www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဒေသဖွံ့ဖြိုးရေး. Show all posts
Showing posts with label ဒေသဖွံ့ဖြိုးရေး. Show all posts

Friday, July 6, 2018

ကုမ္ပဏီများနှင့်ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ဒေသထွက် ကြိမ်ပစ္စည်း အရောင်းအဝယ်နည်းပါးလာ



ပခုက္ကူ ၆-၇-၂ဝ၁၈

မြန်မာ့လက်မှု ပညာရပ်တစ်ခု ဖြစ်သော ပခုက္ကူမြို့နယ်ဒေသထွက် ကြိမ်ထည်လုပ်ငန်းများမှာ ကုမ္ပဏီများနှင့် အရောင်းအဝယ် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ကြိမ်ပစ္စည်း အရောင်းအဝယ် နည်းပါးလာကြောင်း ပခုက္ကူမြို့နယ် ကြိမ်ထည်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

နှစ်ပေါင်းရာချီ၍ လုပ်ကိုင်ခဲ့ကြသော ပခုက္ကူဒေသထွက် ကြိမ်အချောထည် လုပ်ငန်းသည် ယခုအခါ ကုန်ကြမ်းထုတ်လုပ် ပေးသော ကုမ္ပဏီ၊ ကုန်ချောဝယ်ယူကြသော ကုမ္ပဏီများနှင့် ချိတ်ဆက်မှုပြတ်တောက် သွားသည့်အတွက် အရောင်းအဝယ် နည်းပါးပြီး လက်ရှိအချိန်တွင် ဝင်ငွေရရှိမှုနည်းပါး လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကုမ္ပဏီတွေက ပခုက္ကူဒေသတစ်ဝိုက် ကြိမ်ထည်လက်မှု လုပ်ငန်းရှင်တွေနဲ့ ကိုယ်တိုင်ကွင်းဆင်းပြီး ကုန်ကြမ်းလဲထုတ်ပေးတယ်။ ကုန်ချောလဲ ဝယ်ယူကြတယ်။ ဈေးကွက် အနေအထားကိုလဲ ခိုင်မာအောင် ချိတ်ဆက်ပေးပါတယ်။ ကုန်ချော ပို့ဆောင်ရာမှာလဲ လမ်းပန်း ဆက်သွယ်ရေးလဲ အဆင်ပြေ ချောမွေ့ပါတယ်။ အခုဆိုရင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ ကြိမ်ထည်အချော လုပ်ကိုင်သူတွေဆိုရင် ကုန်ကြမ်းရရှိဖို့ အခက်အခဲ တွေ့နေပါပြီ။ ဒါကြောင့် ကုန်ချော ထုတ်လုပ်မှုမှာလဲ လျော့နည်းလာပါတယ်။ ဝင်ငွေရရှိမှုလဲ နည်းလာပါတယ်" ဟု ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာမှ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သူ ဦးအောင်ကျော်မွန်က ပြောပြသည်။

ယခုအခါ ပခုက္ကူမြို့နယ်တွင် ကြိမ်ထည်လုပ်ငန်း၌ ကုန်ကြမ်း ဈေးနှုန်းများမှာ ကြိမ်နန်းပင် ၁ဝ ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝဝမှ ၂၂ဝဝဝဝထိ ဈေးနှုန်းပေးဝယ်ရကြောင်း၊ ကြိမ်ထည်ကုန်ချောများမှာ အောက်ထစ်ဆုံးဈေးနှုန်း ငွေကျပ် ၁၅ဝ မှ အမြင့်ဆုံး ၅ဝဝဝဝထိ ရောင်းချရကြောင်း၊ လက်ရှိအချိန်တွင် မြစ်ခြေ၊ တဇင်၊ ထန်းတောချောက်၊ မကျည်းစုဒေသကြိမ်ထည် လုပ်ငန်းရှင်များမှာ ကုမ္ပဏီများနှင့် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့်လုပ်ငန်းရှင်များမှာ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

#Themyawadydaily

Wednesday, March 29, 2017

အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ်တစ်ခုကို ယခုနှစ်မေလတွင် စတင်အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၂၉-၃-၂၀၁၇

အင်းလေးကန်မှ ဟဲယားကျေးရွာ ရေပေါ်ဈေးသည် ကုန်းမြေဈေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲ  လာသဖြင့် အင်းလေးကန် အတွင်း ရေပေါ်ဈေးသစ် တစ်ခုကို ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းသတင်း များအရ သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာဒေသ တစ်ခုဖြစ်နေ သကဲ့သို့ အင်းလေးကန်၏ ကျွန်းမျောများနှင့် အင်းသားများ၏ ဓလေ့စရိုက် များကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားခြင်း ခံနေရသည့် နေရာဒေသတစ်ခုဖြစ်သည်။

ထို့ကြောင့် အင်းလေးကန်ဒေသ သာယာဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် အင်းလေးကန် ရေရှည် တည်တံ့နေစေရေး အတွက် သက်ဆိုင်ရာ များက ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်မှု များအရ အင်းလေးကန်တွင် ရေပေါ်ဈေးသစ် တစ်ခုဖွင့်လှစ် ပေးနိုင်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေပေါ်ဈေးသစ်ကို အင်းလေးကန် အတွင်း ရေပေါ်တွင် ရှိနေသေးသည့် ကျေးရွာများမှ ရွေးချယ်ကာ ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

လက်ရှိတွင် အင်းလေးကန် အတွင်း ရေပေါ်တွင် တည်ရှိနေ သေးသည့်ကျေးရွာ ၂ဝ ရှိနေရာ အဆိုပါ ကျေးရွာများထဲမှ ရေပေါ်အိမ်ခြေ ၇ဝ ရာခိုင်နှုန်း ရှိသေးသည့် အင်းပေါခုံရွာနှင့် ရေပေါ်အိမ်ခြေ ၈ဝ ရာခိုင်နှုန်း ရှိနေသေးသည့် နန်းပန်ပေါက်ပါး ရွာတို့ကို ရေပေါ်ဈေးသစ် အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ထားသည်။ အင်းလေးဒေသသို့ လာရောက်လေ့လာ လည်ပတ်ကြမည့် ပြည်တွင်း၊ပြည်ပ ခရီးသွားများအား ဒေသထွက် ချည်ထည်၊ ငွေထည်ပစ္စည်း များနှင့် ဒေသထွက်ကုန်များ ရောင်းချဆွဲဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Friday, March 24, 2017

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ မှော်ယောကြီးဆင်စခန်းသို့ လာရောက်လည်ပတ်သူ များပြား



ကျောက်တံခါး ၊ ၂၄-၃-၂၀၁၇

ရန်ကုန်မြို့နှင့် မိုင် ၁ဝဝ ၊ နေပြည်တော် နှင့် မိုင် ၁ဝဝ သာ ကွာဝေး၍ နေ့ချင်းပြန် သွားရောက် နိုင်သော ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှော်ယောကြီး ကျေးရွာအနီး အမှတ်(၁၃) ကြိုးဝိုင်း အိုင်တုံကွင်း အတွင်း ဧက ၁၆ဝဝ အကျယ်ရှိ မှော်ယောကြီး တောတွင်း အပန်းဖြေ ဆင်စခန်းသို့ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၅/၄)မှ အနောက်ဘက်သို့ မြေသားလမ်း အတိုင်း ၁ မိုင်ကျော်သာ ကွာဝေးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သည့် အတွက်
ခရီးသွားများ ပိုမိုလာရောက် ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပဲခူးရိုးမ သစ်တောကြီးအား ၁ဝ နှစ်ကြာ သစ်ထုတ်လုပ်မှုများ ရပ်နားထားသည့် နောက်ပိုင်း သစ်ဆွဲဆင် အများအပြားကို ဗန်းမော်မြို့နှင့် ကသာမြို့တို့သို့ ပို့ဆောင်ခဲ့ပြီး ဝန်တင်ဆင်နှင့် ဆင်အို၊ သားပေါက်ဆင်များကို ပဲခူးရိုးမ တောအတွင်း အုတ်တွင်းမြို့ အနောက်ရှိ ဆင်ဆေးရုံ၊ အခြားသော ဆင်ဝိုင်းများအပြင် ယခုကဲ့သို့ အပန်းဖြေ ဆင်စခန်းများသို့ ပို့ဆောင်၍ သရုပ်ပြဆင်အဖြစ် သင်ကြားကာ ခရီးသွားဧည့်သည် များအတွက် ဆင်စီးခြင်း၊ ဆင်ရေချိုးခြင်း နှင့်ဆင်အစာကျွေးခြင်း တို့အပြင် ဆင်များအား အနီးကပ် ထိတွေ့ခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

ဆင်များကို နေ့စဉ်ထိန်းကျောင်း ပေးကြရသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များအတွက် ရရှိသည့် ဝင်ငွေဖြင့် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုနိုင်ပြီး လက်ရှိ မှော်ယောကြီး ဆင်စခန်း၌ ဆင် ၂၃ ကောင်ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

ဆင်စခန်းဝင်ကြေး အနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်း၊ ဆင်စီးခြင်း ငွေကျပ် နှစ်သောင်း၊ ပြည်တွင်း ဧည့်သည်များ အနေဖြင့် ဝင်ကြေးငွေကျပ် ၁ဝဝဝ၊ ဆင်စီး လျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ နေ့လယ်စာ စားသုံးလိုပါက ထမင်းတစ်နပ်လျှင် ငွေကျပ် ၄ဝဝဝ ကျသင့်မည် ဖြစ်သည်။ ဆင်စခန်းအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ကို နားရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, March 22, 2017

ကျိုက်သလဲ CBT ကျေးရွာ၌ ရိုးရာလက်မှုလုပ်ငန်းများ လေ့လာရင်း ၀င်ရောက်စမ်းသပ် လုပ်ကိုင်နိုင်



တွံတေး ၊ ၂၂-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျိုက်သလဲ ကျေးရွာရှိ ရပ်ရွာလူထု အခြေပြု ခရီးသွားရွာ (CBT) ၌ ရိုးရာ လက်မှုလုပ်ငန်းများ လေ့လာရင်း ဝင်ရောက် စမ်းသပ်လုပ်ကိုင် နိုင်ကြောင်း CBT တည်ထောင်သူ ဦးခင်ဇော် ထံမှ သိရသည်။

ကျေးလက်နေ ပြည်သူများ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်စေရန် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး၌ တရားဝင် အသိအမှတ် ပြုထားသည့် CBT ကျေးရွာပေါင်း ကိုးရွာခန့် ရှိလာကြောင်းနှင့် ကျိုက်သလဲ ကျေးရွာ CBT သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပထမဆုံး ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

'' နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အနေ နဲ့ ကျေးရွာတွေရဲ့ သဘာဝနဲ့ ဓလေ့တွေကို သိရှိလာဖို့ ရည်ရွယ်ပါတယ်။ ခရီးသွားတွေ လာရောက်နေထိုင် ကြတဲ့အတွက် အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ရလာပြီး ဝင်ငွေလည်း ရလာမှာ ဖြစ်ပါတယ်'' ဟု ဦးခင်ဇော် ကပြောသည်။

ထို့ပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် တိုင်းရင်းသား လူမျိုး အသီးသီး၏ ရိုးရာ အစားအသောက် များကို ချက်ပြုတ် ပေးနိုင်ရန်စီစဉ် ထားကြောင်းနှင့် ဒေသခံ ကလေးငယ်များ၏ တေးသရုပ်ဖော် ကပြ သီဆိုမှုများ ကိုလည်း ကြည့်ရှုအားပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, March 17, 2017

သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးနှင့် ဆွေမျိုးများ၏ အုတ်ဂူများကို ရှေးမူမပျက်ထိန်းသိမ်း သွားမည်



သိန္နီ ၊ ၁၇-၃-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးများနှင့် ပတ်သက်သော အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နှံထားသော အုတ်ဂူများကို ရှေးမူမပျက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

“ဒါတွေကို ဒီအတိုင်း ရှေးမူမပျက် ထိန်းသိမ်းသွားမှာပါ။ နိုင်ငံခြားခရီးသွားတွေ လာပြီး လည်ပတ်ရင် သိန္နီမြို့က ရှမ်းရိုးရာတွေကို လေ့လာလို့ရမယ်။ ရိုးရာ အစားအသောက်တွေ စားရမယ်။ သီပေါထက်စာရင် သိန္နီမြို့မှာက လေ့လာစရာနေရာ အများကြီးရှိပါတယ်။ သဘာဝ ရေတံခွန်လည်း ရှိပါတယ်။ စော်ဘွားတွေ နေခဲ့တဲ့ ဟော်နန်း လည်းရှိပါတယ်။” ဟု သိန္နီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရှမ်းမြောက်ဇုန်) မှ ကြီးမှူးကာ ဒေသတွင်း ခရီးသွားလုပ် ငန်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့မှ ဒေသတွင်းဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေရာမှ သိန္နီမြို့နယ်တွင် ရှိသော စော်ဘွားကြီးများနှင့် ပတ်သက်သည့် အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နံထားသော အုတ်ဂူများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သိန္နီစော်ဘွားကြီး နေထိုင်ခဲ့သော ဟော်နန်းကို တည်ဆောက်ထားသည့် သံပေါင်များမှာ ဂုဏ်ထိပ်တံတားအား တည်ဆောက်ထားသည့် သံပေါင်များနှင့် တူညီနေပြီး ဂုတ်ထိပ်တံတားမှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ နေပြီဖြစ်ကြောင်း သိရသည်။

သိန္နီစော်ဘွားကြီး သတိုးမဟာသရေစည်သူ စဝ်ဟုံဖ မှာ ၁၃၂၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၅ ရက်တွင် နတ်ရွာ စံကာ အနိစ္စရောက်သည် ဟူသော စာတမ်းရှိသည့် ဂူနှင့် ဆွေမျိုးများ၏ ဂူများကို တွေ့ရှိခဲ့ရပြီး စော်ဘွားကြီးဂူကို အုတ်တံတိုင်းဖြင့် ကာရံထားကာ အတွင်း အုတ်နံရံများကို ရှေးဟောင်းလက်ရာ များဖြင့် ရုပ်ထွင်းထားသည့် အစောင့်ပုံမျိုးစုံ ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က ကိုယ့်မြို့နယ် အတွင်းမှာ ဒါတွေရှိနေတာ တွေကို လိုက်ရှာပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ဆောင် နေတာပါ။ လားရှိုးမြို့ ဝန်းကျင်မှာလည်း ရှာတွေ့ခဲ့တယ်။ ပြီးတော့ သိန္နီမြို့မှာ ဆိုရင်လည်း လေ့လာစရာတွေ အများကြီး ရှိပါတယ်။’’ ဟု ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့ဝင် ကိုသိန်းမင်းထွန်း က ပြောသည်။

သိန္နီမြို့၌ စော်ဘွားကြီး စဝ်ဟုံဖ ကိုးကွယ်ရန် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ စဝ်မိန်ခေါက် ဘုရားကျောင်းဆောင် နေရာကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ရှင်းလင်းခဲ့ခြင်း ကြောင့် လက်ရှိတွင် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘုံ(၅)ဆင့် (ရှမ်းဘာသာဖြင့်-ကျောင်းဟရွက်) ဟုခေါ်သည့် ရှေးဟောင်း အဆောက်အအုံကိုလည်း တွေ့ ရှိခဲ့ကာ အဆိုပါ ဘုံ(၅)ဆင့် ကျောင်းဆောင် အတွင်းရှိသည့် အမြင့်၊ အကျယ်(၂)ပေခွဲ ဝန်းကျင်ရှိကန်မှာ ရေခမ်းသွားခြင်း မရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 15, 2017

ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြိတ်ကျွန်းစုကျွန်းများ ရှိရာသို့ ပြည်ပခရီးသွား စက်တပ်လှေခရီးစဉ် ၁၆၀ ကျော်ဝင်ရောက်



မြိတ် ၊ ၁၅-၃-၂၀၁၇

ယခုနှစ် ဖေဖော်ဝါရီလကုန် အထိ မြိတ်ကျွန်းစု ကျွန်းများရှိရာသို့ လာရောက် လည်ပတ်သော ပြည်ပခရီးသွား စက်တပ်ရွက်လှေ ခရီးစဉ် ၁၆ဝ ကျော် ဝင်ရောက် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါမြိတ်ကျွန်းစု အတွင်းသို့ ၂ဝ၁၆ ခုနှစ်အတွင်းက စက်တပ် ရွက်လှေဖြင့် လာရောက် လည်ပတ်သည့် ခရီးစဉ် ၄၇ဝ ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွင်းက စက်တပ်ရွက်လှေ ခရီးစဉ် ၃၉၆ ခု ဝင်ရောက်ခဲ့သည်။ ယင်း ခရီးစဉ်များတွင် လိုက်ပါလာသော နိုင်ငံခြား ခရီးသွားဧည့်သည် ဦးရေမှာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ အထိ ၁၃၉၇ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၃၉၆၁ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃၂၇ဝ ဦး လာရောက် လည်ပတ် ခဲ့ကြောင်း၊ မြိတ်ကျွန်းစုများ အတွင်း စက်တပ်ရွက်လှေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု အများဆုံးသော နေရာမှာ ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းစုများသို့ ဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား စိတ်ဝင်စားမှု မြင့်တက်နေသော မြိတ်ကျွန်းစု များစွာရှိကြောင်း၊ ကျွန်းစုပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် အမြဲစိမ်းတော အမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော သဘာဝပေါက် အပင် အမျိုးအစား ၆၃ မျိုး၊ နို့တိုက်သတ္တဝါ အမျိုးအစား ၁၉ မျိုးရှိကြောင်း၊ ယင်းနေရာများသို့ လာရောက် လေ့လာကြပြီး သဘာဝအတိုင်း လှပနေသည့် ယင်းမြိတ်ကျွန်းစု များမှာ ၂ဝ၁၆ ခုနှစ်မှစတင်၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား လူသိများထင်ရှား လာခြင်းဖြစ်သည်။  မြိတ်ကျွန်းစုများ အတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည် များအနေဖြင့် ကုန်းလမ်း၊ ရေလမ်းကြောင်းနှင့် လေကြောင်းခရီးစဉ် များဖြင့် လာရောက် လည်ပတ်ကြကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခရီးစဉ် ၇၉ ခုအထိရှိပြီး နိုင်ငံခြား ခရီးသွားဧည့်သည် ၆ဝ၄ ဦး လိုက်ပါသည့် ထိုင်းနိုင်ငံသားပိုင် စက်တပ် ရွက်လှေပေါင်း ၃၅ စင်းနှင့် မြန်မာ နိုင်ငံသားပိုင် စက်တပ်ရွက်လှေ သုံးစင်းတို့ဖြင့် လာရောက် လည်ပတ်ခဲ့သည်။ ယခုနောက်ပိုင်းတွင် မြိတ်ကျွန်းစု အတွင်း လာရောက် လည်ပတ်မှု များပြားလာ သောကြောင့် သဘာဝခရီးသွား လုပ်ငန်းများကို ဖော်ဆောင်နေပြီး တိုးတက်မှု အရှိန် မြင့်မားလာဖွယ် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ရွှေပြည်အပန်းဖြေစခန်းရှိ ပန်းပုရွာကို ကမ္ဘာပေါ်တွင် သစ်သားပန်းပုရုပ်တု အများဆုံးနေရာ ဒေသအဖြစ် ဖော်ဆောင်မည်



ပဲခူး ၁၅-၃-၂၀၁၇

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ၁ဝ မိုင်ကုန်း အနီး ရွှေပြည် အပန်းဖြေ စခန်း၌ ဖွင့်လှစ် ထားသော ပန်းပုရွာကို ကမ္ဘာပေါ် တွင် သစ်သား ပန်းပု ရုပ်တုများ တစုတစည်း တည်းနှင့် အများဆုံး ပြသ ထားသော နေရာ တစ်ခုအဖြစ် ဖော်ဆောင် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပန်းပု ရုပ်တု အများ အပြားကို စုစည်း ပြသထား ခြင်းဖြင့် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည် များ၏ စိတ်ဝင်စား မှုကို ရရှိလာ စေရန် မျှော်မှန်း ထားကြောင်း၊ လက်ရှိတွင် ပန်းပုရွာ တစ်ခုအဖြစ် လူသိများ လာပြီး ကမ္ဘာပေါ်တွင် သစ်သား ပန်းပု ရုပ်တုများ  အများဆုံး ပြသ ထားသော နေရာ တစ်ခု အဖြစ်လည်း အသိအမှတ် ပြုခံရ စေရန် ပန်းပုရုပ် တုများ ထပ်မံ စုဆောင်းခြင်း၊ ပန်းပုရုပ်တု ထားရှိရန် အဆောင်သစ် ဆောက်လုပ် ခြင်းများ စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ပန်းပုရွာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

အဆိုပါ ရွှေပြည် အပန်းဖြေ စခန်းရှိ ပန်းပုရွာ၌ စုစည်း ပြသထားသော ပန်းပု ရုပ်တု များကို ဒဂုံ (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် စသည့် နေရာတို့ ၌ ထုလုပ် ခဲ့သည့် အပြင် ရန်ကုန်မြို့ ဆရာစံ ပလာဇာမှ ပန်းပု ရုပ်တု များကိုလည်း ယူဆောင် လာကာ ရွှေပြည် အပန်း ဖြေစခန်း တွင် ပန်းပုရွာ အဖြစ်တည် ထောင်ထားခြင်း ဖြစ်ကြောင်း၊ ရာနှင့် ချီရှိသော ပန်းပု ရုပ်တု ပေါင်းများစွာ ကို အမျိုးအစား အလိုက် အဆောင်များ ခွဲခြားကာ ပြသထား ခြင်းဖြစ်ပြီး နောက်ထပ် အဆောင် သစ်များ ကိုလည်း ထပ်မံ တိုးချဲ့ ဆောက်လုပ် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ 

လက်ရှိ ပြသထားသော ပန်းပု ရုပ်တုများ ထုလုပ်ရန် လိုအပ်သော သစ်သား တုံးများကို ပြည်တွင်း၌ မုန်တိုင်းများ တိုက်ခတ် စဉ်က လဲကျ ခဲ့သော သစ်ပင်များ နှင့် ဆောက်လုပ်ရေး လုပ်ငန်း ခွင်များတွင် လမ်း၊ တံတား များ၊ အဆောက် အအုံများ ဆောက်လုပ်ရန် မလွတ်ကင်း သဖြင့် ခုတ်လှဲ ခဲ့ရသော သစ်ပင် များကို သက်ဆိုင်ရာမှ တရားဝင် ဝယ်ယူခဲ့ ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သစ်ပင် များကို အသုံးပြုပြီး ထုလုပ် ထားသော ပန်းပုရုပ်တု များထဲတွင် အရွယ်အစား မျိုးစုံ၊ ပုံသဏ္ဌာန် မျိုးစုံ ပါဝင်သည့် အပြင် ပေ ၂ဝ ကျော် အထိ အရှည် ရှိသော ပန်းပု ရုပ်တုများ ကိုလည်း ပုံဖော် ထုလုပ်ကာ ပြသ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, March 10, 2017

မြတ်မော်တင်စွန်းဘုရားပွဲတော် သို့ လာရောက်သူများ လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်ထား



ငပုတော ၊ ၁၀-၃-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်အနီးရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်သည့် ဘုရားဖူးများ ဝင်ရောက် လေ့လာနိုင်ရန် ပုသိမ်-မော်တင် ကားလမ်း ၅၁ မိုင် ၂ ဖာလုံရှိ တင်းချောင်းကျေးရွာ အနီး ထန်းတပင် ဆင်ဝိုင်း၌ စွယ်စုံ ဆင်နှစ်ကောင်၊ ဆင်မတစ်ကောင် ထားရှိပြီး ထန်းတပင်ရွာ အတွင်းနှင့် ငရုတ်ကောင်းတောင် ပတ်ဝန်းကျင်သို့ ဆင်စီးနိုင်ခြင်း၊ ဆင်အစာကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ထန်းတပင် ဆင်ဝိုင်း တာဝန်ရှိသူများထံမှ သိရသည်။

''မြတ်မော်တင်စွန်း ဘုရားပွဲရက်ကို ယာယီစီစဉ်ထား တာပါ။ အများပြည်သူ လည်း ကြည့်လို့ရအောင်၊ ထန်းတပင်ရွာထဲနဲ့ တင်းချောင်းကျေးရွာ ပတ်ဝန်းကျင်မှာ ပတ်ပြီးစီးလို့ရအောင် စီစဉ်ထားပါတယ်။ ဆင်တွေကို အစာကျွေးတာနဲ့ ဆင်နဲ့တွဲပြီး ဓာတ်ပုံရိုက်တာက အခကြေးငွေ ပေးစရာ မလိုပါဘူး''ဟု ငပုတောမြို့နယ် တင်းချောင်း ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

အဆိုပါဆင်များကို ပုသိမ်-မော်တင် ကားလမ်း ၂၁ မိုင်ရှိ သစ်ကတိုးအိုင် ဆင်အလှပြ စခန်းမှ ခေါ်ဆောင်ထားခြင်း ဖြစ်ပြီး မြတ်မော်တင် စွန်းဘုရားပွဲတော် ပြီးပါက ငရုတ်ကောင်းမြို့ အနီးရှိ ဂေါ်ရန်ဂျီကျွန်း ၌ အလှပြ ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ရန် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၁၂ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ သောင်းနှင့် ချီ၍ ကုန်းလမ်း၊ ရေလမ်းခရီးများမှ လာရောက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ဟားခါးမြို့ အလှအပရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းသာ မျှော်စင်တည်ဆောက်မည်



ဟားခါး ၊ ၁၀-၃-၂၀၁၇

ချင်းပြည်နယ် ဟားခါးမြို့၏ အလှအပ ရှုခင်းများကို ခရီးသွား ဧည့်သည်များ အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ရှုခင်းသာမျှော်စင် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ဟားခါးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဘွဲ ထံမှ သိရသည်။

အဆိုပါ ရှုခင်းသာမျှော်စင် ၌ လာရောက် ကြည့်ရှုသူများ လေ့လာနိုင်ရန် ချင်းလူမျိုးတို့၏ ရိုးရာ တူရိယာများ၊ ရိုးရာ ဝတ်စုံများ၊ အပန်းဖြေ အနားယူနိုင်မည့် ထိုင်ခုံများနှင့် အားကစားပစ္စည်း များကိုပါ ထားရှိပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဟားခါးမြို့အလှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေး နှင့် ခရီးသွားဧည့်သည် များအား ဆွဲဆောင်နိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သည် သဘာဝ အလှအပ အခြေခံကောင်းများ ရှိနေပြီး လက်ရှိတွင် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားလျက်ရှိသည်။ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစွာ တည်းခိုနေထိုင် နိုင်ရေးအတွက် ဟိုတယ်များ တည်ဆောက်လျက် ရှိသည်။

လက်ရှိတွင် ရှုခင်းသာမျှော်စင် တည်ဆောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေပြီး ခရီးသွား လုပ်ငန်းများ တိုးတက်လာရေး အတွက် အစီအစဉ်များ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, February 27, 2017

ငါန်းဇွန်ဒေသထွက် မြေဖြူများကို ဒေသအကျိုးရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား



ငါန်းဇွန် ၊ ၂၇-၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အနောက်တော ကျေးရွာအနီးမှ ထွက်ရှိသော မြေဖြူများကို ဒေသအကျိုး ရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား ကြောင်း ငါန်းဇွန် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီး သဘာဝနှင့် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ၏ ပြောပြချက် အရသိရသည်။ 

အဆိုပါ မြေဖြူများကို ကြွေပန်းကန်၊ ကြွေပန်းကန်ပြားနှင့် အလှဆင် ကြွေပြားများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး ကုမ္ပဏီကြီး နှစ်ခုမှ ရသလောက် ထုတ်ယူနေ ကြောင်းသိရသည်။ 

''ကျွန်တော်တို့ ဒေသမှာက မြေဖြူပဲ  အဓိက သယံဇာတ အဖြစ်ထွက်တာပါ။ အခြား ထွက်တဲ့ ပစ္စည်းတွေက နည်းပါတယ်။ အဲဒါကို ဒေသအတွက် အကျိုးမရှိ ဖြစ်မှာစိုးလို့ပါ။ ဒေသအတွက် အထိမ်းအမှတ် တစ်ခုဖြစ်ဖို့လို သလို ဒေသအတွက် လဲ အကျိုးရှိဖို့ လိုအပ် ပါတယ်''ဟု မန္တလေးတိုင်း ဒေသကြီး သဘာဝ နှင့်သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ထံမှသိရသည်။ 

အဆိုပါ ထုတ်ယူနေမှု၏ ထုတ်လုပ်ခွင့် ပမာဏနှင့် နိုင်ငံတော်သို့ ပေးသွင်းထားသော အခွန်အခများကို ဒေသခံ အုပ်ချုပ်ရေး  အာဏာပိုင်များက မသိရှိဘဲ ရသလောက် တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ရာတွင်လဲ စည်းကမ်း သတ်မှတ်ချက် များမရှိဘဲ တူးဖော် နေသောကြောင့် အဆိုပါ မြေဖြူကျင်းများ အတွင်းသို့ ဒေသခံများ၊ ကျွဲ၊နွားတိရစ္ဆာ န် များပြုတ်ကျ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြေဖြူ ထွက်သော မြေဧရိယာသည် ငါန်းဇွန်မြို့၏ အနောက်တောင်ဘက် ရှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး အကျယ်အဝန်း ဧက ၃ဝကျော်နှင့် အနက်ပေ ၅ဝကျော်အထိ မြေဖြူများသာ တူးဖော်ရရှိ ကြောင်း သိရသည်။ 
မြေဖြူထုတ်ယူ မှုပြုလုပ် ရာတွင် သတ်မှတ်ဧရိယာ အတိုင်းအတာ အမှတ်အသား တိုင်များ စိုက်ထူထား မှုမရှိခြင်း သတ်မှတ်ချက် စည်းကမ်းများ အတိုင်း တူးဖော်မှု မရှိခြင်း ပြန်လည် မြေဖို့ထားမှုများ မရှိခြင်း တို့ကြောင့် အဆိုပါကုမ္ပဏီ များ၏ ကုန်ကျစရိတ် ဖြင့် စည်းကမ်းချက် များအတိုင်း ဧရိယာတိုင်များ စိုက်ထူရန်၊ စည်းကမ်းများ အတိုင်း တူးဖော်ရန်နှင့် ပြန်လည်မြေဖို့ ရန်တို့ကို မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာနရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် ဖေဖော်ဝါရီ ၁၈ရက်က သက်တမ်း ကုန်ဆုံးသွားပြီ  ဖြစ်သောကြောင့် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်မည် ဆိုပါက ရေရှည်တွင် ဒေသခံ များနှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွား စေရေးဒေသခံများ အတွက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှင့်လစဉ် ထုတ်လုပ် မှုရောင်းချမှု နှင့်အခွန်အခ ပေးသွင်းပြီးကြောင်း အစီရင်ခံစာများ ကိုပေးပို့ အကြောင်း ကြားရန် မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာန ရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, February 24, 2017

သိန်းနီမြို့မှ စော်ဘွားဟော်နန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ထိန်းသိမ်း



သိန်းနီ ၊ ၂၄-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာစေရေး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ စော်ဘွားဟော်နန်း နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ထိန်းသိမ်းလျှက် ရှိကြောင်း သိရှိရသည်။

“ဒီခရီးသွားလုပ်ငန်း ဖြစ်လာရင် နိုင်ငံခြားသားတွေ လာမယ်။ သူတို့တွေလာရင် ကျွန်မတို့ဒေသမှာ အခွန်တွေ ရလာမယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေမယ်။ ကျွန်မတို့ရဲ့ ရိုးရာ အစားသောက်တွေ၊ ရိုးရာလက်မှု လုပ်ကိုင်သူ တွေလည်း အလုပ်ဖြစ်လာမယ် ဆိုရင် ကျွန်မတို့မြို့တိုးတက်လာမယ်။ မြို့ကို တိုးတက်စေချင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။’’ ဟု သိန်းနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ ကပြောသည်။

အဆိုပါ ရှေးဟောင်း အမွေအနှစ်များအား ဖော်ဆောင်ကာ ရှေးမူလက်ရာများ အတိုင်းသာ ထားရှိ ထိန်းသိမ်းသွား မည်ဖြစ်ပြီး သိန်းနီမြို့ တွင်လည်း နိုင်ငံခြားသားများ လာရောက်လေ့လာ နိုင်သော နေရာများစွာ ရှိကြောင်း ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

“ဒီနေရာရှိနေတာ သိတော့သိတယ်။ ဘာလဲဆိုတာ မသိရဘူး။ အခုလို ဖော်ဆောင်လိုက်မှ ရှေးဟောင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေ သိန်းနီမြို့မှာ ရှိတယ်ဆိုတာ သိရတော့ သိန်းနီမြို့သူ တစ်ယောက်အနေနဲ့ ဂုဏ်ယူမိ ပါတယ်။ လာရောက် လေ့လာကြည့်ပါလို့ ပြောချင်ပါတယ် ’’ဟု သိန်းနီမြို့နေသူ မနန်းယဉ်ကျော့ က ပြောသည်။ 

သိန္နီမြို့တွင် စော်ဘွားများ ကိုးကွယ်ခဲ့သော ဘုရားကျောင်းဆောင် (ရှမ်းဘာသာဖြင့် စဝ်မိုင်း ခေါက်ကျောင်း)၊ ဘုံငါးဆင့်ကျောင်း (ရှမ်းဘာသာဖြင့် ကျောင်းဟရွက်)၊ ဘုံငါးဆင့် ကျောင်းအတွင်း၌ ထူးဆန်းစွာ တစ်နှစ်ပတ်လုံး ရေမခမ်းသော ရေကန်ငယ် တစ်ခု တည်ရှိကြောင်း သိရသည်။ ထို့အပြင် ရေတံခွန် တိုင်းကုန်း (ကံကော်ကုန်း)၊ စော်ဘွားများ၏ အုတ်ဂူများ၊ ရှေးမူလက်ရာ ဟော်နန်းနှင့် သိန္နီမြို့ ၏ ရိုးရာ အစားအသောက် များစွာ ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, February 23, 2017



လားရှိုး ၊ ၂၃-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အတွင်းရှိ ပန်ခေါ် ရေတံခွန်(ဒေသအခေါ်)ခြောက် ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီး သွားများ လာရောက် လည်ပတ်မှု များပြား နေကြောင်း ဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့မှ သိရသည်။

၂ဝ၁၆ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် ဖော်ဆောင် ခဲ့သည့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြားသား ခရီး သွားများအပြင် ဒေသတွင်းမှ ဧည့် သည်များ လာရောက် လည်ပတ်မှု များလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်ခေါ်ရေတံခွန် (ဒေသ အခေါ်) ခြောက်ထပ် ရေတံခွန် သည် လားရှိုး မြို့နှင့်ကိုး မိုင်သာဝေးပြီး ကုန်းညောင် မှတစ်ဆင့် ပန်ဟုမ်း ရွာ၊ ပန်ခေါ်ရွာသို့ ရောက်ရှိပါက ရေတံခွန်သို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

ဒေသတွင်း ခရီးသွား လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အနေဖြင့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီးသွား ဧည့်သည်များ လာ ရောက်လည်ပတ် နိုင်ရန်နှင့် ကျေး လက်ဒေသ ဖွင့်ဖြိုးရေး အတွက်ဖော် ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

Monday, January 30, 2017

ပေါ်လံကြီးဆင်စခန်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုများလာ



ပေါက်ခေါင်း ၊ ၃၀-၁-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် နဝင်းချောင်းဖျား ပဲခူးရိုးမရှိ တောင်နဝင်း ကြိုးဝိုင်းသစ်တော အတွင်း၌ ပေါ်လံကြီး သဘာဝဘေးမဲ့ ဆင်စခန်းကို ဖော်ဆောင်ထားရာ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြား လာသော်လည်း ဆင်အကောင်ရေ နည်းပါးခြင်းကြောင့် လာရောက် လည်ပတ်မည် ဆိုပါက ကြိုတင် အကြောင်းကြား ပေးရမည် ဖြစ်ကြောင်း ပေါ်လံကြီး ဆင်စခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆင်စခန်းအတွင်း ဆင်အကောင်ရေ ၁၂ ကောင်အထိ ရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစေရေး သက်ဆိုင်ရာ ခရီးသွား အေဂျင်စီများက ကြိုတင် အကြောင်းကြား ပေးရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝအတိုင်း တောထဲ၌ လွှတ်ပေးထားသော ဆင်များကို နိုင်ငံခြား ခရီးသွားဧည့်သည် များက လေ့လာလိုပါက အကြောင်းကြား ပေးရန် လိုအပ်ကြောင်း၊ ဆင်စခန်း အကျယ်အဝန်းမှာ ငါးဧကကျော် ရှိပြီး လာရောက် လေ့လာသော ပြည်တွင်းပြည်ပ ခရီးသွား များပြားလျက် ရှိကြောင်း သိရသည်။

ယင်း ဆင်စခန်းသို့ လာရောက် လည်ပတ်သော ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၅ဝဝဝ ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၂ဝဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၂ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆင်စခန်းအတွင်းမှ ရရှိသော ဝင်ငွေများကို ဆင်များ၏ ကျန်းမာရေး ကုသစရိတ်နှင့် စောင့်ရှောက်မှု ကုန်ကျစရိတ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, January 23, 2017

ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ်များကို ဆင်များနှင့် ဆင်ထိန်းများအတွက် အသုံးပြုမည်



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း များအဖြစ် ဖော်ဆောင် ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ၏ လူနေမှုဘဝ မြှင့်တင်ရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာန (သစ်လုပ်ငန်း) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆင်စခန်း အများစုသည် တောနက်အတွင်း ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာရေး လွယ်ကူ စေနိုင်မည့် နေရာများ၊ ခရီးသွား အေဂျင်စီများ အဆင်ပြေ စေမည့် လမ်းကြောင်းများ၊ ဆင်စခန်းနှင့် ဆုံနိုင်မည့် နေရာနှင့် ရှုခင်းကောင်းသော နေရာများ၌ ရွေးချယ်ဆောင်ရွက် ထားကြောင်း၊ လက်ရှိဖော်ဆောင် ထားသော ဆင်စခန်းများ အပြင် တခြားဆွဲဆောင်မှု ရှိသော ဆင်စခန်း များကိုလည်း တိုးချဲ့သွားရန် ရှိပြီး ဆင်စခန်း များ၌ ဆင်အကောင်ရေ ၁ဝ ကောင်မှ ၂ဝ အတွင်းထားရှိ သွားမည် ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များထံမှ ရရှိသော အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ အတွက် အသုံးပြုမည် ဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေ ပေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းဆင်စခန်း များသို့ လာရောက် လည်ပတ်သော ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဝင်ကြေး ကောက်ခံရာတွင် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၃ဝဝဝ ကျသင့်မည် ဖြစ်ကြောင်း၊ ပြည်ပခရီးသွား တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၂ဝဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၂ဝဝဝဝ ကောက်ခံမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစုက စိတ်ဝင်စားမှု ရှိသောကြောင့် ပဲခူးရိုးမ အတွင်း သစ်ထုတ်လုပ်ငန်း များမှ ရပ်နား လိုက်သဖြင့် ကျန်ရှိနေသော ဝန်တင်ဆင်များ၊ ဆင်အိုများဖြင့် မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၂ ခုကို သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ပြောင်းလဲ ဖော်ဆောင်ပေး ထားခြင်းဖြစ်သည်။

သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ပြောင်းလဲဖော်ဆောင် ပေးထားသော ဆင်စခန်းများမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၉) အနီးရှိ ဝင်ကပေါ် ဆင်စခန်း၊ ဖြူးမြို့ရှိ မှော်ယောကြီး ဆင်စခန်း၊ တောင်ငူမြို့ရှိ ဖိုးကျား ဆင်စခန်း၊ ပြည်မြို့ရှိ နတ်မော်ဆင် စခန်း၊ သာယာဝတီမြို့ရှိ မြိုင်ဟေဝန်ဆင် စခန်း၊ ပေါက်ခေါင်းမြို့ရှိ ပေါ်လန်ကြီး ဆင်စခန်း၊ ရွှေကျင်မြို့ရှိ ဝဲမဆင်စခန်း၊ သပိတ်ကျင်းမြို့ရှိ ဝါးဖြူတောင် ဆင်စခန်း၊ ကသာမြို့ရှိ နတ်မောက်ဆင် စခန်း၊ ရခိုင်ပြည်နယ်ရှိ ငပလီ ဆင်စခန်း၊ ဧရာဝတီ တိုင်းဒေသကြီးရှိ ငွေဆောင် ဆင်စခန်းနှင့် မော်လိုက်မြို့ရှိ ပျားစွဲဆင်စခန်း တို့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, January 18, 2017

ပြင်ဦးလွင်မြို့၏ ခရီးသွားလာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြင်ဦးလွင်လမ်းညွှန်မြေပုံ ထုတ်ဝေမည်



ပြင်ဦးလွင် ၊ ၁၈-၁-၂၀၁၇

တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ် လေ့လာစရာ နေရာများပြားသည့် ပြင်ဦးလွင်မြို့၏ ခရီးသွားလာရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ရက်တာ လေ့လာရေး ခရီးစဉ်များ ပါဝင်သည့် ပြင်ဦးလွင် လမ်းညွှန်မြေပုံ ကို ယခုလအတွင်း ထုတ်ဝေသွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ပြင်ဦးလွင်ဇုန် အတွင်းရေးမှူး ကိုဝေဠု ထံမှ သိရသည်။

ပြင်ဦးလွင် လမ်းညွှန်မြေပုံကို ဟိုတယ်များ၊ လေယာဉ်ကွင်းများ၊ ကားဂိတ်များနှင့် ခရီးသွားလုပ်ငန်း များမှတစ်ဆင့် အခမဲ့ဖြန့်ဝေ နိုင်ရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်မြို့၌ သဘာဝမပျက် ရှိနေသည့် နေရာများကို ဖော်ထုတ်ပြီး ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင် သွားမည်ဖြစ်သည်။

လက်ရှိ ပြင်ဦးလွင်မြို့သို့ လာရောက် လည်ပတ်သည့် ခရီးသွားများအနက် ပြည်ပ ခရီးသွားများထက် ပြည်တွင်း ခရီးသွားများက ပိုမိုများပြား နေကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု သည် အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ သေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, January 2, 2017

သဘာဝအတိုင်း ထိန်းသိမ်းထားသော ပဲခူးရိုးမရှိ ပေါ်လန်ကြီးဆင်စခန်း ကို နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှု များပြားလာ



ပြည် ၊ ၂-၁-၂၀၁၇

ပဲခူးရိုးမအတွင်းရှိ ဆင်များကို သဘာဝအတိုင်း ထိန်းသိမ်း စောင့်ရှောက် ထားရှိသော ပေါ်လန်ကြီး ဆင်စခန်းကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု များပြား လာကြောင်း အဆိုပါ ဆင်စခန်းမှ သိရသည်။

အဆိုပါစခန်းမှာ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမတွင် တည်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်က အဆိုပါ ဆင်စခန်းသို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်မှုများ ရှိခဲ့ကာ ဆင်များ၏ သဘာဝအတိုင်း နေထိုင်မှု၊ ဆင်နှင့်လူတို့ အတူ ယှဉ်တွဲ နေထိုင်ခြင်း၊ ဆင်စီးခြင်းတို့ကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''နိုင်ငံခြား ခရီးသွားတွေ လာကြတယ်။ ပြည်တွင်းကတော့ လာတာ မရှိကြဘူး။ ကျွန်တော်တို့ စခန်းမှာက ဆင်တွေကို ထိန်းကျောင်းတာပါ။ တောထဲမှာ သဘာဝအတိုင်း လွှတ်ထားတယ်။ တစ်နေ့တစ်ခါ ပြန်ကောက်တယ်။ ဆင်တွေကို ပြုစု စောင့်ရှောက် တာတွေ လုပ်တယ်။ အခုလိုခရီးသွား တွေလာကြတော့ တိုင်းပြည်အတွက် ဝင်ငွေရသလို တောထဲမှာပဲ အမြဲတစေ နေရတဲ့ ဆင်ဝန်ထမ်း တွေရဲ့ ဘဝလဲမြင့်မား လာနိုင်တဲ့ အကျိုးကျေးဇူး တွေတော့ ရှိပါတယ်'' ဟု ပေါ်လန်ကြီး ဆင်စခန်း လက်ထောက် မန်နေဂျာ ဦးဇော်လင်းအောင် က ပြောပြသည်။

အဆိုပါ ဆင်စခန်းမှာ ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ယခင်က ဝန်တင်ဆင်စခန်း (အလုပ် ဆင်စခန်း) လုပ်ငန်းများ လုပ်ကိုင်လာခဲ့ရာ ပဲခူးရိုးမကို သစ်ထုတ်လုပ်ခြင်း ဆယ်နှစ် ရပ်နားလိုက်ပြီး နောက်ပိုင်းတွင် အလုပ်ဆင် များကို အခြားလုပ်ငန်း များသို့ ပြောင်းရွှေ့ လိုက်ကာ အသက်အရွယ် ကြီးရင့်သော ဆင်များကို ထိန်းသိမ်း စောင့်ရှောက် သည့် စခန်းအဖြစ် ပြောင်းလဲလုပ်ကိုင် လာခဲ့ခြင်း ဖြစ်ကြောင်း ဆင်စခန်း တာဝန်ရှိသူ တို့က ပြောပြသည်။

''ပေါ်လန်ကြီးက တကယ့် ဆင်စခန်းအစစ် ဖြစ်တာ အဓိက ဆွဲဆောင်မှုပါ။ တောထဲမှာ ဆင်ဝန်ထမ်း တွေရဲ့ အိမ်ရာတွေက ရွာကြီးလို ဖြစ်နေပြီး ဆင်တွေနဲ့ လူတွေ လက်ပွန်းတတီး နေထိုင်တာက နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်စားမှုရှိတဲ့ အချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကတော့ ပေါ်လန်ကြီး စခန်းကို ခရီးစဉ် ထဲထည့်ဆွဲပြီး နိုင်ငံခြားခရီးသွား တွေကို လာရောက် လည်ပတ် စေတာက သုံးနှစ်လောက် ရှိပြီ'' ဟု ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် သင်္ဘောဖြင့် ခရီးသွားလာရေး ပြုလုပ်သော Belmond ခရီးသွား ကုမ္ပဏီမှ မြေပြင်ခရီးစဉ် တာဝန်ခံ ကိုစိုးစိုး က ပြောပြသည်။

လက်ရှိ ပေါ်လန်ကြီး ဆင်စခန်းတွင် ဆင်ထီး ဟိုင်းဆင် တစ်ကောင် နှင့် ဆင်မ ၁၁ ကောင်ကို သဘာဝအတိုင်း ထိန်းသိမ်း စောင့်ရှောက် ထားရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Sunday, December 25, 2016

ကလော-အင်းလေး ခြေကျင်ခရီးကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုပိုများလာ



ကလော ၊ ၂၅-၁၂-၂၀၁၆

သဘာဝအလှအပများ ခံစားရင်း ဒေသခံများ၏ လူနေမှုဘဝ များကို လေ့လာနိုင်သည့် ကလော-အင်းလေး ခြေကျင်ခရီးကို ယခင်က နိုင်ငံခြားခရီးသွား ဧည့်သည်များသာ သွားရောက် လည်ပတ်လေ့ ရှိသော်လည်း ယခုနှစ်များတွင် ပြည်တွင်းခ ရီးသွားများပါ စိတ်ဝင်စားမှု ပိုမိုများပြား လာကြောင်း ဧည့်လမ်းညွှန်များ ထံမှ သိရသည်။

''အရင်က ကလော-အင်းလေး ခြေကျင် ခရီးကိုသွားတဲ့ ပြည်တွင်း ခရီးသွားဆိုတာ မရှိသလောက် နည်းပါတယ်။ ၂ဝ၁၄ ခုနှစ်က စပြီးတော့ သွားတာတွေ ရှိလာတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ပြည်တွင်း အဖွဲ့တွေ အတွက် ဝန်ဆောင်မှု ပေးရတာ အခေါက်ရေ ၂ဝ လောက်ရှိသွားပြီ။ စိတ်ဝင်စားမှု ပိုများလာတာ တွေ့ရတယ်'' ဟု ဧည့်လမ်းညွှန် ဝန်ဆောင်မှု လုပ်ငန်းမှ ကိုဆန်းလင်း ကပြောသည်။

ကလောမြို့ အနီးတစ်ဝိုက်၌ ပလောင်၊ ဓနု၊ တောင်ရိုးနှင့် ပအိုဝ်းလူမျိုးများ နေထိုင်ပြီး ညအိပ်ခရီးစဉ် များတွင် ဒေသရှိအိမ်များ၌ တည်းခိုရင်း ဒေသခံ တိုင်းရင်းသား တို့၏ ဓလေ့ထုံးစံ များကို မြင်တွေ့နိုင်ရန် စီစဉ်ပေး ထားကြောင်း သိရသည်။

ကလောမြို့ဝန်းကျင် တစ်ဝိုက်တွင် တစ်ရက်ခရီးနှင့် တစ်ညအိပ် နှစ်ရက်ခရီးများ၊ ကလောမှ အင်းလေးသို့ တစ်ညအိပ် နှစ်ရက်ခရီးနှင့် နှစ်ညအိပ် သုံးရက်ခရီး တို့ကို စီစဉ်ပေးထားပြီး ဧည့်လမ်းညွှန် ဝန်ဆောင်ခ၊ နံနက်စာ၊ နေ့လယ်စာနှင့် ညစာ အပါအဝင် တစ်ရက်တာ အတွက် ငွေကျပ် ၂ဝဝဝဝ ခန့် ကုန်ကျကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, December 23, 2016

သံလွင်တံတား (ချောင်းဆုံ) ဒီဇင်ဘာလ တတိယအပတ်တွင် ၇၅ ရာခိုင်နှုန်းပြီးစီး



မော်လမြိုင် ၊ ၂၃-၁၂-၂၀၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှုမှာ ဒီဇင်ဘာလ တတိယအပတ်တွင် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သော်လည်း သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းမှာ သတ်မှတ်ရက်ထက် ကြန့်ကြာ နေကြောင်း သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းမှ သိရှိရသည်။

“သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းက သတ်မှတ်ရက်ထက် အချိန်နည်းနည်း ပိုကြာတဲ့ အပေါ်မှာ သတ်မှတ်ကာလ အမီ ပြီးချင်လည်း ပြီးနိုင်သလို အချိန်နည်းနည်း စွန်းရင်လည်း စွန်းနိုင်ပါတယ်။” ဟု သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်း တာဝန်ခံ ဦးသိန်းမြင့်မွန် က ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား တည်ဆောက်ရေး အဖွဲ့အနေဖြင့် သံပေါင် တပ်ဆင်ခြင်း လုပ်ငန်း အမျိုးအစား နှစ်ခုအနက် လွန်းထိုးသည့် စနစ်ဖြင့် သံပေါင် တပ်ဆင်ခြင်းကြောင့် ယင်းစနစ်သည် ကုန်ကျစရိတ် သက်သာသည့် အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာပြည်၌ ပထမဦးဆုံး ဆောက်လုပ်သည့် စနစ်တစ်ခုလည်း ဖြစ်ကာ ၂၀၁၇ မတ်လ အကုန်တွင် တံတားပြီးစီးရန် လျာထားကြောင်း သိရသည်။

“ရန်ကုန်မှာ ခုံးကျော် တံတားတွေ တခြားခုံးပါတဲ့ တံတားတွေ တည်ဆောက်တဲ့ အခါမှာ သမရိုးကျ ငြမ်းပေါ်က တပ်ဆင်တဲ့စနစ်နဲ့ တည်ဆောက်တယ်။ ချောင်းဆုံတံတား တည်ဆောက်တဲ့ နေရာမှာ မြေပြင် အနေအထား အပေါ် မူတည်ပြီး ကရိန်းတွေ ဝင်ထွက်လို့ မရတဲ့အပိုင်းတွေ ရှိတယ်။ ဒါကြောင့် လွန်းထိုးစနစ်ကို အသုံးပြုရခြင်း ဖြစ်တယ်။”ဟု ဦးသိန်းမြင့်မွန် က ပြောသည်။

တံတားသံပေါင် များကို ဂျပန် နည်းပညာဖြင့် ဂျပန်-မြန်မာ ပူးပေါင်းကုမ္ပဏီ နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် တို့ ပူးပေါင်း၍ မြန်မာပြည်၌ ထုတ်လုပ်ခြင်း ဖြစ်ကာ တံတား တည်ဆောက်မှု နည်းပညာနှင့် ဒီဇိုင်းပိုင်းသည် မြန်မာ အင်ဂျင်နီယာ များ၏ လက်ရာဖြစ်ကြောင်း သိရသည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ကို ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ငွေကျပ် ၅၉၈၀၀ သန်း အကုန်ကျခံ  တည်ဆောက်နေခြင်း ဖြစ်ကာ ချောင်ဆုံ-မော်လမြိုင် ခရီးစဉ်ကို နေ့စဉ် အနည်းဆုံး လူဦးရေ ၂၀၀၀ ဝန်းကျင် သွားလာ နေကြောင်း သိရသည်။

“ဒီတံတားက ကျွန်တော်တို့ ချောင်းဆုံမြို့ဒေသခံတွေရဲ့ အိမ်မက်ပါပဲ။ ဒီတံတား တည်ဆောက်တဲ့ အစိတ်အပိုင်း တစ်ခုပြီးတိုင်း ကျွန်တော်တို့ အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်တယ်လို့ မြင်မိတယ်။”ဟု ချောင်းဆုံ ဒေသခံ ဦးတင်ဝင်းအောင် က ပြောသည်။ မော်လမြိုင်မြို့မှ  ချောင်းဆုံမြို့နယ် သို့ သွယ်တန်းထားသည့် သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တံတား အမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတား အမျိုးအစား ဖြစ်ကာ တံတားအရှည်မှာ ၁၅၈၆ မီတာ၊ အကျယ်မှာ ၈ ဒသမ ၅ မီတာ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ကမ်းပါးနီကျောက်ခေတ် ယဉ်ကျေးမှုဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက်နိုင်ရန် လမ်းဖောက်မည်



ရွာငံ ၊ ၂၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် အတွင်းရှိ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများကို ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက် လေ့လာနိုင် စေရန် လမ်းဖောက်လုပ်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အဆိုပါ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုလက်ရာ များကို ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လေ့လာ ရာတွင် အဆင်ပြေမှု ရှိစေရန် လမ်းဖောက် လုပ်ခြင်း သာမက နားနေဆောင် များနှင့် သန့်စင်ခန်းများ ကိုပါ တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများ မပျက်စီးစေရေး အတွက် ခြံကာရံခြင်းနှင့် ပြဒါးလင်းဂူကို ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုဒေသကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ငွေကျပ် သိန်း ၄ဝဝ ခန့် အကုန်အကျခံကာ ပြုပြင် ထိန်းသိမ်းလျက် ရှိရာ နိုဝင်ဘာလကုန် တွင် မိုးရွာသွန်းမှု ကြောင့်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားရာမှ ယခုအခါ ပြန်လည် ဆောင်ရွက်လျက် ရှိသည်။

လမ်းဖောက်လုပ် ရာတွင် တောင်တက်လမ်းများ ဖြစ်ခြင်းကြောင့် စနစ်တကျ ဖောက်လုပ်မည် ဖြစ်ပြီး လမ်းပြီးစီးပါက ပြည်တွင်းပြည်ပ ခရီးသွားများ ယင်းဒေသသို့ လာရောက်မှု တိုးတက်လာမည့် အပြင် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

ငရုပ်ကောင်းပင်လယ် ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုအပ်နေ


ဂေါ်ရန်ဂျီကျွန်း ၏ သဘာဝအလှကို တွေ့ရစဉ်

ငပုတော ၊ ၂၃-၁၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ရှိ ငရုပ်ကောင်း ပင်လယ်ကမ်းခြေ ဒေသ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေး လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရန် လိုအပ် နေသေးကြောင်း အနောက်ဘက် ကမ်းခြေ ခရီးသွားရပ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။

ငရုပ်ကောင်း ပင်လယ်ကမ်းခြေ ဒေသရှိ ဂေါ်ရန်ဂျီကျွန်းမှာ သာယာလှပ၍ အနားယူ အပန်းဖြေရန် ကောင်းသော်လည်း ခရီးလမ်းဝေးကွာ၍ သွားလာရ ခက်ခဲသည့် အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လိုကြောင်း ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။

''ကျွန်းကတော့ သာယာပြီး လှလည်းလှတယ်။ ရေကလည်း ကြည်စိမ်း နေတာပဲ။ ဒါပေမဲ့ အဲဒီကို သွားရောက် အနားယူ အပန်းဖြေချင်သူတွေ အတွက် အဆင်မပြေ လောက်ဘူး။ ခရီးသွားတွေ အတွက် အစားအသောက်နဲ့ တည်းခိုရေး ကအစ အများကြီး လိုအပ် နေပါသေးတယ်'' ဟု ဂေါ်ရန်ဂျီကျွန်း မှပြန်လာသူ ခရီးသွား တစ်ဦးက ပြောသည်။

ဂေါ်ရန်ဂျီကျွန်း သို့ သွားရောက် လည်ပတ်မည် ဆိုပါက ပုသိမ်မြို့ ငရုပ်ကောင်း ကျေးရွာအုပ်စုမှ တစ်ဆင့် သွားရောက်ရမည် ဖြစ်သည်။

ယခင်က ငရုပ်ကောင်းကျေးရွာ အုပ်စုအနီးတွင် ဂေါ်ရန်ဂျီကျွန်း သို့ သွားလာနိုင်သည့် လမ်းခွဲတစ်ခု ဖောက်လုပ်ထား သော်လည်း ပြီးခဲ့သည့် မိုးရာသီက မိုးများ၍ လမ်းပျက်စီးသွား သောကြောင့် မော်တော်ယာဉ်နှင့် တိုက်ရိုက် သွားလာ၍ မရဘဲ ဆိုင်ကယ်များ၊ စက်လှေများဖြင့်သာ အဆင့်ဆင့် သွားနေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဂေါ်ရန်ဂျီကျွန်း သို့ သွားရောက်ရန် ရန်ကုန်- ပုသိမ်- ငရုပ်ကောင်း အဝေးပြေး ခရီးစဉ်မှာ တစ်ရက်လျှင် အသွားတစ်စီး၊ အပြန်တစ်စီးသာ ရှိကြောင်း သိရသည်။

အဆိုပါဒေသရှိ ကျွန်းများနှင့် ချိုင့်များမှာလည်း ဧည့်သည် အဝင်အထွက် နည်းပါးသောကြောင့် သဘာဝအတိုင်း မပျက်မစီးဘဲ လှပနေဆဲဖြစ်ပြီး စွန့်စွန့်စားစား ခရီးသွားလိုသည့် လူငယ်များ အတွက် သင့်လျော်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger