www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

Tuesday, October 30, 2018

ကျွန်းပရိ ဘောဂ ပစ္စည်းများ တရားမဝင် တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးသိမ်းဆည်းရမိ

ကျွန်းပရိ ဘောဂ ပစ္စည်းများ တရားမဝင် တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးသိမ်းဆည်းရမိ
ညောင်လေးပင် အောက်တိုဘာ ၂၉
-
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ ရဲစခန်းအပိုင် စံဖဲကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်း မိုင်တိုင် အမှတ်(၉၅/၁)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျွန်းပရိဘောဂပစ္စည်းများ  တရားမဝင် တင်ဆောင်လာသော ၁၂  ဘီးယာဉ်တစ်စီး  သိမ်းဆည်းရမိကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ   မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် သောအဖွဲ့သည် သတင်းအရ မန္တလေးဘက် မှ ရန်ကုန်ဘက်သို့ နွားထိုးကြီးမြို့နယ် မင်းတဲ ကျေးရွာနေသူ ယာဉ်မောင်းစံလင်း မောင်းနှင်လာသည့် ယာဉ်အမှတ် KYN 3B/---- နံပါတ်ပါ  ဟီးနိုး ၁၂ဘီး ဖြူ/ပြာကျား ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရားမဝင် ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ပွတ်လုံး၊ ခုတင်၊  ဆက်တီ၊ ပန်းကနုတ်တံခါးရွက်များ ပါဝင်သော အိမ်သုံးပရိဘောဂ ပစ္စည်းများအား မုန့်ပါကင်များ အောက်တွင်ဖုံးအုပ်၍ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။
-
''ကျွန်တော်တို့  သတင်းအရ ရန်ကုန်- မန္တလေးလမ်းဟောင်း   မိုင်တိုင်အမှတ်(၉၅/၁)မှာ ကားနံပါတ် 3B/--- ကိုတား ပြီး မြန်မာ့ သစ် လုပ်ငန်းဝင်းထဲကို မောင်းလာခိုင်း တယ်။ ပြီးတော့ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးတဲ့အခါ ကျွန်းသစ်နဲ့ ပြုလုပ်ထားတဲ့ပရိဘောဂ ပစ္စည်းတွေ၊ ကျွန်းပွတ်လုံးတိုင်တွေ၊ ကျွန်းခုတင်တွေ စတဲ့ အိမ်သုံး ပရိဘောဂ ပစ္စည်း ၃ ဒသမ ၅၆ဝ၂ တန် ကာလ တန်ဖိုးငွေကျပ် ၂၁၃၆၁၂ဝ အား ဖမ်းဆီးရမိတယ်''ဟု မြို့နယ်သစ်တော ဦးစီးဌာနမှ   တောအုပ် ဦးအောင်လှမိုးက ပြောသည်။
-
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စံလင်းအား ပြွန်တန်ဆာ နယ်မြေရဲစခန်းက သစ်တော ဥပဒေပုဒ်မ ၄၃(က)အရ အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 16, 2018

တံတားဦးမြို့နယ်၌ မြန်မာနိုင်ငံသားထံမှ ငွေကျပ်သိန်း ၄ဝ လိမ်လည်ထားသည့် ကင်မရွန်း နိုင်ငံသားနှစ်ဦး ဖမ်းဆီး ရမိ

နေပြည်တော် အောက်တိုဘာ ၁၅
-
တံတားဦးမြို့နယ် မန္တလေးလေဆိပ် ပြည်ပထွက်ခွာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ကောင်တာ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက Bangkok Airways လေ ကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ လိုက်ပါမည့် ခရီးသည်များအား စိစစ်ရာ ပြည်ပထွက်ခွာခွင့် တားဆီးရန် ညွှန်ကြားထားရှိသော အမည်မည်း (Black List) စာရင်းဝင် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon နှင့် Mr. Audu Sabo Ibrahim တို့ကို တွေ့ရှိသဖြင့် လေဆိပ် လဝက လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင် ဦးစီးအဖွဲ့က   လေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
-
ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းတည့် ၁၂ နာရီက တွံတေးမြို့ ဈေးသစ်ရပ်ကွက်နေ ဦးဇော်မိုးလွင်သည် မြေနီကုန်းစင်တာ-၂ ကားရှော့ဘားဆိုင်၌ မော်တော်ယာဉ်ပြုပြင်နေစဉ် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon ပါ နှစ်ဦးရောက်ရှိလာပြီး ၎င်း၏ မော်တော်ယာဉ်အား သဘောကျ၍ ဝယ်ယူလိုကြောင်း ပြောသဖြင့်   ဖုန်းနံပါတ် ပေးခဲ့ကြောင်း၊ မေ ၁၇ ရက်တွင် ၎င်း၏နေအိမ်၌  နိုင်ငံခြားသားနှစ်ဦးနှင့် ကားအရောင်းအဝယ် ကိစ္စပြောစဉ် မရောင်းလိုကြောင်း ပြောဆိုရာ အဆိုပါ နိုင်ငံခြားသားနှစ်ဦးက ခြံပတ်ဝန်းကျင်ကိုကြည့်၍ စူပါမားကတ် ဖွင့်လိုကြောင်း၊ အကျိုးအမြတ်အား တစ်ဝက်စီ ခွဲယူမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ဒေါ်လာငွေများ မှာယူပြီးပါက ပြန်လည် ဆက်သွယ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
-
မေ ၂၇ ရက်တွင် အဆိုပါ နိုင်ငံခြားသား နှစ်ဦးက ပိုက်ဆံများ ရပြီဖြစ်၍ သင်္ဘောဆိပ် သို့လာကြိုရန် ၎င်းအား ဖုန်းဆက်သဖြင့် သွားရောက်ကြိုဆိုခဲ့ကြောင်း၊ Mr. Albert Ndifon ပါနှစ်ဦးက ၎င်းတို့တွင်ပါရှိလာသည့် လက်ဆွဲသေတ္တာဖွင့်ကာ ဆေးဖြင့်စီမံထားသည့် အမေရိကန်အလံ တံဆိပ်ပါ အထုပ်များ အနက် ငွေစက္ကူငါးရွက်အား ဖန်ပုလင်းထဲမှ ဆေးစက်အနည်းငယ် ထည့်ပြီး ဆေးစိမ်ပြရာ ၁ဝဝ တန် အမေရိကန်ဒေါ်လာများ ဖြစ်နေ သည်ကို တွေ့ရှိရကြောင်း၊ ဦးဇော်မိုးလွင်က ထပ်မံပြသရန် ပြောဆိုရာ ပုလင်းထဲရှိဆေးများမှာ ခဲနေသဖြင့် ၎င်းတို့၏သံရုံးနှင့် ချိတ်ဆက်မှာယူရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ အိတ်အား သိမ်းဆည်းထားရန်ပြောဆိုပြီး ပြန်လည် ထွက်သွားခဲ့ကြောင်း၊ မေ ၃ဝ ရက် တွင် အဆိုပါနိုင်ငံခြားသားနှစ်ဦးက ၎င်းအား ဆေးရည်နှင့်ပတ်သက်၍ အမေရိကန်သံရုံး၌ တရားဝင် အခွန်ဆောင် မှာယူရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် အမေရိကန်ဒေါ်လာ ၃၂ဝဝ  နှင့်ညီမျှသော မြန်မာငွေကျပ် သိန်း ၄ဝ အား  ဒလသင်္ဘောဆိပ်၌ ပေးအပ်ခဲ့ပြီးနောက် အဆိုပါနိုင်ငံခြားသား နှစ်ဦးမှာ ပြန်လည်ဆက်သွယ်ခြင်း မရှိခဲ့သောကြောင့် အောက်တိုဘာ ၁၄ ရက်တွင် ဦးဇော်မိုးလွင် က အရေးယူပေးရန် တိုင်တန်းသဖြင့် ကင်မရွန်းနိုင်ငံသား Mr. Albert Ndifon ပါနှစ်ဦးအား ဒလမြို့မရဲစခန်းက (ပ)၈၅၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ/၄၈၉-ဃ ဖြင့် အရေးယူထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

လွိုင်လင်မြို့ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဆာလဖျူရစ် အက်စစ်များ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

လွိုင်လင်မြို့ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဆာလဖျူရစ် အက်စစ်များ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့မှ တောင်ကြီးမြို့ဘက်သို့အထွက် ဟိုတင့်ကျေးရွာ အနီး၌ ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား သတင်းအရ စစ်ဆေးစဉ် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်း ညီညီလွင် (ဘ) ဦးမြသန်း မောင်းနှင်ပြီး ဘိုဘိုဝင်း(ဘ) ဦးတင်ဝင်း လိုက်ပါလာသည့် ၁၂ ဘီး ယာဉ်  SCANIA အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 5P/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်စစ် ၁၈ဝလီတာခန့်စီပါ ပလတ်စတစ်ပီပါ ၇၉ လုံး၊ စုစုပေါင်း ဆာလဖျူရစ် အက်စစ် ၁၄၂၂ဝ လီတာခန့် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ဝဝ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
-
-
အဆိုပါမူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်စစ်များနှင့် အတူ ဖမ်းဆီးရမိသူများအား တရား ဥပဒေ အရ အမှုဖွင့်အရေးယူနိုင်ရန် လွိုင်လင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်း ရမိ

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်း ရမိ
နေပြည်တော် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီ ခန့်တွင် ကောင်းခါးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့် အရောက်၍ မူးယစ်ဆေးဝါးများ ချက် လုပ်ရာတွင် အသုံးပြုသည့် အီသိုင်း အီသာ အရည် ၁၅ဝ ဂါလန်ခန့်ပါ သံပီပါသုံးလုံးနှင့် ၃ဝ ဂါလန်ခန့်ပါ ပလတ် စတစ်ပုံး ခြောက်လုံး၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂါလန် ၅ဝ ခန့်ပါ ပလတ်စတစ်ပီပါ တစ်လုံးနှင့် ၃၇ ဂါလန်ခန့်ပါ ပလတ် စတစ်ပုံး ၃၇ လုံး၊ အက်စီတုံးအက်စစ် ၈၆၅ ဂါလန်ခန့်ပါ ပလတ်စတစ်ပုံး ၁၇၃ လုံး၊ လွိုင်တောအရည် ၅၂၅ ဂါလန်ခန့်ပါ ပလတ်စတစ်ပုံး ၁ဝ၅ ပုံး၊ (စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄ဝဝ ကျော်)တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
-
-
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများအား ကွတ်ခိုင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ငွေကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ

ငွေကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့ ၏ အရှေ့ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ကောင်းလန်းလမ်းဆုံ၌ မော်တော်ယာဉ်ဝင်/ထွက်မှု များအား စစ်ဆေးစဉ် အောက်တိုဘာ ၁၄ ရက် ည ၆ နာရီခန့်တွင် မိုင်းရှူးမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ ယုံချန်(ဘ) ဦးရန်ကျန်အန် မောင်းနှင်လာသည့် NISSAN FUSO အမျိုး အစား(လိုင်စင်မဲ့) မော်တော်ယာဉ်အား စစ်ဆေးရာ ဓာတ်မြေ သြဇာ အိတ်များနှင့် ဖုံးကွယ် သယ်ဆောင်လာသည့် ဘိန်းဖြူမှုန့် ၈၉ ဒသမ၆၈ ကီလိုဂရမ်ခန့်ပါ အထုပ် ၁၁၈ ထုပ်၊ ကဖင်း ၁၅ဝဝကီလိုဂရမ် ခန့်ပါ အထုပ် ၆ဝထုပ်၊ (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၃ဝဝဝ ကျော်)နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။
-
-
အဆိုပါမူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအား တရား ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် လွိုင်လင်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

လွိုင်လင်မြို့အနီး၌ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

လွိုင်လင်မြို့အနီး၌ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၄
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်လင်မြို့မှ တောင်ကြီးမြို့ဘက်သို့ အထွက် ဟိုတင့်ရွာအနီး၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်းနေဝင်း (ခ) ဦးဒန့် မောင်းနှင်ပြီး ဇနီးဖြစ်သူ မမူးမတ် (ဘ) ဦးစိန်  လိုက်ပါလာသွေှာ TOYOTA  HIACE အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 3J/----အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ  WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ပြား (ခန့်မှန်း ၉ ကီလိုဂရမ်ခန့်) နှင့် ဘိန်းစိမ်း၁ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁ဝဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်များအရ  ယင်းမူးယစ်ဆေးဝါးများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နေ အောင်ခိုင်ဆိုသူထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
-
အဆိုပါ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်းမှ တရား ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေးနှင့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ သိမ်းဆည်းရမိ

အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ သိမ်းဆည်းရမိ

မိုးညှင်း အောက်တိုဘာ ၁၄
-
ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်အတွင်း ယမန်နေ့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးရာ ၁၂ ဘီးယာဉ်နှင့်အတူ အမိုနီယမ်နိုက် ထရိတ်အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိသည်။
-
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းအောင်သက် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို လုံခြုံရေးအရ ရှောင်တခင်စစ်ဆေး ဆောင်ရွက်စဉ် စစ်ကိုင်းတိုင်း ဒေသကြီးဘက်မှ မိုးညှင်းသို့ ဝင်းလှိုင် (ခ)စိန်ဝင်းမြိုင် ၃၅ နှစ် မောင်းနှင်လာသည့် နီဆန်းဒီဇယ် အမျိုးအစား 8I/--နံပါတ်ပါ ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် Crown  စာတန်းပါ အိတ်၎ဝဝ တွင် အမိုနီယမ်နိုက်ထရိတ် အလေးချိန်၁၆ဝဝဝ ကီလိုဂရမ်ကို  ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည်။
-
ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းလှိုင်(ခ)စိန်ဝင်းမြိုင် ၃၅ နှစ်ကို မိုးညှင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၆၃/၂ဝ၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 12, 2018

ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စင်းအား ဖမ်းဆီးရမိ

ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စင်းအား ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၁
-
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တရားမဝင်သစ်များ သယ်ဆောင်လျက်ရှိကြောင်း သတင်းအရ အောက်တိုဘာ ၁ဝ ရက် ည ၆ နာရီခန့်တွင် ကျိုက်မရောမြို့နယ်၊ နိဒုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ မြတောင်အနီး၊ အတ္ထရံမြစ် အနောက်ဘက်ကမ်း၌ အလျားပေ ၁၁ဝ၊ အနံပေ ၃ဝ၊ ရေစူး ၆ ပေခန့်၊ ခြောက်လုံးထိုး အင်ဂျင်နှစ်လုံး တပ်ဆင်ထားသည့် အောင်မျိုးဝင်း အမည်ရှိ တရားမဝင် ပိတောက်နှင့် အခြားသစ်ရောရာ ၅ဝ တန်ခန့် တင်ဆောင်ထားသော သစ်မှောင်ခိုလှေ တစ်စင်းအား ပဲ့နင်း ဦးအောင်ဇော်ဦး(ဘ) ဦးစိုးအေး အပါအဝင် အမျိုးသား ၁၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။



အဆိုပါတရားမဝင် သစ်များ၊ စက်လှေနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှု ဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့နယ် ရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြိတ်မြို့ရှိ Baileyကျွန်းအနီး၌ တရားမဝင် ငါးဖမ်းစက်လှေ တစ်စင်းအား ဖမ်းဆီးရမိ

https://www.myawady.net.mm/media/k2/items/cache/7000762be162ee10328368b4de2ad3ed_XL.jpg

နေပြည်တော် အောက်တိုဘာ ၁၁
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ဝ ရက် နံနက် ၂ နာရီခန့်တွင် မြိတ် မြို့၏အနောက်တောင်ဘက် ရေမိုင် ၅၅ မိုင် ခန့်အကွာရှိ Bailey ကျွန်းအနီး၌ အလျား ၆၇ ပေ၊ အနံ ၁၄ ပေ ၇ လက်မနှင့် ရေစူး ၅ ပေခန့်ရှိ စိုးလှိုင်မိုး(တဝ-၂၇၇)အမည်ရှိ တရားမဝင် ကမ်းဝေးငါးဖမ်းလှေ တစ်စင်းကို ပဲ့နင်း ဦးဝင်းဗိုလ်(ဘ) ဦးရာဦး အပါအဝင် အမျိုးသား ၁၃ ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

-
အဆိုပါစက်လှေနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် မြိတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 10, 2018

မောင်တောမြို့နယ်၊ အောင်ဇူ ကျေးရွာမှ ဒိုင်းနက် တိုင်းရင်းသား တစ်ဦး အသတ်ခံရ


နေပြည်တော် ၊ အောက်တိုဘာ - ၉
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်ဇူကျေးရွာနေ ဒိုင်းနက်တိုင်းရင်း သားဖြစ်သူမောင်လှိုင်မြင့်အောင် (ဘ)ဦးဖြူမောင်သည် အောက်တိုဘာ ၈ရက် နံနက် ၉နာရီခန့်တွင် ဈေးဝယ်ရန်အတွက် ခမောင်းဆိပ်ကျေးရွာ ဘက်သို့ ထွက်ခွာသွားပြီး ညနေ ၅ နာရီအထိပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဖခင်ဖြစ်သူက ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် တုံးချောင်းကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ ၀ဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာ ၂ချက်တို့ဖြင့် လဲကျ သေဆုံး နေသည့် မောင်လှိုင်မြင့်အောင် ကိုတွေ့ရှိခဲ့သည်။
-
အဆိုပါဖြစ်စဉ် အနီးတစ်ဝိုက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, September 27, 2018

လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ



ရန်ကုန် ၂၇-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ လေးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလျင်အမြန်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင် (ခ) ဝကြီး (အသက် ၅၆ နှစ်) နှင့် အောင်မင်းဦးတို့ အတူရှိနေစဉ် တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်နေ စောလမွန်(ခ)ကိုစော အပါအဝင်
လေးဦးအငှားယာဉ် တစ်စီးဖြင့်ရောက်ရှိ လာကြောင်း၊ စောလမွန် (ခ) ကိုစောက ၎င်းတို့ ရရန်ရှိသည့် ခြံစည်းရိုး ခတ်ခပေးချေရန် ကျန်ငွေကျပ်သိန်း ၃၃ဝကို ခင်မောင်လွင်(ခ)ဝကြီးထံ တောင်းခံရာမှမရသဖြင့် အပြန်အလှန်စကားများပြီး စောလမွန် (ခ) ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခင်မောင်လွင် (ခ) ဝကြီးတွင် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ၎င်းတို့လေးဦးက ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအဖွဲ့က အောင်မင်းဦးကို လာရောက်သည့် အငှားယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့ ထွက်သည့်ကားလမ်း အတိုင်းထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်း ရလျှင်ရချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်းတို့အဖွဲ့ ငှားရမ်းစီးနင်းလာသည့် အငှားယာဉ်နှင့် ယာဉ်မောင်းတို့မှတစ်ဆင့် သတင်းဆက်ရရှိပြီး အောင်ထွန်းချောင်း အတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်း ဘက်သို့ထွက်ပြေး သွားကြောင်း သိရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့က ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ဖော်ထုတ်ရာ တွံတေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးကို ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ညနေ ၃နာရီ မိနစ် ၄ဝခန့်တွင် တွံတေးမြို့နယ် ရေကျော်လေး ကျေးရွာအနီး အခြားငါးကန် ပေါင်များပေါ်၌ စောလမွန် (ခ)ကိုစော အပါအဝင် လေးဦးကို တွေ့ရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာ စောလမွန်(ခ)ကိုစောနှင့် အဖွဲ့ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့် ၄၅ပစ္စတိုတစ်လက်၊ ၎င်းကျည်တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုးသေနတ် တစ်လက်၊ ၎င်းကျည်ငါးတောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖြစ်စဉ်အသေးစိတ် အခြေအနေ၊ သေနတ် လက်ဝယ်ရရှိမှု အခြေအနေတို့ကို ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#  မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 25, 2018

ကံမမြို့နယ်တွင် အထောက်အထားမဲ့ကျောက်စရစ်တင် ရေယာဉ်လေးစီး ဖမ်းဆီးရမိ



ကံမ ၂၅-၉-၂ဝ၁၈

မကွေးတိုင်း ဒေသကြီး ကံမမြို့နယ် ဧရာဝတီမြစ် စစ္စရံကျေးရွာ အနီးတွင် အထောက်အထား မပြနိုင်သော ကျောက်စရစ်တင် ရေယာဉ်လေးစီး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူ ထားကြောင်း ကံမမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။

ကံမမြို့နယ် ဧရာဝတီမြစ် စစ္စရံကျေးရွာအနီးတွင် စက်တင်ဘာ ၂၁ ရက် ညပိုင်းက တွဲရေယာဉ်များ ဖြတ်သန်းမောင်းနှင် လာကြောင်း သတင်းအရ ကံမမြို့နယ် ရဲတပ်ဖွဲ့မြို့နယ်အဆင့် ထွေအုပ်များ၊ စစ္စရံ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုမိန့် စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိဘဲ ကျောက်စရစ်များ သယ်ဆောင်လာခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွဲရေယာဉ်များသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဇလုံကျေးရွာမှ ကျောက်စရစ်များ တင်ဆောင်လာကာ မကွေးတိုင်းဒေသကြီး ကံမမြို့နယ် စစ္စရံကျေးရွာ အနီးမြစ်ကမ်းတွင် လာရောက် ဆိုက်ကပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကျောက်စရစ်များကို ရန်ကုန်သို့ပို့ဆောင်မည် ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးဌာန ဒုတိယဦးစီးမှူး ဒေါ်စုလဲ့မိုး ကတရားလိုပြုကာ ရေယာဉ်လေးစီး အတွက် တစ်စီးကိုတစ်မှုစီဖြင့် ကံမမြို့မရဲစခန်းက (ပ) ၅၈၊ ၅၉၊ ၆ဝ၊၆၁/၂ဝ၁၈ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၉အရ အမှုဖွင့် အရေးယူကာ စုံစမ်းစစ်ဆေးမှု များပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

ကားမှန်ကို အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ထွက်ပြေးသွားသူများအား ဖမ်းဆီးအရေးယူ



မန္တလေး ၂၅-၉-၂ဝ၁၈

မန္တလေး ချမ်းမြသာစည် မြို့နယ် ကျွန်းလုံးဥသျှောင် ရပ်ကွက်တွင် Light Truck ယာဉ်တစ်စီးကို အုတ်ခဲဖြင့်ထုကာ ထွက်ပြေးသွားသည့် လူသုံးဦးကို စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ကိုတူးတူးသည် စက်တင်ဘာ ၂၃ရက် နံနက်ဝဝနာရီက နေအိမ်၌ရှိနေစဉ် နေအိမ်ရှေ့သို့ ဆိုင်ကယ် တစ်စီးဖြင့် အမျိုးသား သုံးဦးရောက်ရှိလာပြီး ၎င်းပိုင် 8M/------Light Truck ယာဉ်ကို အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ထုခဲ့သဖြင့် ယာဉ်၏အရှေ့ လေကာမှန်နှင့် ဘေးတံခါးပေါက် မှန်များကွဲခဲ့သောကြောင့် ကိုတူးတူးမှ အော်ဟစ်တားမြစ်ရာ အဆိုပါ အမျိုးသား သုံးဦးက ဆဲဆိုပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထိုသို့အုတ်ခဲကျိုးဖြင့် ပစ်ပေါက်သူများကို ရဲတပ်ဖွဲ့ကလိုက်လံ စုံစမ်းဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ် သံလျက်မှော်တောင် ရပ်ကွက်တွင် နေထိုင်သည့် ကျော်သူဝင်း(ခ) ဘွားကြီး၊ ဘိုဖြူ(ခ)ရှိုင်းကိုနှင့် ညိုချော(ခ) စန်းမိုးအောင်တို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခဲ့သူ သုံးဦးကို ဆက်လက်စစ်ဆေး ခဲ့ရာမှာ ၎င်းတို့သုံးဦး အသုံးပြုကာ စီးနှင်းနေသည့် မော်တော်ဆိုင်ကယ် သည်လည်း လွန်ခဲ့သည့်လများက လုယက်ယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့မရဲစခန်းက (ပ) ၄၄၅/၂ဝ၁၈၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၅၂/၅၄နှင့် ဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှုအတွက် (ပ)၄၄၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၄၂၇ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 24, 2018

အမှတ် (၅၇) အဆန်ရထားပေါ်မှ ရွှေထည်ရတနာပစ္စည်းနှင့် ငွေကျပ် ၁၄၀၀၀၀ ခိုးယူသူကိုဖမ်းဆီးရမိ



မော်လူး ၂၄-၉-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်း ပိုင်နယ်မြေတွင် မန္တလေး-မြစ်ကြီးနား အမှတ်(၅၇) အဆန်ရထားပေါ်မှ ရွှေထည်လက်ဝတ် ရတနာပစ္စည်းများနှင့် ငွေကျပ် ၁၄ဝဝဝဝ ခိုးယူသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခင်ဦးဘူတာမှ မြစ်ကြီးနားသို့ အမှတ်(၅၇)အဆန် မန္တလေး-မြစ်ကြီးနားရထားဖြင့် စက်တင်ဘာ ၂၂ရက် မွန်းလွဲ ၁၂နာရီမိနစ်၃ဝက အထက်တန်းတွဲ(၁) B7-C7 မှစီးနင်း လိုက်ပါလာသော မဖြိုးနန္ဒာ၏ ဘေးလွယ်အိတ်အထဲရှိ ကချင်ပိုက်ဆံအိတ်အတွင်းမှ ဆွဲကြိုးတစ်ကျပ်သား တစ်ကုံး၊ ဟန်းချိန်းငါးမူးသား တစ်ကုံး၊ HUAWEI Y62 မိုးပြာရောင် ဖုန်းတစ်လုံး၊ တစ်သောင်းတန် ငွေစက္ကူ ၁၄ ရွက် စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၂၃၅၃ဝဝဝ တို့ကို မော်လူးဘူတာမှ တက်လာသူအမျိုးသမီး (လူမြင်လျှင်မှတ်မိ)မှာ အဆိုပါ B7-C7 ထိုင်ခုံနားသို့ ကပ်ပါလာကြောင်း၊ ပိုင်ရှင်ဖြစ်သူ မဖြိုးနန္ဒာသည် အိပ်ပျော်ပြီးနိုးလာစဉ် ၎င်းလွယ်ထားသော ဘေးလွယ်အိတ်မှာ ရထားကြမ်းပြင်ပေါ် တွင်ကျရောက်နေပြီး သက်သေခံပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မော်လူးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် မျိုးသူရနှင့်အဖွဲ့တို့က ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ မော်လူးမင်သုခ ရပ်ကွက်နေ မတင်မာဝေ (ခ) သာမသည် စက်တင်ဘာ ၂၂ရက် ည ၁ဝနာရီ မိနစ်၃ဝက မန္တလေး-မြစ်ကြီးနား အဆန်(၅၇) ရထားဖြင့် မဖြိုးနန္ဒာလိုက်ပါလာသည့် ထိုင်ခုံဘေးတွင် ကပ်ပါလာခဲ့ကြောင်း၊ ၎င်းဘေးလွယ်အိတ်အထဲရှိ ကချင်ပိုက်ဆံအိတ်အတွင်းမှ အဆိုပါ ပျောက်ဆုံးသွား သောပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ထို့နောက် နန့်စီးအောင် ဘူတာမှတစ်ဆင့် မန္တလေး -မြစ်ကြီးနား အမှတ်(၅၈)အစုန်ရထားဖြင့် မော်လူးသို့လိုက်ပါလာပြီး ၎င်းနေအိမ်တွင် ခိုးယူခဲ့ သောပစ္စည်းများကို မြေကြီးထဲသို့ မြှုပ်နှံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်လူးနယ်မြေရဲခန်းက တင်မာဝေ (ခ) သာမကို ပြစ်မှုပုဒ်မ(ပ) ၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၉(နှိုက်)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, September 19, 2018

ဘိုကလေးမြို့နယ်ရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည့် အချုပ်သား သုံးဦးမှ နှစ်ဦးပြန်လည်ဖမ်းဆီးရမိ



ပုသိမ် ၁၉-၉-၂၀၁၈

ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေးမြို့မ ရဲစခန်းတွင် ယနေ့နံနက်အစောပိုင်းက အချုပ်သားသုံးဦး အချုပ်ခန်းဖောက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးကို နံနက် ၇ နာရီ မိနစ်၎ဝတွင် ပြန်လည်ဖမ်းဆီး ရမိပြီဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခိုးမှုဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသူ အာကာဂျူး၊ လုယက်မှုနှင့် စစ်ဆေးခံနေရသူ ပိုးဖြူ(ခ)နန္ဒအောင် နှင့်ဓမ္မတာနှင့်ဆန့်ကျင်သော ပြစ်မှုပုဒ်မ ၃၇၇ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသူ လှနိုင်ဦးတို့သည် ယနေ့နံနက် ၃နာရီမိနစ်၃ဝက အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှဖြင့် ဖြတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားများကို ပြန်လည်ဖမ်းဆီးရမိရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရွှေသောင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ မအူပင်မြို့နယ် ရေလဲကျေးရွာ အနီးလယ်ကွင်းအတွင်း၌ အာကာဂျူးနှင့် ပိုးဖြူ(ခ)နန္ဒအောင်တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး လှနိုင်ဦးမှာ ဆက်လက်ထွက်ပြေး လွတ်မြောက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"သုံးယောက် ထွက်ပြေးသွားတာပါ။ နှစ်ယောက်တော့ ပြန်ဖမ်းမိပါပြီ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တစ်ယောက်ကိုလဲ ပြန်လည်ဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်"ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပြသည်။

လွတ်မြောက်နေသည့် ဘိုကလေးမြို့နယ် ခရေကွဲကျေးရွာတွင် နေထိုင်သူ လှနိုင်ဦး (ဘိုကလေးမြို့မရဲစခန်းမှ (ပ)၃၄၆/၂ဝ၁၈၊ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုပုဒ်မ၃၇၇ ဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ) အားအမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 18, 2018

ရုံးထုတ်ရာတွင် အသုံးပြုသောယာဉ်သည် သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့တင်ပြရန် ယူဆောင်လာသော လိုင်စင်မဲ့ယာဉ်ဟုဆို



မန္တလေး ၁၈-၉-၂၀၁၈

ကျောက်ဆည်ခရိုင် တရားရုံးတွင် စက်မှုလက်မှု သိပ္ပံကျောင်းသား အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ချုပ်ရက်ရမန်ယူရန် ရုံးထုတ်ရာတွင် အသုံးပြုခဲ့သောယာဉ် TOYOTA MARK II ယာဉ်သည် တရားရုံးသို့ သက်သေခံ ပစ္စည်းအဖြစ်တင်ပြရန် ယူဆောင်လာသော လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း Mandalay Police Page တွင် ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်သည် သြဂုတ် ၃ဝ ရက်က ကျောက်ဆည်မြို့ အမှတ် (၃၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့ဖြင့် အမှတ် (၈၁) စက်မှုလယ်ယာ အနီးတွင် စည်းကမ်းပျက် ယာဉ်များကိုစစ်ဆေး ဆောင်ရွက်စဉ် ယင်းလိုင်စင်မဲ့ယာဉ်ကို မောင်းနှင်လာသော ဦးသန့်ဇင်ဦးကို စစ်ဆေးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။ ထို့ကြောင့် လိုက်လံဖမ်းဆီးရာ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် ရွှေသာလျောင်း တောင်တက်လမ်း အနီး၌ ဖမ်းဆီးရမိ၍စစ်ဆေးရာ လိုင်စင်မဲ့ ယာဉ်ဖြစ်သဖြင့် ကျောက်ဆည် မြို့မရဲစခန်း က(ပ) ၇၃၂/၂ဝ၁၈၊ ပို့/သွင်းပုဒ်မ၈ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

ယင်းသို့ အရေးယူထားပြီး သြဂုတ် ၁၃ ရက်တွင် ကျောက်ဆည်မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ရာတွင် အဆိုပါယာဉ်ကို တရားရုံးသို့ သက်သေခံပစ္စည်း အဖြစ်တင်ပြရန် တရားရုံးသို့ ယူဆောင်လာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

Monday, September 17, 2018

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ဦးဆောင်သူအပါအဝင် ၁၃ဦး ပြန်လည်ဖမ်းဆီးရမိ



ဘားအံ ၁၇-၉-၂၀၁၈

ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်တွင် ယနေ့နံနက်ပိုင်းက အကျဉ်းထောင် ဝန်ထမ်းယာဉ်မောင်းကို ထိုးကြိတ်ပြီး ယာဉ်ကိုလုယူ၍ အကျဉ်းထောင် တံခါးလေးခုကို တိုက်ဖျက်ကာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည့် အကျဉ်းသား ၄၁ဦးအနက် ဦးဆောင်သူအပါအဝင် ၁၃ဦးကို ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ယူဆောင်မောင်းနှင် သွားသည့် ယာဉ်ကိုလည်း ပြန်လည်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီ မိနစ် ၄ဝခန့်က ဘားအံအကျဉ်းထောင် ဓမ္မာရုံအနီး စိုက်ခင်းအတွင်း အကျဉ်းသားများဖြင့် ရှင်းလင်း၍ စုပုံထားသော အမှိုက်များကို အကျဉ်းထောင်ဝန်ထမ်း ဒုတိယတပ်ကြပ် ကျော်ဝင်းစိန်က 7N/----Mazda Titan အပြာရောင်ယာဉ်ဖြင့် သွားရောက်စွန့်ပစ်ရန် ထွက်ခွာမည့်အချိန်တွင် ထောင်ဒဏ်လွတ်ရက်မရှိ ပြစ်ဒဏ်ကျခံ နေရသည့် ထောင်ဝင်အမှတ် ဖအ/၁၅/ဝဝ၃၃ဝ/က အကျဉ်းသားကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှ ၃၃နှစ်က ထောင်ဝန်ထမ်း ယာဉ်မောင်းဖြစ်သူကို ယာဉ်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်၍ ယာဉ်ကိုမောင်းနှင်ကာ ထောင်တံခါးလေးဆင့်ကို တိုက်ဖွင့်မောင်းနှင်ပြီး ဘားအံ-လှိုင်းဘွဲလမ်းအတိုင်း မောင်းနှင်ထွက်ပြေး သွားရာအဆိုပါ ယာဉ်ပေါ်တွင် အကျဉ်းသားများ လိုက်ပါသွားသဖြင့် စုစုပေါင်း အကျဉ်းသား ၄၁ဦး ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးနှင့် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းတို့ ကြီးကြပ်ကွပ်ကဲသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာန (ဘားအံ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် အကျဉ်းထောင်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးသန်းတို့ ကြီးကြပ်ကွပ်ကဲသည့် အကျဉ်းထောင် ဝန်ထမ်းများ ပူးပေါင်းကာ အကျဉ်းထောင်လုံခြုံရေး တာဝန်ကို ဆောင်ရွက်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့ ကြီးကြပ်ကွပ်ကဲသည့် ပူးပေါင်း အဖွဲ့များက အကျဉ်းသားများ ထွက်ပြေးရာ လမ်းကြောင်း တစ်လျှောက် လိုက်လံရှာဖွေ ပိတ်ဆို့ခြင်း၊ ကရင်ပြည်နယ် အတွင်းမှ လမ်းတံတားများတွင် လုံခြုံရေးဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သား များပါဝင်သော ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ်ပိုင်းတွင် မောင်းနှင်ထွက်ပြေး သွားသည့်ယာဉ်ကို လှိုင်းဘွဲမြို့နယ် ရွာသာအေးကျေးရွာနှင့် သပုထိုကျေးရွာကြား ဆည်မြောင်း တာပေါင်လမ်းတွင် ဗွက်နစ်လျက် ပြန်လည်တွေ့ရှိသဖြင့် ထွက်ပြေး လွတ်မြောက်နေသည့် အကျဉ်းသား ၄၁ဦးကို ပိတ်ဆို့ဖမ်းဆီးရမိရေး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ချိတ်ဆက်ဆောင်ရွက် ခဲ့သည်။

ထိုသို့ ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများကို ကွက်ပြည့်နင်း ဆောင်ရွက်ခဲ့သဖြင့် ယနေ့မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင် ရဲအုပ်လှဟန် ဦးစီးအဖွဲ့က ဝတုတ် (ခ) စည်သူကျော်၊ စောကျော်ပိ၊ရဲနောင်ဖြိုး (ခ) သဲမောင်တို့သုံးဦးကိုဘားအံမြို့နယ် မိဇံကျေးရွာဇရပ်တွင်လည်းကောင်း၊ ညနေ ၄နာရီတွင် ရဲတပ်ကြပ် အောင်မျိုးသူနှင့်အဖွဲ့က စောထူး(ခ)ဗီလားကို ဘားအံမြို့မဲဘောင်ဈေးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လည်းကောင်း၊ ညနေ ၄နာရီ မိနစ်၎ဝတွင် ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ထွန်းထွန်းသန်း(ခ)ကိုနေ ကိုလည်းကောင်း၊ ညနေ ၄နာရီ မိနစ် ၅ဝတွင် ဝဏ္ဏ(ခ)ဖြိုးတေဇတို့ နှစ်ဦးကို ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာ တွင်လည်းကောင်း၊ ညနေ၅နာရီတွင် ရဲအုပ်သန်းဇော်မြင့် ဦးစီးအဖွဲ့က ဝင်းအောင်(ခ)မိုးဒီကို ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅နာရီ ၅မိနစ်တွင် ရဲမှူးကြီးတင်ဦး ဦးစီးအဖွဲ့က ပြည်ဟိန်း ကို ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာ တွင်လည်းကောင်း၊ ညနေ ၆နာရီ မိနစ် ၂ဝတွင် ရဲအုပ်ကြည်တိုး ဦးစီးအဖွဲ့က အောင်ဝင်းနှင့်ထွန်းထွန်းဦး တို့နှစ်ဦးကို ဘားအံမြို့နယ် တဝန်ဖန်ရလယ်ကွင်း ထဲမှလည်းကောင်း၊ ညနေ ၆နာရီ မိနစ်၅ဝတွင် နယ်မြေခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည့်ဖြိုးအောင်၊ ကျော်မြင့်၊ ကျော်မိန်လ(ခ)အရှောင်(ခ) ကျော်ဖကုလား (ခ) မိန်လှတို့သုံးဦးကို ရေဘုတ်ဆည်တွင် လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သဖြင့် ထွက်ပြေးလွတ်မြောက် နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၃ဦးကို ပြန်လည်ဖမ်းဆီး ရမိပြီဖြစ်ကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသား ၄၁ဦးတွင် အပြစ်ကျတရားခံ ၂၉ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ဦးပါဝင်ကြောင်း၊ ဦးဆောင်ထွက်ပြေးသူ ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှမှာ မူးယစ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိ၊ မူး/စိတ်ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ်လေးနှစ်၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)နှင့် ထောင်ဒဏ်နှစ်အကန့်အသတ် မရှိတို့အပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂(၁)(ဂ)ဖြင့် ထောင်တစ်သက်တစ်ကျွန်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ဖြင့် ထောင်ဒဏ် ဆယ်နှစ်တို့ အသီးသီးပြစ်ဒဏ် ကျခံနေရပြီး လွတ်ရက်မရှိ ပြစ်ဒဏ်ကျခံ နေရသူဖြစ်ကာ ဘားအံမြို့နယ် ကော့စိန်ဘန်အောက် ကျေးရွာအုပ်စု ရွှေပြည်ထောင် ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ၁ရက်က ၎င်း၏နေအိမ်မှ WY စိတ်ကြွဆေးပြား ရှစ်ထောင်၊ ခြောက်လုံးပြူးဆုံလည် သေနတ်တစ်လက်နှင့် ၎င်းကျည် ငါးတောင့်တွေ့ရှိမှု၊ ပွိုင့်၂၂ ပြောင်းရှည် သေနတ်တစ်လက် ၎င်းကျည် နှစ်တောင့်တွေ့ရှိမှု၊ ကိုးလုံးကျည် သေနတ်တစ်လက်၊ ၎င်းကျည် နှစ်တောင့်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချဖြန့်ဖြူး ခဲ့မှုတို့ဖြင့် လည်းကောင်း၊ အမျိုးသားနှစ်ဦးကို ကားဖြင့်ခေါ်ဆောင်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ သေပြီအထင်ဖြင့် ရေမြောင်းအတွင်း ပစ်ထားခဲ့စဉ်တစ်ဦးမှာ အချိန်မီဆေးရုံတင်ပို့ နိုင်ခဲ့သဖြင့် အသက်မသေဘဲ ကျန်တစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားသည့် ဖြစ်စဉ်ကို ကျူးလွန်ခဲ့၍ လည်းကောင်း ယခုကဲ့သို့ ထောင်ဒဏ်လွတ်ရက်မရှိ ပြစ်ဒဏ်ကျခံရခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနက ရဲတပ်ဖွဲ့သို့ အကြောင်းကြား ပေးပို့ထားသည့် ထွက်ပြေးလွတ်မြောက် သွားသော အကျဉ်းသားများစာရင်းတွင် အမှုဖြစ်စဉ်အကျဉ်း ထည့်သွင်းဖော်ပြချက်အရ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, September 14, 2018

ပေါက်တောမြို့အနီး ကုလားတန်မြစ်အတွင်း လှေတစ်စင်းပေါ်မှ တရားမဝင် တင်ဆောင်လာသော ကျွဲများ ဖမ်းဆီးရမိ



နေပြည်တော် ၁၄-၉-၂ဝ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ ကုလားတန်မြစ်အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင် ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ဦးမော်ကျေးရွာ၏ အနောက်ဘက် ရေမိုင် ၂ မိုင်ခန့်အကွာ၌ အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့ မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ် စက်လှေတစ်စင်း အား တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၃၇ ပေ၊ အနံ ၁ဝ ပေ၊ ရေစူး ၃ ဒသမ၅ ပေခန့်ရှိ စက်လှေတစ်စင်းပေါ်တွင် မာမတ်ရှော်လီ(ဘ) ဦးမတ်ဆလောင်ကို တရားမဝင် တင်ဆောင်လာသော ကျွဲ ၁၇ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ စက်လှေနှင့် ကျွဲများအား ပေါက်တောမြို့မရဲစခန်းသို့ စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Wednesday, September 12, 2018

သုသာန်အတွင်း လူနှစ်ဦးအား သတ်ခဲ့သူများကို ဖမ်းဆီးရမိ



မန္တလေး ၁၂-၉-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်းရွာပြင် သုသာန်အတွင်း အမျိုးသား နှစ်ဦးဒဏ်ရာများဖြင့် လဲကျသေဆုံးနေမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ လေးဦးကို စက်တင်ဘာ ၁ဝရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် ကံသာရပ်၊ ဟင်္သာကျေးရွာအုပ်စုမှ ဦးမြင့်စိုးနှင့် ပန်းဘဲမြောက်နေ ဦးရဲမြင့် (ခ) ရဲဝင်းတို့ဖြစ်ပြီး စက်တင်ဘာ ၈ရက် ညပိုင်းက မျက်နှာတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

"သေဆုံးသူတွေနဲ့ အမြဲအတူအရက်သောက် လေ့ရှိတဲ့သူတွေကို မေးမြန်းခဲ့ရာကနေ ဖော်ထုတ်နိုင်ခဲ့တာပါ။ တရားစွဲတင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေပါတယ်"ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူများနှင့် အရက်သေစာ အမြဲသောက်စားလေ့ရှိသူ စိုင်းဝေကျော် (ခ) ရှမ်းလေးတွင် အပေါ်နှုတ်ခမ်း ဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ဖျံတွင် ဖူးရောင်ဒဏ်ရာ၊ ခြေဖဝါးတွင် သွေးများ ပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိခဲ့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သုသာန်အတွင်း အရက်အတူ သောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများကာ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ စိုင်းဝေကျော် (ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့ကို အမရပူရမြို့မရဲစခန်းက (ပ)၄၃၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 11, 2018

မူဆယ်မြို့၊ ဆင်ဖြူပေါက် ဂိတ်အနီး၌ တရားမဝင် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ


နေပြည်တော် ၁၁-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဆင်ဖြူပေါက်ဂိတ်အနီး၌ လုံခြုံရေးဆောင် ရွက်နေသော ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဦးအောင်ကျော်ဦး (ဘ) ဦးတင်ကျော် မောင်းနှင်လာသည့် Toyota Crown အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ကျောက်စိမ်းတုံး အရွယ်စုံ ၃၈ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ တရားမဝင် ကျောက်စိမ်းတုံးများနှင့် ဖမ်းဆီးရမိသူအား မူဆယ်မြို့မရဲစခန်းမှ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger