www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, April 25, 2014

" မာန် "


" မာန် "

ငါသာတတ်သိ ၊ နှိုင်းမရှိသို့
သတိလွတ်ကင်း ၊ အသိယွင်းဖြင့်
ဖြိုခွင့်မိုးတိုင် ၊ တက်ရောက်နိုင်ဟု
လှိုင်လှိုင်မာန ၊ ခေါင်းထောင်ကြွကာ 
အာဂငါတည့် မော်ခဲ့တကား။

ဝဲယာအောက်ထက် ၊ နှိုင်းယှဉ်လျက်က
ဆက်စပ်စရာ ၊ ဖန်ဖန်ရှာမှ
သေချာစေ့င ၊ အဖြေရသည့်
လောကတံတွာ ၊ ဓမ္မတာလည်း
ခါခါမေ့လျော့ မော်ခဲ့တကား။

မအောင်မြင်မှု ၊ အောင်မြင်မှုသည်
ထုဆစ်ကိုယ်တိုင် ၊ ကြိုးစားနိုင်မှ
စွဲပိုင်ရိုးလေ ၊ သိနေပေလည်း
ဆူဝေသွေးတို့ ၊ တွန်းဆောင်ပို့သော်
တို့ထိပုတ်ခတ် ၊ တရစပ်လျှင်
မပြတ်ပစ်ရင်း မော်ခဲ့တကား။

တို့ရင်းခတ်ရင်း ၊ ထိုးစစ်ခင်းလည်း
ပစ်ခွင်းငါ့ဆီ ၊ တစ်ပြန်လည်သော်
မတည်ယောက်ယက် ၊ မူဟန်ပျက်လို့
ခံခက်လှစွာ ၊ ဒါ ... ဒါဘာလဲ
ငါ့မှာအတွေး ချော်ခဲ့တကား။

တို့လိုက်ခတ်လိုက် ၊ ထိရှလိုက်နှင့်
စရိုက်မပြင် ၊ အမိုက်မင်ရင်း
နေ၀င်ချိန်တောင် ရောက်ပြီထင့်

မောင်စိမ်းနောင် (လယ်ဝေး)

၂၀၁၄ ခုနှစ် မေလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍမှ



ပြုံးပန်းဝေေ၀


ပြုံးပန်းဝေေ၀

တစ်ချိန်ကလေ ယမ်းနံ့ဝေခဲ့
တို့မြေတစ်ဝန်း နီးဝေးလှမ်းကွာ
စစ်ပန်းကိုယ်ကြေ တို့များသေမင်း
ဆူးတွေနင်းကြ ဒဏ်ရာပွလို့
လှလှဒုက္ခ တွေ့ခဲ့ပေ ။

အချိန်တွေကြာ စစ်မြေမှာတမ်း
သူငါနွမ်းလည်း မခန်းရင်ထဲ
သံမှိုစွဲကာ ညီပဲနောင်ရင်း
ဖော်တစ်သင်းမို့ ပြည်တွင်းငြိမ်းချမ်း
တို့လျှောက်လှမ်းမည် မြန်မာပြည် ။

ခေတ်စနစ်ပြောင်း ဆယ်ရာနှောင်းပြီ
အပေါင်းလက္ခဏာ ရွက်ဆောင်ကြမည်
တွေးပန်းချီနဲ့ ပြည်သစ်ဆီကို
တစ်လီစိတ်ဝမ်း မခွဲတမ်းလေ
ရည်မှန်းချီစို့ ညီနောင်တို့ ။  ။

ကောင်းနိုင် (အနော်ရထာ)

၂၀၁၄ ခုနှစ် မေလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ


Friday, March 28, 2014

သိကြားမင်းမှာတမ်း


သိကြားမင်းမှာတမ်း

ဂိမှာန်နွေလ ၊ သင်္ကြန်ကျလျှင်
မာဃမည်ခေါ် ၊ နတ်ဘိုးတော်သည်
မိုးပေါ်ကဆင်း ၊ လူ့ပြည်ချဉ်း၍
သတင်းထောက်လှမ်း တတ်သည်တဲ့ .. ။

ခွေးရေပုရပိုက်
ရွှေပုရပိုက်တွင် ၊ လူမိုက်လူကောင်း
မပူးပေါင်းဘဲ ၊ တန်းစားခွဲပြီး
ရေးဆွဲမှတ်သား ၊ ဆောင်ယူသွားကာ
တရားစီရင် တတ်သည်တဲ့ .. ။

ကြံကာဖန်ကာ ပြောတတ်ပါဘိ
လူ့ရွာမြေဖွား ၊ သူကောင်းသားတို့
ငါ့အားနတ်အ ၊ မမှတ်ကြနှင့်
ဘ၀ထိုထို ငါအံတိုပြီ။

လောဘဒေါသ
မောဟထွေပြား ၊ တဏှာများဖြင့်
ပျော်ပါးကြပေ ၊ သင်တို့တွေသည်
ရွှေပုရပိုက် ၊ ရေးတင်လိုက်ဖို့
ထိုက်တန်ရဲ့လား ၊ ပြန်စဉ်းစားဦး။

ငါးပါးသီလ ၊ ဆိုမပြနှင့်
ငါကဥဿုံ ၊ ကြားမြင်စုံမို့
မလုံသည့်အိုး ၊ တုတ်မထိုးဘဲ
မမိုးဘဲနှင့် ၊ လန့်ကွဲနေမှ
အရှက်ရလိမ့်။

မေတ္တာရှေ့ထား ၊ ငါသိကြားက
ကောင်းစားစေမှု ၊ အကြံပြုမည်
မုသာဝါဒါ ၊ တစ်ခုသာလျှင်
ဝေရာမဏိ ၊ ရှောင်ကြဉ်ကြည့်လိုက်
သေမည့်ဘယာ ၊ ရှိစေကာမူ
သေသာသေမည် ၊ မလိမ်ပြီဟု
တည်ကြည်ရှေးရှု ဓိဋ္ဌာန်ပြုလော့။

ဤသို့ပြုရ ၊ မြတ်သီလကြောင့်
အောက်ကမြေကြီး ၊ ရွှေပင်သီးအောင်
ကောင်းချီးပေးကာ ၊ ငွေမိုးရွာမည်
ဣန္ဒာဒေ၀ မှာတမ်းတည်း ။  ။

( မိုးခေါင်မြေ ကျောက်စိမ်း )

၂၀၁၄ ခုနှစ် ၊ ဧပြီလထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ


Wednesday, February 26, 2014

သားစစ်သည်သို့


သားစစ်သည်သို့

ငယ်စဉ်အမြဲ
တွေးဆကဲကဲ ၊ စစ်ထဲဝင်မည် စစ်တိုက်မည်

စစ်အနိဋ္ဌာရုံ
ကိုယ်တွေ့ကြုံပြီး ၊ ရင်ခုန်နေရ
အမေကတော့ ၊ သားလှရတနာ
သူ့သည်းချာကို ၊ ရင်မှာဆွဲကပ်
မျက်ရည်စက်နှင့် ၊ တပ်ထဲမ၀င်ရန်
စစ်၏ဒဏ်ကို ၊ ပြန်ကာပြောရင်း တားခဲ့သည်။

အမေ့ကိုချစ် ၊ အမေချစ်တဲ့
သားနှစ်ကျွန်တော် ၊ တပ်မတော်နှင့် 
မျှော်လေတိုင်းဝေး . . .  ဝေးခဲ့သည်။

ကျွန့်ဘ၀မှာ
ဝင်ခိုလာသည့် ၊ သန်မာကျစ်လျစ်
ကျွန်တော်ချစ်သည့် ၊ သားနှစ်ရတနာ
ကိုယ့်သည်းချာကို ၊ ရလာခွင့်ရေး
စဉ်းစားတွေးလို့ ၊ ရဲသွေးထွန်းပေါ်
တပ်မတော်သို့ ၊ ကျွန်တော် ကိုယ်တိုင်အပ်နှံခဲ့။

တောင့်တင်း ကြံ့ခိုင်
ကြွက်သားစိုင်နှင့် ၊ ခိုင်မာစိတ်ဓာတ်
ပြည့်စုံပြတ်သား ၊ တပ်သားဘာမထီ
သားစစ်သည်က ၊ ပြည်သူ့အတွက်
သူ့အသက်ကို ၊ ပေးဆပ်အပ်နှင်း
ဆူးကိုနင်းကာ ၊ ချဉ်းကပ်ရင်ဆိုင်
ရန်ကုန်ပြိုင်လျက် ၊ " သူ့နိုင်ငံသား
သံမှုန့်စားမှ ၊ တို့ဓားတုံးမည် "
စိတ်စိတ်ရည်ရည် ၊ ချီချီရဲရဲ
တိုက်တိုက်သဲသဲ ၊ ရွှဲရွှဲသွေးသွေး
နီနီစွေးစွေး ၊ ထွေးထွေးနွှဲနွှဲ
ဝံ့ဝံ့ကဲကဲ ၊ ခဲခဲထန်ထန်
လှေခွက်ချည်းကျန် ၊ အလံမလှဲ
သတ္တိမြဲမြဲ ၊ ဇွဲဇွဲပြင်းပြင်း
မာန်မာန်တင်းတင်း ၊ ထွင်းဖောက်မြန်မြန်
မွှေမွှေလှန်လှန် ၊ ရန်ဟူသမျှ
မြူစမကျန် ၊ မွှမွှခြေခြေ ၊ ညက်ညက်ကြေကြေ
တို့ပြည် တို့တိုင်း ၊ တို့သမိုင်းမှာ
နှိုင်းယှဉ်ညွှန်းညွှန်း ၊ စာမွှမ်းမွှမ်းတင်
မော်ကွန်းမှတ်မှတ် ၊ ဂုဏ်တင်အပ်သည်
မြင့်မြတ်ပါသည် သားစစ်သည်။

တိုက်ပွဲတစ်ရာ ၊ အောင်ပွဲတစ်ရာနှင့် 
မြန်မာတို့ဂုဏ် ၊ ဇာတိပုံကို
ရောင်စုံဆေးသီ ၊ အောင်စစ်သည်တို့
ရောင်နီပျိုပျို ၊ နေခြည်ချိုချိုမှာ
ဒီမိုကရေစီ ၊ အောင်ပွဲဆီသို့
ပြည်သူနှင့်အတူ ၊ တွေးဆတူတူ
ဖေးမကူလို့ ချီတက်စို့ ။  ။ 

( ဘီအောင် - မင်းလှ )

( ၂၀၁၄ ခု မတ်လထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ )


Tuesday, February 25, 2014

နားလည်ပေးပါအမေ


နားလည်ပေးပါအမေ

လျှိုမြောင်တောကြား ၊ ဝေးမြေခြားမှာ
သားမောင်စစ်သည် ၊ ရောက်နေသည်ကို
ကြည်ဖြူခွင့်လွှတ် ပေးပါ အမေ ... ။

စိမ့်ရေစမ်းရေ ၊ ချောင်းမြောင်းရေကို
ရလေရာက ၊ ယူငင်ရလည်း
သုံးကြသူငါ ၊ မလွှဲသာမို့
ကြည်သာ ခွင့်လွှတ်ပေးပါ အမေ ... ။

တစ်ပတ်ရိက္ခာ ၊ ကျောမှာပါလည်း
ချိန်ခါရေးခွင့် ၊ ဆင်မသင့်သော်
ချင့်ချိန်ဆန့်လျား ၊ နှစ်ပတ်စားလျက်
ညည်းတွားမဆို ၊ အဖြစ်ကိုလည်း
နှစ်လို လက်ခံပေးပါ အမေ ... ။

ကြုံရာသီးရွက် ၊ ခူးသင်ချက်လို့
မှက်ကိုက်ခြင်ကိုက် ၊ ကြမ်းစရိုက်နှင့် 
ကိုက်အောင်နေရ ၊ သားဘ၀ကို
ချိန်ဆ နားလည်ပေးပါ အမေ ... 

ပန်းနှင့်ပေါက်ရာ ၊ မဟုတ်ပါသော်
ချိန်ခါမရွေး ၊ အသက်ပေးလို့
သေဘေးကြုံနိုင် ၊ ကျိုးပြတ်နိုင်ဟု
ခိုင်ခိုင် စိတ်ဓာတ်မွေးပါ အမေ ... ။

လူငယ်စရိုက် ၊ အပျော်ကြိုက်လည်း
မကြိုက်နိုင်ပုံ ၊ သနစ်စုံကို
ယုံကြည် လက်ခံပေးပါ အမေ ... ။

လူမှာယောက်ျား ၊ သားမှာစစ်သည်
တိုင်းပြည်ကုံလုံ
လုံခြုံအေးချမ်း ၊ ဘေးမသန်းဖို့
ပန်းချင်ပန်းစေ ၊ သားတို့တွေသည်
စစ်မြေထွက် နေရပါကြောင်း ။ ။

မောင်စိမ်းနောင် (လယ်ဝေး)

( ၂၀၁၄ ခုနှစ် မတ်လထုတ် မြ၀တီရသစုံ မဂ္ဂဇင်း ကဗျာကဏ္ဍ မှ )


Wednesday, January 29, 2014

တောင်ပံ မစုံတဲ့ငှက်


တောင်ပံ မစုံတဲ့ငှက်

သားတို့အမေ ၊ ကွယ်ခဲ့လေမှ
အဖေကျန်ခဲ့ ၊ အားလည်းယဲ့မိ
ပြာလဲ့မိုးယံ ၊ တက်မည်ကြံလည်း
တောင်ပံတစ်ဖက်တည်း ၊ ပျံဝဲဖို့ခက်
ငှက်ငယ်ပုံသို့ ဘ၀ချို့။

ပြုတ်ခဲ့တောင်ပံ ၊ တစ်ဖက်ကျန်ဖြင့်
ငှက်မာန်ကိုသွင်း ၊ ချွေးကိုရင်း၍
ထမင်းနပ်မှန် ၊ စားနိုင်ရန်တွက်
ရုန်းကန်လုပ်ကျွေး ၊ ဘ၀ပေးတည့်
ကြွေးသစ်ချခဲ့ပါသကား။

ရင်သွေးမျက်ရှု ၊ ရွှေနှယ်ဥသို့
ပုလုကွေးရွယ် ၊ ငယ်ကတည်းက
ချစ်ခဲ့ရသည်
အပျိုလူပျို ၊ ဖြစ်ပြီဆိုတော့
ကိုင်းကိုစုံကန် ၊ ငှက်နှယ်ပျံကြ
တောင်ပံတစ်စုံ ၊ မပြည့်စုံလည်း
စုပြုံနေပြီး ၊ ဖေ့မျက်မည်းကို
မညည်းမညူ ၊ ကျွေးခဲ့သူတည့်
တစ်လှည့်ကျွေးဟောင်း ၊ ဆပ်ခဲ့ကောင်းဟု
ငဲ့စောင်းတစ်ပြန် ၊ ကြည့်ကောင်းတန်ဟု
တစ်ရံအတိတ် ၊ တွေးရင်းထိတ်ရှင့်
မည်းချိပ်ညဥ့်ယံ ၊ ယောက်ယက်ဆန်ခဲ့
ပြန်ရက်နီးပါပြီတကား။  ။

အောင်ဆန်းသိန်း (ပခုက္ကူ)

( ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍမှ )


Tuesday, January 28, 2014

ပျော်စရာစုံညီ တို့တိုင်းပြည်


ပျော်စရာစုံညီ တို့တိုင်းပြည်
----------------

တို့များနေသည် . . . 
မြန်မာပြည်တွင် ၊ ချင်း ကချင် နှင့်
ကရင် ကယား ၊ တူစိတ်ထားဖြင့်
ရှမ်း နှင့် ဗမာ ရခိုင်ပါ၏။

မနောပွဲတော် ၊ တူပျော်ပျော်မို့
မော်ကြွားဝင့်ဝင့် ၊ ထူးတင့်ပေဟန်
ကဟန်ငြိမ့်ညောင်း ၊ စုပေါင်းအက
ခညောင်းပေစွ ကချင်အလှ။

တောင်ကွဲစေတီ ၊ ငွေတောင်ပြည်မှ
ချစ်ကြည်စိတ်ထား ၊ တို့ကယား၏
ဖားစည်ပွဲတော် ၊ မြို့လွိုင်ကော်မှာ
ပျော်ရွှင်ဆင်နွှဲ လှဂုဏ်အင်။

ဖားစည်သံလွှမ်း ၊ တောမြိုင်တန်းမှာ
စံမြန်းဌာနေ ၊ ကရင်မြေတွင်
ဇွဲကပင်နှင့် ၊ ဒုံးယိမ်းဆင့်၍
မြူးဝင့်လှပ ၊ ရွှင်ပျော်ကြ။

ချင်းတို့နေပြည် ၊ နောက်မြောက်ဆီမှာ
ခွာဒိုပွဲတော် ၊ တူနွှဲပျော်ကြ
အလှစုထား ၊ မြို့ဟားခါးမှာ
တို့များချင်းတို့ ပျော်မွေ့ကြွား။

မွန်တို့ဌာနီ ၊ ရွှေမြိုင်ပြည်မှာ
ချစ်ကြည်လျှမ်းပ ၊ ရိုးရာကနှင့်
ဗုဒ္ဓဘာသာ ၊ မွန်တို့စာသည်
ချိန်ကြာညောင်းလည်း ကောင်းနေဆဲပင်။

ဗမာရိုးရာ ၊ ဗုံသံသာနှင့်
သုံးဖြာလှပ ၊ ဆိုးတီးကနှင့်
ဂီတသဘင် ၊ ဆိုင်းဝိုင်းလွင်ခဲ့
သစ်လွင်နေဆဲ ရိုးရာပွဲ။

မြန်ပြည် နောက်တံခါး ၊ စောင့်ကြပ်ထားသည့်
တို့များရခိုင် ၊ မနောလှိုင်စွာ
ယှဉ်ပြိုင်ဆင်နွှဲ ၊ ကျင်ပွဲတော်မှာ
ပျော်စရာများ ရခိုင်သား။

နောင်ဗိန်နောင်မြည် ၊ တို့ရှမ်းပြည်မှာ
စည်သံမောင်းသံ ၊ ကိန္နရာဟန်နှင့်
ကဟန်ရွှင်လန်း ၊ တို့များရှမ်းဟု
ခမ်းနားပေစွ ဓားသိုင်းလှ၏

မြန်မာပြည်သား ၊ သွေးချင်းများ၏
ငွားငွားစွင့်စွင့် ၊ ဂုဏ်ရှိန်တင့်သည့်
မြင့်မြတ်စိတ်ထား ၊ အလှများကား
နှစ်များကြာရှည် တည်ပါစေ
တို့များမြန်ပြေ (ပြည်) သာပါစေ
တိုင်းရင်းသားတို့ ပျော်ပါစေ။  ။

( ဘုန်းမောင်ဝင်း - ဖျာပုံ )

( ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ )


Wednesday, January 1, 2014

ဥယျာဉ်ကလေးနဲ့ အိမ်ကလေး


ဥယျာဉ်ကလေးနဲ့ အိမ်ကလေး

ကျွဲနွားမတိုး
ခွေးဆိုးတို့ မ၀င်အောင်
စည်းရိုးကို လုံအောင်ပိုးလို့
ထိုးပါလှည့်မောင်
ဥယျာဉ်ကလေး နှင့် တို့အိမ်တစ်ဆောင်
သစ္စာဘောင် မေတ္တာ နှောင်ဖွဲ့တည်ထား။
မိသားစု သည်အိမ်အတွင်းမှာ
နားလည် ခွင့်လွှတ်ခြင်း တွေနဲ့
အချင်းမများ။

အိမ်တိုင်ကို ခြမစား
ခြင်ယင်များ မလာအောင်
ဂရုစိုက်ကာ ဆေးဖျန်းပါမှ
ကျန်းမာမယ်မောင်။
သားသမီးတွေနဲ့ တို့အိမ်ထောင်
ဘိုးဘွားတို့တောင်ပါ ပါသေး
ဦးလေး အရီးလေး တို့ဖြင့်
နွေးနွေးထွေးထွေး။

အဖျက်ပိုးတွေ ကင်းရှင်းပါမှ
အသီးအကင်း တဝေေ၀။
တို့ပိုင်တဲ့ ဥယျာဉ်နန်းလည်း
ပွင့်လန်းကြိုင်မလေ။
ကိုကို မောင်မောင် ညီရင်းအစ်ကိုတွေ
စိတ်ဝမ်းမကွဲပေ ညီညွတ်မှ။
လုံခြုံကာ အကျိုးဆက် ဖြိုးလက်လို့
တိုးတက်မည်ပါ့။

မြန်ပြည်ထောင် ငြိမ်းအေးကြောင်းငဲ့
ဘေးရန်အပေါင်း တွန်းလှန်မှာ။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ကြောင်း
နှစ်ထောင်းမြင်သာ။
စည်းလုံးပါမှ နောင်အရှည်ကြာ
ခိုင်မာမည့် တို့ဘ၀။
အတွင်းသန္တာန် အချင်းဉာဏ်ဖြိုးစွာဖြင့်
အရင်းခံ မေတ္တာတိုးကြလျှင်
မိုးလောက်ကြီးလှ

ရွှေမြိုင် ပြုံးလဲ့မော်

( ၂၀၁၄ ခုနှစ် ဇန်န၀ါရီလထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ )


Tuesday, December 31, 2013

သန္တိသုခရသ


သန္တိသုခရသ

သောကမီးခဲ ၊ ရင်ထဲလောင်ကျွမ်း
ညှိုးနွမ်းစိတ်တွေ ၊ ပပျောက်စေမည့်
ဝေဒနာခပ်သိမ်း ၊ ကင်းပငြိမ်းလျက်
သူစိမ်းမဆန် ၊ ရင်ခုန်သံသည်
နက်ဖန်အတွက် ၊ မျှော်လင့်ချက်နှင့်
အသက်ရှည်ရေး ၊ ရည်ရွယ်တွေးပြီး
ပူဆွေးသောက ၊ ဗျာပါဒတို့
ကင်းပစေတာ ၊ သည်ကဗျာ ။

ကဗျာနှင့်ငါ ၊ ပျော်မွေ့ကာဖြင့်
ဘယ်ခါမခွဲ ၊ အဖော်ပဲလေ
အမြဲမကွာ ၊ လက်တွဲပါ၍
ကဗျာထဲမှာ ၊ အလှရှာသော်
သစ္စာလည်းရှိ ၊ အလှရှိ၏။
ရှိသည့်အလှ ၊ ရှာနေရလျှင်
သုခချမ်းသာ ၊ ပျော်မွေ့ရာတည့်

နေ့မှာညမှာ ၊ ခင်တွယ်ပါ၍
ပန်းပမာလိုပဲ ၊ ငါ့ရင်ထဲမှာ
အမြဲပွင့်လန်း ၊ ကဗျာပန်းသည်
လန်းလန်းလှလှ ၊ ပွင့်နေရလျှင်
သောကမီးခဲ ၊ အပူစဲပြီ
ငါ့ရင်ထဲမှာ ၊ ငြိမ်းချမ်း၏ ။  ။

ကျော်လွင်ဦး (ပျဉ်းမနား)

( ၂၀၁၄ ခုနှစ် ဇန်န၀ါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ )


Wednesday, December 4, 2013

" ပန်းမခူးရ "


" ပန်းမခူးရ "

သဘာဝက
မူလဖြစ်စဉ် ၊ ရိုး၍ယဉ်၏
ယဉ်၍လှပ ၊ ကြည်နူးရ၏။
သဘာဝက ၊ လောကကို ခင်
ခင်၍စာနာ ၊ ဖေးကူပါ၏။

သဘာဝက ၊ မဖောက်မပြန်
မှောက်လှန်ပြောင်းလဲ ၊ မရှိဘဲကို
လောကကိုမှီ ၊ တည်ကြည်မှန်စွာ
တုံ့ပြန်ပါသည်။

မိုး ... ရွာချိန် ... ရွာ
နေ ... သာချိန် ... ပူ
နှင်းမြူဝေကျ ၊ သူ့ကာလမှာ
သူ့တာဝန်ထမ်း မပျက်ခဲ့။

သဘာဝနဲ့ အလှစုံလင်
မိခင်မြေမှာ ရှိနေပါလျက်
လူတို့လက်ဖြင့် ပျက်သင့်သလား။

အလှမမြင် ၊ အယဉ်မသိ
အရှိကိုဖုံး ၊ အသိရှုံးမှာ
နစ်နာနေကြ ၊ လစ်ဟာချို့ယွင်း
အသိကင်းစွာ ၊ မာနအတ္တ
မျှပေါင်းစပ်ပြီး ၊ လူ့ခရီးဘဝ
တစ်ခဏသာဖို့ ၊ ကွက်ကျော်မြင်
ထာဝရ ငါတို့ကမ္ဘာ အလှမဖျက်စေချင်။

ဝန်းကျင်ဖျက်ဆီး
အိုဇုန်းလွှာကြီးပေါက်
ခန်းခြောက်မြေလွှာ ၊ မိုးရွာရေကြီး
တောကြီး တောင်ပျောက်
စမ်းပျောက် မိုးခေါင် လျှိုမြောင် ကွယ်ပျောက်။

ပေါက်မည့် ပန်း မပွင့်
ပွင့်သည့် ပန်း မလန်း
လန်းသည့် ပန်း မမွှေး
မွှေးသည့် ပန်း ကြွေနွမ်း
စခန်းလူ့ရွာ
လူသာဖျက်၍ ပျက်သင့်သလား။

သြော် ... ကမ္ဘာ့ရွာ အလှသာဖို့
ဘ၀တာ မမိုက်ပါနဲ့
ဆင်ခြင်ကြ
ပန်းတွေ မခူးရ ။  ။

( ခြိမ့်နိုင် )

( ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍ )


Thursday, October 31, 2013

" အလှ နှင့် ဓမ္မ "


" အလှ နှင့် ဓမ္မ "

နွေမှာပွင့်လန်း ၊ ကံ့ကော်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

မိုးမှာပွင့်လန်း ၊ စံပယ်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

ဆောင်းမှာပွင့်လန်း ၊ သဇင်ပန်းကို
ဆင်မြန်းပန်ဆင် ၊ လှယဉ်ယဉ်မင့်
သူ့တွင် အလှမမြဲပါ ။

အလှဆိုတာ ၊ ကိလေသာ၏
မာယာတစ်မျိုး ၊ တဏှာဆိုး၏
အမျိုးအဆွေ ၊ ဖြစ်ပါပေ၏
အလှနောက်ဝယ် ၊ ဇရာနွှယ်၍
ယှက်သွယ်ဒုက္ခ ၊ အနိစ္စနှင့်
အနတ္တပါ ၊ ဤသုံးဖြာသည်
လူ့ရွာဌာန ၊ ဘုံဘ၀မှာ
ကြုံရမည်မှာ မလွဲပါတည့်
ဖွေရှာအလှ ၊ ရှာမရသည်
ဓမ္မသာလျှင် ၊ အလှစင်စစ်
ဧကန် ဖြစ်သည်သာ ပါတကား ။  ။

( စန်းနီလာဝင်း )



( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထုတ် ငွေတာရီမဂ္ဂဇင်း ပါ ကဗျာကဏ္ဍ မှ )

Wednesday, October 30, 2013

" အဘိုးစ သို့ ဦးညွှတ်ခြင်း "


" အဘိုးစ သို့ ဦးညွှတ်ခြင်း "

ကလောင်တစ်ဖက် ၊ စွဲမက်ကိုင်ဆောင်
ပြည်ထောင်အရေး ၊ သွေးမအေးဘူး
စတေးဝံ့သူ ၊ အာဂလူပင်
ကျွန်လျှင်ခံစား နားလည်ခဲ့ ။

စစ်ရေးတစ်ဖက် ၊ ငြိမ်းလျက်ညင်သာ
ရှိသောခါမူ ၊ စာပေအနု
ရတုကဗျာ ၊ ၀ါသနာလျောက်
တစ်ထောက်မနား ၊ ရေးစွမ်းအားရှိ
နောင်သားလူမယ် ၊ အကျိုးရွယ်၍
စိတ်ဝယ်ခံစား ၊ ထားရှိသမျှ
ကျွန်ဖတ်ရသည်
အာဂ အဖိုးစ စိတ်နေလှ ။

သြော် . . .  အဘိုးစနှယ် ၊ နှိုင်းမျှထုံးစဉ်
တုမယှဉ်ရဲ ၊ စစ်ဝင်စစ်ထွက်
လက်နက်မကိုင် ၊ ကလောင်ကိုင်လည်း
မခိုင်စိတ်က ၊ တုမရပြီ
မပီကဗျာ ၊ တွေ့ခဲ့ပါလျှင်
စာနာသနား ၊ အကျွန့်အားလျှင်
နားလည် ခွင့်လွှတ် လိုက်ပါ အဘိုး ။  ။

မင်းရွှေမင်း (အင်းစိန်)


( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၊ မြ၀တီရသစုံ မဂ္ဂဇင်း ၆၁-နှစ်မြောက် အမှတ်တရ အထူးထုတ် ပါ ကဗျာကဏ္ဍ မှ )

Wednesday, October 2, 2013

နံ့သာသူခိုး

နံ့သာသူခိုး

မောင်နှင့်တွေ့မည်
မွှေးရည်ဆွတ်တို့ ၊ ပါးမို့မို့တွင်
နံ့သာတင်ကာ လှပြင်ခဲ့သော ပျိုယမင်း ။

မောင်နှင့်တွေ့သော်
ပျော်မွေ့ကြည်ရွှင် ၊ ချစ်သူ့ရင်မှာ
ရှက်ချင်ချင်သား ၊ ချစ်သနား၍
မောင်ဘုရား သဘော ၊ လိုက်လျောခွင့်ပေး
မယ့်ပါးဖွေးဝယ် ၊ နံ့သာပြယ်ပြီ
အို . . . နယ်ကျူးချစ်သော ကိုလူဆိုး ။

ကိုရွှေလိပ်ပြာ ၊ ဆောင်ယူပါ၍
နံ့သာဝတ်မှုန် ၊ မသင်းထုံပြီ
ပန်းငုံမိပျို ၊ ရှက်သွေးဖိုလျက်
ငိုမဲ့ဟန်မူ ၊ ပြစ်တော်ယူလျှင်
ကလူကျီစား ၊ ပြုရက်အားသူ
မောင့်ပါးပြင်ထက် ၊ နှာတံဝှက်၍
လက်စားချေလှည့် အနမ်းတွေ ။
သက်ပိုင်ကြော့မှူး ကျေနပ်စေ ။ ။

ကို (တက္ကသိုလ်)

(၂၀၁၃ ခုနှစ် အောက်တိုဘာလ ထုတ် ငွေတာရီမဂ္ဂဇင်းပါ ကဗျာကဏ္ဍ မှ)


Tuesday, October 1, 2013

သက်ကြီးရွယ်အို

သက်ကြီးရွယ်အို

သက်ကြီးရွယ်အို အချိန်ရောက်
စောင့်ရှောက်ဖို့ လိုသည်။
အိုမင်းလျှင် ဘယ်မစွမ်း
ဝိုင်းဝန်းကူညီ။
သင်လည်းတစ်နေ့ အိုရမည်
ကြံစည်လို့ စဉ်းစား။
ဂရုဏာ စာနာထောက်ပါလို့
ဝမ်းမြောက်စွာ မွေးမြူကျွေးတဲ့ပြင် 
ဖေးကူကာ ကုသိုလ် အလုပ်မို့
ကြိုးကုတ်စို့လား။

အရွယ်ဂုဏ် ကြီးသူများကိုလ
ရိုတုပ်ကွ ပူဇာ။
မြတ်ကုသိုလ် သည်ကောင်းမှု
ပြုသင့်သည်သာ။
အသက်နဲ့ဆင်းရူပါ
ချမ်းသာနဲ့ ခွန်အား။
မှန်မသွေ သည်အကျိုးကိုလ
ရလိမ့်တကား။

ငါတို့လည်း တစ်နေ့ကျ
အိုရလိမ့် မှန်စွာ။
သည်ခန္ဓာ ဒုက္ခဘေးက
ပြေးမလွတ်ပါ။
ဒါန ၊ သီလ ၊ ဘာဝနာ
ဉာဏ်ယှဉ်ကာ ကြိုးစား။
အို ၊ နာ ၊ သေ ဒုက္ခ၀ဋ်မှ
လွတ်လိမ့်တကား။

ယဉ်ကျေးမှု ရိုးရာအလှ
သိကြဖို့ ကဗျာစီ။
သားမြေးတိုင် မပျက်တမ်း
လက်ကမ်းရမည်။
မင်္ဂလာတရားမို့ ပြုသင့်သည်
စာပန်းချီ ခြယ်မှုန်း။
စဉ်အလာ ကွယ်မပျောက်အောင်
စောင့်ရှောက်ကျင့်သုံး ။  ။

ငွေသဇင် (သံတွဲ)
" အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ သို့ အမှတ်တရ "

(( ၂၀၁၃ ခုနှစ် အောက်တိုဘာလထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာကဏ္ဍမှ ))


Monday, July 29, 2013

မြန်မာ့အိမ်

မြန်မာ့အိမ်

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဆွေဉာမိတ်ရင်း ၊ တို့သွေးချင်းတွေ
ချစ်ခြင်းဝေပွား ၊ မေတ္တာထားလျက်
မခြားမကွဲ ၊ တစ်သားတည်းပင်
ခိုင်မြဲလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဇာတိပုည ၊ ဂုဏ်မာနနှင့် 
ထက်မြဓားရေး ၊ သတ္တိမွေး၍
ပြည်ရေးဝန်တာ ၊ သွေးစည်းကာလျှင်
ကာကွယ်တတ်သော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဘာသာလူမျိုး ၊ ချစ်မြတ်နိုး၍ 
ရိုးရာဓလေ့ ၊ ထုံးအငွေ့၌
ပျော်မွေ့နစ်ဝင် ၊ တွယ်တာခင်သည်
ယဉ်ကျေးလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ချိုသာစကား ၊ အပြုံးများနှင့်
စိတ်ထားဝင်းဖန့် ၊ ဂုဏ်သင်းပျံ့လျက်
နူးညံ့ပွင့်လင်း ၊ ဟန်ဆောင်ကင်းသည့်
ရိုးစင်းလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
မြန်မာဟူဘိ ၊ မော်ကွန်းရှိသား
တို့မိသားစု ၊ သွေးစည်းမှုနှင့်
ချစ်မှုခင်မှု ၊ ယဉ်ကျေးမှုနှင့်
စံပြတုကင်း ၊ ရိုးသားခြင်းတို့
ဖန်ဆင်းဝန်းရံ ၊ ရှိသည်မှန်၍
ထက်သန်းပြင်းပြ ၊ ဂုဏ်ယူကြစဉ်
လှစုံတင့်လျှမ်း ၊ အံ့မခန်းနှင့်
ချမ်းမြရိပ်ငြိမ် ၊ မြန်မာအိမ်သည်
ဝင်းထိန်နေနှယ် လင်းသတည်း ။   ။

( ပုလော စိုးနံ့သာ )

(၂၀၁၃ ခုနှစ် သြဂုတ်လထုတ် ငွေတာရီရသစုံ မဂ္ဂဇင်း ၏ ကဗျာကဏ္ဍမှ )


နေညိုချိန် ကျေးလက်ပန်းချီ

နေညိုချိန် ကျေးလက်ပန်းချီ
=-=-=-=-=-=-=-=-=

နေ၀င်ရိုးရီ
လှည်းသံအီလို့
ရွာဆီလမ်းမ ဖုန်ထောင်းထကာ
ယာမှရွာသို့ ပြန်ကြပြီ ။

ဘာသာခွန်းဖွဲ့
သံချိုနွဲ့လို့
အုပ်ဖွဲ့ပျံသန်း
အိပ်တန်းတက်ဖို့ ကျေးငှက်အဝေး ပျံကြပြီ ။

စားကျက်မြေမှ
အစာဝလို့
နွားမအုပ်လျှင်
အသော့နှင်ကာ ရွာဝင်ခြံသွင်း သိမ်းလေပြီ ။

ထဘီတိုတို
ရွာမေပျိုတို့
ရွှင်ချိုပြုံးရယ်
အိုးကိုယ်စီနှင့် ကန်ဆီရေခပ် ဆင်းလေပြီ ။

ရေခပ်လမ်းတွင်
ရွာလုလင်တို့
ရင်ဖွင့်သီကြွေး
ပလွေတေးဖြင့် ချစ်ရေးသံစဉ် လွင်လေပြီ ။

ရောင်စုံဝင်ဖြာ
တိမ်ဆည်းဆာတွင်
သဘာဝအလှ
ဆေးခြယ်သသို့
ညနေကျေးရွာ ရွာရိုးရာသည်
ထာဝစဉ် သာယာသစ်လွင်လျက် ။   ။

(ပြေဦး)

( ၂၀၁၃ ခုနှစ် သြဂုတ်လထုတ် ငွေတာရီမဂ္ဂဇင်း ၏ ကဗျာကဏ္ဍမှ )



Wednesday, July 3, 2013

ဖြစ်ချင်ပါသော ပန်းတစ်ပွင့်

ဖြစ်ချင်ပါသော ပန်းတစ်ပွင့်

အလှဆင်ပန်းတစ်ပွင့်
ဖြစ်ခွင့်ရပါလျှင် ။
ပန်းခရေပွင့်မွှေး
ရွေးလိုက်ပါချင် ။
အများက ငြိုငြင်
တော်မ၀င် အကြွေပန်း ။
ဆိုကြစေ စိတ်မခု
ယုယဆင်မြန်း ။

ခရေအနွမ်းကိုမှ
အကြွေပန်းလို့ ဆိုသူတွေ ။
လောကမှာ မကြွေပန်းကို
ရှုစမ်းချင်ပေ ။
ပန်းတိုင်း မသွေ
ဝေသည်ရှိ ကြွေသည်ရှိ ။
အသွေးအရောင် အဆင်းရနံ့များ
ကွာခြားနိုင်၏ ။

ပန်းတို့၏ အလှတရား
ဘယ်သို့များ ဆုံးဖြတ်စေ ။
ပန်းခရေ ဂုဏ်အင်များ
လျော့ပါး မရှိပေ ။
ဝေစဉ် အခါမလေ 
သင်းပျံ့နေ ဂုဏ်အဆင်း
ကြွေခြောက်စေ ဘယ်မလွင့်
ထပ်ဆင့်ဆင့်သင်း ။  ။

မနောသစ် ( ပခုက္ကူ )



(( ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် မြ၀တီရသစုံမဂ္ဂဇင်းပါ ကဗျာ ))

ဆည်းဆာချိန်လေး မကုန်သေး

ဆည်းဆာချိန်လေး မကုန်သေး

ဘ၀တိုတို ၊ ခရီးအိုပြီ
နေညိုချိန်ရောက် ၊ တိမ်လည်းတောက်ပေါ့
တောက်လေသည့်တိမ် ၊ ဆည်းဆာမှိန်၍
အချိန်အားဖြင့် ခဏတာ ။

ဆည်းဆာခဏ ၊ နေ့ဘ၀သည်
အလှပဆုံး ၊ ဆေးခြယ်မှုန်း၍
ရွှေ့အုံးတော့မည် ၊ ချုပ်ရီရီနှင့်
ညရည်တစ်ဖန် သစ်လိမ့်တကား ။

ဇာတိလျှင်စ ၊ ဇရာချ၍
ဘ၀ကမ္ပတ် ၊ ဆုံးမသတ်မီ
ဖြတ်သန်းခဲ့ရာ ၊ ခရီးတာ၌
ကမ္မာသဘော ၊ ပြန်စောကြောမိ
လောကအမြင် ၊ ကိုယ့်ဝန်းကျင်ကို
ဘယ်သွင်စုစု ၊ ကောင်းကျိုးပြုခဲ့
ကုသိုလ် အကုသိုလ် ၊ ထိုနှစ်ထိုတွင်
ကုသိုလ်အမှု ၊ ဘယ်မျှပြုခဲ့
ယခုပင်ရ ၊ တစ်ခဏ၌
ဘ၀ပြတ်ကြောင်း ၊ တရားကောင်းကို
နှစ်ထောင်းရွှင်စွာ ၊ ကျင့်မိပါစ
ရာဂဒေါသ
မောဟထွေထွေ ၊ အချိန်တွေနှင့်
တေလေပမာ ၊ မငြိမ်းပါသည့်
တဏှာဒိဋ္ဌိ ၊ မြှုံးထဲမိလည်း
မသိမမြင် ၊ ဥာဏ်မခြင်ဘဲ
သွင်သွင် ပျော်မွေ့ နေမိတကား ။

သြော် ... သံယောဇဉ်များ ၊ ဆွဲငင်အားကြောင့်
ချားသို့လည်လည် ၊ တတွယ်တွယ်နှင့်
ဘယ်ဝယ်ဘယ်လမ်း ၊ ဆိုက်မည်ကမ်းဟု
မှန်း၍မျှော်ကြည့် ၊ တုန်လှုပ်မိခဲ့
သတိစုစည်း ၊ ရှေ့ခရီးတွက်
ဆည်းဆာချိန်လေး ၊ မကုန်သေးမီ
ဇောချွေးကိုသုတ် ၊ နာမ်နှင့်ရုပ်၏
ဖြစ်ချုပ်သည်အား ၊ ရှုမှတ်ပွားသည်
တရားကိုယ်၌ မြဲဖို့တည်း ။   ။

မောင်ဟေမာ


(( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လထုတ် ၅၃ နှစ်မြောက် ငွေတာရီ မဂ္ဂဇင်း အထူးထုတ် ပါ ကဗျာကဏ္ဍ ))

Tuesday, May 28, 2013

" ဤခရီးနီးသလား "


" ဤခရီးနီးသလား "

တစ်မနက်တစ်ရက် ၊ တစ်သက်တစ်ဘဝ
လျှောက်ခဲ့ရပြီး ၊ ခရီးထပ်ထပ်
မရပ်မနား ၊ မအားမလပ်
မပြတ် သွားနေရ တို့ဘ၀ ။

ခရီးခရီး ၊ ဘယ်ခရီးမှ
နီးသည်မရှိ ၊ ဝေးသည့်တိုင်းတာ
ဖြာဖြာဒုက္ခ ၊ ဒုက္ခများစွာ
သူငါတို့များ ၊ ကျော်လွှားအားတင်း
ခရီးပြင်းနှင်လျက် ၊ တစ်သက်တစ်ဘဝ
တခဏဟာ ၊ ရေမျက်နှာထက်
ခဏတက်သည့် ၊ ရေပွက်ပမာသို့
သူငါတို့ခရီး ၊ နီးဝေးသလား
ပြောကြားရခက် ဖြေရခက် ။  ။

ဖိုးရန်နိုင် (ကျောက်ကြီး)

(( ၂၀၁၃ ခုနှစ် ဇွန်လ ထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍမှ ))

" လယ်တောအလွမ်း "



" လယ်တောအလွမ်း "

မယ့်ဝမ်းစာ ယာတစ်ခင်း
ဆင်းခဲ့ပါ့ မောင်ကြီးရယ်။
ကောက်နှံတွေ ရွှေလိုဝင်း
နှင်းဖွေးလို့ကွယ်။
ချမ်းအေးလို့ မအားတယ် ....
ဧည့်သည်ကို ပျိုလုပ်ကျွေး။
နှမ်းလှော်ကို ညက်အောင် ထောင်းပါလို့
ကောက်ညှင်းပေါင်းက ပူပူနွေး
အုန်းဆန်ကဖွေး ... ။

ထန်းသီးနုနု ချိုချွဲချွဲ
ထန်းလျက်ခဲက မွှေးသကို။
ထန်းရည်ချို ပျိုမတား
သောက်စားပါဆို။
လယ်သူမလေး အရှက်ပို ....
မျက်နှာကို သူလွှဲ။
စကားချိုချို နှစ်ကိုယ်ကြား
နားဝမှာစွဲ။
မျက်နှာချို လပြည့်ည
ကြည့်မ၀နိုင်ဘဲ ... ။

ဖရဲခင်းမှာ နှစ်ကိုယ်တွဲ
ထန်းတောထဲမှာ နားခို။
ဖရဲသီးမှည့် နီရဲရဲ
ခွဲကျွေးတဲ့ပျို။
ဖရဲသီးက အေးချိုချို ....
ပျိုမျက်နှာက ရွှင်ပြုံးပြုံး။
မောင်ကြီးရယ် မရှက်နဲ့
စားလှည့်ပါအုန်း .... တဲ့ ။

မွန်းတည့်နေ ပူလောင်ပြင်း
တဲကွင်းမှာ အနားယူ။
လယ်ပုစွန်ကို အစပ်ချက်
ချဉ်ပေါင်ရွက် ဟင်းချိုပူ။
စိတ်ဝမ်းလှ မငြူစူ ....
ကြည်ကြည်ဖြူ ထည့်ကျွေး။
နှစ်မျက်နှာ အပြုံးများနဲ့
စားကြတယ်လေး။
မောင်ကြီးမှာ ခံတွင်းတွေ့
မေ့မရနိုင်သေး ... ။

မွန်ပြည်နယ် အလည်တစ်ခေါက်
ရောက်ဖူးတဲ့ ကိုလူပျို။
လယ်တောမှာ ရွှင်ပျော်မွေ့
မေ့နိုင်ဘူးဆို။
လယ်တောက ထန်းလျက်ချို ....
ချဉ်ပေါင်ကို သူလွမ်း။
အမေ အဖေ အခွင့်ပေးရင်
ပြေးလာဖို့မှန်း။
တွေးပါလို့လွမ်း ... ။  ။

မင်းမောင်နွယ် (မွန်ဌာနီ)

(( ၂၀၁၃ ခုနှစ် ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ ))
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger