www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဓာတ်ပုံပြိုင်ပွဲ. Show all posts
Showing posts with label ဓာတ်ပုံပြိုင်ပွဲ. Show all posts

Thursday, July 20, 2017

တောင်သမန် ပတ်ဝန်းကျင်ခရီးစဉ် ဓာတ်ပုံပြိုင်ပွဲအတွက် အထက်မြန်မာပြည် ဓာတ်ပုံအသင်းက ဆုရွေးချယ်



မန္တလေး ၂၀-၇-၂၀၁၇

အထက်မြန်မာပြည် ဓာတ်ပုံအသင်း၏ လပတ်တံခွန်စိုက် ဓာတ်ပုံပြိုင်ပွဲ (၇/၂ဝ၁၇) ''တောင်သမန် ပတ်ဝန်းကျင် ခရီးစဉ်'' ဓာတ်ပုံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဓာတ်ပုံများ ဆုရွေးချယ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ အထက်မြန်မာပြည် ဓာတ်ပုံအသင်း ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုရွေးချယ်ပွဲတွင် လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲ၌ ပထမကို တူးတူး (အမရပူရ)၊ ဒုတိယသန်းအေး (Yaung Xing)၊ တတိယ ရဲချစ်ပိုင် (အထက်မင်းလှ) နှင့်နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ပေးခဲ့ပြီး အကြီးတန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ နန်းထိုက်သူ၊ ဒုတိယအောင်ကြီးမြင့်၊ တတိယ မျိုးမင်းလတ် (အလှကဗျာ)နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအကဲဖြတ် ဒိုင်များအဖြစ် ဦးမြတ်ကျော် (ယမင်းသူဇာ)၊ ဦးမျိုးသန့် (စိန်)၊ ဦးကျော်ဆွေဦး (ရွှေလှိုင်ဝါ)၊ ဦးမြင့်သန်း (ဇော်)၊ ဦးမျိုးမင်းကြွယ် (ရွှေတောင်ကြား)၊ ဦးကိုကိုဦး (K.O)၊ ဦးတင်အောင်မျိုး (ဇလပ်ဖြူ)၊ ဦးမောင်မောင်ဝင်း (ဟိန်း)၊ ဦးစန်းဝင်းမောင် (ပန်) နှင့် ဦးတင်မင်း (ပန်းအလှကမ္ဘာ) တို့က အကဲဖြတ်အမှတ်ပေး ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, February 1, 2017

ရွှေတိဂုံစေတီတော် မော်ကွန်းတင်ဓာတ်ပုံပြိုင်ပွဲ ယခုနှစ်အတွင်း ကျင်းပမည်



ရန်ကုန် ၊ ၁-၂-၂၀၁၇

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ ကြည်ညိုဖွယ်ရာ မြင်ကွင်းဓာတ်ပုံ များကို သက်ဆိုင်ရာမှ မှတ်တမ်းတင် သိမ်းဆည်း ထားရန်နှင့် ဘုရားဖူးလာသူများ ဖူးမြော်နိုင်စေရန် ရွှေတိဂုံ စေတီတော် မော်ကွန်းတင် ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို ကြည်ညိုဖွယ် အဖုံဖုံ မြတ်ရွှေတိဂုံ၊ အနုလက်ရာ ပန်းပူဇာ စသည့် ခေါင်းစဉ်များဖြင့် ကျင်းပမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင် လိုသူများ အနေဖြင့် ပြိုင်ပွဲဝင် လျှောက်လွှာပုံစံ များကို ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး ၌ ရယူနိုင်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဓာတ်ပုံများ ပေးပို့ကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် သူများအနေဖြင့် ဓာတ်ပုံများ ရိုက်ကူးရာတွင် အကူအညီများ လိုအပ်ပါက စေတီတော် ဂေါပကအဖွဲ့က ကူညီဆောင်ရွက် ပေးမည်ဖြစ်သည်။ အလားတူ ဓာတ်ပုံပြိုင်ပွဲ မျိုးကို ၂ဝ၁၂ ခုနှစ် ကလည်း တစ်ကြိမ်ကျင်းပ ဖူးပြီး ယခုနှစ်တွင် မော်ကွန်းတင် ဓာတ်ပုံ ပြိုင်ပွဲအဖြစ် ပိုမိုကျယ်ပြန့်စွာ စီစဉ်ကျင်းပ ရခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပရန် လေးလခန့် အချိန်ယူ ညှိနှိုင်းပြင်ဆင် ရပြီး ယခုကဲ့သို့ ပြိုင်ပွဲကာလကို အချိန်ကြာမြင့်စွာ သတ်မှတ်ပေး ထားခြင်းသည် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ် ပြောင်းလဲ နေသည့် ရာသီဥတုအလိုက် ကြည်ညိုဖွယ်ရာ အသွင်အမျိုးမျိုး ပုံပေါ်နေသော ရွှေတိဂုံစေတီ တော်မြတ်ကြီး ၏ ကြည်ညိုဖွယ် မြင်ကွင်း ဓာတ်ပုံများကို ရရှိစေရန် ရည်ရွယ်ကာ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေများ အဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း နှင့် နှစ်သိမ့်ဆု သုံးဆုကို တစ်ဆုလျှင် ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း ဝ၁- ၃၈၃၅၁၂ နှင့် ဝ၁- ၃၇၅၇၆၇ တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, November 18, 2016

The Atlantic Daily သတင်းဌာနမှ ရွေးချယ်သော ကမ္ဘာတစ်လွှား အကောင်းဆုံး Supermoon 2016 ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံနှစ်ပုံပါဝင်


The moon rises behind the mountain range seen from Naypyitaw, Burma, on November 14, 2016. 

A tree is silhouetted as a supermoon rises over Heho, Burma's Shan state, on November 14, 2016.

ရန်ကုန် ၊ ၁၈-၁၁-၂၀၁၆

The Atlantic Daily သတင်းဌာနမှ ရွေးချယ်သော ကမ္ဘာ တစ်လွှား အကောင်းဆုံး Supermoon 2016 ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ နှစ်ဦး၏ ဓာတ်ပုံနှစ်ပုံလည်း ပါဝင်ကြောင်း သိရသည်။

နှစ်ပေါင်း ၇ဝ အတွင်း လကို ကမ္ဘာဂြိုဟ်မှ အကြီးမားဆုံးနှင့် အတောက်ပဆုံး မြင်တွေ့ရသော Supermoon 2016 မြင်ကွင်းကို နိုဝင်ဘာ ၁၄ ရက်ညက ကမ္ဘာတစ်လွှား ၌ မြင်တွေ့ခဲ့ကြ သဖြင့် ဓာတ်ပုံပညာရှင် များနှင့် ဝါသနာရှင် များက ဓာတ်ပုံရိုက်ယူ ကြပြီး အင်တာနက် ပေါ်တွင် တင်ခဲ့ကြသည်။

အဆိုပါဓာတ်ပုံ များထဲမှ အကောင်းဆုံး Supermoon 2016 ဓာတ်ပုံ ၂၁ ပုံကို The Atlantic Daily သတင်းဌာနမှ ရွေးချယ်ကာ ၄င်း၏ အင်တာနက် ဝက်ဘ်ဆိုက် ဖြစ်သော www.theatlantic.com သတင်း စာမျက်နှာ၌ ဖော်ပြထားကာ ထိုဓာတ်ပုံ ၂၁ ပုံတွင် မြန်မာနိုင်ငံအတွင်း ရိုက်ယူခဲ့သော ပြည်တွင်းမှ ဓာတ်ပုံဆရာ အောင်ရှိုင်းဦးနှင့် ရဲအောင်သူ တို့၏ ဓာတ်ပုံနှစ်ပုံ လည်း ပါဝင်သည်။

ဓာတ်ပုံဆရာ အောင်ရှိုင်းဦး ၏ ဓာတ်ပုံကို အမှတ်စဉ် (၃) နေရာ၌ ဖော်ပြထားပြီး နေပြည်တော် အနီးရှိ တောင်တန်းများ ကြားမှ Supermoon လမင်းကြီး ထွက်ပေါ်လာပုံ (ပုံ-၁)ကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

အမှတ်စဉ် (၁၅) နေရာ၌ ဖော်ပြထားသော ဓာတ်ပုံဆရာ ရဲအောင်သူ ၏ဓာတ်ပုံမှာ ရှမ်းပြည်နယ် ဟဲဟိုးမြို့၌ ရိုက်ကူးထားခြင်း ဖြစ်ပြီး အဖြူရောင် လမင်းကြီးကို နောက်ခံပြုကာ သစ်ပင်တစ်ပင် ၏ ပုံရိပ် (ပုံ-၂)ကို ရိုက်ယူထားသည်။

ထို The Atlantic Daily သတင်းဌာန၏ သတင်းစာမျက်နှာ ၌ ဖော်ပြထားသော ကျန်ဓာတ်ပုံများမှာ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကာဇက်စတန်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ စပိန်၊ ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံ တို့၌ ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။

အဆိုပါ Supermoon ဖြစ်စဉ်ကို လွန်ခဲ့သော ၁၉၄၈ ခုနှစ်ကလည်း တွေ့ကြုံခဲ့ဖူးပြီး နောက်ထပ် ၁၈ နှစ်အကြာ ၂ဝ၃၄ ခုနှစ်တွင် Supermoon ဖြစ်စဉ်ကို ထပ်မံတွေ့ကြုံ ဦးမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, March 24, 2016

၂၀၁၅ ခုနှစ် မြ၀တီရောင်စုံဓာတ်ပုံ ပြိုင်ပွဲနှင့် မြ၀တီမဂ္ဂဇင်း ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမူဆုရရှိသူများ စာရင်း ထုတ်ပြန်ကြေညာ


၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်းဓာတ်ပုံပြိုင်ပွဲမှ အောင်ရဲနိုင် (အမရပူရ) ၏ ဆုရဓာတ်ပုံတစ်ပုံ

၂ဝ၁၅ ခုနှစ် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ နှင့် မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမူဆုရရှိ သူများ စာရင်းကို သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့ က ထုတ်ပြန်ကြေညာ လိုက်သည်။

မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် အောင်ရဲနိုင် (အမရပူရ) က ပထမ၊ ဦးဌေးဝင်း (ရမ္မာဝတီ) က ဒုတိယ၊ မျိုးမင်းကြွယ် (ရွှေတောင်ကြား) က တတိယ၊ ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း) က ပူးတွဲတတိယ နှင့် အထူးဆုများ အဖြစ် အာကာထွန်းကျော် နှင့် ဦးအေးကို (ဗမအ) တို့က အသီးသီး ရရှိကြသည်။

၂ဝ၁၅ ခုနှစ် အတွက် မြဝတီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆုကို ကာတွန်း မောင်ရွှေဝင်း က လည်းကောင်း၊ အကောင်းဆုံး ကဗျာဆုကို မင်းမောင်နွယ် (မွန်ဌာနီ) ၏ ''အားကျဂုဏ်ယူ လယ်တောသူ'' ကဗျာ က လည်းကောင်း၊ အကောင်းဆုံး ဆောင်းပါးဆု ကို မောင်ဆွေသက်၏  ''ကျွန်တော်နှင့် ရဲဘော်များ'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုတိုဆုကို ကျော်လွင် (စက်မှု) ၏ ''သွေးအေးသတ္တဝါ နှင့် သွေးနွေးသတ္တဝါ'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုရှည်ဆု ကို ဝမ်းထက်မိုး (ဇိန့်-အောင်လံ) ၏ ''တို့တွဲလက်တို့ ခိုင်မြဲစေ'' က လည်းကောင်း အသီးသီး ရရှိကြသည်။

၂ဝ၁၅ ခုနှစ်အတွက် ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆုကို ကာတွန်း သန့်စင် က လည်းကောင်း၊ အကောင်းဆုံး ကဗျာဆုကို မောင်စောထွန်း (ကျောင်းကုန်း )၏ ''အို...သားလူလှ'' ကဗျာ က လည်းကောင်း၊ အကောင်းဆုံး ဆောင်းပါးဆု ကို ကို(တက္ကသိုလ်) ၏ ''ညောင်းရွက်ကြွေလျှော'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုတိုဆု ကို ဆင်ဖြူကျွန်း အောင်သိန်း ၏ ''မှိုတစ်ကျင်းနှင့် မြွေတစ်ကောင်'' က လည်းကောင်း၊ အကောင်းဆုံး ဝတ္ထုရှည်ဆုကို မဂေါ်ဇီ၏ ''နုငယ်မေ့ မရသည့် ရင်နင့်ပန်း ကလေးများ'' က လည်းကောင်း အသီးသီး ရရှိကြသည်။

ဆုရရှိသူများ အနေဖြင့် မြဝတီစာပေတိုက် မြဝတီမဂ္ဂဇင်း ဖုန်း- ဝ၉- ၃ဝ၃ ၆၇၅၆၂၊ ငွေတာရီမဂ္ဂဇင်း ဖုန်း- ဝ၉-၃ဝဝ၈ ၁ဝ၁၈ နှင့် မြို့တွင်း (၃၂) လမ်း(ရုံးခွဲ) ဖုန်း-ဝ၉-၃၂၄၉ ၈၇၁၄ တို့သို့ ကြိုတင် ဆက်သွယ် သတင်းပို့ ကြရန်ဖြစ်ပြီး ဆုပေးပွဲ အခမ်းအနား ကျင်းပမည့်နေရာ နှင့်ရက်ကို ထပ်မံ ကြေညာမည် ဖြစ်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

Monday, February 1, 2016

မန္တလေးဓာတ်ပုံအသင်းမှ လပတ်ပြိုင်ပွဲ ဆုရွေးချယ်



မန္တလေး ၊ ၁-၂-၂၀၁၆

မန္တလေး ဓာတ်ပုံအသင်း၏ လပတ်တံခွန်စိုက် ပြိုင်ပွဲ ပွဲစဉ် (၁၄/၂ဝ၁၅) 'ငွေဆောင်ကမ်းခြေ ရှုခင်းအလှ' ဓာတ်ပုံပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် ဓာတ်ပုံများ ဆုရွေးချယ်ခြင်းကို ဇန်နဝါရီ ၃ဝ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေး ဓာတ်ပုံအသင်း ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများ အတွက် ငွေဆောင်ကမ်းခြေ ရှုခင်းအလှ ဓာတ်ပုံများကို ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မန္တလေးဓာတ်ပုံ အသင်းသူ၊ အသင်းသားများမှ ယှဉ်ပြိုင်ရိုက်ကူး ခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ သန်းထိုက်စိုး(ခ) ဖိုးခွား၊ ဒုတိယ ကိုဟိန်း (ပလိပ်)၊ တတိယ ဖိုးဌေး (လှဂုဏ်ရည်) နှင့် နှစ်သိမ့်ဆုသုံးဆု တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမ ကိုစိုး(G1)၊ ဒုတိယ သက်ဇော်(Echo) ၊တတိယ ထက်ဝေယံဝင်းသူ နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အကဲဖြတ်ဒိုင်များ အဖြစ် ဦးသိန်းဌေးမောင် (ဆွေလှသိန်း)၊ ဦးကျော်အောင် (ပေါက်ခေါင်း)၊ ဦးထွန်းမြင့်၊ ညောင်ဦး သန်းဌေး၊ ဦးမောင်မောင်ဦး နှင့် ဦးစောအောင်မင်း (နယူးအာရှ) တို့မှ အကဲဖြတ် အမှတ်ပေး ခဲ့ကြောင်းသိရသည်။

ကိုကျော်ဇော (မန္တလေး)

Monday, December 21, 2015

အာဆီယံနိုင်ငံများ၏ ဓလေ့ထုံးစံများ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဓာတ်ပုံပညာရှင်များက ဆုများရရှိ



မန္တလေး ၊ ၂၁-၁၂-၂၀၁၅

ပြည်တွင်း၊ပြည်ပ ဓာတ်ပုံပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပလျက် ရှိရာ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ များတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဓာတ်ပုံ ပညာရှင်များ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုပေါင်းများစွာ ရရှိကြသည်ကို သိရသည်။

ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ က ကြီးမှူး ကျင်းပသည့် အာဆီယံ နိုင်ငံများ၏ ဓလေ့ထုံးစံများ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် မင်းမင်းထွန်း က ဒုတိယဆု၊ ဇေယျာလင်းက တတိယ ဆုနှင့် အထူးဆု အဖြစ် ဇော်ဇော်ထွန်း တို့ ရရှိကြသည်။ ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင် ရရှိသူများကို ဗီယက်နမ်နိုင်ငံ သို့ ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် ကိုးဦး သွားရောက် ခဲ့ရသည်။

ဆုပေးပွဲကို ဒီဇင်ဘာ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရာ ပထမဆုကို ဗီယက်နမ် နိုင်ငံက ရရှိခဲ့သည်။ ဆုကြေးငွေမှာ ပထမဆု အမေရိကန် ဒေါ်လာ ၁၅ဝဝ ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၁၂ဝဝ၊ တတိယဆု အမေရိကန် ဒေါ်လာ ၇ဝဝ နှင့် အထူးဆု ငါးဆုအတွက် အမေရိကန် ဒေါ်လာ ၅ဝဝ စီကို ချီးမြှင့် ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲသည် နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ယခုနှစ်မှာ တတိယ အကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။ ဒုတိယဆု ရရှိသော မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် မင်းမင်းထွန်း ၏ ဆုရဓာတ်ပုံမှာ မြန်မာ့ရိုးရာ အလှူပွဲ လှည့်လည် ရာတွင် အသုံးပြုသည့် နားထွင်းများနှင့် လှည်းယဉ် (ပုံ) များကို ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ကြောင်း သိရသည်။ (ဝ၉၃)

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

Tuesday, August 25, 2015

မြန်မာ-ဂျပန် ဓာတ်ပုံပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၈-၂ဝ၁၅

မြန်မာ့ပွဲတော်ဟု အမည်ပေး ထားသော မြန်မာ- ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ သိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Zojoji ဘုရားကျောင်း၌ ဝင်ကြေး အခမဲ့ဖြင့် ဆုရဓာတ်ပုံ များကို ပြသသွားမည် ဖြစ်သည်။ ယင်း ဓာတ်ပုံပြပွဲတွင် မြန်မာ့ သဘာဝ အလှအပများ၊ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ၊ ရိုးရာ ယဉ်ကျေးမှုနှင့် နေထိုင်မှု ဘဝပုံရိပ်များကို ပေါ်လွင် စေသော ထင်ရှားသည့် ဓာတ်ပုံများ ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

၎င်းပြပွဲတွင် ပြိုင်ပွဲဝင် လိုသူများ အနေဖြင့် ယှဉ်ပြိုင်မည့် ဓာတ်ပုံများကို စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား ပေးပို့ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပထမဆု ရရှိပါက ဂျပန်ငွေယန်း ၁ဝဝဝဝဝ ချီးမြှင့်မည်ဖြစ်ကာ ABE AKIE မှ ဆုတစ်ဆု၊ အမှတ်ပေး ဒိုင်အဖွဲ့မှ ဆုတစ်ဆု၊ Across No-1 Travel မှ ဆုတစ်ဆု၊ နှစ်သိမ့်ဆု များနှင့် အထူးဆုများ ချီးမြှင့် ပေးမည် ဖြစ်သည်။ ပြိုင်ပွဲကို အပျော်တမ်း ဓာတ်ပုံရိုက်ကူး သူများသာ လျှောက်ထားခွင့် ရှိပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ဖုန်း- ဝ၁-၃၇၃ ၁၆၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

မိုးအောင်

့မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

မန္တလေးဓာတ်ပုံအသင်း မှ လပတ်ပြိုင်ပွဲ ဆုရွေးချယ်



မန္တလေး ၊ ၂၅-၈-၂၀၁၅

မန္တလေး ဓာတ်ပုံအသင်း၏ လပတ် တံခွန်စိုက် ပြိုင်ပွဲ ပွဲစဉ်(၅/၂ဝ၁၅) ''သုံးထပ် ရေတံခွန်နှင့် စံပြအလှမယ်'' ဓာတ်ပုံပြိုင်ပွဲ အတွက် ဆုများ ရွေးချယ်ခြင်းကို သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေး ဓာတ်ပုံ အသင်းရုံးခန်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲ အတွက် မဖြူဖွေးက ကူညီ သရုပ်ပြ ပေးခဲ့ပြီး လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲ အတွက် မစုမြတ်က ကူညီ သရုပ်ပြ ပေးခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲ တွင် ပထမဆုကို သန်းထိုက်စိုက် (ခ) ဖိုးခွား၊ ဒုတိယဆုကို ကျော်ဇေယျ (Ko Steed)၊ တတိယဆုကို ထွန်းထွန်းအောင် (သဒ္ဓါ) နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုကို ထက်ဝေယံဝင်းသူ၊ ဒုတိယဆုကို ဆိုင်ဖ ၊ တတိယဆုကို ကိုစိုး (G-1) နှင့် နှစ်သိမ့်ဆု သုံးဆု တို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

အကဲဖြတ် ဒိုင်လူကြီးများ အဖြစ် ဦးစောအောင်မင်း (နယူးအာရှ)၊ ဦးသိန်းဌေးမောင် (ဆွေလှသိန်း)၊ ဦးထွန်းမြင့်(ဝ)၊ ညောင်ဦး သန်းဌေး နှင့် ဦးမောင်မောင်ဦး (မန်း တက္ကသိုလ်) တို့က အကဲဖြတ် အမှတ်ပေး ခဲ့ကြောင်း သိရသည်။

ကိုကျော်ဇော (မန္တလေး)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

Wednesday, April 8, 2015

မန္တလေးဓာတ်ပုံအသင်းမှ ကြီးမှူး၍ သင်္ကြန်လှပျိုဖြူဓာတ်ပုံပြိုင်ပွဲ ကျင်းပ


မန္တလေး ၊ ၈-၄-၂၀၁၅

မန္တလေး ဓာတ်ပုံအသင်းမှ ကြီးမှူး၍ လပတ်ပွဲစဉ် (၁/၂ဝ၁၅) 'သင်္ကြန်လှပျိုဖြူ' ဓာတ်ပုံပြိုင်ပွဲ ကို ဧပြီ ၇ ရက် နံနက်ပိုင်းက မန္တလေး ကန်တော်ကြီး ဥယျာဉ် အတွင်း၌ ကျင်းပပြုလုပ်ရာ ဓာတ်ပုံအသင်း ဥက္ကဋ္ဌ ဦးစောအောင်မင်း (နယူး အာရှ)၊ ဒုတိယ ဥက္ကဋ္ဌ ဦးဖရန်ကီ ထွန်းတင်၊ အတွင်းရေးမှူး ဦးသီဟဝင်း နှင့် အမှုဆောင်များ၊ ဓာတ်ပုံ အသင်းဝင် အသင်းသား၊ အသင်းသူ ၅ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင် ရိုက်ကူးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မော်ဒယ် သရုပ်ဆောင် မယမင်း နှင့် မပန်းဖြူဖြူ တို့က ကူညီ ဆောင်ရွက် ပေးကြရာ ဓာတ်ပုံ အသင်းသား၊ အသင်းသူများက ယှဉ်ပြိုင် ရိုက်ကူးကြသည်။

ပြိုင်ပွဲကို အကြီးတန်းပြိုင်ပွဲ နှင့် အငယ်တန်းပြိုင်ပွဲ အဖြစ် သတ်မှတ်ထားပြီး ဆုကြေးငွေနှင့် အတူ လစဉ် အမှတ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (093)

#Yadanarpondaily

Thursday, January 22, 2015

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဓာတ်ပုံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဓာတ်ပုံများ ပေးပို့ရမည့်ရက် သတ်မှတ်



ရန်ကုန် ၊ ၂၂-၁-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး ကျင်းပမည့် တတိယအကြိမ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲအတွက် ဓာတ်ပုံ ပညာရှင်များ အနေဖြင့် မတ်လ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ မြို့တော်ခန်းမ မြေညီထပ်ရှိ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာနသို့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်သူများမှ ပေးပို့လာသောဓာတ်ပုံများကို မတ်လ ၈ ရက်နှင့် ၉ ရက်တွင် နံနက် ၁ဝ နာရီမှ စတင်ရွေးချယ်မည် ဖြစ်ပြီး ဓာတ်ပုံ ဆုပေးပွဲနှင့် ပြပွဲကို မတ်လ ၁၇ ရက် မှ ၁၉ ရက်အထိ မြို့တော်ခန်းမ ပထမထပ် ၌ ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ 

ယင်းပြိုင်ပွဲတွင် ကဏ္ဍတစ်ခု၌ ပြိုင်ပွဲဝင် တစ်ဦးလျှင် ဓာတ်ပုံလေးပုံ အထိ ယှဉ်ပြိုင်နိုင်ကာ ၁၂x၁၈ လက်မအရွယ်ရှိ Original Image File (Raw File (or) Jpeg File, CD) ဖြင့် ပူးတွဲတင်ပြ ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ပုံစံများနှင့် စည်းကမ်းချက် များကို ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန နှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း တို့တွင် ထုတ်ယူနိုင်သည်။

အဆိုပါ ပြိုင်ပွဲတွင် ၁၂ လရာသီ ပွဲတော်များ၊ ရိုးရာလက်မှု အနုပညာ လုပ်ငန်းများ၊ ပြောင်းလဲတိုးတက် လာသော မြို့တော်ရန်ကုန် မြင်ကွင်း၊ တိမ်မြုပ်နေသော ရှေးဟောင်း အဆောက်အအုံများ ဟူ၍ ခေါင်းစဉ်လေးခု ဖြင့် ကျင်းပမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဆုကြေးအဖြစ် မြို့တော် ဝန်အထူးဆု Grand Prize ဆုကြေး ငွေကျပ် ၁၅ သိန်း၊ ကဏ္ဍတစ်ခုစီ အတွက် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ်ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်း၊ နှစ်သိမ့်ဆု ငွေကျပ်တစ်သိန်း နှင့် နှစ်သိမ့်ဆု ငါးဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, October 20, 2014

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲတွင် ချီးမြှင့် ပေးအပ်သည့် ပထမဆုနှင့် ဂျပန်ဝန်ကြီးချုပ် ဇနီး၏ အထူးဆုကို မြန်မာနိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင်များ ဆွတ်ခူးရရှိ


ပထမဆု ရရှိခဲ့သည့် ဓာတ်ပုံ ဝါသနာရှင် ကိုညွန့်နိုင် ၏ " Face "

ရန်ကုန် ၊ ၂၀-၁၀-၂၀၁၄

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲ တွင် ချီးမြှင့် ပေးအပ်သည့် ပထမဆု နှင့် ဂျပန် ဝန်ကြီးချုပ် ဇနီး၏ အထူးဆုကို မြန်မာနိုင်ငံ မှ ဓာတ်ပုံ ဝါသနာရှင် များ ဆွတ်ခူး ရရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပခဲ့သော ၂၀၁၄ မြန်မာပွဲတော် ၊ ဂျပန် - မြန်မာ ချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲ ထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်း ဓာတ်ပုံပြိုင်ပွဲ အတွက် ချီးမြှင့်သည့် ဆုများကို မြန်မာနိုင်ငံသား ဓာတ်ပုံ ဝါသနာ ရှင်များ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယင်း ၂ဝ၁၄ မြန်မာပွဲတော် ဂျပန်ကို ဂျပန်ဝန်ကြီးချုပ် ၏ဇနီး အခိအယ် အာဘေးစံ က ကြီးမှူးကျင်းပ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲ တွင် မြန်မာနိုင်ငံ မှ ဓာတ်ပုံဝါသနာရှင် များနှင့် ဂျပန်နိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင် များ၏ ဓာတ်ပုံ စုစုပေါင်း ၈ဝဝ ကျော် ပါဝင်ပြသ ခဲ့ပြီး ပြိုင်ပွဲဝင် ဓာတ်ပုံများ အနက် မြန်မာနိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင် ကိုညွန့်နိုင် ၏ Face ဟု အမည် ပေးထားသည့် မြန်မာဓာတ်ပုံ က ပထမဆုကို လည်းကောင်း၊ ဂျပန်ဝန်ကြီးချုပ် ဇနီး အခိအယ် အာဘေးစံ ၏ အထူးဆုကို မြန်မာ ဓာတ်ပုံဆရာ ကိုအောင်ကြည်ဝင့် က လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု အဖြစ် ဂျပန်ယန်း ၁ဝ သောင်း (အမေရိကန် ဒေါ်လာ ၁ဝဝဝ ခန့်) ပေးအပ် ချီးမြှင့်ခဲ့သည်။ ဂျပန် - မြန်မာ သံတမန်နှစ် ၆ဝ ပြည့် အထိမ်းအမှတ် အဖြစ်နှင့်ပါ ကျင်းပခဲ့သည့် အဆိုပါ ၂ဝ၁၄ မြန်မာပွဲတော် ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ ဇနီးအပြင် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တို့ တက်ရောက် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ဝ၁၄ မြန်မာပွဲတော် သို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပြီး မြန်မာ တေးသံရှင်များ ဖြစ်သည့် မေဆွိ၊ မေခလာ နှင့် ဇော်ပိုင် တို့ကလည်း တေးဂီတ များဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, September 29, 2014

မန္တလေး ဓာတ်ပုံအသင်း၏ မင်းကွန်းစံပြအလှမယ် ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်ပွဲ ကျင်းပ



မန္တလေး ၊ ၂၉-၉-၂၀၁၄

ဓာတ်ပုံ ဝါသနာရှင်များ ဖွံ့ဖြိုး တိုးတက်ရေး နှင့် မြန်မာ့အလှ သဘာဝ ရှုခင်းများ ကမ္ဘာက သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေး အခြေစိုက် မန္တလေး ဓာတ်ပုံအသင်းမှ ကြီးမှူးကျင်းပ ခဲ့သော မင်းကွန်း စံပြအလှမယ် ဓာတ်ပုံပြိုင်ပွဲ ကို ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မင်းကွန်းဒေသ တစ်ဝိုက်တွင် ဓာတ်ပုံ ပညာရှင်များ နှင့် ဓာတ်ပုံ ဝါသနာရှင် အသင်းဝင်များ စုပေါင်း ရိုက်ကူးခဲ့မှုအား ပြိုင်ပွဲဝင်ပုံ ဆုရွေးချယ် ခြင်းကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ရတနာပုံဈေး အပေါ်ထပ် မန္တလေး ဓာတ်ပုံအသင်းရုံး တွင် ကျင်းပရာ အသင်း ဥက္ကဋ္ဌ ဖရန်ကီ ထွန်းတင် နှင့် အမှုဆောင်များ၊ ဆုရွေးချယ်ရေး ဓာတ်ပုံ ပညာရှင်များ နှင့် ပြိုင်ပွဲဝင် အသင်းသားများ တက်ရောက် ကြသည်။

မင်းကွန်းစံပြ အလှမယ် ပြိုင်ပွဲတွင် အကြီးတန်း ပြိုင်ပွဲကို မော်ဒယ် နန္ဒာကိုကို ( Miss ) မှ သရုပ်ဆောင်ပြီး အငယ်တန်း ပြိုင်ပွဲအတွက် မော်ဒယ် ကေသရီစိုး (မြစ်ငယ်)မှ သရုပ်ဆောင် ခဲ့ရာ ပြိုင်ပွဲဓာတ်ပုံ များကို ဓာတ်ပုံပညာရှင် များဖြစ်သော ဦးကျော်ကျော် (ပေါက်ခေါင်း)၊ ဦးစောအောင်မင်း (နယူးအာရှ)၊ ဖရန်ကီ ထွန်းတင်၊ ဦးသိန်းဌေးမောင် (ဆွေလှသိန်း) နှင့် မောင်မောင်ဦး (မန်းတက္ကသိုလ်) တို့မှ လျှို့ဝှက် အမှတ်ပေး စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အကြီးတန်း ပြိုင်ပွဲတွင် ပထမဆု ကိုဟိန်း(ပလိပ်)၊ ဒုတိယဆု ဖိုးဌေး (လှဂုဏ်ရည်)၊ တတိယဆု သန်းထိုက်စိုး (ခ) ဖိုးခွား နှင့် နှစ်သိမ့်ဆု ၃ ဆုနှင့် အငယ်တန်း ပြိုင်ပွဲတွင် ပထမဆု မော်ဒန် အောင်ထွန်းနိုင်၊ ဒုတိယဆု ဇော်မြင့်ဦး နှင့် တတိယဆု ဟိန်းနိုင်စိုး (System) နှင့် နှစ်သိမ့်ဆု ၃ဆု ရွေးချယ် ခဲ့ကြောင်း သိရသည်။

ပလောင်မိတ်

#Yadanarpondaily

Monday, September 22, 2014

" ဖွံ့ဖြိုးစည်ပင် ပြင်ဦးလွင် ပျော်ရွှင်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ " ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်



မန္တလေး ၊ ၂၂-၉-၂၀၁၄

ပြင်ဦးလွင် မြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်သော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးကို ယခုနှစ် တွင်လည်း ယခင်နှစ်များ နည်းတူ စည်ကား သိုက်မြိုက်စွာ ကျင်းပပြု လုပ်မည် ဖြစ်ရာ ''ဖွံ့ဖြိုးစည်ပင် ပြင်ဦးလွင်၊ ပျော်ရွှင်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ'' ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ၂ဝဝ၅ ခုနှစ်မှစတင် ကျင်းပခဲ့ရာ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကို ၂ဝဝ၇ ခုနှစ်တွင် စတင်၍ ထည့်သွင်း ယှဉ်ပြိုင်စေခဲ့ပြီး ဓာတ်ပုံပေါင်း ၁ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။ ၂ဝ၁၃ ခုနှစ်က သတ္တမ အကြိမ်မြောက် အဖြစ် နေ့အလှ ဓာတ်ပုံပေါင်း ၃ဝဝ ကျော်၊ ညအလှ ဓာတ်ပုံပေါင်း ၁ဝဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြ ပြီး မြန်မာနိုင်ငံ၏ ပြိုင်ပွဲဝင် ဓာတ်ပုံဦးရေ အများဆုံး ပြိုင်ပွဲကြီး အဖြစ် စံချိန်တင် ခဲ့ကြောင်း သိရသည်။

ယခု ၂ဝ၁၄ခု နှစ်တွင်လည်း နေ့အလှ၊ ညအလှ နှင့် တန်ဆောင်တိုင် ပွဲတော် ဓာတ်ပုံများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ရာ နေ့အလှ ရောင်စုံဓာတ်ပုံ ပထမဆု ကို ငွေကျပ် သုံးသိန်း၊ ညအလှ ရောင်ဓာတ်ပုံ ပထမဆု ကို ငွေကျပ် ၁ဝသိန်း ဆု ချီးမြှင့် သွားမည်ဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၃၅ သိန်းကို ရောင်စုံဓာတ်ပုံ ပြိုင်ပွဲအတွက် ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လိုသူများသည် လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ ဝင်ကြေး ၂ဝဝဝ ကျပ်ဖြင့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲဝင်ကတ် များကိုပွဲတော် ကျင်းပမည့်နေ့ မတိုင်မီ ကြိုတင် စာရင်းပေးသွင်း ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။

သက်နိုင်(ပြင်ဦးလွင်)

#Yadanarpondaily

Thursday, June 12, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Model )


ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Model )

စံပြအလှမယ် ( Model ) ရှင်ဝေနိုင်ဦး

ပထမ - ဇော်ဇော်ဝေ ( ဆင်ဖြူကျွန်း )


စံပြအလှမယ် ဓာတ်ပုံ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၈၉ ပုံ ပေးပို့ ယှဉ်ပြိုင် ကြသည်။ စံပြမယ် ပြိုင်ပွဲများတွင် ပုံ အများဆုံး စံချိန်ဟု ဆိုရပါမည်။ ပထမဆု ကို အသင်းဝင် လူသစ် တစ်ဦးဖြစ်သူ ဇော်ဇော်ဝေ ( ဆင်ဖြူကျွန်း ) မှ ရရှိသည်။ လူသစ်တစ်ဦး အနေဖြင့် ယခုလို ဆုကြီးများ ရယူနိုင်သည်ကို ကြိုဆို ဂုဏ်ပြုပြီး ဆက်လက် ကြိုးစား ယှဉ်ပြိုင်ပါရန် အားပေး တိုက်တွန်း လိုက်ပါသည်။ စံပြမယ်အား အဝေးရိုက် မှန်ဘီလူး ဖြင့် ရိုက်ယူထားပြီး လက်အနေအထား ဖြတ်တောက် ရိုက်ယူပုံတို့ ကောင်းမွန် လှသည်။ Top Light ကြောင့် လည်းကောင်း ၊ နောက်ခံ ဖက်ဖူးစိမ်းရောင် ကြောင့် လည်းကောင်း ၊ စံပြမယ်မှာ နောက်ခံ နှင့် ခြားနား ကွဲပြား ပေါ်လွင်လျက် ရှိသည်။ စာရေးသူ အကြိုက် ဆိုရပါမူ စံပြမယ် ၏ မျက်လုံး အကြည့်ကို ယခု အနေထက် ကင်မရာသို့ တိုက်ရိုက် ကြည့်ပါက ပိုကောင်း ၊ ပိုလှမည် ဟု ယူဆမိ ပါသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် အတန်ငယ် ရင့်နေသယောင် ရှိပါသည်။

ဒုတိယ - ဦးထွန်းဝေ


ဝါရင့် ဓာတ်ပုံ ပညာရှင် ဦးထွန်းဝေ မှ စံပြ အလှမယ် ဒုတိယဆု ရရှိသည်။ စံပြမယ်အား ကိုယ်တစ်ပိုင်း အပြည့် ဖြတ်တောက် ရိုက်ယူထားပြီး နောက်ခံကား အဖြစ် ဘေးသို့ ဖြာထွက်နေသည့် ထန်းရွက်၏ အလှသည် ပုံကို ထူးခြား လှပမှုကို ဖြစ်စေသည်။ ခေါင်းပေါ်သို့ လက်တင် ထားသည်မှာလည်း လက်ချောင်း လေးများ အလှကို ကောင်းစွာ လှပပေါ်လွင် စေသည်။ မျက်လုံး အကြည့်မှာ မှန်ကန် ကောင်းမွန် သော်လည်း ဘယ်ဘက်မှ ဘေးတိုက် အလင်း ပေးသည်မှာ အောက်မှ ပင့်ထိုးသလို ဖြစ်နေပါ၍ အတန်ငယ် အရုပ်ဆိုး နေသည်။ ပုံ၏ ညာဘက်ထောင့်မှ ပခုံးသား လက်မောင်း မှာလည်း အတန်ငယ် ဖြူဖွေး နေပါ၍ ယခုထက် ပိုမို ရင့်ကူးသင့်သည်။ ဓာတ်ပုံ ဆေးသား ကြည်လင် ကောင်းမွန်ပါသည်။

တတိယ - မေစောလွင်


အသင်း၏ လူသစ် တစ်ဦးဖြစ်သူ မေစောလွင် မှာ ယခင်လ  စံပြမယ် ပြိုင်ပွဲတွင်လည်း ဒုတိယဆု ရခဲ့သည်ကို မှတ်မိနေသည်။ ယခု တတိယဆု ရ မေစောလွင် ၏ ပုံမှာ လည်ဆွဲပုတီး ကိုသာ လက်ဖြင့် လှပစွာ ကိုင်ထားနေပုံ ဖြစ်သည်။ Top Light အလင်းကြောင့် ခေါင်းပေါ်တွင် လည်းကောင်း ၊ လည်ဆွဲကိုင် လက်များ ပေါ်တွင် အလင်းကျနေပုံ မှာ လည်းကောင်း များစွာ လှပ နေသည်။ နောက်ခံ အမည်းတွင် ရိုက်ယူထား၍ ပုံမှာ လှပလုံးကြွ ပေါ်လွင်လျက် ရှိသည်။ မျက်နှာသို့ အလင်းပေးပုံ မှာ အနည်းငယ် အောက်မှ ပင့်ထား သော်လည်း လက်ခံနိုင်ဖွယ် ကြည့်မြင်၍ ကောင်းပါသည်။ စံပြမယ် ၏ မျက်လုံး အကြည့်ကို ယခုထက် အပေါ်သို့ အနည်းငယ် မြင့်ကြည့်စေပြီး နှုတ်ခမ်း အလှကို ပြုံးရယ် ရွှင်မြူး စေပါက ယခုထက် များစွာ ပိုမို ကောင်းမွန်မည် ဖြစ်သ်ည။ ဖြတ်တောက် ကူးချဲ့ပုံတို့ ဆိုဖွယ်မရှိ ကောင်းမွန် လှပါသည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Outing အစီအစဉ် )


ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Outing အစီအစဉ် )

ပြည်သူ့ရင်ပြင်

ပထမ - ဦးထွန်းဝေ


ယခုလ ပထမဆုရှင် ၀ါရင့် အသင်းသား ဦးထွန်းဝေ မှာ " ပြည်သူ့ရင်ပြင် " ခေါင်းစဉ် Outing ဓာတ်ပုံ ပြိုင်ပွဲကို အလေးအနက် ထား ကြိုးစား ရိုက်ကူး ထားသည်ကို မြင်တွေ့ ရသည်။ ပြည်သူ့ရင်ပြင် အတွင်း အသည်း ပုံသဏ္ဍာန် ပုံဖော်ထားသော ပန်းမုခ်ဦး အလှကို Fore Ground အဖြစ်ထား၍ အဝေးမှ ရွှေတိဂုံ စေတီတော်အား မီးအလှထိုးပုံ မြင်ကွင်းကို လှပစွာ ရိုက်ယူ ထားသည်။ ရွှေတိဂုံ စေတီတော် ၏ ညာဘက်တွင် တပေါင်းလပြည့်  ကို သစ်ပင်ခြောက် များအလှနှင့် တွဲ၍ ဖြည့်ထိန်း ရိုက်ကူး ထားသည်မှာ လွန်စွာ ရှုချင့်စဖွယ် ဖြစ်ပြီး ဦးထွန်းဝေ ၏ ကြိုးစားမှုကို သိမြင် နိုင်သည်။ အသည်းပုံ မုခ်ဦး၏ ပန်းအလှများ ပေါ်လွှင်စေရန် လျှပ်တစ်ပြက် မီးဖြည့်ပေး ပုံမှာလည်း ပညာသား ပါလှသည်။ ၂၀၁၄ ခုနှစ်အတွက် နှစ်ဦးပိုင်းတွင် ပင် ပထမဆုကြီး များ ဆက်တိုက် ရယူနိုင်ပါ၍ နှစ်လည် ဆုကြီးကို ဦးထွန်းဝေ အနေဖြင့် ဆက်လက် မျှော်မှန်းရန် ကြိုးပမ်း မည်မှာ မလွဲဟု ပြောလို ပါသည်။

ဒုတိယ - ဌေးဝင်း ( ရမ္မာဝတီ )


ဒုတိယဆု ရရှိသူ ကိုဌေးဝင်း ( ရမ္မာဝတီ ) မှာ ယခင်က ဓာတ်ပုံ ပြိုင်ပွဲများတွင် ဆုများ ရယူခဲ့သူ ဌေးဝင်း (ရမ်းဗြဲ) ပင် ဖြစ်မည်ဟု ထင်မိသည်။ ကိုဌေးဝင်း ၏ ဒုတိယ ဆုရပုံမှာ ညရှုခင်း အဖြစ် ပြည်သူ့ရင်ပြင် မှ ဆင်ရုပ်ခံ မီးရေပန်း အလှ ၊ ရွှေတိဂုံ စေတီတော် နှင့် လပြည့်ဝန်း တို့ကို ပါဝင် ဖွဲ့စည်း ရိုက်ကူး ထားသည်။ တပေါင်း လပြည့်ည အချိန်အခါ သမယတွင် ယခု မြင်ကွင်းကို အဝေးရိုက် မှန်ဘီလူး ( Long Telelens ) နှင့် ရိုက်ကူး ထားသည်။ ဓာတ်ပုံ ဖွဲ့စည်း တင်ပြပုံ လှပ ကောင်းမွန် လှပြီး အဝေး အနီး ပြတ်သားမှုလည်း ကြည်လင် ကောင်းမွန်လှ သည်။ ဆင်ရုပ်ခံ မီးရေပန်းရှေ့ရှိ ကျောက်ပြား အခင်းများ ပေါ်လွင်အောင် ရိုက်ကူ ထားသည်။  ပြည်သူ့ရင်ပြင် ၏ ညရှုခင်း မှတ်တမ်းဝင် ပုံကောင်း တစ်ပုံ ဖြစ်သည်။

တတိယ - ဇေယျာမင်း


မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ ဓာတ်ပုံ သင်တန်း အမှတ်စဉ် (၄၀) ဆင်း လူငယ် ဓာတ်ပုံ ပညာရှင် ကိုဇေယျာမင်း မှ တတိယ ရရှိခဲ့သည်။ ဆုရပုံမှာ နေ့ရှုခင်း အဖြစ် ပြည်သူ့ရင်ပြင် ဆင်ရုပ်ခံ ရေပန်းရှေ့တွင် ကလေးငယ် ၂ ဦး ဆော့ကစား နေပုံ ဖြစ်သည်။ နောက်ခံ ရွှေတိဂုံ စေတီတော် ကိုပါ ထည့်သွင်း ရိုက်ယူ ထားပြီး ရေပန်းများ အကြားတွင် ကလေး ၂ ဦး မြူးတူး ကစားနေပုံမှာ အသက်ဝင် လှုပ်ရှုားလျက် ရှိသည်။ ရေပန်းများ ဖွင့်သည့် ညနေပိုင်း အချိန်တွင်မှ ရိုက်ယူနိုင်ပြီး နေ့ခင်း အလင်း အနည်းငယ် အားပျော့ နေသော်လည်း ပုံကို လှပ ကောင်းမွန်စွာ ပြသ ရိုက်ကူး နိုင်သည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

Saturday, April 26, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (စံပြအလှမယ်)

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ (စံပြအလှမယ်)

Model = Lydia Moe

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ


စံပြအလှမယ် ( Model ) ပထမဆု ရယူသူမှာ အသင်း၏ နာမည်ရ အောင်မြင်လျက် ရှိသူ အမျိုးသမီး ဓာတ်ပုံ ပညာရှင် သန္တာစိုး (ခ) စိုးမြန်မာ ဖြစ်သည်။ မည်းမှောင် နေသော နောက်ခံရှေ့ တွင် မတ်တတ်ရပ် ကိုယ်ဟန်ပြသူ စံပြမယ် အား ရိုက်ယူ ထားသည်။ နောက်ခံ အမည်းတွင် စံပြမယ်အား ကွက်၍ အလင်းကျနေပုံ မှာလည်း များစွာ အနုပညာ ဆန်လျက်ရှိပြီး စံပြမယ် ၏ ဒူးဆစ် အောက်ခြေ နှင့် ပုံ၏ ရှေ့ပိုင်းအား သာမန်ထက် ပိုမည်းစေရန် အလင်းရင့်ရင့် ပေးထားသည် မှာလည်း ပုံကို အခြားသူများထက် ပိုမို ထူးခြားလျက် ရှိစေသည်။ စံပြမယ်၏ မျက်နှာ နှင့် လက်မောင်း ပေါ်သို့ ဘေးတိုက် အလင်းပေး ပုံမှာလည်း ထိရောက်လှပြီး ပုံကို စိတ်ဝင်စားဖွယ် ဖြစ်စေ ပါသည်။ ယခုလ အတွက် ပေးပို့ ယှဉ်ပြိုင်သော ပုံပေါင်း ၇၆ ပုံထဲတွင် တစ်ပုံတည်းသော ထူးခြား ရဲရင့် ဆန်းသစ်မှု ကြောင့် အကဲဖြတ် အားလုံး အကြိုက်ညီကာ ပထမဆု ရွေးချယ်ခြင်း ဖြစ်သည်။ စံပြမယ် ၏ မတ်တတ်ရပ် ကိုယ်နေဟန်ထား မှာလည်း အကောင်းဆုံး ပင် ဖြစ်သည်။ ရှေးယခင်က ဆိုလျှင် အမှောင်ခန်း ဓာတ်ပုံကူး ပညာဟု ဆိုရမည် ဖြစ်သော ယခုခေတ် PHOTOSHOP အတတ်ပညာအား ပိုင်နိုင်စွာ အသုံးပြု ကူးချဲ့ ထားသော စံပြ အလှမယ် ဓာတ်ပုံ တစ်ပုံ ဖြစ်ပါသည်။

ဒုတိယ - သွယ်သွယ်ထွန်း


မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လစဉ်ဓာတ်ပုံ ပြိုင်ပွဲတိုင်း လိုလို ဆုကြီးများ ရယူလျက် ရှိသူ လူငယ် လူသစ် အမျိုးသမီး ဓာတ်ပုံ ပညာရှင် မသွယ်သွယ်ထွန်း ၏ ဒုတိယဆုရ ဓာတ်ပုံ ဖြစ်သည်။ စံပြမယ်အား ဘေးတစောင်း မကျတကျ အနေဖြင့် သုံးချိုးနှစ်ချိုး ရိုက်ကူး ထားသည်။ စံပြမယ်၏ တင်အလှအား သိမ်မွေ့စွာ ပြသနိုင်ပြီး ခေါင်းငဲ့ လက်နေဟန်ထား တို့လည်း လှပညီညွတ်စွာ ထားသို ရိုက်ကူး နိုင်ပါသည်။ အဝေးရိုက် မှန်ဘီလူး ( Long Tele Lens ) အား အသုံးပြု ရိုက်ကူး ထားသော်လည်း စံပြမယ်အား ပြတ်သားစွာ ရိုက်ယူနိုင်သည်။ မျက်နှာ နှင့် ကိုယ်လုံးပေါ်သို့ ပေးထားသော အလင်းမှာ အနည်းငယ် ဖျော့သော်လည်း လှပညီညွတ် ပြေပြစ် သည်။ စံပြမယ်၏ နောက်ကျောရှိ နောက်ခံ ဖက်ဖူးစိမ်း အား ယခုထက် ပိုမို ရင့်ရင့် ကူးနိုင်ပါက ပြီးပြည့်စုံသော ပုံ ဖြစ်စေ ပါမည်။ ပုံ၏ ထောင့်များအား အလင်းရင့်ရင့် ပေးထားခြင်း မှာလည်း အောင်မြင် သေသပ် ပါသည်။ စံပြမယ် ၏ ပြုံးအလှအား အကောင်းဆုံး အနေအထားဖြင့် ရိုက်ယူ ပြသထားသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် ယခု အနေထက် အပြာရောင် ကို အနည်းငယ် ဖျောက်၍ ကူးနိုင် ပါသေးသည်။

တတိယ - မျိုးဇေယျဦး


မကြာသေးမီ ကာလများက လူသစ်တန်း ပြိုင်ပွဲမှ အကြီးတန်း သို့ တက်ရောက် ယှဉ်ပြိုင် ရသော်လည်း ဆုကြီးများ မကြာခဏ ရယူလျက် ရှိသူ မျိုးဇေယျဦး ၏ ဆုရပုံ ဖြစ်သည်။ စံပြ အလှမယ် ၏ ယခု ကိုယ်နေဟန် အတိုင်း ခပ်ဆင်ဆင် ပုံပေါင်းများစွာ အနက်မှ ယခု ကိုယ်လုံးပေါ် ထိုင်လျက် ပုံသည် အကောင်းဆုံး ၊ အချိုးကျဆုံးပင် ဖြစ်သည်။ ယှဉ်ပြိုင် ရိုက်ကူးသူ အသင်းသားများ ကြားထဲမှ တိုးဝှေ့ကာ ရိုက်ကူး ရသည့်အပြင် အဝေးရိုက် မှန်ဘီလူး အား အသုံးပြု ထားသော်လည်း စံပြမယ်အား အလုံးစုံ ပြတ်သားမှု အားကောင်းစွာ ရိုက်ယူ တင်ပြ နိုင်သည်။ စံပြမယ် ၏ ထိုင်လျက် အနေသည် လည်းကောင်း ၊ လှပသော ပေါင်တံ နှင့် ခြေထောက် ရပ်တည်မှု သည် လည်းကောင်း ၊ လက် အနေသည် လည်းကောင်း ၊ ပြေပြစ်လှပ ကောင်းမွန် လှပါသည်။ေ၀၀ါးသော နောက်ခံဖြင့် စံပြမယ်မှာ ကြွတက် ပေါ်လွင်လျက် ရှိသည်။ ကူးချဲ့ ဖြတ်တောက်ပုံလည်း ဆိုဖွယ်မရှိ ကောင်းမွန် လှပသည်။ ဓာတ်ပုံ ဆေးသား မှာလည်း စိုပြည် တောက်ပ မှန်ကန် ပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

Outing အစီအစဉ် (ငွေဆောင် ခရီးစဉ်)

ယခုလအတွက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ Outing အစီအစဉ် အဖြစ် ငွေဆောင် ခရီးစဉ် ကို သတ်မှတ် ထားပါသည်။ မကြာမီလ များတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သော ငွေဆောင် ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ ငွေဆောင် ဓာတ်ပုံပြိုင်ပွဲ အတွင် အကြို ခရီးစဉ်လည်း ဖြစ်သည်။ နှစ်စဉ်လိုပင် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းနှင့် ငွေဆောင် အသင်းတို့ ပူးပေါင်း ကျင်းပသော ငွေဆောင် အလှအပ ရှုခင်း ဓာတ်ပုံ ပြိုင်ပွဲ ဖြစ်သည်။

ငွေဆောင် ခရီးစဉ်သို့ လိုက်ပါမည့် ဓာတ်ပုံ အသင်းဝင် များနှင့် မိသားစုများ အတွက် ဟိုတယ် တည်းခိုခန်းခ ၊ စားသောက် စရိတ် နှင့် ကားခအပြီး အငြိမ်း အထူး သက်သာသည့် နှုန်းဖြင့် သွားလာနိုင်ရန် စီစဉ် ပို့ဆောင် ပေးသည်။ ယခု ခရီးသို့ လစဉ် ပုံမှန် ပြိုင်ပွဲဝင်သူများ သာမက အသင်းဝင် မိသားစုများ အပါအ၀င် လူဦးရေ ၄၀ ခန့် သွားရောက် ခဲ့ပါသည်။

ငွေဆောင် ခရီးစဉ် ဓာတ်ပုံပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၂၇ ဦးမှ ဓာတ်ပုံပေါင်း ၅၅ ပုံအထိ ပေးပို့ ယှဉ်ပြိုင် ကြသည်။ အသင်းဝင် ဖြစ်သူ ပင်လောင်းမြို့မှ ကိုကျော်သန်း (ပွင့်လန်း) မှ ပထမဆု နှင့် နှစ်သိမ့်ဆု တစ်ဆု တို့ကို ရယူသွား ပါသည်။ ကိုကျော်သန်း (ပွင့်လန်း) ပင်လောင်း မှာ မကြာမီက ရွေးချယ် ပြီးစီးခဲ့သော ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ All Myanmar တွင် ကဏ္ဍနှစ်ခု၌ ပထမဆုကြီး နှစ်ဆု ရယူ သွားသည်ကို သတိပြုမိ ပါသည်။ ကိုကျော်သန်း အနေဖြင့် အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ပြိုင်ပွဲများ နှင့် စီးပွားရေး အထူး ဓာတ်ပုံပြိုင်ပွဲ များတွင် ပထမဆုကြီးများ မကြာမကြာ ရယူခဲ့သည် ကိုလည်း အမှတ် ထားမိပါသည်။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ လစဉ် ခရီးစဉ် ပြိုင်ပွဲများ တွင်လည်း ခရီးစဉ် ကြုံကြိုက်ပါက လိုက်ပါ ရိုက်ကူးပြီး ဆုများ ရယူသည်ကို သိရှိရသည်။ သို့ပါ၍ နယ်အဝေးမြေ မှ အသင်းဝင် တစ်ဦး အနေဖြင့် အောင်မြင်သော ဓာတ်ပုံသမား ဖြစ်ရန် အားပေး တိုက်တွန်း လိုက်ရပါသည်။

ပထမ - ကိုကျော်သန်း (ပွင့်လန်း ) ပင်လောင်း


ကိုကျော်သန်း ၏ ပထမဆုရပုံမှာ ကျောက်မောင်နှမ စေတီငယ် နှစ်ဆူ နှင့် အုန်းပင်တန်း များအား ငါးမျက်စိ မှန်ဘီလူး ( Fish Eye ) ဖြင့် ရိုက်ယူ ထားသော ပုံဖြစ်သည်။ နေလုံး ၀င်ပြီးခါစ အချိန် အလင်းရောင် အနည်းငယ်သာ ကျန်ရှိသည့် အခိုက်အတန့် တွင် နေ၀င်ဆည်းဆာ အလှအား အမြင်ဆန်းစွာ ရိုက်ကူး ထားသည်။ မိုးပြာပြာ ကောင်းကင် နှင့် ဆည်းဆာ လက်ကျန် အရောင်တို့မှာ ပြေပြစ် လှပလျက် ရှိသည်။

ဒုတိယ - သော်ဇင်


အသင်းသား လူသစ်တစ်ဦး ဖြစ်သူ ကိုသော်ဇင် ၏ ဒုတိယ ပုံမှာ ပင်လယ် ကမ်းခြေ ကျောက်ဆောင်စွန်း နှစ်ခု၏ အလယ်တွင် ရေလုပ်သား တစ်ဦး ပိုက်ကွန်ဖာထေး ပြုပြင် နေပုံ ဖြစ်သည်။ ၀င်စပြု နေသည့် နေလုံးကြီးအား အလင်းတံခါး ( Aperture ) ကျဉ်း၍ ဖြစ်စေ ၊ စတားရောင် စစ်မှန် ( Star Filter ) အသုံးပြု၍ ဖြစ်စေ ရိုက်ယူ ထားသည်။ ပုံ၏ ရှေ့ပိုင်း လှိုင်းထနေသော သဲသောင်ခုံ ပေါ်တွင် ညနေ၏ အလင်းများ လျှပ်ကျနေပုံ ကို အားပြု ရိုက်ကူး ထားသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် လှပ ကောင်းမွန် သော်လည်း လှိုင်းတွန့် သဲသောင်ခုံ များတွင် အလင်းကျ နေသည်ကို ယခုထက် ပေါ်လွင်အောင် ပြသနိုင်ပါက ပိုမို ကောင်းမွန်မည် ဖြစ်ပါသည်။

တတိယ - အောင်ပြည့်ဖြိုး 


တတိယဆုရှင် အောင်ပြည့်ဖြိုး မှာ ဓာတ်ပုံအသင်း ၏ လူသစ်ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး ၀ါရင့် အသင်းသားများ အမြဲ ပြိုင်လျက် ရှိသည့် လစဉ်ပြိုင်ပွဲတွင် ယခုကဲ့သို့ တတိယဆု ရယူနိုင်သည်ကို ကြိုဆို ဂုဏ်ပြုအပ် ပါသည်။ ဆုရပုံမှာ ညနေပိုင်း နေ၀င် စပြု တော့မည့် အချိန်တွင် ရေလုပ်သား နှစ်ဦး ပိုက်ကွန် ပစ်နေဟန်ကို စီစဉ် ဖန်တီး ရိုက်ကူးထားသော ပုံဖြစ်သည်။ ဖန်တီးသော ပုံဖြစ်သည်နှင့် အညီ သဘာဝကျမှု များ လိုအပ်နေသည် ဟု ထင်မိပါသည်။ ရိုက်ယူ ထားသည်မှာလည်း အတန်ငယ် ချောင်နေ ပါသည်။ ပုံ၏ ညာဘက် နှင့် အောက်ပိုင်း တို့ကို ယခု အနေထက် ပြုပြင် ဖြတ်တောက် ကူးချဲ့ ပါက ပိုမို ကောင်းမွန်မည် ဖြစ်ပါသည်။ ဓာတ်ပုံ ဆေးသားမှာလည်း သင့်ရုံမျှသာ ရှိပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

Sunday, March 30, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ ( စံပြအလှမယ် )


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( စံပြအလှမယ် = ဘေဘီမောင် )

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ


ဓာတ်ပုံအသင်းတွင် အမြဲလိုလို ဆုကြီးများ မပြတ်တမ်း ရယူနေသူ သန္တာစိုး ၏ ပထမဆုရပုံ ဖြစ်သည်။ နောက်ခံ အမည်းပေါ်တွင် စံပြမယ်အား မတ်တပ်ရပ် အနေ ရိုက်ယူထားသည်။ ဘေးတိုက် အလင်း ကျရောက်မှု နှင့် နောက်ခံ အမည်းတွင် အနီရောင် ၀တ်စုံဖြင့် စံပြမယ်မှာ လုံးကြွပေါ်လွင် လျက်ရှိသည်။ လှပ ကြော့ရှင်းသည့် ကိုယ်လုံးအလှ နှင့် မျက်နှာဟန်ပန် တို့မှာ ပုံကို များစွာ အထောက် အကူပြု နေသည်။ လက်နေဟန်ထား တို့လည်း ဆိုဖွယ်မရှိ လှပ သေသပ် ကောင်းမွန်သည်။

ဒုတိယ - မေစောလွင်


အသင်းသူ မေစောလွင် ၏ ပထမဆုံး အကြိမ်ဟု ထင်ရသော ယခုဆုရ ပုံမှာ အဆင့်ရှိသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စံပြမယ်အား အဝေးရိုက် မှန်ဘီလူးဖြင့် ကြည်လင် ပြတ်သားစွာ ရိုက်ယူ ထားသည်။ နောက်ခံအား များစွာ ၀ါးသွားစေပါ၍ စံပြမယ် မှာ လုံးကြွလျက် ရှိသည်။ အပေါ်မှ အလင်း ( Top Light ) နှင့် ဘေးတိုက် အလင်း ( Side Light ) တို့ကြောင့် စံပြမယ်မှာ နောက်ခံ နှင့် ကွဲပြား ပေါ်လွင် နေသည်။ လက်နေဟန်ထား တို့ ကောင်းမွန် လှပသည်။ မျက်နှာသို့ ပေးသည့် အလင်းကို ယခု အနေထက် ပိုမို ကောင်းမွန် လှပရန် ပြုပြင် အလင်း ပေးသင့် လှသည်။

တတိယ - မောင်မောင် မင်းဇော်ဦး


လူသစ်တစ်ဦး ဖြစ်သူ သင်တန်းဆင်း ပြီးစ မောင်မောင် မင်းဇော်ဦး ၏ ဆုရပုံမှာ စံပြမယ်အား သုံးချိုး နှစ်ချိုး မတ်တတ်ရပ် အတည့် အနေဖြင့် ရိုက်ကူးထားသည်။ ကိုယ်နေဟန်ထား နှင့် မျက်လုံးအကြည့် တို့မှာ ခပ်မိုက်မိုက် အနေဖြင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု အားကောင်းလှသည်။ အပေါ်မှ ( Top Light ) လျှပ်ပါး အလင်းကြောင့် နောက်ခံ အမည်းပေါ်တွင် လုံးကြွလျက် ရှိနေသည်။ ဓာတ်ပုံ ဆေးသားလည်း ကောင်းမွန် လှသည်။ ဆက်လက်၍ ဆုကြီးများ ရယူနိုင်ရန် ကြိုးစားဖို့ ၊ ပုံမှန် ပြိုင်ပွဲဝင်ဖို့ အားပေး တိုက်တွန်း လိုက်ရပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( မြောင်းတကာ ခရီးစဉ် )

ပထမ - ဦးထွန်းဝေ


ဆုရဓာတ်ပုံမှာ စားသုံး သီးနှံပင်များ ပြုစု ပျိုးထောင် စိုက်ပျိုးသူ များကို အပေါ်စီးမှ ရိုက်ကူး ထားသည်။ နေရောင် တစောင်းကျ နေသည့် ပျိုးပင်ငယ် များနှင့် အရောင် အသွေး စုံလင်လှသည့် ခမောက် များမှာ ပုံကို အထောက် အကူပြု စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ မြင်ကွင်းကျယ် မှန်ဘီလူး ( Super Wide Angle Lens ) ကို နေရာမှန် အသုံးပြု ထားပြီး မြင်ကွင်းကို ကွေးဝိုက် ထားသည်မှာလည်း ပုံကို အဆန်းတကြယ် ဖြစ်စေသည်။ လူများ နေရာချထားပုံ သင့်လှပြီး ဓာတ်ပုံ ဆေးသား စိုပြည် ကောင်းမွန်လှ ပါသည်။

ဒုတိယ - မော်မော်ဝင်း


လူသစ် အသင်းဝင် တစ်ဦးဖြစ်သူ မော်မော်ဝင်း ၏ ပထမဆုံး အကြိမ် ဆုရဟန် တူသော ဒုတိယဆု ရဓာတ်ပုံမှာ အကြီးတန်း၌ လစဉ် ယှဉ်ပြိုင် နေသူများ အကြားတွင် အဆင့်မြင့်မြင့် ပုံကောင်းတစ်ပုံ ပင် ဖြစ်သည်။ ချောင်းကူး တံတား ပေါ်တွင် လူအများ ဖြတ်သန်း သွားလာ နေကြပုံကို မြင်တတ်သော မျက်စိဖြင့် ရိုက်ကူး ထားသည်။ နောက်ခံ သစ်ရွက်များနှင့် ပုံ၏ ညာဘက်မှ ၀ါးရွက်ဝါ၀ါ များမှာ ပုံကို အထောက် အကူပြု နေသည်။ ယခု အတိုင်းလည်း ရိုက်ယူပုံ ကောင်းသော်လည်း လမ်းလျှောက် သူများကို အဝေးရိုက် မှန်ဘီလူး နှင့် ပုံကို အပြည့် ဖြတ်တောက် ရိုက်ယူပါက တစ်မျိုး တစ်မည် ပုံကောင်း တစ်ပုံ ဖြစ်နိုင် ပါသေးသည်။ အရောင်နု - ရင့် စုံလင်ပြီး ဓာတ်ပုံ ဆေးသားပါ ကောင်းမွန်လှသည့် ပုံ ဖြစ်သည်။

တတိယ - ငြိမ်းချမ်း


အသင်းသား လူသစ်တစ်ဦး ဖြစ်သူ ကိုငြိမ်းချမ်း မှ ယခုလ အတွက် တတိယဆု ရရှိသည်။ ဆုရပုံမှာ နေခြည်များ ဖြာကျနေသည့် သစ်ပင်ဘေးတွင် ကလေးများ ဖန်ခုန် ကစား နေဟန် ဖန်တီး ရိုက်ကူး ထားသည်။ နောက်ခံ အမည်း နှင့် မြူခိုးများ ပေါ်တွင် ကစား လှုပ်ရှားသူ ကလေးငယ် များမှာ လုံးကြွလျက် ရှိနေသည်။ ဆင်ပြင် နေရာချထား ရိုက်ကူးသည် ဆိုပါက ကလေးငယ် များကို ယခု အတိုင်းထက် ပုံ၏ အလယ် သစ်ပင်ကြီး၏ အနီးတွင် ပြောင်းရွှေ့ နေရာချထား ပါက ပို၍ ကောင်းမွန်မည် ဟု ထင်မိသည်။ ဖြတ်တောက် တင်ပြပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကောင်းမွန် လှပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

Thursday, March 13, 2014

မြို့တော်ရန်ကုန် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ စာရင်းထွက်ပေါ်



ရန်ကုန် ၊ ၁၃-၃-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မြို့တော်ရန်ကုန် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် ဆုရရှိသူများ စာရင်း ထွက်ပေါ်လာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် စိမ်းလန်းနေသော မြို့တော်ဥယျာဉ် ကဏ္ဍဖြင့် ၀င်ရောက် ယှဉ်ပြိုင်သူ ကိုစောလှိုင်ဝင်း မှာ မြို့တော်ဝန် ပေးအပ်သည့် အထူးဆု Grand Prize ကို ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲ တွင် မြို့တော်သား များ၏ လူနေမှု ဘ၀ကဏ္ဍ ၊ စိမ်းလန်းနေသော ဥယျာဉ်မြို့တော် ကဏ္ဍ ၊ ရန်ကုန်မြို့တော် ၏ သမိုင်းဝင် အဆောက်အအုံများ ကဏ္ဍ နှင့် ရန်ကုန်မြို့တော် ၏ ပွဲတော်များ ကဏ္ဍ ဟူ၍ ကဏ္ဍ(၄)ခု တို့ဖြင့် ပြိုင်ပွဲများကို ကျင်းပ ပေးခဲ့ရာ ပြိုင်ပွဲဝင် ဓာတ်ပုံ ပညာရှင် ၊ ၀ါသနာရှင် စုစုပေါင်း ၁၂၅ ဦးတို့က ဓာတ်ပုံပေါင်း ၉၆၈ ပုံဖြင့် ပါဝင် ယှဉ်ပြိုင်ကြပြီး ခေါင်းစဉ် နှင့် မကိုက်ညီသည့် ဓာတ်ပုံ ၁၄ ပုံအား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ၏ ဆုံးဖြတ်ချက် အရ ပယ်ဖျက်၍ ကျန်ရှိသော ဓာတ်ပုံ ၉၅၄ ပုံအား ဓာတ်ပုံ အကဲဖြတ် ပညာရှင်ကြီး များက ရွေးချယ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိ သူများမှာ မြို့တော်သား များ၏ လူနေမှုဘ၀ ကဏ္ဍတွင် ပထမဆု အာကာလွန်းကျော် ၊ ဒုတိယဆု တင်အောင် (အင်းစိန်) ၊ တတိယဆု ဇော်ဇော်ထွန်း တို့က လည်းကောင်း ၊ စိမ်းလန်းနေသော ဥယျာဉ် မြို့တော် ကဏ္ဍတွင် ပထမဆု အောင်မြင့်ထွေး ၊ ဒုတိယဆု ၀င်းမြိုင် (ရွှေလင်းယုန်) ၊ တတိယဆု ဇော်ဇော်ထွန်း တို့က လည်းကောင်း ၊ ရန်ကုန်မြို့တော် ၏ သမိုင်းဝင် အဆောက်အအုံ များကဏ္ဍ တွင် ပထမဆု ဌေးဝင်း (ရမ္မာဝတီ) ၊ ဒုတိယဆု ဦးထွန်းဝေ နှင့် တတိယဆု နေလင်းဇော် (နေဥက္ကာ) တို့က လည်းကောင်း ၊ ရန်ကုန် မြို့တော်၏ ပွဲတော်များ ကဏ္ဍတွင် ပထမဆု ဇေယျာမင်း ၊ ဒုတိယဆု ဦးလူမောင် နှင့် တတိယဆု ဦးထွန်းဝေ တို့က လည်းကောင်း အသီးသီး ရရှိကြပြီး မြို့တော်ဝန် ၏ Grand Prize ဆုကို စောလှိုင်ဝင်း က ရရှိကြောင်း သိရသည်။

ယင်းကဏ္ဍ (၄)ခုတွင် ကဏ္ဍ တစ်ခုစီ၌ ပထမ ၊ ဒုတိယ ၊ တတိယ စုစုပေါင်း ၁၂ ဆု ၊ နှစ်သိမ့်ဆု ၂၁ ဆု တို့ကို လာမည့် မတ်လ ၁၉ ရက်တွင် ချီးမြှင့် သွားမည် ဖြစ်ပြီး မြို့တော်ဝန် အထူးဆု Grand Prize ကို ဆုငွေ ကျပ် ၁၅ သိန်း ၊ ပထမဆု ၇ သိန်း ၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်း နှင့် နှစ်သိမ့်ဆု တစ်သိန်း စသည်ဖြင့် အသီးသီး ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (ဇာနည်မောင်)

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger