာ တစ်လလျှင် ငွေကျပ် လေးသိန်း၊ ငါးသိန်း ရနေကြ သူများက ရော်ဘာေ တာထဲတွင် တစ်နေကုန် လုပ်မှ ငွေကျပ် လေးထောင်၊ ငါးထောင် ရသော အလုပ်ကို စွန့်သွား ကြသည်မှာ လည်း သူတို့ကို အပြစ်မပြော သာပါ။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး ဆိုကာ တစ်ဖက် နိုင်ငံတွင် စွန့်စား လုပ်ကိုင်ရန် သွားကြသူ များလည်း ရှိသည်။ စာရေးသူ ကိုယ်တိုင်ပင်လျှင် ဖခင်ဆုံးပါး သွားချိန် မွေးရပ်မြေ သို့ပြန်ရန် အကြိမ်ကြိမ် စဉ်းစား သော်လည်း ကိုယ်တတ် ကျွမ်းသည့် ပညာနှင့် မွေးရပ်မြေတွင် လုပ်နိုင်သည့် အလုပ်အကိုင် မှာ တခြားစီ ဖြစ်နေပြန်သည်။ နောက်ဆုံးတွင် မိသားစု အဆင်ပြေကာ ယခင် အနေအထား မပျက်စေမည့် တစ်ရပ် တစ်ကျေးတွင် အခြေချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အခြေချ လိုက်ခြင်းသည် ဇာတိမြေတွင် သုညမှ ပြန်စရသည်နှင့် စာလျှင် တော်သေးသည် ဟု ပြောရမည် ဖြစ်သည်။

သို့သော် မွေးရပ်ဇာတိကို မည်သို့သော အကြောင်းကြောင့် စွန့်ခွာခဲ့ရသည် ဖြစ်စေ စာရေးသူ၏ နှလုံးသားတွင် ဇာတိမြေ၏ လွမ်းမောစရာ နေ့ရက်များသည် အမြဲထာဝရ ရှင်သန်နေမည် ဖြစ်သည်။ တစ်ရပ် တစ်ကျေးတွင် ပင်ပန်းဆင်းရဲ ခဲ့ရသမျှ မွေးရပ်မြေ၏ လှပသော ရှုခင်းများနှင့် လတ်ဆတ်သော လေနုအေး လေးများက နှလုံးအိမ်ကို ပြန်လည်နိုးထ စေနိုင်ခဲ့သည်။ မွေးရပ်မြေက ခဏတာ လွမ်းဆွတ်မှု တို့ကို ပြေပျောက် စေကာ စာရေးသူ၏ နှလုံးအိမ် ထဲတွင် ဖျက်မရသော ပန်းချီကား တစ်ချပ်ပမာ ဆေးရောင်စုံ လင်းလက် တောက်ပ နေဦးမည် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ (၂၂)

Monday, May 2, 2016

စိမ်းနေဦးမည့် မွေးရပ်မြေ


စိမ်းနေဦးမည့် မွေးရပ်မြေ

( မဒါလေး )

စာရေးသူ မွေးရပ်မြေသို့ ရောက်သည်မှာ နှစ်ရက်တိုင်တိုင် ရှိနေပြီ ဖြစ်သော်လည်း မည်သည့် နေရာမျှ မသွားဖြစ် သေးပါ။ စာရေးသူတို့ မွေးရပ်မြေ မုဒုံတွင် အထင်ကရ နေရာများ ပေါများလှသည့် နေရာဒေသ တစ်ခုဖြစ် သဖြင့် တစ်ရက်၊ နှစ်ရက်နှင့် သွားရန် မပြည့်စုံပေ။ နောက်တစ်ရက် ဆိုလျှင် မြန်မာ့ရိုးရာ အတာသင်္ကြန် ကျတော့မည်။ ဆွေမျိုးများ ထဲမှ အဒေါ်များ၊ အဘွားများ တရားရိပ်သာ ဝင်ကြသည်။ စာရေးသူတို့ မြို့တွင် အထင်ကရ တရားရိပ်သာများ ဖြစ်ကြသော ကျိုက္ကမော့လေး ဘုရား တောင်ပေါ်၊ ဂျုံးဂျုံးကျ တောရ၊ မဟာစည် သာသနာ့ ရိပ်သာနှင့် ဖားအောက်တောရ စသည့် မိမိတို့ ကြိုက်နှစ်သက်ရာ တရားရိပ်သာ များတွင် အသီးသီး ကုသိုလ်ယူကာ သင်္ကြန်ရက် အတွင်း တရားအားထုတ် ကြသည်။ စာရေးသူ၏ အဒေါ်များ၊ အဘွားများကို တရားရိပ်သာပို့ ကုသိုလ်ယူရင်း မိမိ မရောက်သည် ကြာပြီ ဖြစ်သော နေရာများသို့ သွားရောက်ကာ ရှုခင်းများကို တဝကြီး ခံစားနေမိသည်။ ကြည့်၍ မဆုံးသော ရော်ဘာပင်တန်း များကို ကြည့်ပြီးလည်း ဂုဏ်ယူမိသည်။

စာရေးသူတို့ ဒေသသည် ဥယျာဉ်ခြံကို အဓိကထား သဖြင့် အိမ်တိုင်းတွင် စိုက်ပျိုးထားသော အပင်မျိုးစုံကို တွေ့မြင်ရသည်။ ဒေသဓလေ့ အရ ဒူးရင်းပင်၊ ကြက်မောက်ပင်၊ တညင်းပင် နှင့် ပိန္နဲပင်များ အိမ်တိုင်းလိုလို တွေ့မြင်ရသည်။ အချို့အိမ် များတွင် မင်းကွတ်ပင် နှင့် ကွမ်းသီးပင်များ၊ ငရုတ်ကောင်းပင် များပါ တွေ့မြင်ရသည်။ အုန်းပင်သည် အိမ်တစ်အိမ် အတွက် မရှိမဖြစ် ဆိုသကဲ့သို့ အိမ်တိုင်းလိုလို အုန်းပင်ရှိသည်။ ဒူးရင်းပင် စိုက်သော အိမ်တို့တွင် ဒူးရင်းသီး အပင်ကြွေကို မှာယူထားသည့် လူများတန်းစီ နေသည်။ ခုကြွေ ခုရောင်းဖြင့် ချက်ချင်းဝင်ငွေ ရသော ခြံအလုပ် သည်လည်း တစ်ဖက် တစ်လမ်းမှ ဝင်ငွေတိုးပွား လျက်ရှိသည်။ ဒါပေမဲ့ ယခင် စာရေးသူတို့ ငယ်စဉ်က ကဲ့သို့ အိမ်စိုက် ဒူးရင်းသီး အသေးများ မဟုတ်တော့ဘဲ ယိုးဒယားသီး ဟု အမည်တွင်သော အလုံးကြီးပြီး အရသာ အနည်းငယ် ပေါ့သည့် ဒူးရင်းပင်များ နေရာယူလျက် ရှိသည်။

အုန်းပင်လှိုင်လှိုင် ပေါသော်လည်း နိုင်ငံခြားမှ လာသော အသင့်သောက် အုန်းစိမ်းရည်ဘူး များကို လူတိုင်း လွယ်လင့် တကူ နှစ်ခြိုက်စွာ သောက်သုံး နေကြသည်ကို မြင်ရသည့် အခါတွင် သဘာဝကို တန်ဖိုး မထားသော ထိုသူများ အတွက် စာရေးသူ စိတ်မကောင်း ဖြစ်မိသည်။ သူတို့ ပြောသည်ကလည်း မှန်သည်။ သဘာဝ အုန်းစိမ်းရည် သည် အလွန် သောက်ကောင်း သည်မှာ မှန်သော်လည်း လွယ်လင့်တကူ ခူး၍မရပေ။ ရခဲ့လျှင်ပင် ဓားရှိမှ ခွဲ၍ရမည်။ မခွဲတတ် လျှင်လည်း အုန်းရေ ဆုံးရှုံး နိုင်သည်။ ခွဲတတ်ရန်လည်း ပညာလို သေးသည်။ ထို့အတွက် ရယ်ဒီမိတ်ဘူး များကို ငွေကျပ်ငါးရာ၊ ငွေကျပ် ခြောက်ရာ ပေးသောက် ရသည်မှာ ပိုတန်သည် ဟုပင် သူတို့ တွေးထား လိုက်သည်။ ကြက်မောက်သီး ဆိုလျှင်လည်း ရယ်ဒီမိတ်ဘူး ကိုပင် ရေခဲထည့်ကာ အလွယ်တကူ စားသည့်သူက များသည်။ ဒေသတွင် ပေါ်စ အချိန်မှာ တစ်လုံး ငွေကျပ် နှစ်ရာခန့် ပေးရသည်။ ရယ်ဒီမိတ်ဘူး တစ်ဘူးလျှင် အလုံး နှစ်ဆယ်ကျော် ပါသည်။ ဈေးက ငွေကျပ်တစ်ထောင် လောက်သာ ရှိသဖြင့် မလတ်ဆတ် သော်လည်း တန်နေပြန်သည်။ သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ဖြစ်နေသော အရာများမှာ စာရေးသူ အနေဖြင့် စိမ်းနေပြန်သည်။

စာရေးသူတို့ ဒေသတွင် အများအားဖြင့် မြန်မာ့ရွှေဖြူဟု တင်စားသော ရော်ဘာစိုက်ရာ ဒေသ ရော်ဘာထွက် သဖြင့် အဓိက စီးပွားရေးသည် ရော်ဘာနှင့် ပတ်သက်သည့် ထုတ်ကုန်များ ဖြစ်သည်။ အများစုသည် သားရေကွင်း နှင့် သားရေဘောလုံး (ပူဖောင်း) ပြုလုပ်ကြသည်။ စာရေးသူ၏ အဒေါ်သည် ထိုမြို့မှ နာမည်ကြီး သားရေကွင်း ဖြန့်ချိသည့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်သူ ဖြစ်သည်။ သားရေကွင်း အပြင် သားရေ ဘောလုံးအကြီး၊ အသေးမျိုးစုံ ကိုလည်း ပြုလုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းဖြစ်သည်။ ရော်ဘာစိမ်ကန် မှ ရော်ဘာအရေ များကို ရော်ဘာနှစ်တံဖြင့် နှစ်ကာ အခြောက်ခံ၊ မှိုင်းခံပြီးလျှင် စက်များဖြင့် သားရေကွင်း အထူးအပါး လိုသလို လှီးဖြတ်ရသည်။ 

ရော်ဘာဖြတ်စက် မှ ကျလာသော သားရေကွင်း များကို လုပ်သားများက သံတန်းလေး များတွင် ထိုးကာ လက်တစ်ဖက်မှ ကိုင်ပြီး သံကွင်းတွင် စွပ်ထားသော သားရေကွင်း အတန်းထဲမှ သားရေကွင်း အပြတ်များကို အခြား လက်တစ်ဖက်ဖြင့် ဆွဲချပေးရသည်။ နောက်ဆုံးတွင် သားရေကွင်း အကောင်းများသာ သံတန်းလေး ထဲတွင် ကျန်ပြီး ထို သားရေကွင်း များကို နေရာတစ်ခုတွင် စုကာ အခြောက်ပြန် လှန်းပြီးမှ ပေါင်ချိန်ဖြင့် ချိန်ကာ ပါကင်ထုပ်ရသည်။ ယခင်က ရော်ဘာ စိမ်ကန်တွင် ရော်ဘာစွပ်တံ နှစ်ခြင်းကို လူအားဖြင့်သာ လုပ်သော်လည်း ယခုအခါ စက်ဖြင့် ပြုလုပ်သဖြင့် ပိုမိုလွယ်ကူပြီး မြန်ဆန်လာသည်။ ယခင်က စက်ရုံတစ်ခု လုံးတွင် ခြေချစရာ မရှိအောင် လုပ်သားများ ဟိုတစ်စု၊ သည်တစ်စု ရော်ဘာနှစ် သူနှစ်၊ ဖြတ်သူဖြတ်၊ အပြတ် ရွေးသူရွေး၊ နေလှန်းသူလှန်း၊ သိမ်းသူသိမ်းဖြင့် အလုပ်များ လှသော်လည်း ယခုအခါ ရော်ဘာအပြတ် ရွေးသူ အနည်းငယ်နှင့် လုပ်သား အနည်းငယ်သာ ရှိပြီး အများအားဖြင့် စက်များကိုသာ ခိုင်းစေကြ သည်ကို တွေ့မြင်ရသည်။

ယခင်က သိခဲ့သော လုပ်သားများ သည်လည်း အများစုမှာ ရှမ်းပြည်ဟု စာရေးသူတို့ ဘက်မှ ခေါ်သော တစ်ဖက်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်သူက များသည်။ အရွယ်ရောက်သူ အတော်များများ ရှမ်းပြည်သွား အလုပ်မလုပ် ဘူးသူ မရှိသလောက် ရှားလှသည်။ ထိုသို့သွား အလုပ်လုပ်၍ ပြန်လာသည် ကိုပင် ဂုဏ်ယူစရာ တစ်ခုကဲ့သို့ ဖြစ်နေသေးသည်။ မည်သို့ပင် ဆိုစေကာမူ ကိုယ့်မြေ၊ ကိုယ့်ရေ ချစ်စိတ်ကြီးသော စာရေးသူ ရင်ထဲတွင် ထိုသို့သော သူများကိုသာ ၍ပင် စိမ်းနေသည်။ စာရေးသူတို့ ဒေသတွင် ယခုအချိန် ကြီးစိုးနေသော ထိုင်း အစားအစာ များမှာလည်း အရသာ ကောင်းသလောက် လျှာပေါ်တွင် စိမ်း၍နေသည်။ မည်သို့ပင် ဆိုစေကာမူ အိမ်ခြံထွက် သဘာဝအရသာ စစ်စစ်များ ပင်လျှင် စာရေးသူလျှာ နှင့် စိမ်းနေသည်မှာ အမှန်ပင်ဖြစ်၍ နေပေသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

Friday, April 29, 2016

နေ့ချင်းပြန် ခရီးသွားလာမှု များလာသည့် ကျုံထော်သဘာဝရေတံခွန်



လှိုင်းဘွဲ့ ၊ ၂၉-၄-၂၀၁၆

ယခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားမှုများ ဖြစ်ပေါ်နေပြီး ပြည်သူများ အနေဖြင့် ဧပြီလဆန်းပိုင်း မှစ၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသ အတွင်းရှိ ကျုံထော် သဘာဝ ရေတံခွန်သို့ နေ့ချင်းပြန် ခရီး သွားရောက် အပန်းဖြေမှု များလာကြောင်း ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

''ဧပြီ လဆန်းပိုင်းက စပြီး ကျုံထော် သဘာဝ ရေတံခွန်ကို နေ့စဉ် ခရီးသွား ဦးရေ ၄ဝဝ နဲ့ ၅ဝဝ ကြား လာရောက် အပန်းဖြေ ကြတယ်။ သင်္ကြန် ကာလမှာ ဆိုရင် တစ်ရက်ကို ခရီးသွားဦးရေ ထောင်နဲ့ချီပြီး လာရောက် ကြတာ တွေ့ရပါတယ်။ ဧပြီ လဆန်းပိုင်း ကစပြီး အခုချိန်အထိ ခရီးသွား လာရောက်တဲ့ နှုန်းက အနည်းဆုံး ဦးရေ ၅ဝဝ အထက်မှာ ရှိတယ်'' ဟု ရန်ကုန်မြို့ရှိ ခရီးသွား အေဂျင်စီ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ မန်နေဂျာ ကိုဇော်ဦး က ပြောသည်။

အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ခရီးသွားများမှာ ကျုံထော် သဘာဝရေတံခွန် ၌ ရေကူးခြင်း၊ ရေဆော့ ကစားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း စသည့် အပန်းဖြေမှုများ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ ရေတံခွန် အနီး၌ ရောင်းချသည့် စားသောက်ဆိုင် များမှာ သတ်သက်လွတ် စားသောက်ကုန် များကိုသာ ရောင်းချ ရကြောင်း သိရသည်။

ကျုံထော် သဘာဝ ရေတံခွန်မှာ သဘာဝအတိုင်း လှပနေခြင်း ကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်း နေ့စဉ် လာရောက် အပန်းဖြေ ကြကြောင်း သိရသည်။

ကျုံထော် သဘာဝရေတံခွန် ကို ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ ခရီးသွားများအား နေ့ချင်းပြန် ခရီးစဉ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၅ဝဝဝ နှုန်းဖြင့် ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, April 25, 2016

မွေးရပ်မြေသို့ အလည်တစ်ခေါက်


မွေးရပ်မြေသို့ အလည်တစ်ခေါက်

( မဒါလေး )

ယခုနှစ် သင်္ကြန်သည် စာရေးသူ ဘဝတွင် အမှတ်တရ များစွာ ဖန်တီး နိုင်လိမ့်မည်ဟု ဘယ်သောအခါ ကမျှ မတွေးခဲ့ဖူးပါ။ သင်္ကြန် ဆိုသည်နှင့် နွေနေအပူများ ကြားတွင် ရေစိုစိုနှင့် ရေပက်ခံ ရမည်ကို ကြောက်ပြီး ကိုယ်စိတ် ပင်ပန်းရသည့် ခံစားမှုကို စာရေးသူ မကြိုက်ခြင်း လည်း ပါသည်။ သို့အတွက် သင်္ကြန်ရက် ရောက်တိုင်း အိမ်တွင်းပုန်း ကာ ကိုယ်စိတ် ချမ်းသာမည့် စာရေးခြင်း အလုပ်ကိုသာ လုပ်လေ့ရှိသည်။ အပြီးမသတ် ရသေးသည့် စာမူများကို ပြင်သင့်သည် များကိုပြင်၊ အပြီးသတ် သင့်သည်များကို အပြီးသတ်ဖြင့် သင်္ကြန်ရက် သည် ကုန်၍ ကုန်မှန်း မသိ ဖြစ်ရသည်။ 

ယခုနှစ်တွင် သင်္ကြန်မတိုင်မီ လမ်းပေါ်မှ သင်္ကြန်သီချင်းသံ ကြားခါစကပင် ရင်များ တလှပ်လှပ် ခုန်လာသည်။ ငယ်စဉ်က အုန်းလက် မဏ္ဍပ်ဖြင့် ရေလောင်း ရေပက် ကြသည်ကို စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင် လာသည်။ သင်္ကြန်တေးသံ ကြားလျှင်ပင် စိတ်ရွှင်လန်းသည် ဆိုသည်မှာ အမှန်ဖြစ်နေ ရော့သလား။ ယခုမှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့် မိသည်။

အမှန်တကယ်မှာ ယခုနှစ် သင်္ကြန်သည် ထူးခြားစွာ သင်္ကြန်အကြတ် နှစ်ရက် ဖြစ်နေသည့် အတွက် ရုံးပိတ်ရက် ရှည်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ပင် ခရီးသွားသူများ များပြား လှသည်။ အများစုသည် မိသားစုလိုက်၊ အသင်းအဖွဲ့ လိုက် အနားယူ အပန်းဖြေ ထွက်ကြခြင်း နှင့် မွေးရပ်ဇာတိသို့ ပြန်ကြခြင်း ဖြစ်သည်။ သင်္ကြန်မတိုင်မီ ကပင် ခရီးသွား ကြော်ငြာများ၏ ဆွဲဆောင်မှု ကလည်း ခရီးသွားချင် စိတ်ကို ပိုမိုဖြစ်ပေါ် စေသည်။ ဘယ်သို့ သွားမည်ကို သေချာ မဆုံးဖြတ် ရသေးမီ သွားချင်သည့် ဒေသနှင့် ထိုဒေသ အလှအပ များကို အင်တာနက် ပေါ်တွင် လိုက်ရှာ ကြည့်သည်။ ထိုနေရာသို့ သွားလျှင် မည်သို့သော ဗဟုသုတ ရမည်နည်း။ မည်သို့သော အတွေ့အကြုံ အသစ်အဆန်း များနှင့် တွေ့ကြုံ ရမည်နည်း။ ဒေသဆိုင်ရာ အတွေ့အကြုံ ဆိုသည်မှာလည်း လူတစ်ဦး တစ်ယောက် အတွက် အမှန်တကယ်ပင် အရေးပါသော တစ်စိတ်တစ်ပိုင်း တွင် ပါဝင်သည်။ သို့သော် မည်သည့် နေရာသို့ သွားရမည်ကို ဆုံးဖြတ်၍ မရ ဖြစ်နေသည့် အဆုံး မရောက်ဖြစ်သည့် မွေးရပ်ဇာတိ မြေသို့ ပြန်ရန်သာ ဆုံးဖြတ် လိုက်သည်။

သင်္ကြန်မတိုင်မီ တစ်လအလို ကပင် ကားလက်မှတ် ကို ကြိုတင် ဖြတ်ထားရသည်။ ခုံနံပါတ် နောက်ဆုံးက ရသည်ကို ကြည့်ခြင်းအားဖြင့် ခရီးသွားသူ အမှန်တကယ် များပြားကြောင်း သိနိုင်သည်။ မွေးဖွားရာ၊ ဇာတိချက်မြှုပ်ရာ ဒေသ ဖြစ်သော်လည်း ငယ်စဉ် ကတည်းက ခွဲခွာလာရ သဖြင့် စာရေးသူနှင့် အတော်ပင် စိမ်းနေသည်။ ဆွေမျိုး သားချင်းများနှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း နေရာဒေသ အသစ် တစ်ခုသို့ သွားရမည့်သူ ပမာ စိတ်ပူပန် နေမိသည်။ ငယ်စဉ် ကတည်းက ခွဲခွာခဲ့ရသော ဇာတိမြေ၏ ပြောင်းလဲမှု များကို စိတ်ကူးယဉ် ပုံဖော်မိသည် ကလည်း အကြိမ်တစ်ရာ မကပေ။ ကိုယ့်ဒေသသည် ယခင်က ကဲ့သို့ သာယာလှပ နေပါဦးမည်လား စိုးရိမ်စိတ်လည်း ဖြစ်မိသည်။ ထိုစိုးရိမ်စိတ် များကို ရင်ဝယ်ပိုက်လျက် မန္တလေး-မုဒုံ အမြန်ယာဉ်ကို စီးနင်းလိုက်ပါ သွားခဲ့ရ ပေပြီ။

ကားပေါ် တက်လိုက်သည်နှင့် လှုပ်ခတ်နေသော ရင်အစုံကို ငြိမ်သက်စေခြင်းငှာ အင်တာနက် စာမျက်နှာပေါ် ဟိုရှာသည်ရှာ လုပ်နေမိသည်။ ထိုခဏမှာပင် ပို့စ် တင်ထားသော မသေမီ သွားရမည့် မြန်မာပြည်မှ ရှုခင်းများ ဆိုသည်ကို တွေ့သဖြင့် ဝင်ကြည့်လိုက်ရာ စာရေးသူ၏ ဇာတိသည်လည်း တစ်ခု အပါအဝင် ဖြစ်နေသည်။ ၀မ်းသာလွန်း သဖြင့် မျက်ရည်များပင် လည်မိသည်။ ကိုယ့်ရပ်ရွာ ဇာတိ၏ ကောင်းသတင်းမှာ လူတစ်ဦး၏ ရင်ကို အတော်ပင် လှုပ်ခတ်နိုင်စွမ်း ရှိလှသည်။ ထိုနေ့ညက စိတ်ကူးယဉ် သက်သက်ဖြင့် ကားပေါ်တွင် စီးနင်းလိုက်ပါ လာမိသည်။ နံနက်အစော မိုးသောက်သည်နှင့် မော်လမြိုင်သို့ ရောက်ပါပြီ။ ကားပေါ်က မြင်နေရသော အုန်းပင်၊ အုန်းလက်များက စိမ်းစိမ်းစို နေသည်။ ကားပေါ်မှ မှန်းဆကာ အုန်းပန်းရနံ့လေး သင်းနေသည့် လေနုအေးလေး ကို စိတ်ကူးဖြင့် ရှူရှိုက် နေမိသည်။

စာရေးသူ၏ ဇာတိမြို့မှာ မော်လမြိုင်မှ နောက်ထပ်မိနစ် အနည်းငယ် ခရီးဆက် ရဦးမည် ဖြစ်သည်။ မြို့အဝင်တွင် လာကြို နေကြမည့် မောင်နှမ ဝမ်းကွဲများကို တစ်ဦးချင်းစီ ပုံဖော်တွေးရင်း ရင်ခုန်သံများ ပိုမြန်လာသည်။ မကြာမီ စာရေးသူ၏ ဇာတိမြေ မြို့ဝင် ဆိုင်းဘုတ်နားတွင် အသင့် လာကြိုနေသော မောင်နှမများကို တွေ့လိုက် ရသည်။ ကားပေါ်မှ ဆင်းဆင်းချင်း ရသော ရော်ဘာရနံ့ နှင့် လတ်ဆတ်သော လေတို့မှာ ရင်ထဲမှ တမ်းတနေသော လွမ်းဆွတ်မှု များကို အနည်းငယ်  ဖြေသိမ့်လိုက်သည်။ မြို့အဝင်မှ ကားဖြင့် ခရီးဆက်ခဲ့ရာ လမ်းတစ်လျှောက် တွင် ရော်ဘာမှိုင်းရုံမှ ရသော ရနံ့များ ၊ တစ်ခါတစ်ခါ ဒူးရင်းသီးနံ့များ၊ တစ်ခါတစ်ခါ လတ်ဆတ်သည့် လေ၏ သင်းရနံ့များမှာ အညာဒေသမှ လာသော လူတစ်ဦး၏ နှလုံးအိမ်ကို လန်းဆန်း စေသည်မှာ အမှန်ပင် ဖြစ်သည်။

ဖော်ရွေတတ်သော ဒေသမှလူများ ဖြစ်သဖြင့် မြင်သမျှ မြင်ကွင်းမှာ ရင်းနှီးနေသလို ခံစားရသည်။ ရောက်လျှင် ရောက်ချင်းပင် မွန်လူမျိုး များ၏ အစားအစာ တစ်ခုဖြစ်သော သင်္ကြန်ထမင်းက ကြိုနေလေသည်။ အကြောင်း အမျိုးမျိုးကြောင့် မစားဖြစ်တာ ကြာပြီဖြစ်သော ဖယောင်းနံ့ သင်းသည့် သင်္ကြန်ထမင်းနှင့် သင်္ကြန်ဟင်းမှာ စာရေးသူ၏ နှလုံးကို ထပ်မံလှုပ်နိုး လိုက်ပြန်သည်။ လမ်းတစ်လျှောက် တွေ့သည့် ဆိုင်တိုင်း တွင်လည်း ''သင်္ကြန်ထမင်း ရပြီ'' ဆိုသည့် ဆိုင်းဘုတ်ကို တွေ့သောအခါ ထူးဆန်းသလို ဖြစ်သော်လည်း သင်္ကြန်ရောက်လျှင် နှစ်စဉ် ပြုလုပ်နေကြ ဖြစ်သဖြင့် မထူးခြားသလို နေလိုက်မိသည်။ နောက်မှ အစ်မတစ်ဦး က ယခုနှစ် အယ်လ်နီညို အပူဒဏ်ကြောင့် မုဒုံမြို့က ဆိုင်တိုင်း နွေရာသီ အစကပင် သင်္ကြန်ထမင်း ရောင်းကြောင်း သိလိုက်ရသည်။ ထမင်းကို ဖယောင်းရေနှင့် ရောပြီး သရက်သီးစိမ်း၊ ကြက်သွန်နီ များများနှင့် ရောကြော် ထားသော ငါးခြောက်ကြော် မှာ လိုက်ဖက်လှပြီး လူကို အပူငြိမ်း စေသည်ဟု ငယ်စဉ် ကတည်းက သိခွင့် ရခဲ့သည်။ နှစ်စဉ် နွေရာသီ သင်္ကြန်ရက် ပူသော ကာလတွင် လုပ်စားသဖြင့် သင်္ကြန် ထမင်းဟု ခေါ်ခြင်းဖြစ်ကာ သင်္ကြန်ရက် အတွင်းမှာပင် ကုသိုလ်ပြုကြ၊ လုပ်စားကြသည်။ ယခုတော့လည်း စီးပွားဖြစ် အစားအသောက် တစ်ခုပင် ဖြစ်၍ နေပေပြီ။

ဇာတိမြေ၏ စာဖွဲ့၍ မကုန်သော အလှအပနှင့် အစားအသောက် ကောင်းများ အကြောင်းကို နောက်မှ ဆက်ပြောပါမည်။ လောလောဆယ် တစ်ညလုံး ကားစီးလာရ သဖြင့် စာရေးသူနားရန် လိုအပ်နေပေပြီ။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

Thursday, April 21, 2016

အပူချိန်မြင့်တက် လာခြင်းကြောင့် သင်္ကြန်ကာလ ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းခဲ့



ညောင်ဦး ၊ ၂၁-၄-၂၀၁၆

ယခုနှစ် နွေဥတုကာလ အယ်လ်နီညို ရာသီဥတု အပူရှိန်ကြောင့် သင်္ကြန်ကာလ ပုဂံ ယဉ်ကျေးမှု ဒေသသို့ လာရောက် လည်ပတ်သည့် ပြည်ပ ခရီးသွားများ လျော့နည်း ခဲ့ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ သိရသည်။

၂ဝ၁၅ ခုနှစ် ဧပြီလတွင် ပုဂံဒေသ အပူချိန်သည် ၄၁၊ ၄၂ ဒီဂရီ စင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် အပူချိန် ၄၄၊ ၄၅ ဒီဂရီ စင်တီဂရိတ် ထိ မြင့်တက် လာကြောင်း သိရသည်။

''ဒီနှစ် ပုဂံမှာ သင်္ကြန်ရက် ခရီးသွား နည်းတယ်။ ရာသီဥတု ကလဲပူတယ်။ ဒီနှစ်က မနှစ်ကထက် အပူချိန်တွေ တိုးလာတယ်။ ခရီးသွား ကတော့ အများကြီး လျော့သွားတာ မရှိပါဘူး။ ပြီးတော့ ဧပြီလက ခရီးသွားတဲ့ ရာသီချိန်လဲ ဖြစ်ပါတယ်''ဟု ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်နု က ပြောပြသည်။

ပြည်ပ ခရီးသွားများ အနေဖြင့် သင်္ကြန်ရက် များတွင် ပုဂံဒေသ၏ ရိုးရာဓလေ့ ရေကစားခြင်း များနှင့် ယိမ်းအက များတွင် ပါဝင်ဆင်နွှဲရန် နှစ်စဉ် လာရောက် ကြကြောင်း သိရသည်။ 

''မြန်မာနိုင်ငံမှာ အလွန်ထင်ရှားတဲ့ ပုဂံလို နေရာမျိုးကို သင်္ကြန်လို အချိန်မျိုးမှာ တခြား နေရာတွေနဲ့ စာရင် သွားလာမှု နည်းပါးတာ တွေ့ရတယ်။ အခုလို အချိန်မှာ ခရီးသွား အဝင် နည်းလာတဲ့ ပုဂံလို ဒေသမျိုးကို သွားရောက် လည်ပတ်မယ် ဆိုရင် ကောင်းပါတယ် '' ဟု Jovago ၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ Hugo Schleicher က ပြောပြသည်။

ယခုနှစ် သင်္ကြန်အတွင်း ခရီးသွားလာမှု တွင် ရာသီဥတု ပူပြင်းခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များသည် ချောင်းသာ၊ ငွေဆောင် ကမ်းခြေများနှင့် ထားဝယ်၊ မြိတ် စသည့်မြို့များသို့ အများဆုံး သွားရောက် ကြကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပုဂံဒေသသို့ ဧည့်သည် ဝင်ရောက်မှုသည် ဦးရေ ၂ သိန်း ၄ သောင်းကျော် ရှိခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလ တွင် ကုန်ကျစရိတ် အပြီးအစီး ခရီးသွားခြင်းနှင့် သင်္ဘောဖြင့် ခရီးသွား လာမှုများ လျော့ကျ သွားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

Saturday, April 2, 2016

ပုပ္ပားတောင် သို့မဟုတ် အပူပိုင်းဒေသ အိုအေစစ်



ပုပ္ပားတောင်ကလပ် သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်တွင် တည်ရှိသည်။ ပူပြင်း ခြောက်သွေ့သော ဒေသတွင် တည်ရှိသော်လည်း စိမ့်စမ်း ရေတံခွန်များ ရှိနေခြင်း၊ အပူပိုင်းဒေသ အိုအေစစ် နယ်မြေဖြစ်ခြင်း တို့ကြောင့် အမြဲထာဝရ စိမ်းလန်းနေသည်။

ပုပ္ပားတောင် ဒေသသည် ဒေသထွက် သစ်သီးဝလံများ စိုက်ပျိုးထွက်ရှိရာ ဒေသ ဖြစ်သည်။ ပုပ္ပား တောင်ကလပ်သို့ ရောက်ရှိပြီးသော အခါတွင် ရန်အောင်မြင် ဘုရား၊ ဒက္ခိဏသာခါ ဘုရား၊ အေးချမ်းအောင်မြေ ဘုရား၊ ပုပ္ပားမယ်တော် ဆုပန်ခဲ့သော ဆုထူးပန်ဘုရား၊ အဘဘိုးမင်းခေါင် ကျိန်းစက်ရာ နေရာ၊ အဘဘိုးမင်းခေါင် တည်ထားခဲ့သော ကမ္ဘာလုံးစေတီတော်၊ ဆင်စီးမြင်းရံ စေတီ၊ လာဘမုနိ စေတီ၊ ဇမ္ဗူရန်အောင် စေတီတော်နှင့် ရွှေဘုန်းပွင့် ဓာတ်ပေါင်းစု စသည့် စေတီများစွာ ကိုလည်း ဖူးမြော်နိုင်ပြီး ပုပ္ပားတောင်မှ ထွက်ရှိသော သစ်ဥသစ်ဖုများကို ဆေးကြိတ်ရာ ဆေးကျောက်ပျဉ်ကြီး ကိုလည်း ဘုရားဖူး လေ့လာသူများ မြင်တွေ့နိုင်သည်။

ပုပ္ပားတောင် ဒေသသည် သဘာဝ စိမ့်စမ်းရေများ ရှိနေခြင်းကြောင့် ဒေသခံပြည်သူ  များ၏ သောက်သုံးရေအတွက် များစွာ အထောက် အကူပြုပြီး ကြက်မောက် တောင်ဆည် သည်လည်း လယ်ယာကဏ္ဍ အတွက် များစွာ အကျိုးရှိရုံ မျှမက တောင်ကျရေ များကိုလည်း ထိန်းသိမ်း သိုလှောင် နိုင်သောကြောင့် ရေကြီးရေလျှံမှု သဘာဝ ဘေးအန္တရာယ်ကို တားဆီးကာကွယ် ပေးထားသည်။ ဘုရားဖူးလာ ပြည်သူများသည် ကျောက်ချဉ်နှင့် မိုးရေစိမ် ထားသော စကားဝါ ပုလင်းများ ဝယ်ယူလေ့ရှိပြီး အဆိပ်ရှိသော သတ္တဝါများ အိမ်ဝိုင်း အတွင်းသို့ မဝင်စေရန်နှင့် လာဘ်ရွှင်သော မြေစိုက်သစ်ခွ များကိုလည်း အပြန်လက်ဆောင် အဖြစ် ဝယ်ယူကြ သည်ကို တွေ့ရသည်။

ပုပ္ပားတောင် ဥယျာဉ်အတွင်း၌ တောအမျိုးအစား ငါးမျိုးရှိပြီး ထိုဥယျာဉ် အတွင်း၌ ဘယဆေးပင် လေ့လာ ထိန်းသိမ်းခြင်း လုပ်ငန်း၊ သစ်ခွမျိုးစိတ် များကို လေ့လာ ထိန်းသိမ်းခြင်း လုပ်ငန်း၊ လိပ်ပြာများကို စုဆောင်း၍ ထိန်းသိမ်းခြင်း လုပ်ငန်း၊ ငှက်မျိုးစိတ်များကို စုဆောင်းခြင်း လုပ်ငန်းများနှင့် မျောက်များ လေ့လာခြင်း လုပ်ငန်း စသည်တို့ကို နှစ်စဉ် တစ်လလျှင် တစ်ကြိမ် ပုံမှန် ဆောင်ရွက်ပြီး ဆောင်းခိုငှက် စောင့်ကြည့်ရေး လုပ်ငန်းကို တစ်နှစ်တစ်ကြိမ် သုတေသန လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပုပ္ပားတောင်ကို တောင်ကလပ်၊ နဂါးရစ်တောင်၊ ပန်းပေးတောင်၊ ဝဏ္ဏရက္ခတောင်၊ ဝိဇ္ဇဒရတောင်နှင့် ဗဇ္ဇကံတောင် စသော အမည်အမျိုးမျိုး ခေါ်တွင်ခဲ့ကြသည်။ ပုပ္ပားတောင်သည် မီးငြိမ်းတောင်ကြီး ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် အထက် ၄၉၈၁ ပေ မြင့်သည်။

သဘာဝ တောတောင် စိမ့်စမ်းများကို လေ့လာချင်သူများ အနေဖြင့် ဘုရားဖူးရင်း ဗဟုသုတများစွာ ရရှိနိုင်ပြီး သွားလာရေး လွယ်ကူသည့် အတွက် သွားရောက် သင့်သော ပုပ္ပားတောင်ဒေသ ဖြစ်ပေသည်။

အိအိပိုင် ၊ အိဖြူသဲ

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Friday, March 11, 2016

မန်းချောင်း ရွှေဆည်တော် သို့ လာရောက် အပန်းဖြေသူများပြား



မင်းဘူး ၊ ၁၁-၃-၂၀၁၆

မကွေးတိုင်း ဒေသကြီး မင်းဘူး-စကု မြို့နယ် မန်းစက်တော်ရာ နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် ရွှေဆည်တော် ကို ရွှေစက်တော် သို့ ဘုရားဖူး လာရောက်သူ များက အပြန်ခရီးတွင် ဝင်ရောက် အပန်းဖြေရန် နေရာတစ်ခု အဖြစ် စိတ်ဝင်တစား သွားရောက်သူ များပြား လာကြောင်း သိရသည်။

''ရွှေစက်တော်က အပြန်ဆိုရင် ဝင်နားကြတယ်။ အရင်က တဲလေးနှစ်လုံး၊ သုံးလုံးလောက်ပဲ ရှိခဲ့တာပါ။ အခုတော့ စားသောက်ဆိုင် တွေကို ရေပေါ်မှာ ဆောက်ထားတာတွေ၊ ရေစပ်မှာ တည်းခိုဆောင် တွေ တည်ဆောက်ထား ပါတယ်။ ဒီမှာရှိတဲ့ စားသောက်ဆိုင် အားလုံးကို ဆွဲဆောင်မှု ရှိအောင် တည်ဆောက်ထားတာ တွေကြောင့် အခုဆိုရင် အရင်နှစ်တွေ ကထက် ဧည့်သည် ဝင်ရောက်မှု ပိုမိုများပြား လာတာပါ။ ဒါ့အပြင် ရွှေဆည်တော်မှာ ရေချိုးရတာ မန်းချောင်း ရွှေစက်တော်မှာ ရေချိုးရတာထက် ပိုအဆင်ပြေ တာကြောင့် အခုဆိုရင် ဧည့်သည် တော်တော်များ လာပါတယ်'' ဟု အိုးပျဉ်မည်း ကျေးရွာမှ လာရောက် ဆိုင်ခန်းဖွင့်လှစ် သည့် ကိုစိန်မောင် က ပြောသည်။

မန်းချောင်း ရွှေဆည်တော် ၌ တည်းခိုဆောင် ရှစ်ဆောင်နှင့် စားသောက်ဆိုင် ပေါင်း ၁၄ ဆိုင်အထိ ရှိနေပြီ ဖြစ်သည်။ တည်းခိုခနှုန်းထား အနေဖြင့်လည်း ဈေးနှုန်း သက်သာခြင်း ကြောင့် လာရောက် အပန်းဖြေ သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, January 25, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရား ပွဲတော်တွင် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ



ညောင်ဦး ၊ ၂၅-၁-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများ အနက် ပုဂံခေတ အနုပညာ လက်ရာ အမြောက်ဆုံး အဖြစ် ထင်ရှားသည့် ကျန်စစ်သား မင်းကြီး ကောင်းမှုတော် အာနန္ဒာ ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ပြာသိုလပြည့် နေ့တွင် ကျင်းပပြုလုပ်မြဲ ဖြစ်ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပြတ် ကျင်းပလျက် ရှိပြီး အထူးသဖြင့် ဘုရားပွဲတော် ကာလ ယနေ့တွင် သံဃာတော် များအား ဆွမ်းသပိတ်လုံး များ ဆက်ကပ်လှူဒါန်း ပွဲသို့ အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်ကြ၍ ကြက်ပျံမကျ စည်ကားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်း ပွဲသို့ ညောင်ဦးမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများ ဆွမ်းသပိတ်လုံး ကပ်လှူပူဇော် နိုင်ရန်အတွက် လပြည့် နေ့မတိုင် မီ ပြာသိုလဆန်း ၁ဝ ရက်၊ ၁၁ ရက်မှ စတင်ကာ ၄င်းတို့၏ ရွာမှ ဘုရားပွဲတော်ကြီးသို့ ပေါင်းမိုးလှည်း များဖြင့် စီတန်း၍ တညီတညွတ် လာရောက်ကြ သည်မှာလည်း စိတ်ဝင်စားစရာ မြန်မာ့ရိုးရာ ဓလေ့တစ်ခု အဖြစ် ရှိနေပေသည်။ ထို သဘာဝလူနေမှု ဓလေ့များကို ပြည်တွင်းဓာတ်ပုံ ပညာရှင်များ၊ ပြည်ပ မှခရီးသွား ဧည့်သည်နှင့် ဓာတ်ပုံ ပညာရှင်များသည် လက်လွတ်မခံဘဲ ၄င်းလှည်းယဉ်များ အလာလမ်းနှင့် အပြန်လမ်းများတွင် အမိအရ စောင့်၍ ဓာတ်ပုံများ လာရောက် ရိုက်ကူး ကြသည်ကို မြင်တွေ့ရသည်။

ပြာသိုလသည်  အညာဒေသရှိ ကျေးရွာများ၏ ပဲပေါ်ချိန်၊ နှမ်းပေါ်ချိန် ဖြစ်၍ ပေါ်ပြီးခါစ ဦးဦးဖျားဖျား သီးနှံများကို အာနန္ဒာ ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်း ပွဲတွင် ဦးခိုက်၍ နှစ်စဉ်လာရောက် ဆက်ကပ်လှူဒါန်း ကြရာ ဆွမ်းသပိတ်လုံး၊ မြေပဲ၊ အသီးအနှံ သပိတ်လုံး များနှင့်အတူ ငွေပဒေသာပင် ပုံစံ အမျိုးမျိုးလည်း ပါဝင်ကြောင်း မြင်တွေ့ရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

Monday, January 11, 2016

ရန်ကုန်မြစ်တွင်း၌ Yangon Rhythm Cruise အပျော်စီးသင်္ဘော ခရီးစဉ်သစ် ထပ်မံတိုးချဲ့ပြေးဆွဲ



ရန်ကုန် ၊ ၁၁-၁-၂ဝ၁၆

ရန်ကုန်တိုင်း ဒေသကြီးရှိ ရန်ကုန်မြစ်တွင်း ၌ Yangon Rhythm Cruise အမည်ရှိ အပျော်စီးသင်္ဘော ခရီးစဉ်သစ်ကို ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ထပ်မံတိုးချဲ့ ပြေးဆွဲပေး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီး သင်္ဘောခရီးစဉ်ကို ပိတ်ရက်မရှိ ပြေးဆွဲပေးနေပြီး နေ့စဉ် နံနက် ၈ နာရီနှင့် ညနေ ၄ နာရီတို့တွင် ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ထွက်ခွာကာ ခရီးစဉ် တစ်ကြောင်းလျှင် တစ်နာရီကျော် အချိန် ကြာမြင့်ကြောင်း သိရသည်။

ယင်း ခရီးစဉ်တွင် ရန်ကုန်မြို့၏ နံနက်ခင်း အလှ၊ နေဝင်ဆည်းဆာ ရှုခင်း၊ ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံ များနှင့် ခေတ်မီ အဆောက်အအုံ များကို မြစ်အတွင်းမှ ကြည့်ရှုခံစား နိုင်စေရန် မြစ်ရေပြင်ကျယ် နေရာများ၌ လှည့်ပတ် မောင်းနှင်ပြီးနောက် ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ် ပေးကြောင်း သိရသည်။

ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ် များတွင် ယခင်က နိုင်ငံခြား ခရီးသွား ဧည့်သည်များသာ လိုက်ပါစီးနင်းလေ့ ရှိသော်လည်း ယခုပွင့်လင်း ရာသီတွင် ပြည်တွင်းမှ အပန်းဖြေလိုသူ များလည်း စီးနင်းမှုနှုန်း တိုးမြင့်လာသည့် အတွက် ယခုကဲ့သို့ ခရီးစဉ်သစ် တစ်ခု ထပ်မံတိုးချဲ့ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

Yangon Rhythm Cruise သင်္ဘော ခရီးစဉ်သစ်တွင် အပန်းဖြေ လိုက်ပါစီးနင်း လိုပါက နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးလျှင် အမေရိကန် ၁ဝ ဒေါ်လာနှင့် နိုင်ငံသား တစ်ဦးလျှင် မြန်မာငွေ ကျပ် ၆ဝဝဝ နှုန်း သတ်မှတ် ထားပြီး သင်္ဘောပေါ်၌ အအေး၊ မုန့်နှင့် ရေသန့်တို့ကို အခမဲ့ သုံးဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧည့်ခံပွဲများ ဖြစ်သည့် Wedding ၊ Dinner ၊ Birthday Party ၊ Gathering ၊ Company Annual ၊ Signing Ceremony စသည်ဖြင့် သီးသန့်စင်းလုံးငှား ခရီးစဉ် များကိုလည်း သင့်တင့်မျှတသော နှုန်းထားများဖြင့် လက်ခံဆောင်ရွက် ပေးနေပြီး ထိုဧည့်ခံပွဲများ အတွက် အစားအသောက် အမျိုးအစားပေါင်း ၃ဝ ကျော်အထိ စီစဉ်ဆောင်ရွက် ပေးနိုင်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Sunday, January 10, 2016

အင်းဝမြို့ဟောင်း ယဉ်ကျေးမှုဇုန်မှ စိတ်ဝင်စားဖွယ်ရာ ညောင်ရမ်းခေတ်လက်ရာများ



မန္တလေး ၊ ၁၀-၁-၂၀၁၆

အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် စိတ်ဝင်စားစရာ စေတီပုထိုးများစွာ ရှိသဖြင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အထူးနှစ် ခြိုက်သော ဒေသတစ်ခု ဖြစ်သည်။ ခရီးသွား ဧည့်သည်တို့သည် ဒုဋ္ဌဝတီမြစ်လယ်မှ ဧရာဝတီမြစ် ၏ အလှနှင့် စစ်ကိုင်းတံတား အလှတို့ကို အထူးနှစ်ခြိုက် လေ့လာကြသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများစု လေ့လာသော နေရာများမှာ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း နှင့် လမ်းသင့်ရာ စေတီတချို့ တို့ကိုသာ လေ့လာကြသည်။

အင်းဝတွင် စိတ်ဝင်စားစရာ ကောင်းပြီး လက်ရာမြောက် ထူးခြားသော စေတီပုထိုး များစွာရှိသည်။ ဝင်္ကပါ၊ ကြောင်လိမ်၊ မြင့်မိုရ်တောင် ဘုရားများ၏ လက်ရာများသည် ထူးခြားကာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ ထို စေတီပုထိုး များသည် ညောင်ရမ်းခေတ် ဗိသုကာလက်ရာများ ဖြစ်သည်။ ဗားကရာကျောင်း၏ အနောက်ဘက်သို့ သွားလိုက်သည် နှင့် ပတ်ဝန်းကျင် ရှုခင်းများနှင့် အတူ ခြောက်ဆူတန်း၊ ကိုးဆူတန်း၊ ကြောင်လိမ်၊ မြင့်မိုရ် တောင်၊ စူဠာမဏိစေတီ၊ ဝင်္ကပါစေတီ တို့အား ထူးခြားစွာမြင် တွေ့နိုင်သည်။

ဒုတိယ အင်းဝခေတ် (ညောင်ရမ်းခေတ်) သက္ကရာဇ် ၁ဝ၇၆-၁ဝ၉၅ ခုနှစ်တွင် အင်းဝထီး နန်းစံမြန်းခဲ့သည့် သီရိပဝရ မဟာဓမ္မရာဇာ ဓိပတိမင်းဘွဲ့ခံ တနင်္ဂနွေမင်း သည် မာရ်အောင်ဘွဲ့ ပါသည့် ဘုရားများ တည်ထားခဲ့သည့် အပြင် ဗိသုကာလက်ရာ ထူးခြားသည့် ဝင်္ကပါဘုရား ၊ မြင့်မိုရ်တောင်၊ ကြောင်လိမ်နှင့် လောက ဒုဿမာရ်အောင် ဘုရားများ တည်ထား ခဲ့ကြောင်း သိရသည်။ ဝင်္ကပါစေတီမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ လိုဏ်ဂူကြီး သဏ္ဌာန် တည်ထားပြီး အတွင်းဘက်တွင် အခန်းများစွာ၊ အဆောင်များစွာနှင့် ဝင်္ကပါဖွဲ့ကာ တည်ထားခဲ့သည်။ အတွင်းပိုင်းကို ဝင်သည်နှင့် အေးမြပြီး ဝင်ပေါက်၊ ထွက်ပေါက် မမှားအောင် သွားရသည်မှာ ပိုမို စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ဝင်္ကပါပေါက်များကို ကျော်လွန်ကာ စေတီတော် အပေါ်ပိုင်းသို့ ရောက်သည်နှင့် အနီးအနားရှိ ဘုရားစု မြင်ကွင်းများက ဘုရားဖူးများ နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များကို အထူးဆွဲဆောင် စေသည့်နေရာပင် ဖြစ်သည်။ ဆိုင်ကယ်တက္ကစီ၊ ပြိုင်ဘီးများဖြင့် အုပ်စုလိုက် လေ့လာသူတို့မှာ ဝင်္ကပါဘုရား၊ မြင့်မိုရ်တောင်နှင့် ကြောင်လိမ်တို့အထိ လေ့လာကြပြီး အင်းဝဒေသ၏ အလှဆုံးနေရာ၊ ဆန်းကြယ်သော ဗိသုကာ လက်ရာများ တည်ရှိရာနေရာ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger