www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြည်သူ့စကား. Show all posts
Showing posts with label ပြည်သူ့စကား. Show all posts

Monday, June 20, 2016

ရန်ကုန်မြို့တော် နှင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပွားရခြင်း အဖြာဖြာ



ကိုကြီးစိုး (ဆိပ်ကမ်း)

ရန်ကုန်မြို့တော်ကြီး တွင် ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိရာ ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေစေရန် ဆောင်ရွက် နေသော တာဝန်ရှိသူများ အနေဖြင့် စည်းကမ်း ကြပ်မတ်ပြုပြင် နိုင်စေရန် ပြည်သူတစ်ဦး အနေဖြင့် တွေးခေါ်မြော်မြင် မိသမျှကို အကြံပြု ရေးသား တင်ပြလိုပါသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၁)

ရန်ကုန်မြို့၌ နေ့စဉ်ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း အများစုမှာ ကားကြီးများဖြစ်သည်။ ထိုကားကြီး များသည် မိမိတို့ ညအိပ်ရပ်နား ဂိတ်ထိုးရန် သတ်မှတ်ကားဝင်း မရှိသည့်အတွက် ယာဉ်သွား လမ်းမများပေါ်တွင် ရပ်တန့် ဂိတ်ထိုး၍ မိမိအလှည့် ကျထွက်ခွာရန် ရပ်နားကြသည်။ ထိုသို့ ရပ်နားသည့်အခါ ကားလမ်းမ၏ တစ်ဖက် တစ်ချက်စီတွင် ယှဉ်၍ ရပ်တန့်ထား ကြပါသည်။ ထိုအခါ ယာဉ်ကြော နှစ်ဖက်ပိတ် သကဲ့သို့ ဖြစ်နေကာ မောင်းနှင်ရာ အလယ် ယာဉ်ကြောမှသာ မောင်းနှင် နိုင်တော့သည်။ ထိုအလယ် ယာဉ်ကြောမှ မျက်နှာချင်းဆိုင် လုယူမောင်းနှင် သည့်အခါ ယာဉ်နှစ်စီး လွတ်အောင် ရှောင်တိမ်း မောင်းနှင်ရင်း ပွတ်တိုက် မိခြင်းများဖြစ်ကာ ယာဉ်ကြော ပိတ်ဆို့၍ နှစ်ဖက် ကားတန်းရှည်ကြီးများ ဖြစ်လာသည်။ ဟွန်းမတီးရ နယ်မြေ ဖြစ်သော်လည်း ဟွန်း တတီတီ တောက်ကြ ပါတော့သည်။ မည်သည့် ကားက ဟွန်းစတီးသည် မသိ၊ ယာဉ်သွားလမ်းများ ပိတ်ဆို့ကာ သယ်ယူ ပို့ဆောင်မှု နှေးကွေးပြီး ယာဉ်ကြော ကျပ်တည်းမှုကို ဖြစ်ပေါ် စေခဲ့သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၂)

ရန်ကုန်မြို့တွင်း နှင့် မြို့နယ် တချို့တွင် မီးပွိုင့်ဧရိယာ များနှင့် နီးကပ်သော နေရာများ၌ ခရီးသည်တင် ယာဉ်ကြီးများ အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူအတင်အချ ပြုလုပ်ခြင်း၊ ခရီးသည်များအား အချိန်ယူ၍ စောင့်ဆိုင်းခြင်း၊ ဂိတ်ထိုး ရပ်တန့်ခြင်း များသည်လည်း ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်ပါသည်။

ထို့ပြင် မီးပွိုင့် ဧရိယာနှင့် အနီးတွင် ကုန်တင်ယာဉ်များ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသဖြင့် မီးပွိုင့်၌ ရပ်ဆိုင်းမောင်း  နှင်ရသည့် ကားများသည် မီးပွိုင့်စိမ်းသည့် အခါ ထိုရပ်တန့် ထားသည့် ယာဉ်များကို ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မောင်း နှင်မှု နှေးကွေးပြီး ယာဉ်စီးရေ အနည်းငယ်သာ မီးစိမ်းကို ဖြတ်သန်းနိုင်ကြ ပါသည်။ တချို့ယာဉ် များမှာ မီးနီနှစ်ကြိမ်၊ သုံးကြိမ်မိ၍ ကားတန်းရှည်ကြီး များဖြစ်ပေါ်ပြီး ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၃)

ရန်ကုန်မြို့၏ အချက်အချာ ကျသော နေရာများသည် မြို့နေ ပြည်သူလူထု အတွက် မဖြစ်မနေ ဝင်ထွက်သွားလာ ဖြတ်သန်း နေရသည့် နေရာများ ဖြစ်သည်။ နေ့စဉ် နေ့ရော ညပါ စည်ကားနေသည့် နေရာများ ဖြစ်သဖြင့် လမ်းဘေး ဈေးသည်တို့၏ စီးပွားဖြစ်ရာ ဈေးကွက် တစ်ခုလည်း ဖြစ်သည်။ ယခင်က ခေါင်းရွက်ဗျပ်ထိုး၊ ဆိုင်းထမ်း ဈေးသည် များကို မြို့တော်စည်ပင် က ပလက်ဖောင်း ကျူးကျော် စည်းကမ်းမဲ့ ဈေးသည် အဖြစ် ဖမ်းဆီးရှင်းလင်း ခဲ့သည်။ ယခုအခါ ထိုပလက် ဖောင်း လမ်းဘေး ဈေးသည် ခေါင်းရွက်၊ ဆိုင်းထမ်း တစ်ခုံတစ်နိုင်တို့ မရှိကြတော့ပါ။ ထိုဈေးသည်များ နေရာတွင် လူသွားလမ်း ပလက်ဖောင်း ပေါ်၌ လူတစ်ယောက် လျှောက်လမ်းတောင် မရှိတော့ဘဲ ပလက်ဖောင်း တွင်မက ယာဉ်သွား ကားလမ်းမပေါ် အထိ အမိုးများ၊ စားပွဲ ကုလားထိုင် များခင်းကျင်း၍ ကြော်လှော် ချက်ပြုတ် ရောင်းချနေ ကြသည့်ဆိုင် များမှာ လိုင်စင် ရထားသကဲ့သို့ ဖြစ်နေသည်။ စားသုံးသူ များကလည်း စည်းကမ်းမဲ့စွာ ကားလမ်းမ စားပွဲဝိုင်းများတွင် ယာဉ်အန္တရာယ် ကိုမမှုဘဲ ဟိုတယ်ဆိုင်ခန်း များ၌ စားသောက် နေသကဲ့သို့ စားသောက် နေကြသောကြောင့် ကားများမှာ ယာဉ်ကြော တစ်ဝက်သာ မောင်းနှင်ရသည့် အတွက် တန်းစီ၍ ယာဉ်တန်း ရှည်ကြီးများ ဖြစ်ပေါ်လာပြီး သယ်ယူ ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နှောင့်နှေးကာ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်ရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၄)

ရန်ကုန်မြို့၏ လူနေထူထပ်သော တချို့သော မြို့နယ်များ၌ ဖောက်လုပ် ထားသည့် ယာဉ်သွားလမ်းမ များမှာ ကျဉ်းမြောင်းသည်။ ထိုလမ်းမများ ပေါ်တွင် ခရီးသည်တင် ယာဉ်ကြီးများ ပြေးဆွဲလျက် ရှိသလို ယာဉ်သွားလမ်း နှစ်ဖက်ပေါ်တွင် ကိုယ်ပိုင် ယာဉ်ငယ်များကို ကားပါကင် တစ်ခုသဖွယ် ရပ်တန့် ထားကြသည်။ ထိုလမ်းမများ ပေါ်တွင် ကုန်တင် ဒိုင်နာနှင့် ကားလတ်များ အချိန် ကြာမြင့်စွာ ကုန်အတင်အချ ပြုကြသည်။ ထိုရပ်တန့် ထားသော ကားများကို ခရီးသည်တင် ယာဉ်ကြီးများက လွတ်အောင် ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မတော်တဆ ဖြစ်ခြင်းနှင့်အတူ ယာဉ်ကြော ကျပ်တည်းခြင်းများ ဖြစ်ပေါ် လာရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၅)

ရန်ကုန်တိုင်း၏ မြို့သစ် စာရင်းဝင် မြို့နယ် များတွင်လည်း ယာဉ်ကြော ကျပ်တည်းမှုများ နှင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။ မြို့သစ်များ၏ ယာဉ်သွားလမ်းများ ပေါ်တွင် ကွန်တိန်နာ ယာဉ်ကြီးများ၊ သစ်လုံးတင်ကား များ၊ အဝေးပြေး ကုန်တင် ယာဉ်ကြီးများနှင့် ကုန်ပစ္စည်းတင် နောက်တွဲများသည် တစ်နေ့လုံး၊ တစ်ညလုံး ရပ်တန့် ထားသည်။

ထို့ကြောင့် ယာဉ်သွား လမ်းကြော ကျပ်တည်းပြီး မျက်နှာချင်း ဆိုင်ယာဉ်များ တစ်ဖက်နှင့် တစ်ဖက် ဖြည်းလေးစွာ ပွတ်ကပ်ရှောင်ရှား မောင်းနှင်ကြရ သဖြင့် ယာဉ်ကြော ကျပ်တည်းခြင်း နှင့် ယာဉ် မတော်တဆ ပွတ်တိုက်မိခြင်း တို့ ဖြစ်ပေါ်ရသည်။

အချုပ်အားဖြင့် ဆိုရသော် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စည်းကမ်းမဲ့ ရပ်တန့်သည့် ကွန်တိန်နာ၊ သစ်လုံးတင်ကား၊ ကုန်တင်ကား များနှင့် ကိုယ်ပိုင်ယာဉ် များကို လိုအပ်သလို ထိန်းသိမ်း ကြပ်မတ်ခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းများကို ဂိတ်ဝင်းများ (ကားဝင်းများ) ဖော်ဆောင်ပေးခြင်း၊ စီးပွားဖြစ် ရောင်းချနေသော စည်းကမ်းမဲ့ ဆိုင်တန်းများ၊ ပလက်ဖောင်း လူသွားလမ်းနှင့် ယာဉ်သွားလမ်း ပေါ်သို့ခွ၍ ဆိုင်ခင်း ရောင်းချခြင်း များကို စီမံချက်ချမှတ် ပညာပေး၍ လွတ်ကင်းသော ဈေးရောင်း နယ်မြေ (လဟာပြင် နေ့- ညဈေး) များ ဖော်ဆောင်ပေးခြင်း၊ ကုန်တင်ယာဉ်၊ ကွန်တိန်နာယာဉ် နှင့် နောက်တွဲယာဉ် များအား ယာဉ်သွားလမ်းမ များပေါ်၌ နေ့၊ ည ရပ်နားခြင်း များကို စိစစ်ကြပ်မတ် ပေးခြင်းဖြင့် ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်မှု အဆင်ပြေရေး တို့ကို အထိုက်အလျောက် ဖြေလျှော့ နိုင်လိမ့်မည်ဟု ထင်မြင်ယူဆ ပါကြောင်း အကြံပြု တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

Friday, June 10, 2016

ကျောင်းကြို/ပို့ ယာဉ်အဖြစ် မှန်လုံယာဉ်များကို အသုံးများလာသော်လည်း ၀န်ဆောင်မမြင့်မားနေ


ရန်ကုန် ၊ ၁၀-၆-၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းအများစု၌ ကျောင်းကြို/ပို့ ယာဉ်အဖြစ် မှန်လုံယာဉ်များကို တွင်ကျယ်စွာ သုံးစွဲ လာသော်လည်း ဝန်ဆောင်ခ မြင့်မားနေကြောင်း ကျောင်းသားမိဘ များထံမှ သိရသည်။

ယခင် ပညာသင်နှစ်မှ စတင်၍ အဆိုပါ မှန်လုံယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်များအဖြစ် သုံးစွဲနိုင်ရေး အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြ သော်လည်း ပုဂ္ဂလိက ယာဉ်ပိုင်ရှင် များအတွက် ထိခိုက်နစ်နာမှု မရှိစေရန် ယခင်က သုံးစွဲခဲ့သော လိုက်ထရပ် နှင့် ဒိုင်နာယာဉ်များဖြင့် ကျောင်းကြို/ပို့ မှုကို ခွင့်ပြုပေးထားသည်။ ထို့ကြောင့် ယခင် လိုက်ထရပ်ယာဉ် ဖြင့် ကျောင်းကြို/ပို့ ပြုလုပ်ခဲ့စဉ်က ကျောင်းကားခမှာ ကျောင်းတည်ရှိရာ မြို့နယ်တွင်းမှ စီးပါက တစ်လလျှင် ငွေကျပ် ၁ဝဝဝဝ သာ ကျသင့်ပြီး ဆက်စပ်သော အနီးအနားရှိ မြို့နယ်များမှ စီးပါက ငွေကျပ် ၁၅ဝဝဝ ကောက်ခံလေ့ ရှိကြောင်း၊ ယခုအခါ မှန်လုံယာဉ်များဖြင့် ပြေးဆွဲပေးမှု အတွက် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ မှ ၃ဝဝဝဝ အထိ သတ်မှတ်၍ ကောက်ခံနေရာ တချို့ယာဉ် များသည် ကြိုပို့နေချိန်တွင် အချိန်ပြည့် လေအေးပေးစက် ဖွင့်ပေးထား သော်လည်း တချို့ယာဉ်များမှာ လေအေးပေးစက် ဖွင့်ပေးမှု မရှိကြောင်း သိရသည်။

'' Super Custom ခေါင်နိမ့်လေး တစ်စီးကို ထိုင်ခုံတွေ ပြန်ပြုပြင်ပြီး ကလေး ၂ဝ လောက်တင်တော့ ကလေးတွေ ကျပ်ကျပ်ညပ်ညပ် နဲ့ ထိုင်ရပါတယ်။ ကျောင်းကားခက တစ်လကို ငွေကျပ် ၂ဝဝဝဝ ပဲထားဦး၊ ကလေးသုံးယောက် ရှိတဲ့ လခစားမိဘ တွေဆိုရင် ငွေကျပ် ၆ဝဝဝဝ လောက်က လစဉ် ကျောင်းကားခ အတွက် ကုန်နေတာကြောင့် မလွယ်ဘူး။ ကလေးတွေက ကားပေါ်မှာ ကျပ်နေတော့ ကျောင်းရောက်ရင် အော့အန်တဲ့ ကလေး တွေ၊ ကျောင်းဆင်းလို့ အိမ်ပြန်ရောက် ရင်လည်း စာမလုပ်နိုင် သေးဘဲ မူးမော်တာတွေ ဖြစ်တယ်။ ငွေပိုယူရင် စီးနင်းသူတွေ သက်သောင့်သက်သာ ဖြစ်စေရေးကိုလည်း ကြပ်မတ် ပေးသင့်ပါတယ်'' ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, September 2, 2014

အသံလွှင့် မီဒီယာများမှ အသုံးပြုသော တေးသီချင်းများ အတွက် ရပိုင်ခွင့်များ တောင်းခံသွားရန် စီစဉ်



ရန်ကုန် ၊ ၂-၉-၂၀၁၄

မြန်မာနိုင်ငံရှိ ရုပ်သံလွှင့် ဌာနများ အပါအဝင် အသံလွှင့် မီဒီယာများမှ အသုံးပြု ထုတ်လွှင့်သော တေးသီချင်း များနှင့် ပတ်သက်ပြီး ရပိုင်ခွင့် များကို စနစ်တကျ တောင်းခံ သွားရန် သက်ဆိုင်ရာ ဂီတ အစည်းအရုံးမှ
စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများတွင် အသုံးပြုသော တေးသီချင်းများ အတွက် သီချင်း အသုံးပြုခများ ရရှိ သော်လည်း ပုဂ္ဂလိက အသံလွှင့်ဌာန အများစု မှ ထုတ်လွှင့် အသုံးပြုသော တေးသီချင်း များအတွက် သီချင်း အသုံးပြုခများ မရရှိ သဖြင့် ထို သီချင်းများ အတွက် ရပိုင်ခွင့် များ တောင်းခံ သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မြန်မာနိုင်ငံ ဂီတလောက ရဲ့ လက်ရှိ အခြေအနေ က တေးသီချင်းခွေ ထုတ်တဲ့ အဆိုတော် အများစုဟာ အရှုံးပြ နေတာ များတယ်။ သီချင်းခွေ ထုတ်လို့ အရင်းရတယ် ဆိုတဲ့ အဆိုတော် ဆိုတာ နာမည်ကြီးပြီး ကံကောင်း လို့ပဲ။ ခိုးကူးခွေ တွေကြောင့် လည်းပါတယ်။ မြန်မာ့ ဂီတလောက ဆက်လက် ရပ်တည်ဖို့ ဆိုတာ အသံလွှင့် မီဒီယာတွေ ကိုပဲ အားကိုး ကြရမှာပါ။ အဲဒါကြောင့် အသံလွှင့် ဌာနတွေ က တေးသီချင်းတွေ အသုံးပြု နေတာနဲ့ ပတ်သက်ပြီး ရသင့်တဲ့ အခကြေးငွေကို စနစ်တကျ တောင်းခံ သွားဖို့ အတွက် ဂီတ အစည်းအရုံး အနေနဲ့ စီစဉ် ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံတကာ တွင် အဆိုတော် များသည် ၄င်းတို့၏ ကိုယ်ရေး ကိုယ်တာ ပိုင်းဆိုင်ရာ ရှေ့နေများ ထားရှိခြင်းနှင့် ၄င်းတို့ ကိုယ်တိုင် ကလည်း ရပိုင်ခွင့်များကို တောင်းခံခြင်း နှင့် ပတ်သက်၍ ဂဃနဏ သိထားခြင်း တို့ကြောင့် အဆိုပါ ကိစ္စများတွင် အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံမှ အဆိုတော်များ၊ ဂီတပိုင်း ဆိုင်ရာမှ လူအများစုမှာ ထိုကဲ့သို့သော ဗဟုသုတမျိုး ပြည့်ပြည့်ဝဝ မရှိကြ သေးသည့် အတွက် ဂီတ အစည်းအရုံးမှ ယခုလို ကြား ဝင် ဆောင်ရွက် ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

လက်ရှိ ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများမှ ရရှိသော တေးသီချင်း အသုံးပြုခ များကို ခွဲဝေရာတွင် တေးရေး ၂၅ ရာခိုင်နှုန်း၊ တေးဆို ၂၅ ရာခိုင်နှုန်း၊ တီးခတ်သူ ၂၅ ရာခိုင်နှုန်း၊ အသံဖမ်း ၁၅ ရာခိုင်နှုန်း နှင့် ထုတ်လုပ်သူ ၁ဝ ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ်ကာ အချိုးကျ ခွဲဝေခြင်းများ ပြုလုပ် ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Friday, December 27, 2013

တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း အရေအတွက် သုံးသန်းကျော် ရောင်းချပေးခဲ့သော်လည်း သုံးစွဲနိုင်သူ အရေအတွက် နည်းပါး



ရန်ကုန် ၊ ၂၇-၁၂-၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ် ရောင်းချပေးလျက် ရှိသော တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ မှ အစပြု၍ သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ခွဲတမ်းစနစ် ဖြင့် ထပ်မံ ရောင်းချ ပေးလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်းကတ် စုစုပေါင်း ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလမှ စ၍ ဇူလိုင်လ အထိ တစ်လလျှင် ဖုန်းကတ် ၃၅၀၀၀၀ ကိုလည်းကောင်း သြဂုတ်လမှ စ၍ နိုဝင်ဘာလ အထိ ဖုန်းကတ် ၃၆၀၀၀၀ ကိုလည်းကောင်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ယခု ဒီဇင်ဘာလ အတွက် ရောင်းချ ပေးသည့် တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် မှာ ၃၅၀၀၀၀ ဖြစ်သည်။

" တန်ဖိုးနည်း ဖုန်းကတ် ကတော့ လစဉ် ရောင်းချ နေတာပါ ၊ ဒါပေမယ့် အခုထိ မပေါက်သေးဘူး ၊ ကျွန်တော်တို့ ရပ်ကွက်မှာ လူကြီး ကိုယ်တိုင် နှိုက်ပြီး မဲဖောက် ပေးတာပါ ၊ အပြင်မှာ ၀ယ်ဖို့ ကျတော့လည်း ဈေးက အရမ်းကြီးမြင့် နေတာ ဆိုတော့ မ၀ယ်နိုင် သေးပါဘူး ၊ ဒါ့အပြင် အခြား အော်ပရေတာ တွေကလည်း အခုအချိန်ထိ ဆက်သွယ်ရေး ၀န်ဆောင်မှု တွေ မပေးနိုင် သေးတော့ မဲပေါက်ဖို့ မျှော်လင့်ရုံ ကလွဲပြီး ဘာမှ မတတ်နိုင်ဘူး .... " ဟု တွံတေး မြို့နယ်နေ ပြည်သူ တစ်ဦးက ပြောသည်။

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်ရန် နှင့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက် မြင့်မား လာစေရန် ရည်ရွယ်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် အဖြစ် ပြောင်းလဲ ဖွဲ့စည်း ထားရှိသော Myanmar Public Telecom Company က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်း ၊ Yatanarpon Telecom Co., Ltd က မိုဘိုင်းလ်ဖုန်း အရေအတွက် ၄ သန်းနှင့် တကွ အခြား အော်ပရေတာ နှစ်ဦးမှ မိုဘိုင်းလ်ဖုန်း အရေအတွက် တစ်သန်းစီ ဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တိုးချဲ့ တပ်ဆင် ချထားပေး သွားမည် ဖြစ်သည်။ လက်ရှိ ကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မိုဘိုင်းလ်ဖုန်း အရေအတွက် ၆ ဒသမ ၉၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း တယ်လီဖုန်း သိပ်သည်းဆ ၂၇ ရာခိုင်နှုန်း အထိ ရောက်ရှိ လာရန် မျှော်မှန်း ထားရှိသည်။ ၂၀၁၃ ခု ဧပြီက အစပြု၍ ရောင်းချ ပေးခဲ့သော တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် ၃ ဒသမ ၁၉ သန်း ရောင်းချ ပေးခဲ့ပြီး ဖြစ်သော်လည်း မိုဘိုင်းလ်ဖုန်း မှောင်ခို ဈေးကွက် များကြောင့် သုံးစွဲနိုင်သူ အရေအတွက် နည်းပါးလျက် ရှိကြောင်း ဖုန်းဈေးကွက် များထံမှ သိရှိရသည်။

Wednesday, September 25, 2013

ချင်းပြည်နယ် နှင့် ပခုက္ကူလမ်းပိုင်း ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားခြင်းကြောင့် ဒေသခံ ပြည်သူများ သွားလာရေး ခက်ခဲ


ပခုက္ကူ ၊ ၂၅-၉-၂၀၁၃

ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပခုက္ကူ သွား ကားလမ်းပိုင်း ယောချောင်းကို ဖြတ်ကူး တည်ဆောက် ထားသည့် ဂုံဘို တံတား ချဉ်းကပ်လမ်း ရေထဲ မျှောပါ သွားသည့် အတွက် ဒေသခံ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

'' အခု ချင်းပြည်နယ် မင်းတပ်နဲ့ ပခုက္ကူကို သွားတဲ့ ကားလမ်းပိုင်းမှာ ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားတဲ့အတွက် သွားလာရေး ခက်ခဲ နေပါတယ် ၊ ပခုက္ကူ ကို မင်းတပ် ကနေ ကားနဲ့ သွားရင် ငွေကျပ် ၅၄၀၀ ပဲ ကုန်တာပါ ၊ အခုကားတွေ မသွားနိုင်တဲ့ အတွက် ဆိုင်ကယ်ကယ်ရီ နဲ့ မဖြစ်မနေ သွားရတဲ့ အခါ ဆိုင်ကယ်ကယ်ရီ ခက ကျပ် ခုနှစ်သောင်း ကုန်ပါတယ် ၊ နောက်ပြီး ချင်းပြည်နယ် မင်းတပ် ကနေ ပေါက်မြို့နားမှာ ပလောင်းရွာ ရှိပါတယ် ၊ အဲဒီရွာနားက နွားတက်ချောင်း တံတား တစ်ခြမ်းရေ ထဲ ပါသွားတယ်လို့ သိရပါတယ် ၊ နွားတက် ချောင်းလမ်းက တော်တော် မော့နေတဲ့ အတွက် ကားနောက်ပြန် ကျပြီး သဲတောင်တွေ ဖုံးသွားလို့ ပြန်ဆယ်နေရ တယ်လို့ သိရပါတယ် ၊ မင်းတပ်နဲ့ ၁၈ မိုင်ပဲဝေးတဲ့ နေရာမှာ ဖြစ်နေလို့ ဘုန်းဘုန်း လည်း မီဒီယာ တွေကို သတင်းပေးဖို့ သတင်း ခိုင်လုံအောင် လူလွှတ်ပြီး လေ့လာခိုင်းတာ ကားမသွား နိုင်လို့ ဆိုင်ကယ် ကယ်ရီနဲ့ သွားတာ လေးသောင်း ပေးရတယ် ၊ ချင်းပြည်နယ် သွားရာလမ်း ပိုင်းမှာ ယောချောင်း ၊ ကျောချောင်း အပါအဝင် ချောင်းရေတွေ တိုက်စားပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ တော်တော်လေး သွားရေး လာရေး ခက်ခဲနေ ပါတယ် ... '' ဟု ချင်းပြည်နယ် တောင်တန်း သာသနာပြု ဆရာတော် ဥူးပညာ သီရိ ( တောင်ပုလု ပရိယတ္တိ ၊ ပဋိပတ္တိကျောင်း ၊ ပရဟိတ ကျောင်းဆရာ တော် ) က မိန့်ကြားခဲ့သည်။

ယောချောင်း ဖြတ်ကူးသည့် ဂုံဘို တံတား တည်ဆောက် ထားသည်မှာ ဆယ်စုနှစ် ဝန်းကျင်သာ ရှိပြီး အဆိုပါ ဆယ်စုနှစ် အတွင်း ရေတိုက်စား မှုကြောင့် တံတားပျက်စီးမှု ကြုံရသည်မှာ ငါးကြိမ်ရှိပြီဟု ဒေသခံများက ပြောပြခဲ့သည်။


'' တံတားက ပေ ၄ဝဝ လောက် ရှည် ပါတယ် ၊ တံတား သက်တမ်း ၁ဝ နှစ် ဝန်းကျင်မှာ ငါးကြိမ် ရေတိုက်စား ခံရပါ တယ် ၊ မူလ တံတားက သစ်သားတိုင် ၊ သစ်သားအခင်း နဲ့ လုပ်ထားတဲ့ တံတားပါ ၊ ဒါကြောင့် ရေတိုက်စား တိုင်းပျက် စီးမှုဖြစ်တယ် ၊ တစ်ခါဖြစ်ရင် ဖြစ်တဲ့ နေရာကိုပဲ ကွက်ပြီး ကွန်ကရစ်တိုင် နဲ့ ပြောင်းလုပ် တော့ နှစ်စဉ် ရေတိုက် စားမှုခံ ရမှာပါ ၊ ပေ ၄ဝဝ တံတားမှာ ငါးခါရေ တိုက်စားလို့ ငါးခါကွန်ကရစ် ပြောင်းပြီးပြီ ၊ကျန်တဲ့အပိုင်း ကိုပါ တစ်ခါတည်း ပြောင်းလိုက်ရင် မဖြစ်ဘူးလား ၊ အခုတော့ နှစ်စဉ် ရေပါလို့ ဒေသခံတွေ သွားလာရေး အခက်တွေ့ ရပါတယ် ... '' ဟု ဒေသခံ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Saturday, September 7, 2013

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကျေးရွာသူ ကျေးရွာသာများအတွက် မြေကွက်များ ဖော်ဆောင်ပေးရန် ဒေသခံများ ဆန္ဒရှိနေ


ဂန့်ဂေါ ၊ ၇-၉-၂၀၁၃

ပခုက္ကူခရိုင် ရေစကြို မြို့နယ်အတွင်း ရှိ ဧရာဝတီ မြစ်နှင့် ချင်းတွင်းမြစ် ဆုံဘေး ၀န်းကျင်ရှိ ကျေးရွာများသည် နှစ်စဉ် မြစ်ရေ တိုက်စားခြင်း ကြောင့် ကမ်းပါးများ ပြိုကာ နေအိမ် ၊ စာသင်ကျောင်း နှင့် ဘုန်းတော်ကြီး ကျောင်းများပါ ပြောင်းရွှေ့ နေရသည်။ ယင်းသို့ ပြောင်းရွှေ့ ရသည့် အကြိမ်ပေါင်း များလာသည့် အတွက် နောက်ထပ် ရွှေ့ပြောင်းရန် ရွာပိုင်မြေ မရှိတော့ ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အခက်အခဲကို ဖြေရှင်းသည့် အနေဖြင့် သက်ဆိုင်ရာက ဈေးနှုန်း သက်သာသော မြေကွက် နေရာများ ဖော်ဆောင် ပေးရန် ဒေသခံ များက ဆန္ဒရှိနေသည်ဟု သိရသည်။ '' မြစ်ကြောင်း ပြောင်းပြီး မြစ်ရေတိုက် စားတဲ့အတွက် ကျွန်တော်တို့ ရွာတွေ နှစ်စဉ် နေအိမ် နေရာ ပြောင်းရွှေ့ ပေးနေရ ပါတယ် ၊ တစ်နှစ်ကို ရေတိုက်စား ခံရတဲ့ နေရာနဲ့ ကိုက် ၆၀ ၀န်းကျင်က အိမ်ခြေ ၁ဝ လုံးလောက်တော့ အနည်းဆုံးပြောင်းရပါတယ် ၊ ကြာလာတော့ ကျွန်တော်တို့ ရွာတွေမှာ ပြောင်းစရာ မြေမရှိတော့ပါဘူး ၊ ပြောရမယ် ဆိုရင် ကျွန်တော်တို့ တွေလည်း ဒုက္ခသည် စာရင်းမှာ ပါပါတယ် ၊ နောက်နှစ်တွေ လည်း ဒီလိုပဲ ရွှေ့ရဦးမှာပါ ၊ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေ ကြုံတွေ့ရတဲ့ အခက်အခဲကို ကူညီ ပေးစေချင်ပါ တယ် ... '' ဟု ငါးမြာကြီး ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောပြခဲ့သည်။ ရေစကြို မြို့နယ် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် ဆုံဘေးတွင် ဆင်မရဲရွာ ၊ လေးရာပြည့်ရွာ ၊ ငါးလျန်ရွာ နှင့် ငါးမြာကြီး ကျေးရွာများ ရှိသည်။

အဆိုပါ ကျေးရွာများ သည် မြစ်ရေ တိုက်စားမှုကြောင့် နှစ်စဉ် ပြောင်းရွှေ့ နေရပြီး ထပ်မံ ပြောင်းရွှေ့ရန် ရွာပိုင်မြေ မရှိတော့သည့် အတွက် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မြေကို တန်ရာ တန်ကြေးထက် ပိုမိုပေးကာ ဝယ်ယူ နေထိုင်ကြ ရသည်။ ထို့ကြောင့် ငွေကြေး ခက်ခဲသူများသည် ခြံဝန်း တစ်ခုတည်းတွင် အိမ်ထောင်စု သုံး ၊ လေးစု ပေါင်း၍ နေထိုင် ကြရသည်ဟု ဒေသခံ များက ပြောပြ ခဲ့သည်။

'' ကျွန်တော်တို့ ကျေးရွာ တောင်သူ တွေက စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေး ကြရတာပါ ၊ ဝင်ငွေကောင်းတဲ့ သူတွေ မဟုတ်ပါဘူး ၊ ရာသီဥတုက မကောင်း ၊ သီးနှံတွေ မကောင်းတာက တစ်မျိုး ၊ မြစ်ရေတိုက်လို့ နေအိမ် တွေ ပြောင်းရတာက တစ်မျိုးဆိုတော့ အဆင်မပြေ ဖြစ်လာတယ် ၊ ဒီကြားထဲ မြေဈေးက တတ်နိုင်တဲ့ တန်ဖိုးထက် အဆမတန် ဖြစ်နေတော့ အဲဒီ အခက်အခဲ ကို ပြေလည်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေရဲ့ အကူအညီ လိုအပ် နေပါတယ် ၊ မြေကွက် အသစ်တွေကို ပြန်လည်ချ ထားပေးပြီး ဈေးနှုန်းပိုင်း ကိုလည်း သက်သက်သာသာ ဖြစ်အောင် သတ်မှတ် ပေးစေချင် ပါတယ် ... '' ဟု လေးရာပြည့် ကျေးရွာမှ တောင်သူ တစ်ဦးကပြောကြား ခဲ့ကြောင်း သိရှိရသည်။

Monday, August 19, 2013

ရန်ကုန်မြို့တွင်း ညပိုင်းခရီးသွားလာရေး စနစ်ကို အလေးထား ပြင်ဆင်သင့်


ရန်ကုန် ၊ ၁၉-၈-၂၀၁၃

ရန်ကုန်မြို့တွင်း ညပိုင်းအချိန် ခရီးသည် တင်ယာဉ် ရှားပါးခြင်းကြောင့် ခရီးသွား ပြည်သူများ သွားလာရေး အတွက် အခက်အခဲ ဖြစ်နေခြင်း ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံ မှ သိရသည်။

မြန်မာနိုင်ငံ တွင် ပြောင်းလဲ လာသော ခေတ်စနစ်များ အရသော် လည်းကောင်း ၊ ပြောင်းလဲ လာသော စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အရသော် လည်းကောင်း ရန်ကုန် မြို့တွင်းသို့ နိုင်ငံခြား ခရီးသွားများ လာရောက်မှု များရှိနေပြီး မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ နှင့် တက္ကစီ များကို အသုံးပြု သွားလာ နေကြရသည်။

ယခုအခါ ညပိုင်း ၉ နာရီကျော်လျှင် Down Town ၆ မြို့နယ်အတွင်း ခရီးသည် တင်ယာဉ် များမှာ လွန်စွာ ရှားပါးနေပြီး ကားခ ပိုမို တိုးမြှင့် ကောက်ခံခြင်း ကြောင့် မြို့တွင်း ခရီးသည် များမှာ တစ်နေရာ နှင့် တစ်နေရာ သွားလာရေး အတွက် လွန်စွာ ခက်ခဲနေကြောင်း သိရသည်။ " ညပိုင်းဆိုရင် မြို့ထဲမှာ လိုင်းကား မရှိတော့ဘူး ၊ ဆယ်နာရီ လောက်အထိ ကို တစ်စီးစ ၊ နှစ်စီးစ ရှိသေးတယ် ၊ ဒီထက် အချိန် ကျော်သွားရန် ကားလုံးဝ မရှိတော့ဘူး ၊ အရင်က အောက်ဆိုက် ကားတွေ ရှိတာပဲ ၊ လိုက်ထရပ် ကားတွေနဲ့ ဆွဲတာ ၊ တစ်ယောက်ကို ခရီးအကွာ ဝေးပေါ် မူတည်ပြီး နှစ်ရာ ကနေ ငါးရာ အထိ ပေးစီးရတယ် ၊ အခု လိုင်းကား တွေလည်း မရှိတော့ဘူး ၊ အောက်ဆိုက် ကားတွေက လုံးဝ မရှိတော့ဘူး ....  " ဟု ညပိုင်း ၀န်ထမ်း တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန် မြို့တွင်းရှိ စူပါမားကတ် များ ၊ ကုန်ပစ္စည်း အရောင်းဆိုင် များ ၊ စတိုးဆိုင်များ နှင့် အခြားသော ကုမ္ပဏီ များတွင် လုပ်ကိုင်သော ၀န်ထမ်းများ ညပိုင်း ဆယ်နာရီ ကျော်အချိန်မှ အလုပ်ဆင်း ရသည့် အမျိုးသမီး ၀န်ထမ်းများ သည် လုပ်ငန်းခွင် ပြီးဆုံး၍ အိမ်ပြန်ချိန် တွင် သွားလာရေး စနစ် အခက်အခဲ များ ရှိနေကြောင်း သိရသည်။


ယခုအခါ ညပိုင်း အချိန်တွင် အောက်ဆိုက် ကားများမှာ Down Town ၆ မြို့နယ်၏ ပြင်ပတွင်သာ ရှိတော့ကြောင်း သိရှိရသည်။

Wednesday, August 7, 2013

ရန်ကုန်မြို့၏ ဓာတ်ဆီဆိုင်များ ညအချိန် မဖွင့်သောကြောင့် ညယာဉ်မောင်းများ အခက်အခဲ ဖြစ်ပေါ်


ရန်ကုန် ၊ ၇-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ လူဦးရေ ၆ သန်းမျှ နေထိုင်သော ရန်ကုန်မြို့ ၏ ၂၄ နာရီ ဓာတ်ဆီဆိုင် များမှာ ညအချိန် ဖွင့်လှစ်မှု မရှိသောကြောင့် ညပိုင်း ယာဉ်မောင်းများ မှာ ဓာတ်ဆီ ၀ယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ညယာဉ်မောင်း များနှင့် ကိုယ်ပိုင် ယာဉ်မောင်း များက ပြောကြား ကြကြောင်း သိရသည်။


Wednesday, July 24, 2013

နွားများလွှတ်ကျောင်းစနစ်ကြောင့် လူနှင့်ယာဉ်များ အန္တရာယ် ဖြစ်ပေါ်နိုင်


မြစ်ကြီးနား ၊ ၂၃-၇-၂၀၁၃

မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ် ၏ မြို့တော် ဖြစ်သကဲ့သို့ မြို့ပြ အင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်စေရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ အရှိန်အဟုန် မပျက် ဆောင်ရွက် နေသော်လည်း မြို့ပေါ် ရပ်ကွက်နေ ပြည်သူများက အိမ်မွေး တိရစ္ဆာန် များကို ကြိုးမပါဘဲ လွှတ်ကျောင်းခြင်း များကြောင့် လမ်းသွား လမ်းလာ နှင့် ယာဉ်များ မကြာခဏ ဆိုသကဲ့သို့ တိုက်ခိုက်မိ၍ မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လျက် ရှိပြီး လွှတ်ကျောင်း နွားများအား ဖမ်းဆီး အရေးယူမှုများ အားနည်း၍ လူနှင့် ယာဉ်များ မဖြစ်ပေါ်သင့် သည့် အန္တရာယ်များ တိုးမြင့် ဖြစ်ပွား လာနိုင်ကြောင်း မြို့ပေါ်နေ ပြည်သူများ ထံမှ သိရသည်။


ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ယုဇနရပ်ကါက် မြစ်ကြီးနား - မန္တလေး သွား ပြည်ထောင်စု လမ်းမကြီးပေါ် စိမ်းမြဧရာ ပန်းခြံရှေ့တွင် နွားတစ်အုပ် မှ သတ်မှတ် ယာဉ်ကြောအတိုင်း သွားလာ နေသော်လည်း မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် များမှ မတိုက်မိစေရန် သတိထား မောင်းနှင် နေရပြီး အဆိုပါ လွှတ်ကျောင်း နွားများကို တာဝန်သိ ပြည်သူများက ဖမ်းဆီးရန် အတွက်လည်း ကြိုးမပါ၍ အခက်ကြုံနေပြီး လမ်းအသုံးပြု သူများအတွက် အန္တရာယ် များလှကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရ၍ လွှတ်ကျောင်း တိရစ္ဆာန်များအား ဖမ်းဆီး အရေးယူနိုင်ရေး ဒေသခံများက လိုလားကြောင်း သိရှိရသည်။

Saturday, July 13, 2013

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရမည့် ဘေးဒဏ်ကြုံတွေ့နေရ

ပခုက္ကူ ၊ ၁၃-၇-၂၀၁၃

ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် ပခုက္ကူ မြို့နယ် ဘက်ကမ်း ဧရာဝတီ တံတားကြီးအောက် ကျေးရွာများ နှင့် စိုက်ပျိုးမြေ ဧကပေါင်း များစွာ ဆုံးရုံးမှု များပြား လာသည့်အပြင် မြစ်ကမ်းပါး ပြိုမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်း ရမှုနှင့် သီးနှံ စိုက်ပျိုးရန် လယ်ယာမြေ နည်းပါးလာ၍ စီးပွားရေး ကျပ်တည်း လာကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ပထမပတ် အတွင်း သိမ်ကုန်း - မရိုးကုန်းရွာ ရွာလုံးကျွတ် ရွှေ့ပြောင်း ခဲ့ရပြီး နယ်မြေချင်း ထိစပ် နေသော ရှားတော - ထနောင်းကုန်းရွာ များသည်လည်း မြစ်ကမ်းပါး ပြိုကျမှု ဘေးဒဏ်ကို ကြုံတွေ့ နေရကြောင်း သိရသည်။ ရှားတောရွာ သည် အိမ်ထောင်စု ၁၁၀ နှင့် လူဦးရေ ၄၆၀ ဦးရှိသော ရွာ ဖြစ်သည်။

ပခုက္ကူ ဦးအုန်းဖေ ၏ ဇာတိရွာ ဖြစ်သော ထနောင်းကုန်းရွာ လေးသည် အိမ်ခြေ ၁၄၅ အိမ် ၊ လူဦးရေ ၆၈၆ ဦးရှိကာ ၄င်းရွာ ၂ ရွာလုံးသည် ရွာရွှေ့ပြောင်းမှု ၅ ကြိမ် ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ မြစ်ရေဘေးဒဏ် ကြောင့် လယ်ယာမြေ နည်းပါး လာမှုနှင့် အတူ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်း လာခဲ့သည်။ ရွာ ၂ ရွာစလုံးရှိ လူငယ်လူရွယ် အများစုသည် ပညာရေး ကို ဘေးဖယ်၍ စီးပွားရေး အတွက် ရန်ကုန် ၊ မန္တလေး မြို့ကြီးများ သို့ သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။


" အခု လောလောဆယ် အိမ်ထောင်စု ၂၀ ဖြစ်သလို ရွှေ့ပြောင်း ခဲ့ရတယ် ၊ မြစ်ရေ ကလည်း ဦးတိုက်စီးဆင်း နေတော့ ရွာလုံးကျွတ် ရွှေ့ရမယ့် ကိန်းဆိုက် နေတယ် .... " ဟု ထနောင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ကပြောကြား ခဲ့ကြောင်း သိရသည်။

Wednesday, July 3, 2013

တောင်သူများမှ ဓာတ်မြေသြဇာ နှင့် ပဋိဇီဝဆေးများ သုံးစွဲမှုကြောင့် ငါးရှဥ့်အထွက်နည်း


ဝက်လက် ၊ ၃-၇-၂၀၁၃

စပါးစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ၀က်လက် မြို့နယ် ၊ အနောက်မြောက် ပိုင်းရှိ ကျေးလက် ဒေသ အများစုသည် မွေးမြူရေး လုပ်ငန်းများ နှင့်အတူ ရေထွက်ကုန် ပစ္စည်းအချို့ ကိုလည်း လုပ်ကိုင်လေ့ ရှိကြရာ ယခုနှစ်တွင် ငါးရှဥ့် အထွက်နည်း လျက်ရှိကြောင်း ပလိုင်း ၊ ကွန်ဆိပ် ကျေးရွာနေ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။

" တောင်သူတွေက စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာ နဲ့ ပဋိဇီဝ ဆေးတွေကို သုံးစွဲမှု များပြား လာတာကြောင့် ငါးရှဥ့် အထွက်နည်း ရတာ ဖြစ်နိုင် ပါတယ် .... " ဟု ပြောသည်။

ရွှေဘိုခရိုင် သည် ဆည်ရေသောက် လယ်ယာမြေ အများအပြား ရှိရာ စိုက်ပျိုးရေ အလုံအလောက် ရရှိသည့် အတွက် မိုးကောင်းရေ အား စောင့်ဆိုင်းရန် မလိုအပ်ဘဲ ရာသီမရွေး လယ်ယာ လုပ်ငန်းခွင် ကို ၀င်ရောက် လုပ်ကိုင် နိုင်ကြောင်း သိရသည်။ အဆိုပါ လယ်ယာမြေ များကို အမှီပြု လျက် ရေထွက် ကုန်စည် လုပ်ငန်း တစ်ခုဖြစ်သော ငါးရှဥ့် ရောင်းဝယ်ရေး လုပ်ငန်း များလည်း အလုပ်အကိုင် အခွင့်အလမ်း များ ရလာကြသည်။

" မနှစ်ကဆို ကဆုန် ၊ နယုန် ကိုရောက်တာနဲ့ ငါးရှဥ့်တွေ လှိုင်လှိုင် ပေါနေပါပြီ ၊ ဒီနှစ်က ပုံမှန် အနေအထား မဟုတ်ဘူးလို့ ပြောလို့ ရပါတယ် ၊ အရင်နှစ် က ဒီအချိန် ဆိုရင် တစ်နေ့ ကို ပိဿာ လေးငါးဆယ် လောက် ရတယ် ၊ ဒီနှစ်က ဟင်းစား ရဖို့ကိုပဲ အခက်တွေ့ ရပါတယ် .... " ဟု အုတ်ပုံ ကျေးရွာနေ ဦးမောင်ရီက ပြောကြား ခဲ့သည်။

အဆိုပါ ဒေသထွက် ငါးရှဥ့်များအား တရုတ်နိုင်ငံ ရေထွက်ကုန်စည် ဈေးကွက်သို့ မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း များမှ တစ်ဆင့် တင်ပို့ ရောင်းချလျက် ရှိရာ ယမန်နှစ် ဇွန်လက မူဆယ်သို့ ငါးရှဥ့် ၂၁ တန် ၊ ချင်းရွှေဟော်သို့ ၄၅ တန် တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း စိုင်တန်ကြီး ငါးရှဥ့် အ၀ယ်ဒိုင် ၏ စာရင်း ကိန်းဂဏန်း များအရ သိရသည်။


ပြီးခဲ့သည့် ငါးရှဥ့် ရာသီချိန်တွင် ငါးရှဥ့် ဖမ်းသည့် ကိရိယာ ဖြစ်သော ပလိုင်း ၃၀ ခန့်ထောင်လျှင် တစ်ညတ ငါးရှဥ့် ရရှိမှု ပမာဏမှာ ငါးပိဿာ ၀န်းကျင်ခန့် ဖြစ်သော်လည်း ယခုနှစ် ငါးရှဥ့် ရာသီချိန် တွင် စီးပွားဖြစ် ရောင်းချရန် အခြေအနေ များထက် အိမ်သုံး ဟင်းစား ရရှိနိုင်ဖို့ပင် အလွန် ခက်ခဲကြောင်း အဆိုပါ ဒေသရှိ ရေထွက်ကုန် လုပ်ငန်းရှင် များ၏ ပြောပြချက် များအရ သိရှိရသည်။

Sunday, May 26, 2013

ကန်တော်ကြီး ရေပြင် ဘာကြောင့် စိမ်းလဲ့ နေတာလဲ ... ?

Bacteria ၊ Nutrients စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ 
ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့နေပုံ

 ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်သည် မြို့တော်သူ မြို့တော်သား များနှင့် ရပ်ဝေး ရပ်နည်းမှ အလည်အပတ် ရောက်ရှိလာသူ များသာမကဘဲ ကမ္ဘာလှည့် ခရီးသည် များပါမကျန် လာရောက် အပန်းဖြေ လေ့လာလျက် ရှိသော နေရာ တစ်ခုအဖြစ် မြန်မာနိုင်ငံ ၏ မြို့တော် ဖြစ်သော ရန်ကုန်မြို့ တွင် ထင်ရှားလှသော ဂုဏ်ဆောင် အထင်ကရ နေရာတစ်ခု အဖြစ် ကျော်ကြားလှ ပါသည်။

အပန်းဖြေ သူများ စားသုံးနိုင်ရန် ကန်ပတ်လည် နေရာ တော်တော်များများ နှင့် ကန်စောင်း နေရာများတွင် စားသောက်ဆိုင် များ တည်ဆောက်၍ ဖွင့်လှစ် ရောင်းချလျက် ရှိရာ ယင်းစားသောက် ဆိုင်များမှ စွန့်ပစ် ပစ္စည်း အများစုမှာ ကန်ထဲ့သို့ ပိုက်များ ၊ မြောင်းမျာ မှတစ်ဆင့် နည်းအမျိုးမျိုး ဖြင့် နေ့စဉ် နှင့်အမျှ ၀င်ရောက်လျက် ရှိပြီး စားသောက်ဆိုင် များတွင် နေထိုင်သော သူများ နှင့် လာရောက် လည်ပတ်သူ များ စွန့်ပစ်သော ပစ္စည်းများ ကြောင့် Bacteria ( မိလ္လာ အညစ်အကြေး ၊ ရေဆိုး နှင့် စွန့်ပစ် ပစ္စည်းများ ဓာတ်ပြုခြင်း ) ၊ Nutrients ( ဓာတ်မြေ သြဇာများ နှင့် မိလ္လာမှ အညစ်အကြေး များ ဓာတ်ပြုခြင်း ) စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ ၊ ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့ နေခြင်း ဖြစ်ပါသည်။

စားသောက်ဆိုင်မှ စွန့်ပစ်ပစ္စည်းများ ကန်ထဲသို့ ကျရောက်နေပုံ

ကန်အတွင်းမှ ရေများ ကိုလည်း အသုံးပြုရန် ရေပိုက်များဖြင့် စုပ်တင်၍ ပန်းကန် ဆေးချခြင်း ၊ အ၀တ်လျှော် ခြင်း ၊ ရေချိုးခြင်း တို့အား ထိုကန်ရေ နှင့်ပင် အသုံးပြု နေပါသဖြင့် စားသုံးသူ ပြည်သူများ မှာလည်း ရောဂါများ ရရှိစေ နိုင်ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဆင်းနေပုံ


ထို့ကြောင့် ကန်တော်ကြီး ကန်ရေရှည် တည်တံ့ သာယာ လှပရေး အတွက် ရေဝေရေလဲ ထိန်းသိမ်းမှု စနစ်နှင့် စားသောက်ဆိုင် များမှ စွန့်ပစ်နေသော အညစ်အကြေး များအား စနစ်တကျ စွန့်ပစ် နိုင်ရေး ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှု စစ်ဆေး ပြုပြင် ပေးစေလိုကြောင်း ပြည်သူ အများ၏ ဆန္ဒ ကို သိရှိနိုင်ပါရန် ရေးသား လိုက်ရ ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဝင်နေပုံ

စားသောက်ဆိုင်နောက် အိမ်သာရှိ မိလ္လာပိုက်မှ ကန်အတွင်းသို့ စွန့်ပစ် ထားရှိပုံ

Monday, April 22, 2013

မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့စွာ လမ်းဘေးရပ်နား ညအိပ်နေ



မူဆယ် ၊ ၂၂-၄-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့ စွာ လမ်းဘေး ရပ်နား ညအိပ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိပ် နေခြင်းကြောင့် မဖြစ်ပွား သင့်သော ပြစ်မှုများ ဖြစ်ပွားလျက် ရှိကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မနက် ၃ နာရီတွင် ၀န်ထမ်း ဟန်ဆောင်သော ပုဂ္ဂိုလ် တစ်ဦးမှ ညအိပ် ရပ်နားခ လိုက်လံ လိမ်ညာ ကောက်ခံခြင်း ကြောင့် ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ မူဆယ် ရဲစခန်းမှ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီး အရေးယူ ထားကြောင်း လည်း သိရသည်။

မိုင်ယု ၁၀၅ မိုင် ယာဉ်ရပ်နား ၂ ကွင်းမှ တာဝန်ခံ ဖြစ်သူက " ကျွန်တော်တို့ ယာဉ်ရပ်နား ကွင်းကို လုံခြုံရေး အပြည့်အ၀ ရှိပြီး တည်းခိုဆောင် ၊ ရေချိုးခန်း ၊ သန့်စင်ခန်း အပြည့်အစုံ ထားရှိပေး လျက်သားနဲ့ ကုန်တင်ယာဉ်တွေ ၀င်မရပ် နားပါဘူး ၊ တစ်ည ၀င်ရပ်နား မှ ကျပ် ၂၀၀၀ ပဲ ကုန်တာပါ ၊ ပြီးတော့ ကားဝင်း ထဲမှာ လုံခြုံမှု ရှိတယ် ၊ လုံခြုံရေး ကင်းစောင့် ရှိတယ် ၊ စားသောက်ဆိုင် ရှိတယ် ၊ တည်းခိုဆောင် အပြည့်အ၀ ရှိပါတယ် ၊ ဒါတွေ ရှိရဲ့သားနဲ့ လမ်းဘေးမှာပဲ စည်းကမ်းမဲ့စွာ ရပ်နား ညအိမ်တော့ အခုလို ပြစ်မှုတွေ ဖြစ်ပွား စေပါတယ် ၊ ဒီကိစ္စကို မူဆယ် မြို့နယ် စည်ပင် ထိန်းသိမ်းရေး နဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေး မှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိထိရောက်ရောက် နဲ့ ဆောင်ရွက် ပေးစေချင်တယ် ..... " ဟု ပြောခဲ့သည်။

မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိမ် နေခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း ၊ လုံခြုံ စိတ်ချရမှု မရှိခြင်း ကြောင့် ပြစ်မှုများ ဖြစ်ပွားလျက် ရှိခြင်း နှင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း မိုင်ယု ၁၀၅ မိုင် ဒေသခံ များ၏ ပြောပြချက် အရ သိရှိရသည်။

Saturday, March 30, 2013

အလေးထား ပြုပြင်ဖို့ သူတို့စကား


ရန်ကုန် ၊ ၃၀-၃-၂၀၁၃

စည်းကမ်းမဲ့ဆိုင်ကယ်များ အရေးယူ ပေးစေလို



ရန်ကုန်တိုင်း ဒေသကြီး ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ ဆိုင်ကယ်များကို နေ့စဉ်လိုလို ဖမ်းဆီ အရေးယူလျက် ရှိပြီး တာဝန်ရှိ သူများအား ဆိုက်ကယ် စီးနင်းလျှင် သတ်မှတ် စည်းကမ်း နှင့်အညီ ဆိုင်ကယ်စီးရန် အမိန့် ထုတ်ပြန် ထားသော်လည်း တစ်ချို့မှာ စည်းကမ်းမဲ့စွာ ဖြင့် ဆိုင်ကယ် စီးနေသည်ကို တွေ့မြင် ရပြီး တစ်ချို့မှာ တာဝန် မရှိဘဲ ဆိုင်ကယ်ကို စည်းကမ်းမဲ့စွာ စီးနင်း နေသည်ကို ပုံတွင် မြင်တွေ့ ရသည့်အတိုင်း တွေ့မြင် ရပါသဖြင့် ထုတ်ပြန် ထားသော စည်းကမ်း များကို လိုက်နာခြင်း မရှိဘဲ ဆိုင်ကယ် စီးနင်းနေသူ မျာအား သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ သင့်ကြောင့် တာဝန်သိ ပြည်သူများ မှ ပြောကြား နေကြကြောင်း သိရှိရသည်။

ယာဉ်ထိန်းရဲ မရှိသော မီးပွိုင့်ရုံကလေး



ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် အနောက်ပိုင်း ခရိုင် ၊ အလုံမြို့နယ် ၊ လွတ်လပ်ရေး ရပ်ကွက် ၊ ကွင်းကျောင်းလမ်း နှင့် ကမ်းနားလမ်း ဆုံရှိ မီးပွိုင့်တွင် ရှိသော ယာဉ်ထိန်းရဲ နေရန် ဆောက်လုပ် ထားသော မီးပွိုင့်ရုံတွင် ကွပ်ကဲရန် ယာဉ်ထိန်းရဲက မရှိသဖြင့် ၀ါမလျော့ ၊ နီမရပ် သောကားများသည် မီးနီသော်လည်း မိမိ စိတ်တိုင်းကျ မောင်းနှင် နေသည်ကို တွေ့မြင် နေရပါ သဖြင့် ကြည့်မြင်တိုင် ဘဏ်ခွဲတွင် ပင်စင် လာထုတ်သော သက်ကြီး ရွယ်အို များသည် ထိုမီးပွိုင့်မှာပင် အန္တရာယ်ကို သတိထားပြီး လမ်းကူး နေကြရကြောင်း နှင့် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ကြောင်း ပြောကြား နေကြကြောင်း သိရှိရသည်။

Saturday, March 9, 2013

မြို့အလှကို ဖျက်ဆီးနေသူများ ရှာဖွေဖော်ထုတ်သင့်


မြစ်ကြီးနား ၊ ၉-၃-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ်၏ မြို့တော် ဖြစ်ပြီး မြို့အင်္ဂါရပ်နှင့် ညီညွတ်စရေန် ပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများက ဒေသခံ ပြည်သူနှင့် ပူးပေါင်းကာ မြို့ပြ သာယာ လှပရေးကို ဆောင်ရွက်လျက် ရှိသကဲ့သို့ ထိုလှပမှုကို အကျည်းတန် စေသော ဖျက်ဆီးမှု ပြုမူနေသူ များလည်း ရှိသဖြင့် နီးစပ်ရာ ဒေသခံ ပြည်သူများ နှင့် တာဝန်ရှိ သူများ က ရှာဖွေ ဖော်ထုတ် သင့်သည်။

ယခုကဲ့သို့ မြို့အလှကို ဖျက်ဆီးခံ ရမှုမှာ မြို့သစ် ရပ်ကွက် ၊ ပြည်ထောင်စု လမ်းမကြီး နှင့် ဆွမ်ဘရာဘွမ် လမ်းဆုံထောင့်ရှိ အများပြည်သူ ထင်သာမြင်သာ ရှိသည့် အမြင့် ၅ ပေခန့် အုတ်တံတိုင်း အဖြူရောင် တွင် အနက်ရောင် စပရေး မှုတ်ဆေးဘူး ဖြင့် ကြောင်တောင်တောင် နိုင်လှသည့် အင်္ဂလိပ် စာလုံးများကို ပန်းမှုတ် ထားပြီး နိုင်ငံတကာ မှ ကမ္ဘာလှည့် ခရီးသွားများ မြင်လျှင် ထိုမြင်ကွင်း အတွက် ရှက်ဖွယ် အလွန် ကောင်းလှ သည်။

အလားတူ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ကြီး၏ အုတ်တံတိုင်း တွင်လည်း မြို့အလှ နှင့် ကျောင်း၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေရန် အဖျက်စိတ် ထားဖြင့် ဆေးမှုတ်ခြင်းများ ရှိပြီး တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများ ရှာဖွေ ဖော်ထုတ် သင့်ကြောင်း ရေးသား ဖော်ပြအပ် ပါသည်။

ကိုမေတ္တာ (မြစ်ကြီးနား)

Tuesday, February 26, 2013

ထုံးဖြူသုတ်ကြသူများ


မောင်ခိုင်ကျော် (မြိတ်)

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းများတွင် ကျောင်းစစ် လာမည်ဟု သတင်းရလျှင် အနှစ်နှစ် အလလ က ညစ်ပတ် ယိုယွင်း နေသော ကျောင်းနံရံ ၊ ခြံစည်းရိုး များကို ထုံးဖြူ အလျင် အမြန် သုတ်ပြီး ဖုံးဖိ ရ၏။ ဆက်တီ ၊ စားပွဲ ၊ ကုလားထိုင် ၊ ပန်ကာ များကို ကျောင်းသား မိဘများ ထံမှ ငှားရမ်းကာ ပြီးပြည့်စုံသော ကျောင်းတစ်ခု အဖြစ် အလျင် အမြန် ဖန်တီးရ၏။ မိမိကျောင်း၏ လိုအပ်ချက် များကို အရှိကို အရှိအတိုင်း မတင်ပြရဲ။ ကျောင်းစစ် ပညာရေးမှူး ကို " ခေါင်းညိတ် ၊ သွားဖြဲ " ပြပြီး ဆရာ - ဆရာမ များ ကိုယ်တိုင် စနစ်ဆိုး တစ်ခု၏ သားကောင် အဖြစ်သို့ ရောက်ရှိ ခဲ့ရ၏။

ဒေသတစ်ခု လမ်းတစ်လမ်း တွင် လူကြီး လာမည် ဆိုလျှင်လည်း လမ်းဘေး ဈေးသည် ၊ ဈေးဆိုင် တဲများ ကြိုတင် ဖယ်ရှား ထားရ၏။ ခွေဝဲစား များလည်း အမဲသားတုံး လက်ချက် မိသွား၏။ လကမ္ဘာလမ်း လည်း ခဏတာ အတွင်း အပေါက်ဖာ ပြီးသွား၏။ နေရာတကာ ထုံး ဖြူဖြူ ဖွေးဖွေး နှင့် ထိုလူကြီး၏ အမြင်တွင် ပသာဒ ဖြစ်နေတော့၏။ ထိုလူကြီး များ၏ အထင်တွင် ယခင် အခြားရက် များ၌လည်း ဤလမ်း ၊ ဤဒေသ၌ ဤကဲ့သို့ပင် ရှင်းလင်း တောက်ပြောင် နေပြီး သကာရည် ရွှမ်းသော ရပ်ကွက် လူကြီး၏ ဖော်လံဖား မျက်နှာကို ကြည့်ပြီး " စံပြ ရပ်ကွက် ၊ စံပြလမ်း " ဖြစ်သည်ဟု ချီးမြှောက် မှတ်ချက် ချသွား လေ၏။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger