www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Monday, October 15, 2018

ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏အသုံးဝင်ပုံ

-
ဗိုလ်စားပဲသီးသည် တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော အစိမ်းရောင်ဟင်းသီး ဟင်းရွက်မျိုးဖြစ်ကာ မရင့်မှည့်ခင် ခူးဆွတ် ပေးရသည်။ ချုံပုတ်ကဲ့သို့ ချုံထူထပ်စွာ ပေါက်ရောက်တတ်သောအပင်အမျိုးအစား
ဖြစ်၍ အထူးတလည် စင်ခံ၍စိုက်ပျိုးပေးရန်မလိုအပ်ပေ။ 
-
အပင်၏အမြစ်သည် တိမ်သည့်အတွက်ကြောင့် ၎င်းအပင်အောက်ခြေ၏ ဘေးပတ်လည်တွင်ရှိသော ပေါင်းပင်၊ မြက်ပင်တို့ကို မကြာခဏ ရှင်းလင်းပေးဖို့ လိုသည်။ ဗိုလ်စား ပဲသီးကို အစိမ်းလိုက် ကျွတ်ကျွတ်ဝါး
စားနိုင်သလို မိမိနှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍သော်လည်းကောင်း၊ အခြားဟင်းသီးဟင်းရွက်များနှင့်ရောနှောကာ အစိမ်းကြော် ကြော်၍သော်လည်းကောင်း စားနိုင်သည်။ 
-
ထို့ပြင် ရေနွေးပူပူတွင် ခေတ္တမျှ စိမ်ပြီးနောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့် ခေါက်ကြော်၍ သော်လည်းကောင်း အမျိုးမျိုး စားသုံးနိုင်သည်။ ဗိုလ်စား ပဲသီး၏ အရသာမှာ ပဲသီး ခေါ် ပဲတောင့်ရှည်ထက် 
ပိုမိုနူးညံ့ကာ ပိုလည်း ချိုမြိန်သဖြင့် သက်သတ်လွတ် စားသူများ အကြိုက်တွေ့ ကြသည်။
-
ခြောက်သွေ့သော ပဲအမျိုးအစား များဖြစ်ကြသည့် ဥပမာ-ကုလားပဲ၊ ပဲနီလေး၊ ပဲဝါ လေးတို့နှင့် နှိုင်းယှဉ်ပါက ဗိုလ်စားပဲသီးတွင် ထိုပဲ အခြောက်များလောက် ပရိုတင်းဓာတ် မများသော်လည်း အမျှင်ဓာတ်နှင့် အခြား
အာဟာရဓာတ်များပါဝင်မှုက ပိုမိုသာလွန် ကောင်းမွန်သည်။ 

-
ဗိုလ်စားပဲသီး ထဲတွင် ကယ်လိုရီ အင်မတန်နည်းပြီး ဘေးထွက်ဆိုးကျိုး ဖြစ်စေသည့် ပြည့်ဝဆီလုံးဝ မပါရှိပါ။ လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် ဗီတာမင် A၊ လူတိန်း၊ ဘီတာကယ်ရိုတင်း၊ Zeta-xanthin စသည့် ဆန့်ကျင်ဓာတ်တိုး ပစ္စည်းများအပြင် ဖောလစ်၊ ဗီတာမင် B12၊ ဗီတာမင် B1၊ ဗီတာမင် C၊ သံဓာတ်၊ ကယ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်စသည့် ဗီတာမင်နှင့် သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာပါသည့်အပြင် ရုက္ခဗေဒဆိုင်ရာ အာဟာရအမြောက်အမြားပါရှိခြင်းကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြု စေပါသည်။ 
-
ကျန်းမာရေးအတွက် ဗိုလ်စားပဲသီး၏ အသုံးဝင်ပုံ 
--------------------------------------------------
* အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါရှိခြင်းကြောင့် အူနှင့်အူလမ်းကြောင်းထဲရှိ အရိအရွဲများကိုလျှော့ချပေးသဖြင့် အူမကင်ဆာ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးသည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ 
* အသက်အရွယ်ကြီးရင့်မှုကြောင့် အသားအရေပေါ်တွင် ဖြစ်ပေါ်လာတတ်သော အရေးအကြောင်းများကိုလည်း ဟန့်တားပေးပါသည်။
* ခန္ဓာကိုယ်အတွက်အရေးပါသော DNA ပေါင်းစပ်ဖွဲ့စည်းခြင်းနှင့် ဆဲလ်များကို ကောင်းစွာအကျိုးပြုကာ  DNA ပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါသည်။ 
* ဗိုလ်စားပဲသီးထဲတွင်ပါဝင်သော ဖောလစ်အက်စစ်သည် ကလေးမီးဖွားစဉ်၌ မိခင်တို့၏ အာရုံကြောနှင့်သက်ဆိုင်သော ပြွန်များ ချို့ယွင်းမှုကို ကြိုတင်ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများစွာပါရှိသောကြောင့် ကိုယ်ဝန်
ဆောင်မိခင်များ ကြိုတင်စားသုံးပေးသင့်ပါသည်။
* ပြင်ပရောဂါများကို အလွယ်တကူမဝင်ရောက်စေဘဲ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါသည်။
* နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးကာ သွေးတိုးကျစေပါသည်။
* ကိုလက်စထရောကိုလျှော့ချကာ သွေးကြောမ၏နံရံများတည်ဆောက်မှုကို များစွာ အထောက်အကူပြုသဖြင့် သွေးကြောများ ပိတ်ဆို့မှုကို သက်သာလျော့နည်းစေပါသည်။ ထို့ကြောင့် နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
* ဗိုလ်စားပဲသီးစားသုံးခြင်းဖြင့် အရိုးအားနည်းခြင်းမှ ကြိုတင်ကာကွယ်ရာရောက် ပါသည်။
* အဆစ်ရောင်ရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါတို့ကိုလည်း ထိရောက်စွာကုသပေးနိုင် ပါသည်။ 
* အမျိုးသမီးများ လစဉ်ဓမ္မတာလာပြီးနောက် သံဓာတ်ချို့တဲ့မှုကိုလည်း အထောက် အပံ့ပေးပါသည်။ 
* နို့တိုက်မိခင်များအတွက် ဗိုလ်စားပဲသီးကို မဖြစ်မနေစားသုံးပေးသင့်ပါသည်။
* နှလုံးထဲတွင် အောက်ဆီဂျင်ပြတ်လပ်မှုကို ကာကွယ်ပေးကာ နှလုံးသွေးပမာဏကို မြှင့်တင်ပေးသည့်အတွက် နှလုံးကိုကျန်းမာ စေပါသည်။
* သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေသောကြောင့် ဆီးချိုရောဂါသည်များအတွက် သင့်လျော်ပါသည်။
* ဗိုလ်စားပဲသီးတွင် ကယ်လိုရီပါဝင်မှုနိမ့်ကျပြီး ပြည့်ဝဆီလုံးဝမပါရှိသဖြင့် ကိုယ်အလေး ချိန်ထိန်းလိုသူများအတွက် အဖော်မွန်ကောင်း ဖြစ်ပါသည်။
-
မှတ်သားရန် 
------------
ဗိုလ်စားပဲသီးအပါအဝင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အချိန်ကြာမြင့်စွာ ချက်ပြုတ်ခြင်းသည် ၎င်းတို့အထဲတွင် ပါဝင်သော လူသားတို့ ကျန်းမာရေးကို အကျိုးပြုစေသော အာဟာရဓာတ်များကို လျော့ကျသွား
စေတတ်၍ အချိန် ၅ မိနစ်ခန့်သာ အပူပေး ချက်ပြုတ်ပေးသင့်ပါသည်။ 
-
ခြွင်းချက် 
---------
ဗိုလ်စားပဲသီးထဲတွင် oxalate ဓာတ်ပါရှိ၏။ ထိုဓာတ်သည် ကျောက်ကပ်ရောဂါနှင့် ဆီးအိမ်ရောဂါဝေဒနာသည်များကို ပြဿနာ ဖြစ်စေနိုင်သဖြင့် အလွန်အကျွံမစားသုံး သင့်ပေ။ ။
-
ပေါက်ပေါက် 
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, September 13, 2018

အိမ်နီးချင်းနိုင်ငံတွင် ဖြစ်ပွားနေသော အာဖရိက၀က်တုန်ကွေးရောဂါ ပြည်တွင်းသို့ ကူးစက်မလာစေရန် စစ်ဆေးဆောင်ရွက်မည်



ရန်ကုန် ၁၃-၉-၂၀၁၈

အိမ်နီးချင်းနိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေး ရောဂါကျရောက် နေသဖြင့် ပြည်တွင်းသို့ ကူးစက် မလာစေရေး စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သတင်းများအရ သိရသည်။

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာအာဖရိက ဝက်တုပ်ကွေးရောဂါ ကျရောက်လျက်ရှိသည်။ အာဖရိက ဝက်တုပ်ကွေး ရောဂါသည် တရုတ်နိုင်ငံအတွင်း အလှမ်းဝေးသည့် ဒေသများသို့ ကူးစက်ဖြစ်ပွား နေသောကြောင့် နိုင်ငံဖြတ်ကျော် ကူးစက်နိုင်ခြေ ရှိကြောင်း FAO သတင်းထုတ်ပြန် ခဲ့သည်။

ထို့ပြင် အာဖရိကဝက်တုပ် ကွေးရောဂါသည် ဝက်သားရောင်း ဝယ်မှုနှင့် စားသုံးမှုမြင့်တက်နေသည့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကိုရီးယားကျွန်းဆွယ်ဒေသထိ နယ်စပ်ဖြတ်ကျော် ကူးစက်ပျံ့နှံ့သွားနိုင်သဖြင့် FAO က သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဟန်ဂေရီ၊ ရုရှား၊ ပိုလန်၊ ယူကရိန်း၊ ရိုမေးနီးယားနိုင်ငံတို့တွင် အာဖရိကဝက် တုပ်ကွေးရောဂါများ ကူးစက်ပျံ့နှံ ကျရောက်နေပြီ ဖြစ်သောကြောင့် အဆိုပါရောဂါကို မြန်မာနိုင်ငံသို့ ကူးစက်လာမှုမရှိ စေရေးအတွက် နယ်စပ်ဒေသများရှိ သံသယဖြစ်ဖွယ် နေရာဒေသများကို စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဖရိက ဝက်တုပ်ကွေး ရောဂါ မြန်မာနိုင်ငံဘက်ကို ကူးစက်မှုမရှိ စေရေးအတွက် ပြည်သူလူထုကို အသိပညာပေး ဆောင်ရွက်မှုများ၊ တရားမဝင် တိရစ္ဆာန်အသားများ ဝင်ရောက်မှုမရှိစေရေး စစ်ဆေးဆောင်ရွက် မှုများနှင့် တရားဝင်တင်သွင်းလာသည့် တိရစ္ဆာန်အသားများ ကိုလည်း ရောဂါပိုးရှိ၊ မရှိစစ်ဆေးဆောင်ရွက်မှုများ အပါအဝင် နယ်စပ်ဒေသများတွင် ရောဂါပိုးဝင် ရောက်နေသည်ဟု သံသယဖြစ်ဖွယ် နေရာဒေသများကိုလည်း စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်သည်။

အာဖရိက ဝက်တုပ်ကွေး ရောဂါသည် လူကိုကူးစက် နိုင်ခြင်းမရှိဘဲ ဝက်များတွင်သာ ဖြစ်ပွားသည့် ရောဂါဖြစ်ကြောင်း၊ အဆိုပါရောဂါမှာ ကာကွယ်ဆေး မရှိသေးသည့် ကူးစက်မြန် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ဖြစ်ပွားလာလျှင်ရာနှုန်းပြည့်ပျက်စီး ဆုံးရှုံးနိုင်သဖြင့် ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရောဂါဖြစ်ပွားနေသော ဝက်များကို သုတ်သင်ရှင်းလင်းခြင်း ပင်ဖြစ်ကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ

Tuesday, August 28, 2018

နန်းယွန်းမြို့နယ်တွင် ရာသီတုပ်ကွေးကူးစက်ရောဂါ ကွင်းဆင်းကုသ လူနာ ၄၉ ဦး ကျန်းမာရေးကောင်းမွန်လာ



နန်းယွန်း ၂၈-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဝမ်နုတ်ကျေးရွာတွင် ဖြစ်ပွားနေသော ဒေသဆိုင်ရာ ရာသီတုပ်ကွေး ကူးစက်ရောဂါ ဖြစ်နေသူ ၁၄၁ ဦးကို ကွင်းဆင်းအဖွဲ့က ဆေးကုသပေးလျက်ရှိရာ ၄၉ဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီး ၉၂ဦးမှာ ဆေးကုသမှု ဆက်လက်ခံယူလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝင်းလွင်ထံမှ သိရသည်။

ကွင်းဆင်း စောင့်ရှောက်မှု အဖွဲ့သည် သြဂုတ်၂၆ရက်က ငါးနှစ်အောက် ကလေး၅၉ဦးကို ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ဆေးခန်းဖွင့်လှစ် ကုသခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသည့် 
လူနာမရှိကြောင်း သြဂုတ် ၂၆ ရက် သတင်းများအရ သိရသည်။

"နန်းယွန်းမြို့နယ် ကြူးယမ်းကျေးလက် ကျန်းမာရေးဌာန ဟဟောင်ကျေးလက် ကျန်းမာရေးဌာန (ခွဲ) အပိုင် ဝမ်နုတ်ကျေးရွာကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေသဆိုင်ရာကူးစက် ရောဂါတွေ မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုရေး ဆရာဝန်ကြီး ဒေါက်တာသန္တာလင်း၊ နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းထွန်းဝင်း တို့ဦးဆောင်တဲ့အဖွဲ့က သြဂုတ်၂၅ရက် ကစပြီးလူနာ ၁၄၁ဦးကို ကွင်းဆင်းကုသတာ ၄၉ဦး အခုသက်သာနေပါပြီ"ဟု ဒေါက်တာဝင်းလွင်က ပြောပြသည်။

"လွန်ခဲ့တဲ့နှစ်ပတ်ကျော်က စပြီးရောဂါဖြစ်တယ်လို့ သိရတယ်။ ကုသရေးအဖွဲ့က သြဂုတ်၂ဝမှာ စထွက်တာပါ။ ယူဆရတာပြောရရင် အဓိကက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကို သူတို့ရဲ့ကိုယ်ခံစွမ်းအား နည်းတဲ့အချိန်မှာ တခြားပိုးလေးတွေဝင်ပြီး ဖျားတာပါ။ အရင်နှစ်ကလို အပြင်းဖျားတာ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပဋိဇီဝဆေးပေးတော့ သက်သာသွားတာ တွေ့ရတဲ့အတွက်ပါ"ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ပြောပြ၍သိရသည်။

#Themyawadydaily

Monday, October 16, 2017

တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းက မျက်စိရောဂါဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသ



တောင်ကြီး ၁၆-၁၀-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန်ကျောင်းတိုက် အတွင်းရှိ နမ့်ခုံးရှမ်းများပရဟိတ အသင်းရုံးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နံနက် ၉နာရီက မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသပေးရာတွင် လေးကျွန်းသူအသင်းနှင့် တရုတ်သံရုံးတို့ ၏အစီအစဉ်ဖြင့် ဟောင်ကောင်အခြေစိုက် မျက်စိရောဂါကု ဆရာဝန်ကြီးများ၊ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများက မျက်စိရောဂါဝေဒနာရှင် လူနာဦးရေ ၁ဝဝ ကျော်တို့ကို စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများနှင့် ခွဲစိတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မျက်စိဝေဒနာရှင်များကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ရုံးခန်းမ၌ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်ထိ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ကာ ခွဲစိတ်ရမည့်လူနာများကို စဝ်စံထွန်းဆေးရုံသို့ အောက်တိုဘာ ၁၆ ရက် မှစတင်ပြောင်းရွှေ့စေပြီး အောက်တိုဘာ ၁၉ ရက်မှ ၂၅ရက်ထိ မျက်စိဝေဒနာရှင်ဦးရေ ၃ဝဝကို အခမဲ့ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, June 14, 2017

တီဘီရောဂါ ရှာဖွေစမ်းသပ်ခြင်းကို ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ဇူလိုင်လကုန်တွင် စတင်ဆောင်ရွက်မည်



ရန်ကုန် ၁၄-၆-၂၀၁၇

အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) တို့ပူးပေါင်းပြီး တီဘီရောဂါ ရှာဖွေစမ်းသပ်ခြင်းကို ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ဇူလိုင်လ ကုန်မှစ၍ လိုက်လံဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေး စီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင် ထံမှသိရသည်။

မြန်မာနိုင်ငံ၌ တီဘီရောဂါ ဖြစ်ပွားကူးစက်မှုများကို လျှော့ချရန် ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ရောဂါများရှာဖွေ ကုသပေးမည် ဖြစ်သည့်အပြင် အကျဉ်းထောင်များ အတွက်လည်း ဆောင်ရွက်နိုင်ရန် အကျဉ်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်သည်။ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသရေး အထူးယာဉ်နှစ်စီးကို မန္တလေးမြို့၌ တစ်စီးနှင့် ရန်ကုန်မြို့၌တစ်စီး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသရေး အထူးယာဉ်ပေါ်၌ ဓာတ်မှန်ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည့် အတွက်ရလဒ်ကို ချက်ချင်းသိရှိနိုင်ကာ ကုသမှုကို လျင်မြန်စွာစတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, June 12, 2017

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦးဆေးရုံ၌ လာမည့်သြဂုတ်လတွင် ဒုတိယအကြိမ်အခမဲ့ ကုသနိုင်ရန် ပရဟိတအသင်းများနှင့် ချိတ်ဆက်စီစဉ်နေ



ပခုက္ကူ ၁၂-၆-၂၀၁၇

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ သီတဂူစက္ခုဒါန တံတားဦးဆေးရုံ၌ လာမည့်သြဂုတ်လတွင် မျက်စိရောဂါ ဝေဒနာရှင်များကို ဒုတိယအကြိမ်အခမဲ့ ကုသနိုင်ရန် အမြို့မြို့အနယ်နယ်ရှိ ပရဟိတ အသင်းများနှင့် ပုဂ္ဂလိကစေတနာ ရှင်များ ချိတ်ဆက်၍စီစဉ်နေကြောင်း ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦးဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦး ဆေးရုံတွင် ယခုနှစ် မေ ၂၃ရက်မှ ၂၇ ရက်ထိ ရပ်ဝေးရပ်နီးမှ မျက်စိရောဂါ ဝေဒနာရှင် ၁၈ဝ၇ဦးကို စမ်းသပ်စစ်ဆေး မှုများပြုလုပ်ကာ ကာကွယ်ကုသခဲ့၍ မျက်စိခွဲစိတ်ဝေဒနာရှင် ၃ဝ၆ဦး ကိုလည်း အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့သည်။ ယခုနှစ် သြဂုတ်လတွင်လည်း ဒုတိယအကြိမ် ကုသနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့တို့မှ ပရဟိတအသင်းများ၊ ပုဂ္ဂလိကစေတနာရှင်များနှင့် ချိတ်ဆက်၍စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

''သီတဂူဆရာတော်ကြီးရဲ့ ပံ့ပိုးမှုနဲ့ သြဝါဒတွေခံယူပြီး ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက အလှူရှင်တွေ ပခုက္ကူမြို့က ဆရာဝန်ကြီးတွေနဲ့ပူးပေါင်းပြီး ဒုတိယအကြိမ်ကုသနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ကုသမှုခံယူတဲ့အခါမှာ လဲအခမဲ့ကုသပေးသလို အလှူရှင်တွေပေါ်ပေါက်မှု အပေါ်မူတည်ပြီး ထမင်းကျွေးမွေးတာ တွေကိုလဲ ပြုလုပ်သွားမှာပါ။ လောလောဆယ်တော့ ခြောက်လတစ်ကြိမ်ပဲ ကုသနိုင်ပါသေးတယ်။ အမြဲကုသဖို့ အတွက်တော့ ဆေးဝါးနဲ့ ငွေအင်အားတွေ လိုပါသေးတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦး ဆေးရုံသည် ခုတင် ၁၅ဝဆံ့ဖြစ်ပြီး မျက်စိဝေဒနာရှင်များအတွက် အထူးကုသပေးသည့် ဆေးရုံတစ်ရုံဖြစ်သည်။ ထို့ပြင်ခြောက်လတစ်ကြိမ် ကုသမှု၏ ကြားကာလတွင် အထွေထွေရောဂါ စမ်းသပ်ကုသမှုများကို ဆောင်ရွက်ပေးရန်လည်း သီတဂူဆရာတော်ကြီးက မြွက်ကြားထားကြောင်း သိရသည်။

အဆိုပါ ဆေးရုံ၌ လက်ရှိအချိန်တွင် ခွဲစိတ်စက်နှစ်လုံး၊ စမ်းသပ်စက်နှစ်လုံး၊ မီးစက်နှင့်ဆေး ပစ္စည်းစုံလင်စွာဖြင့် မျက်စိရောဂါ ဝေဒနာရှင်အား ကုသနိုင်ရန် သီတဂူဆရာတော်ကြီးက အသင့်စီစဉ်ပေးထားကြောင်း သိရသည်။

#Yadanarpondaily

Monday, June 6, 2016

ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဖွံ့ဖြိုးရေး ရက်သတ္တပတ် အနေဖြင့် ဇွန် ၂၀ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်မည်



ရန်ကုန် ၊ ၆-၆-၂၀၁၆

ကျောင်းသန့်ရှင်းရေး နှင့် ကျောင်းဖွံ့ဖြိုးရေး ရက်သတ္တပတ် အနေဖြင့် ဇွန် ၂ဝ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

''ဆရာအသင်းနဲ့ သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်း ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသန့်ရှင်း သပ်ရပ်ရေး၊ ကျောင်းကျန်းမာရေးနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အသိပညာ ဗဟုသုတ ဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်ပါတယ်'' ဟု ရန်ကင်းမြို့နယ် ရှိ အ-ထ-က(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးသူ က ပြောသည်။

ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းမည် ဖြစ်ပြီး ကျောင်း ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ကာယ လေ့ကျင့်ခန်းများ စုဖွဲ့ လေ့ကျင့် စေခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျောင်းမုန့်ဈေးတန်း များတွင် အသိအမှတ် ပြုထားသည့် မည်သည့်မုန့် အမျိုးအစားမဆို ရောင်းချနိုင်ပြီး ခွင့်မပြုထားသာ မုန့်များ ရောင်းချခြင်း မပြုလုပ်ရန် အသိပညာ ပေးမှုများ ပြုလုပ်မည် ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ရောင်းချခွင့် မပြုကြောင်း သိရသည်။

မုန့်ဈေးတန်း များတွင် အချိုမှုန့်၊ ဆိုးဆေး အလွန်အကျွံ သုံးစွဲထားသည့် မုန့်များ၊ အကင်များ၊ ယမ်းစိမ်းနှင့် ပြုလုပ်ထားသော မုန့်များ၊ တာရှည်ခံ ပစ္စည်းများ ပါဝင်သော အစားအစာများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ ရောင်းချရာတွင် တံဆိပ်၊ ခွင့်ပြုအမှတ်၊ ကုန်ဆုံးရက်များကို စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ကျန်းမာရေး စစ်ဆေးရာတွင် သတ်မှတ်ထားသော စည်းကမ်းချက် များကို လိုက်နာပါက အသိအမှတ်ပြု ကတ်ပြားများ ပေးမည်ဖြစ်ပြီး စစ်ဆေးရာတွင် ဆိုင် အခင်းအကျင်း များ၊ ယင်လုံအောင် ဖုံးအုပ်ထားခြင်း ရှိ၊ မရှိ၊ ရောင်းချရာတွင် ကြွေပန်းကန်နှင့် စတီးပန်းကန် တို့ကို အသုံးပြုရမည် ဖြစ်ပြီး မယ်လမင်းဓာတ်၊ ကော်၊ ပလတ်စတစ်နှင့် ဖော့ဘူးများကို အသုံးမပြုရန် ညွှန်ကြား ထားကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, March 31, 2015

တက္ကသိုလ်များဆေးရုံ (ရန်ကုန်)၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ၀န်ဆောင်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်တွင် ဖွင့်လှစ်ထားသော တက္ကသိုလ်များ ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန(အောက်မြန်မာပြည်) မှ သိရသည်။

ထိုသို့ အဆင့်မြှင့်တင် ဆောင်ရွက် ရာတွင် ခုတင် ၁ဝဝ ဆံ့ ဆေးရုံများ စံနှုန်းအတိုင်း ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်း၊ ဆေးပစ္စည်း၊ ဆေးဝါးနှင့် ဝန်ထမ်း အင်အားများ ပြည့်စုံမှု ရှိစေရန် ဖြည့်ဆည်း ပေးခြင်းတို့ကို လုပ်ဆောင်၍ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့အပြင် ဓာတ်မှန် ရိုက်စက်၊ အီးစီဂျီစက်၊ အောက်ဆီဂျင် ပေးစက်၊ တခြား လိုအပ်သော ဆေးရုံသုံး ပစ္စည်းများနှင့် ဝန်ထမ်းအင်အား ကိုလည်း ထပ်မံတိုးမြှင့် ခန့်အပ် သွားမည် ဖြစ်သည်။ ထို့နောက် လိုအပ်ပါက အသေးစား ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန် ခွဲစိတ်ခန်း အသစ်တစ်ခု တည်ဆောက်ကာ ခွဲစိတ်ခန်းသုံး ပစ္စည်း ကိရိယာများ အဆင်သင့် ဖြည့်ဆည်း ပေးထားမည် ဖြစ်သည်။ 

အဆိုပါ တက္ကသိုလ်များဆေးရုံ အဆင့်မြှင့် တင်ခြင်းကို ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်သည်။

တက္ကသိုလ်များ ဆေးရုံ (ရန်ကုန်) ကို ၁၉၂၈ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၄င်းဆေးရုံ၌ ဆရာဝန် ရှစ်ဦး၊ သူနာပြု ခြောက်ဦးနှင့် တခြားသော ကျန်းမာရေး ဝန်ထမ်း ၃၆ ဦးတို့ တာဝန် ထမ်းဆောင်လျက် ရှိကာ နေ့စဉ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပလူနာ များအား အခမဲ့ ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, August 19, 2014

နွားနို့ သောက်သုံးရေး


နွားနို့ သောက်သုံးရေး

ယနေ့ ကာလတွင် ကမ္ဘာ့ နိုင်ငံပေါင်း ၅ဝ ကျော်တို့မှ ၄င်းတို့ နိုင်ငံတွင် ကျောင်းသား နှင့် နို့စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိသည်။ ၂ဝဝ၈ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့က နှစ်စဉ် စက်တင်ဘာလ ပထမပတ်၏ ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ ကျောင်းသား နွားနို့နေ့ ဟု သတ်မှတ်ခဲ့သည်။ ရည်မှန်းချက်မှာ ကမ္ဘာ့ကလေး သူငယ်များ အာဟာရနှင့် ကျန်းမာရေး စံချိန် တိုးတက် မြင့်မားရေး ဦးတည်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း မူလတန်း ကျောင်းသား အရွယ်များ နို့တိုက် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံမှ ၂ဝ၁ဝ ပြည့်နှစ်တွင် FAO အဖွဲ့မှ မူလတန်း ကျောင်းများ နို့တိုက်ကျွေး ခြင်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ နွားနို့ တိုက်ကျွေးခြင်း အားဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေး သူငယ်များ အန္တရာယ် ကင်းသည့် အစားအစာ ဖြစ်သော အာဟာရ ပြည့်စုံသည့် နို့သောက်သည့် အကျင့်ရအောင် ဆောင်ရွက် ပေးခြင်း ဖြစ်သည်။

နို့တိုက်ကျွေးခြင်း အစီအစဉ်ကို မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေး ဌာန၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ နို့လုပ်ငန်း အသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ကုမ္ပဏီ များ၊ အစိုးရ အဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်များက ကူညီပံ့ပိုး ပေးနေ ကြသည်။

လူ့ဘဝ တစ်လျှောက်လုံး တွင် ကြီးထွား ဖွံ့ဖြိုးသည့် အရွယ်ကာလ သုံးမျိုးရှိသည်။ တစ်နှစ်သား အရွယ်၊ ကျောင်းနေခါနီး အရွယ် (၄နှစ်မှ ၆နှစ်) နှင့် ဆယ်ကျော်သက် အရွယ် (အသက် ၁၃နှစ်မှ ၁၈နှစ်) တို့ဖြစ်သည်။ ထိုအရွယ် များတွင် လူ့ခန္ဓာကိုယ် သည် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်သည့် ကာလဖြစ်သည်။ ထိုအချိန်တွင် အာဟာရ ပြည့်စုံသော ဖြည့်ဆည်း ပေးရမည့် အစာမှာ နွားနို့ပင် ဖြစ်သည်။

နွားနို့တွင် ရေ၊ Lactose သကြား၊ အဆီ၊ နို့၊ ပရိုတိန်း သုံးမျိုး (ကေဆင်း၊ လက် အယ်လ်ဗျူမင်၊ လက်တို ဘလိုဗျူမင်)၊ သတ္တုဓာတ်၊ (ကယ်လ်ဆီယမ်၊ ဖော့စဖိတ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဇင့်၊ မဂ္ဂနီစီယမ်)၊ ကော့ပါး၊ အိုင်အိုဒင်း၊ အလူမီနီယမ်၊ ဆား စသည်များ၊ ဗီတာမင်များ၊ အက်စစ်များ၊ နိုက်ထရို ဓာတ်ပေါင်းများ ပါဝင်သည်။ နွားနို့သည် လူ့ခန္ဓာကိုယ် တစ်သက်စာ လိုအပ်သည့် အာဟာရဓာတ် အနည်းဆုံး ၁၅ မျိုး ပါဝင်သည်။ ထို့ကြောင့် လူငယ်၊ လူလတ် သာမက လူကြီးများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အတွက်ပါ သင့်တော်သည့် အာဟာရ ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်း ကျန်းမာရေး၊ အသက်ရှည်ရေး တို့အတွက် အခြား မုန့်ပဲသရေစာ စားသုံးမှု လျှော့ချပြီး သတ်သတ် မှတ်မှတ် နို့သောက်သုံး သင့်ကြောင်း၊ အမျိုးသားရေး အတွက် ကျောင်းသား၊ ကျောင်းသူ ကလေး သူငယ်များ နွားနို့ သောက်သုံး နိုင်ရေး အကူအညီ ပေးသင့်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Monday, August 4, 2014

အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မရှိစေရေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်းများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိ


ရန်ကုန် ၊ ၄-၈-၂၀၁၄

မြန်မာနိုင်ငံ တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါကူးစက် ဝင်ရောက်မှု မရှိစေရေး အတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ နှင့် ဆိပ်ကမ်းများ တွင် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံတို့မှ ပြန်လည် ဝင်ရောက် လာသော ခရီးသည် များကို ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းများ ပို့ချခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာန တို့တွင် ရောဂါ ကူးစက်မှု ထိန်းချုပ်ခြင်း ( Infection Control ) လုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက် နိုင်ရေး ကြီးကြပ်ခြင်း၊ ရောဂါ ဖြစ်ပွားသည့် လူနာများကို သီးခြား စောင့်ကြပ် ကြည့်ရှု ကုသမှု ပေးနိုင်ရန် ( Isolation ) အတွက် ဗဟို တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ဆေးရုံကြီး များတွင် Isolation Ward များ အသင့် ပြင်ဆင် ထားရှိခြင်း၊ နယ်စပ်ဒေသ များတွင် ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း များကို အားဖြည့် ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများ နှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ Ebola Virus ကူးစက်မှုသည် ထိန်းချုပ်ရန် ခက်ခဲပြီး ရောဂါပိုး ရှိသော လူနာများ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ ဖြစ်သည့် တံတွေး၊ သလိပ်၊ သွေး တို့ကို တိုက်ရိုက် ထိတွေ့ ကိုင်တွယ်မှု ကြောင့် အဓိက ကူးစက် ပြန့်ပွားခြင်း ဖြစ်ပြီး ဆားစ်၊ ကြက်ငှက် တုပ်ကွေး ရောဂါ နှင့် Pandemic ( H1N1) ၂ဝဝ၉ ၊ ကမ္ဘာ့ လူတုပ်ကွေး ကပ်ရောဂါ၊ H7N9 ၊ MERS-CoV စသည့် ကူးစက်မြန် ရောဂါများ ကဲ့သို့ လေထဲမှ ကူးစက် ပြန့်ပွားမှု မရှိကြောင်း၊ ရောဂါရှိ သူများနှင့် တိုက်ရိုက် ထိတွေ့သူများ၊ ကိုင်တွယ် ပြုစုသူများ တွင်သာ ရောဂါကူးစက် နိုင်ခြေ ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။

လွန်ခဲ့သော မတ်လအတွင်း ရောဂါကူးစက် ပြန့်ပွားနေသော အာဖရိက အနောက် လေးနိုင်ငံ ဖြစ်သော ( Guinea , Liberia , Nigeria နှင့် Sierra Leone ) တို့သို့ သွားရောက်ခဲ့ သူများ အီဘိုလာ ရောဂါ ခံစားနေရ သူများ (သို့မဟုတ်) ရောဂါဖြစ်ပွား နေသော မိသားစု နှင့် အနီးကပ် နေထိုင်ခဲ့ သူများ၊ လူနာ ပြုစုကုသ ခဲ့သူများ အနေဖြင့် အထူး ဂရုပြုရန် လိုအပ်ပြီး သံသယ ရှိဖွယ် လက္ခဏာများ ဖြစ်သော ဖျားခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာ ဖြစ်ခြင်း နှင့် လည်ပင်းနာခြင်း တို့ ရုတ်ခြည်း ခံစားရမည် ဖြစ်ပြီး အန်ခြင်း၊ အရည် ဝမ်းသွားခြင်း၊ ကျောက်ကပ် နှင့် အသည်း တို့ချို့ယွင်းခြင်း၊ အချို့လူနာ များတွင် ခန္ဓာကိုယ်တွင်း နှင့် ခန္ဓာကိုယ် ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန များတွင် ပြသ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က အကြောင်းကြားစာ ထုတ်ပြန် ထားကြောင်း သိရသည်။

#Yadanarpondaily

Wednesday, May 7, 2014

ပူသောရာသီမှာ ၀မ်းမနုတ်သင့်


ပူသောရာသီမှာ ၀မ်းမနုတ်သင့်

ကြည်မြင့်လွင် (မုဒြာ)

တပေါင်း လပြည့်ကျော် တစ်ရက်မှ စပြီး ၀ါဆို လပြည့်နေ့ အထိ လေးလကို နွေရာသီ ဟု ခေါ်သည်။ အပူလွန်ကဲပြီး မြေကြီးများ ပပ်ကြားအက်သော ရာသီ ဖြစ်သည်။ ကျမ်းဂန်များ အလိုအရ ပထ၀ီ ပျက်သောလေ ဖြစ်သည်။ ပူလွန်း၍ အာပေါဓာတ် ခန်းကာ မိတ်ဿက ဖြစ်သော ပထ၀ီ ပျက်သောဥတု ဖြစ်သည်။

ဤ ရာသီဥတုတွင် လူကြီးများ အလွန် ပင်ပန်းသည်။ အားအင် ကုန်ခန်းသည်။ နုံးခွေ နေတတ်သည်။ အစားမ၀င် ၊ အအိပ်ပျက် ဖြစ်တတ်သည်။ နေထိုင် မကောင်း ဖြစ်လျှင် ဆေးပူများ မပေးရ။ ဆေးအေးဖြင့် ကုသရသည်။ ဆေးဒဏ် ၊ အပူဒဏ် နှစ်မျိုးစုံလျှင် ကုသောဆရာ မလိမ္မာလျှင် လူကြီးးများ အသေအပျောက် များသည်။

ပူးလွန်းသော ရာသီတွင် အထူးသဖြင့် သင်္ကြန်ပြီး၍ နှစ်ဆန်း တစ်ရက်ကျော်လျှင် သံကြွင်းမိုး ၊ သင်္ကြန် လက်ဆေးမိုးတို့ ရွာမှ နေသာသည်။ မိုးမရွာလျှင် မနေသာ။ အချို့ အရပ်များတွင် မိုးရွာအောင် လွန်ဆွဲကြသည်။ ငရံ့မင်း ပရိတ် ရွတ်ကြရသည်။

မန္တလေးမြို့တွင် အရှေ့ဘက်ရှိ ရန်ကင်းတောင် တွင် ငါးရံ့မင်း လိုဏ်ဂူရှိသည်။ ရှေးခေတ်က မန္တလေးသား များ မိုးခေါင်လျှင် ထိုလိုဏ်ဂူမှ ငါးရံ့မင်း ရုပ်တုကို ပင့်ဆောင်ပြီး မြို့အတွင်းသို့ လှည့်လည်ကာ အပူဇော်ခံသည်။ ရဟန်း သံဃာတော် များက ငါးရံ့မင်း ပရိတ်ကို ရွတ်ဆို ပေးကြသည်။ ထိုသို့ လှည့်လည်ပြီး နောက်တစ်ရက် တွင် မိုးရွာချလေ့ ရှိသည်ဟု ဆိုသည်။ ရှေးခေတ်က ငါးရံ့မင်း ရုပ်တုမှာ မီးပူဇော်သူ တစ်ဦးကြောင့် မီးလောင် ဆုံးရှုံး သွားသည်ဟု ဆိုသည်။ ငါးရံ့မင်း ရုပ်တု ကို နောက်ထပ် သွန်းလုပ်သော အခါ မီးမလောင် စေရန် ကျောက်သားကို ထွင်းထုပြီး ပြုလုပ် ပူဇော်ထားသဖြင့် ပင့်ဆောင် လှည့်လည်ခြင်း မပြုနိုင် ကြတော့ချေ။

အလွယ်တကူ ညောင်းကိုက်ရုံဖြင့် ခါတိုင်းကဲ့သို့ ၀မ်းနုတ်ဆေး စားလိုက်လျှင် သက်သာမည် ထင်ပြီး ၀မ်းမနုတ်သင့်သော ရာသီ ဖြစ်သည်။ တပေါင်း တန်ခူးမှ စ၍ ၀ါဆိုလပြည့် တိုင်အောင် ၀မ်းမနုတ် သင့်ပါ။ ချဉ်ရည်ဟင်း စားလျှင်ပင် ၀မ်းလျှော နိုင်သဖြင့် သတိထား စားကြရသည်။

ဝမ်းသွားစေရန် ဓာတ်စာ စီမံလိုလျှင် ပထ၀ီ မပျက်အောင် အချိုဓာတ် ၊ အဆိမ့်ဓာတ် ပါသော ၀မ်း အတင့်အသင့် သွားသည့် အစာကို ဆေးအဖြစ် ပေးနိုင်သည်။ ၀မ်းသက်လိုလျှင်

  • (၁) နွားနို့အစိမ်း ၂၅ ကျပ်သားကို ဆားလက်တစ်ဆစ် ၊ နှစ်ဆစ်ခန့် ထည့်ပြီး သောက်ပါ။
  • (၂) မန်ကျည်းမှည့် နှင့် မန်ကျည်းဖျော်ရည် ချိုချိုအေးအေး သောက်ပါ။
  • (၃) ကင်ပွန်းချဉ်ရွက် ဟင်းချို ၊ ကန်စွန်းရွက် ဟင်းချို တို့ကို မန်ကျည်းမှည့် နှင့် ချက်သောက်ပါ။
  • (၄) ဒိန်ချဉ် သန့်သန့်ကို ရေခဲ မထည့်ဘဲ သောက်ပါ။
  • (၅) ရှောက်သီး ဖျော်ရည်တွင် ပျားရည် တစ်ဇွန်း ခပ်သောက်ပါ။


#Yadanarpondaily

Tuesday, April 29, 2014

ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ် ကူးစက် ပြန့်ပွားမှုအတွက် WHO က ကူညီမည်


မက္ကာ ၊ ၂၉-၄-၂၀၁၄

ဆော်ဒီအာရေဗျ နိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုး Middle East respiratory syndrome coronavirus ( Mers-CoV) မားစ်ကိုရိုနာ ဗိုင်းရပ် ကူးစက် ပြန့်ပွားမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ယနေ့ အချိန်အထိ ရောဂါပိုး ကူးစက်ခံရသူ ၃၃၉ ဦးရှိပြီး ၄င်းတို့အနက် သေဆုံးသူ ၁၀၂ ဦး ရှိပြီ ဖြစ်ကြောင်း ဆောဒီ ကျန်းမာရေး ၀န်ကြီးဌာန က သတင်း ထုတ်ပြန်သည်။

Mers-CoV ကို ၂၀၁၂ ခုနှစ် စက်တငဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဆော်ဒီတွင် ရောဂါ ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားခဲ့ကာ ကျန်းမာရေး ၀န်ထမ်းများက အဆိုပါ ရောဂါပိုးကို ကာကွယ် တိုက်ဖျက်နိုင်ရန် အပြင်းအထန် ကြိုးပမ်း နေရကြောင်း သိရသည်။

ယမန်နှစ်တွင် Mers-CoV ကူးစက် ပြန့်ပွားသည့်နှုန်း ကို မထိန်းချုပ် နိုင်ခဲ့သဖြင့် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ အဘဒူလာဘင် အဘဒူလာဇစ် ရာထူးမှ နုတ်ထွက် ခဲ့ရသည်။ ဆော်ဒီ အာဏာပိုင် များက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO ထံ အကူအညီ တောင်းခံထားပြီး ဧပြီလ နောက်ဆုံးပတ်တွင် WHO မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ဆော်ဒီနိုင်ငံ သို့ ရောက်ရှိ အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကလည်း ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ဆော်ဒီနိုင်ငံ သို့ လာရောက်ကာ Mers-CoV ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ် သွားရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

Mers-CoV ဗိုင်းရပ် ကူးစက်လျှင် အအေးမိ သကဲ့သို့ ရောဂါ လက္ခဏာများကို တွေ့မြင်ရပြီး အသက်ရှူ လမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက် ပျက်စီးစေကာ အဖျားတက်ခြင်း ၊ ချောင်း အဆက်မပြတ် ဆိုးခြင်း ၊ အသက်ရှူ မ၀ခြင်း ၊ နမိုးနီးယား ဖြစ်စေခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း တို့ကို ဖြစ်စေနိုင်ကြောင်း သိရသည်။

Mers-CoV သည် အာရေဗျ ကျွန်းဆွယ်တွင် စတင် ဖြစ်ပွားခဲ့ သော်လည်း ဥရောပ နိုင်ငံများ ၊ မြောက်အာဖရိက တိုက်နိုင်ငံများ အထိ ကူးစက် ပြန့်ပွားကာ လူသေဆုံးမှု ရှိနေသည့် အတွက် ဆော်ဒီ နိုင်ငံအတွင်း Mers-CoV ဗိုင်းရပ် ကူးစက်ခံရ သူများ အားလုံးကို သီးသန့် ထားရှိကာ ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ် ထားရှိပြီး ကုသမှု ကိုလည်း ကြိုးစား ဆောင်ရွက် နေကြောင်း သိရသည်။ (TMK)

#Themyawadydaily

Friday, April 4, 2014

တရားထိုင်ခြင်း ၏ အကျိုးကျေးဇူးကို သိပ္ပံနည်းကျ မှတ်တမ်းတင်မည်


တရားထိုင်ခြင်း ၏ အကျိုးကျေးဇူးကို သိပ္ပံနည်းကျ မှတ်တမ်းတင်မည်

အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့ ၌ ၂ဝ၁၄ ခုနှစ် ဧပြီ လ ပထမပတ် အတွင်း ကျင်းပ ပြုလုပ်မည့် စိတ်ပညာရှင်များ ညီလာခံ တွင် တရားထိုင်ခြင်း ၏ အကျိုး ကျေးဇူး ကို သိပ္ပံ နည်းပညာ နှင့် ပေါင်းစပ်ကာ စိတ်ရောဂါ ဝေဒနာရှင်များ အတွက် သိပ္ပံနည်းကျ တရားထိုင် နည်းကို ဖော်ထုတ် သွားမည် ဖြစ်ကြောင်း သိရသည်။

တရားရှုမှတ် သူများသည် ဦးနှောက် နှင့် အာရုံကြော ပိုင်းဆိုင်ရာ တည်ငြိမ် အေးချမ်းမှု ရရှိသည့် အကြောင်းရင်း နှင့် ဖြစ်စဉ်ကို ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာ ရှင်များက နားလည် သဘောပေါက် နိုင်ရန် ကြိုးပမ်း နေသည်မှာ အချိန်ကာလ အားဖြင့် ကြာမြင့်ပြီ ဖြစ်သော်လည်း တိကျသော အဖြေ တစ်စုံတစ်ရာ မရှိသည့် အဆုံး တရားထိုင် နေစဉ် အတွင်း ဦးနှောက် နှင့် အာရုံကြော ပြောင်းလဲမှုကို ပုံရိပ်ဖော် စူးစမ်း လေ့လာရန် အကြံရရှိ
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားထိုင် ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြော ပြောင်းလဲ အေးချမ်း နေချိန်တွင် သိပ္ပံနည်းကျ ကုထုံး များကိုလည်း တွဲဖက် အသုံးပြု ခြင်းဖြင့် စိတ်ဝေဒနာရှင် များကို ပို၍ ထိရောက်စွာ ကုသ နိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြောင်း သိရသည်။

ထို့အတွက် သုတေသီ များက တရားထိုင် သူများ စိတ်တည်ငြိမ် အေးချမ်းမှု ပေါ်လာသည့် အချိန်တွင် ဦးနှောက် ပုံရိပ်ကို ဖမ်းယူ ကြည့်ရှုခြင်း၊ အာရုံကြော အချက်ပေး စနစ်၏ ပြောင်းလဲမှုကို စောင့်ကြည့် တိုင်းတာခြင်း တို့ကို လုပ်ဆောင်ပြီး တရားထိုင် သူများ ရရှိလေ့ ရှိသော ကျန်းမာရေး အကျိုးကျေးဇူး များကို လည်း မှတ်တမ်းပြုစု ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက် မှတ်တမ်းများကို Juan Santoyo ဦးဆောင်သော Brown University မှ သုတေသီ များက မက်ဆာချူးဆက် ဆေးတက္ကသိုလ်၊ စိတ်တည်ငြိမ်မှု လေ့ကျင့် ပျိုးထောင်ရေး ဌာနတွင် ကျင်းပမည့် (၁၂) ကြိမ်မြောက် နိုင်ငံတကာ ပညာရှင်များ နှီးနှောဖလှယ် ပွဲတွင် တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့က တရားထိုင် သူများ ပြောပြသော တရားထိုင်ခြင်း ၏အကျိုးကျေးဇူး များကို မှတ်တမ်း တင်ထားရှိပြီး ရုပ်ခန္ဓာ နှင့် နာမ်ခန္ဓာ တွဲဖက် ဖြစ်တည်နေမှု၊ နာမ်ခန္ဓာ နှင့် ရုပ်ခန္ဓာတို့ အပြန်အလှန် အကျိုး သက်ရောက်ပုံ တို့ကိုလည်း ဆက်လက် ရှာဖွေ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သိပ္ပံပညာရှင် များက တရားထိုင်စဉ် ဦးနှောက် နှင့် အာရုံကြော စနစ်ကြီး တစ်ခုလုံး ပြောင်းလဲ သွားပုံကို စိတ်ဝင်တစား လေ့လာ နေကြခြင်း ဖြစ်ပြီး များမကြာမီ စိတ်ရောဂါ ဝေဒနာရှင် များကို ကုသနိုင်မည့် သိပ္ပံနည်းကျ တရား ထိုင်နည်း တစ်မျိုးကို ဖော်ထုတ် နိုင်ရန် မျှော်လင့် နေကြောင်း သိရှိရသည်။

Thursday, February 27, 2014

ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး



ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး

လိုက်ဖက်သော ဒေါက်မြင့် ဖိနပ်ကို စီးကာ ရင်ချီလျက် သပ်ရပ်စွာ လျှောက်လှမ်း တတ်သော မိန်းကလေး မျးကို တွေ့လျှင် သူသူ ကိုယ်ကိုယ် ငှေးမော မိတတ်ကြ၏။ ဒေါက်ဖိနပ် စီးလျက် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖောင်းကြွ နေသော ခြေသလုံး ၊ ခပ်စွာစွာလေး လှုပ်သွားသော ခါး ၊ သွယ်လျသော လက်မောင်း နှစ်ဖက်ကြား ရင်ချီမြင့်မြင့် ၊ လည်တိုင် ကြော့ကြော့ တို့သည် ပတ်ဝန်းကျင် ကို အလှဆင် နေဘိသည့် နှယ်ပင်။

သို့သော် ဒေါက်မြင့်ဖိနပ် ကို အချိန်ကြာကြာ ရေရှည် စီးပါလျှင် ခြေ ၊ ပေါင်တံ ၊ ကျောရိုး တို့၏ သဘာဝ အလှများကို ပျက်စီးစေပြီး ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်သည်။ ဒေါက်ဖိနပ် မြင့်လေ ခြေဖနောင့် ၊ ခြေဖျား နှင့် ခြေမ တို့အပေါ် ၀န်ပိလေ ဖြစ်သည်။ ၀န်ပိလျက် ဖိပွတ် ရသောကြောင့် ခြေထောက် အရေပြား ပူလောင်ပြီး ရေကြည်ဖု ထကာ အသားမာ တက်လာ နိုင်သည်။ ထို့အပြင် အရေပြားအောက် တစ်သျှူး ၏ အာရုံကြောများ တုံ့ပြန်မှု အားနည်း လာပြီး ခြေထောက် ထုံသလို ၊ ကျဉ်သလို ခံစား ရနိုင်ကာ ခြေထောက် အလှကို ဆိုးရွားစွာ ပျက်စီး စေနိုင်သည်။

ဒေါက်ဖိနပ် အမြင့်ကို စီးနေချိန်တွင် ခန္ဓာကိုယ် အလေးချိန်က ခြေမအောက် သို့ ရောက်ရှိ သွားသည့် အတွက် ခြေမသည် ဒုတိယ ခြေချောင်း ကို အားပြု ရလေရာ ကာလ အနည်းငယ် ကြာမြင့် လာသောအခါ အတွင်းဖက် ကွေးဝင် နေသော ခြေမ ပိုင်ရှင်များ ဖြစ်လာ ကြတော့သည်။ ထို့ပြင် ခြေဖျား ပိုကျယ် လာပြီး ခြေမလည်း ပိုရှည် နေတတ် ပါသည်။

ဟန်ချက်နှင့် ကိုယ်နေဟန်

ဒေါက်မြင့်ဖိနပ် သည် ခန္ဓာကိုယ်ကို မြှောက်တင် ပေးသည့် အတွက် ကိုယ် အလေးချိန် အား ခြေထောက် နှစ်ဖက်တွင် ညီမျှစွာ ခွဲဝေ သွားလာရန် ပို၍ ခက်ခဲတတ်ပြီး ဟန်ချက်ကို အလွယ်တကူ ပျက်စေ နိုင်သည်။  တည့်မတ်စွာ ရပ်နေရန် သို့တည်းမဟုတ် ဟန်ပါပါ လမ်းလျှောက် ရန် ခြေမျက်စိကို ဆွဲဆန့် ထားရသဖြင့် ခြေချင်းဝတ် မခိုင်ဘဲ လည်သွား နိုင်ပေသည်။

ဒေါက်မြင့်ဖိနပ် စီးလျှင် လမ်းလျှောက်ပုံ လှသည်ဟု ဆိုကြသည်။ မှန်ပါသည်။ ဒေါက်မြင့် ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားကို ဆွဲကျုံ့ လိုက်သလို ဖြစ်သွားပြီး ခြေဖနောင့် အရွတ်များကို ကားလိုက် သကဲ့သို့ ဖြစ်သွားသည့် အတွက် ခြေဦးသည် အပြင်ဘက်သို့ မထွက်နိုင် တော့ပေ။ ဤတွင် မိန်းကလေးများ ၏ စွဲမက်ဖွယ် လမ်းလျှောက်ပုံ ထွက်ပေါ် လာခြင်း ဖြစ်သည်။

သို့သော် တစ်ပတ်လျှင် သုံးရက်ခန့် ဒေါက်မြင့်ဖိနပ် စီးလျှင်ပင် ခြေချင်းဝတ် အနေအထားကို ပြောင်းလဲ စေနိုင်သည်။ ခြေချင်းဝတ် လည်ထွက်ခြင်း မဖြစ်ရန် ခြေမျက်စိ တစ်ဝိုက်ရှိ ကြွက်သား များက ပို၍ အလုပ်လုပ် ပေးရ သောကြောင့် ခြေမျက်စိ တစ်ဝိုက် ညောင်းညာ နာကျင်ခြင်း ကို တိုး၍၊ တိုး၍ ခံစား ရလာ နိုင်သည်။

ဒေါက်မြင့်ဖိနပ် သည် မိန်းကလေး များ၏ ခြေတံအလှ ကို ပေါ်လွင်စေ သော်လည်း ခြေထောက် ကြွက်သား၊ အရွတ်၊ အဆစ်များ၏ အနေအထား ကိုပါ ပြောင်းလဲ စေသည့် အတွက် ဖိနပ်အပါး စီးလျှင် လမ်းလျှောက်ရ ခက်လာတတ် ပြန်သည်။

ကြွက်သား နှင့် အဆစ်များ အပေါ် ဝန်ပိုခြင်း

ဒေါက်မြင့်ဖိနပ် စီးကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျောရိုးကို ဆောင့်လိုက် သည့်နှယ် ဖြစ်ပြီး ဖိနပ်ဒေါက် သေးသွယ်လေ ကျောရိုးအား ဒဏ်ဖြစ်လေ ပင်။ ဒေါက်မြင့်ဖိနပ် သည် မြေပြင်နှင့် ထိဆောင့်သည့် ဒဏ်ကို လျှော့ချ နိုင်လောက် အောင် ပျော့ပျောင်းမှု မရှိသည့် အတွက် ဒူးများ ကလည်း ထိဆောင့်သည့် ဒဏ်ကို ခံရသည့် အတွက် ဒူးဆစ်များ နာကျင် ကိုက်ခဲနိုင်ပြီး ရေရှည်တွင် အဆစ်
ရောင်နာ ဝေဒနာကို ခံစား ရနိုင်သည်။

ကျောရိုး ထိဆောင့်မှု ကို ကာကွယ်ရန် ခါးကြွက်သား များက အလုပ်ပိုလုပ် ရသဖြင့် ဒေါက်မြင့်ဖိနပ် စီးသူ မိန်းကလေး များ၏ ခါးလှုပ်ရှား မှုမှာ ခပ်စွာစွာ လေးဖြစ်ပြီး ကြည့်ကောင်း နေခြင်း ပင်တည်း။

ဒေါက်မြင့်ဖိနပ် စီးလျှင် ခန္ဓာကိုယ်က ရှေ့သို့ အလိုအလျောက် ကိုင်းညွတ် သွား၏။ ဤသည်ကို ပြုပြင်ရန် ပခုံးကို နောက်ပြန်ဆွဲ လိုက်ရခြင်းက ခန္ဓာ တစ်ကိုယ်လုံး ကို တင်းရင်း သပ်ရပ်စေပြီး ရင်ချီပြီး ဖြစ်သွား စေသည့် အတွက် မြင့်မြင့် ချည်ထားသော ဆံပင်အောက်ရှိ လည်တိုင် ကြော့ကြော့ လေးများကို ငေးမောခွင့် ရရှိခြင်း ဖြစ်၏။ သို့သော် ကျောရိုး အောက်ပိုင်း ကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည်ကို ကာကွယ်ရန် ဝမ်းဗိုက် ကြွက်သား၊ တင်ပါးဆုံ ကြွက်သားများ အလုပ် ပိုလုပ် ရသဖြင့် ခါး၊ဝမ်းဗိုက်၊ တင်ပါးဆုံ တို့ နာကျင်မှုကို ခံစားရ နိုင်သည်။

သို့သော် ဒေါက်မြင့်ဖိနပ် စီးလျှင် ကိုယ်လုံး လှသည်ဆိုကာ ဆက်စီး ကြသည်ပင်။ ခြေလှမ်း လှမ်းလိုက် သောအခါ တင်ပါးဆုံ ပါသွားအောင် လှမ်းပေးလျှင် ခါးကလေးခွက် သွားသည်ကို သိရှိကြပြီး ထို အတိုင်း လမ်းလျှောက် ကြရာဝယ် ရှုမြင်ရသူ များအဖို့ မျက်စိ ပသာဒ ရှိလှသော်လည်း ကာယကံရှင် အဖို့ အိမ်ရောက်လျှင် ညည်းတွား နေရမည်ပင်။

လူလတ်ပိုင်း အရွယ် အမျိုးသမီးများ ၏ခါးမှာ လှုပ်ရှား နိုင်စွမ်း ပို၍ နည်းပါးသည် ဖြစ်လေရာ ဒေါက်မြင့်ဖိနပ် ကြောင့်ဖြစ်သော ထိဆောင့်အား ကို ခါးနှင့် ဝမ်းဗိုက်ပိုင်း တို့က ခုခံမပေး နိုင်ဘဲ ကျောရိုးသို့ တိုက်ရိုက် ရောက်ရှိ သည့်အတွက် ဒေါက်မြင့်ဖိနပ် စီးနေစဉ် ဖြစ်စေ၊ ဖိနပ်ပါးစီး ထားလျှင် ဖြစ်စေ၊ ကျောရိုး နာကျင် နေမည်ဖြစ်ပြီး အခန့်မသင့် လျှင် အာရုံကြော ညှပ်ကာ မူးဝေခြင်း၊ သွေးတက်ခြင်း၊ မျက်စိ အမြင် မကြည်လင်ခြင်း တို့ကို ဖြစ်စေ နိုင်သည်။

ထိခိုက်မှုကို လျှော့ချရန်

ဒေါက်မြင့်ဖိနပ် စီးရသည့် အရသာကို သိရှိ သွားလျှင် ခန္ဓာကိုယ်၏ ဒဏ်ကို ဂရုမပြုဘဲ ဆက်စီး ကြမည်သာ။ ထို့ကြောင့် ဒေါက်မြင့်ဖိနပ် စီးခြင်းကို တားမြစ်ခြင်းငှာ မစွမ်းသာသည့် အတွက် ဆောင်ရန်၊ ရှောင်ရန်များ ကို ဖော်ပြပါမည်။

၅ စင်တီမီတာ ထက် မပိုသော ဒေါက်မြင့်ဖိနပ် ကိုပင် သိုင်းကြိုး ပါမှစီးပါ။ ဖြစ်နိုင်လျှင် ဖိနပ်အပါး တစ်ရန် ဆောင်ထားပါ။ ရုံး၊ အိမ်စသည့် နေရာများ သို့ရောက်ရှိပြီး သင် အထွေအထူး ဆွဲဆောင် ရမည့်သူများ မရှိလျှင် ဖိနပ်အပါး လဲလှယ် စီးပေးပါ။ ဒေါက်အရွယ် သေးသွယ်လျှင် ရှောင်ကြဉ်ပါ။ ဒေါက် အရွယ်အစား သည် သင့် ခြေဖနောင့် အရွယ်အစား၏ ထက်ဝက်ခန့် ရှိသော ဒေါက်မြင့်ဖိနပ် ကိုစီးပါ။ ဒေါက်မြင့်ဖိနပ် စီးလျက် မပြေးပါနှင့်။ အဆင်ပြေလျှင် ခြေဖဝါးနှင့် ဒေါက်မြင့် ဖိနပ်ကြား ရှူးဖိနပ်များ တွင် ပါလေ့ ရှိသည့် အလွှာပါး လေးကို ခံစီးပါ။ နေ့စဉ် ခြေသလုံး ကြွက်သား ဖြေလျှော့သည့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

ဒေါက်မြင့်ဖိနပ် စီးလိုက်တာနဲ့ သင့်အသွင်ဟာ ပြောင်းလဲသွား ပါတယ်။ ဒီစကားဟာ နှစ်ဖက်လုံး မှန်တယ် ဆိုတာကို ဂရုပြု စေချင် ပါတယ်။

Monday, January 6, 2014

သင့်ကျန်းမာရေး


သင့်ကျန်းမာရေး
( ကျန်းမာရေး ပညာပေးခြင်း )

အခုအချိန်ဟာ လူထု ဆက်သွယ်ရေး မီဒီယာ များကို ကျယ်ပြန့်စွာ အသုံးချ လာနိုင်တဲ့ အကျိုးဆက် အနေနဲ့ ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများ ဖြင့် ကူးစက်ရောဂါ ကာကွယ်မှု အသိ ပညာပေးခြင်း လုပ်ငန်းများ ကိုလည်း  ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် လာနိုင်တာ တွေ့ရတယ်။

လူသားတိုင်း ဟာ မိမိတို့ရဲ့ ကျန်းမာရေး နဲ့ မိမိ မိသားစု ကျန်းမာရေးကို ဂရုစိုက်ကြ သလို ဘဝတူ လူသား အားလုံး ကလည်း မိမိတို့ ကျန်းမာရေး ကို ဂရုစိုက်ဖို့ တာဝန် ရှိတယ်။ ၁၉၈ဝ ပြည့်နှစ် လောက်ဆီက အေ့စ်ခေါ် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဟာ ကြောက်ခမန်း လိလိ ပျံ့နှံ့ ခဲ့လို့ လူသားများ အဖို့ အတော်ကြီးကို တုန်လှုပ် ခဲ့ကြတယ်။ လူအချင်းချင်း ကူးစက်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ မသန့်ရှင်းတဲ့ သွေးသွင်း မိခြင်း ၊ မသန့်တဲ့ ဆေးထိုးအပ် သုံးမိခြင်း ၊ မသန့်တဲ့ ခေါင်းရိတ်ဓား ၊ သွားပွတ်တံ ၊ လက်သည်းညှပ် စသည်တို့ ကနေ ကူးစက်ခံရခြင်း ၊ ရောဂါရှိသူနဲ့ လိင်တူ လိင်ကွဲ ဆက်ဆံမိခြင်း ၊ ရောဂါရှိတဲ့ မိခင်ထံမှ သန္ဓေသား သို့ ကူးစက်ခြင်း နည်းလမ်းများ နဲ့ ကူးစက် တတ်တယ် ဆိုတာကို သိလာကြပြီး မကူး စက်နိုင်အောင် ဆင်ခြင် နေထိုင်ခြင်း ၊ အေအာတီ ပေးခြင်း ၊ အေအိုင်ကလိုဗာ ပေးခြင်းဖြင့် အသက်ဆက် ရှင်သန် လာနိုင်ကြောင်း သိလာတဲ့ အခါမှာ ယခင် ကလောက် မကြောက်ရွံ့ ကြတော့ဘဲ လူသား အချင်းချင်း သာမန် အနေအထား အတိုင်း ဆက်ဆံ လာနိုင် ကြတယ်။ ဒါဟာ ကျန်းမာရေး အသိပညာ ပေးခြင်းက ရတဲ့ အကျိုး ကျေးဇူးကြောင့် ဖြစ်တယ်။

ခုခံအား ကျဆင်းမှု ကူးစက် ရောဂါလို ဆားစ်ရောဂါ ၊ ကြက်ငှက် တုပ်ကွေးရောဂါ ၊ ၀က်တုပ်ကွေး ရောဂါ စတဲ့ ကူးစက်ရောဂါ တွေကြောင့်လည်း ကြိုတင် ကာကွယ်နည်းနဲ့ ရောဂါ ထိန်းချုပ်ခြင်း သိရှိလာပြီး တဲ့နောက် လူ ၊ တိရစ္ဆာန် တို့ရဲ့ ဇီဝ လုံခြုံမှုရရှိကာ သေကျေ ပျက်စီးမှု လျော့နည်း ခဲ့သလို ရောဂါ ကုသဆေး ဖြစ်တဲ့ တော်မီဖလူ စားဆေးကို ပိုမို အဆင့်မြှင့် ထုတ်လုပ် လာနိုင် ခဲ့တယ်။ ဒီလိုပဲ ကလေးငယ်များ ၊ ကလေးဘ၀ ကာကွယ်ဆေး များ ထိုးနှံရေး လှုံ့ဆော်မှု ကြောင့် အသက် နှစ်လသား ၊ လေးလသား နဲ့ ခြောက်လသား အရွယ်မှာ ဆေးငါးမျိုးပါ ကာကွယ်ဆေး (ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ ဦးနှောက် အမြှေးရောင် ၊ အသည်းရောင်ဘီ ) ဆေးများကို ထိုးနှံ စေသလို ပိုလီယို အစက်ချ ဆေးတိုက် ကျွေးခြင်း ၊ အဆုတ်ရောဂါ ကာကွယ်ဆေး ( ဘီစီဂျီ နဲ့ ၀က်သက် ကာကွယ်ဆေး တို့ပါ ထိုးနှံပေး ခြင်းဖြင့် မွေးကင်းစ ကလေး သေဆုံးနှုန်း ကိုလည်း လျော့ကျ စေခဲ့တယ်။

အရက်သေစာေ သာက်စားမှုနဲ့ မူးယစ်ဆေးဝါး ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် အဓိက ထိုးနှက်ချက် ဖြစ်နေတယ်။ မည်သူမဆို အရက်ရဲ့ ဆိုးကျိုး ၊ ဆေးလိပ်ရဲ့ ဆိုးကျိုး ၊ မူးယစ်ဆေးဝါး ရဲ့ဆိုးကျိုးတွေကို သိနေပေမဲ့ တဒင်္ဂ ဖြေလျှော့ခြင်း ၊ မကောင်းမှန်း သိလျက်နဲ့ စွဲလမ်းခြင်း ၊ အလုပ်လုပ် ရမယ့် အချိန်မှာ အရက် ၊ မူးယစ်ဆေးဝါး ရလိုမှု အတွက် ဖြစ်ရသော ရာဇဝတ်မှု ၊ လူသတ်မှု တို့ကို အချိန်မီ ကျန်းမာရေး ပညာပေး နိုင်ခြင်း ၊ ဥပဒေအရ ထိရောက်စွာ နှိမ်နင်းခြင်း တို့ပြုလုပ်တဲ့ အခါမှာ ပြစ်မှု လျော့နည်း လာတယ်။

ကျန်းမာရေး ပညာပေးခြင်းမှာ တရားဟောဖို့ ကိုယ်စား ဆောင်ရွက် ပေးတာ မဟုတ်ပါ။ လူရယ်လို့ ဖြစ်လာရင် ကိုယ်တိုင် အမှားအမှန်နဲ့ အကောင်း အဆိုးကို ခွဲခြား ဆင်ခြင်ပြီး ဆုံးဖြတ်ချက် ချနိုင်အောင် အသိ ပညာပေးဖို့ ဖြစ်တယ်။ ထိရောက်တဲ့ လူထု ဆက်သွယ်ရေး မီဒီယာမှာ ပညာပေး လှုံ့ဆော်မှုကြောင့် ကျန်းမာရေး လုပ်ငန်းများ ထူးထူးခြားခြား အောင်မြင်မှု များ ရရှိလာတယ်။ သာဓက ပြောရရင် ဆေးကျောင်းပြီး နောက်ဆုံးနှစ်မှ ထိရောက်တဲ့ မီဒီယာသုံးပြီး ကလေးများ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း ဆောင်ရွက်နိုင်မှု အစီအစဉ်များ ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို တိုးတက် အောင်မြင် လာတာဖြစ် ပါတယ်။ ။

ဒေါက်တာ လွင့်သန့် (ဆေး-၂)

Monday, December 2, 2013

အက်စပရင်ဆေးသည် စိတ်ဖောက်ပြန်မှု နှင့် ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများ တွေ့ရှိ


လန်ဒန် ၊ ၂-၁၂-၂၀၁၃

အကိုက်အခဲ ပျောက်ဆေး တစ်မျိုးဖြစ်သည့် အက်စပရင် ဆေးသည် စိတ်ဖောက်ပြန် မှုနှင့် ကင်ဆာရောဂါ ကို ကာကွယ် ပေးနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

အက်စပရင်ဆေး သည် နှလုံးရောဂါ နှင့် လေသင်တုန်းဖြတ် ခြင်းတို့ကို ကာကွယ် ပေးနိုင်ကြောင်း သုတေသီများက ယခင်က လေ့လာ တွေ့ရှိပြီး ဖြစ်သော်လည်း အသက် ၇ဝ အရွယ်ရှိ လူပေါင်း ၁၅ဝဝဝ ကျော် ပါဝင်သည့် လူနာများကို လေ့လာခဲ့ပြီး နောက်ပိုင်းတွင် ယင်းဆေးသည် သက်ကြီးရွယ်အို များတွင် စိတ်ဝေဒနာ နှင့် အချို့ ကင်ဆာရောဂါ များကို ကာကွယ် နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆေး သည် ဆေးဆိုင်များ တွင်ဆရာဝန်၏ ထောက်ခံချက် မလိုဘဲ အလွယ်တကူ ဖြင့်ဝယ်ယူနိုင် သောကြောင့် နှလုံးရောဂါ နှင့် လေသင်တုန်းဖြတ်ခြင်း ကို ကာကွယ် လိုသည့် သန်းပေါင်း များစွာသော လူများအတွက် အလွယ်တကူ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ တက်စ်မေးနီးယား ကျွန်းရှိ ဟိုဘာ့တ်မင်ဇီး သုတေသန ဌာနမှ ပါမောက္ခ တစ်ဦးဖြစ်သူ မာ့ခ်နယ်ဆင် က ပြောကြား ထားသည်။

အက်စပရင်ဆေးသည် သွေးကြော ပိတ်ခြင်းကို ကာကွယ်ရာတွင် ထိရောက်မှုရှိပြီး လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို ၂၃ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်ကြောင်း သိပ္ပံ ပညာရှင် များ၏ ပြောကြားချက် အရ သိရသည်။ အလားတူ အဆိုပါ ဆေးဝါးသည် အထူးသဖြင့် အူမကင်ဆာ ကို တိုက်ဖျက်ရာ၌ အထောက်အကူ ပြုကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီး ယင်းဆေးဝါး နှင့် စပ်လျဉ်း၍ လေ့လာမှု များကို လာမည့် နွေရာသီ၌ ပြုလုပ် သွားမည် ဖြစ်ကာ တွေ့ရှိချက် များကို ၂ဝ၁၈ ခုနှစ်တွင် ထုတ်ဖော် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ၄င်းတို့၏ လေ့လာ တွေ့ရှိမှုကို Contem Porary Clinical Trial ဂျာနယ်တွင် လည်း ဖော်ပြခဲ့ကြောင်း သိရှိရသည်။


Sunday, November 10, 2013

စိတ်ဖိစီးမှုကြောင့် အပူကန်သော ရောဂါဝေဒနာ များလည်း ဖြစ်စေနိုင်


မန္တလေး ၊ ၁၀-၁၁-၂၀၁၃

စိတ်ဖိစီးမှု များလာလျှင် ဆောင်းရာသီ တွင် ဖြစ်ပွားလေ့ ရှိသော အပူကန်ရောဂါ ပုံသဏ္ဌာန် ဝေဒနာများလည်း ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး ဌာနမှ ဆရာဝန် တစ်ဦး ၏ ပြောပြချက်အရ သိရသည်။

စိတ်ဖိစီးမှု များကြောင့် ခံတွင်းဆိုင်ရာ ဝေဒနာများ ဖြစ်ပွားနိုင်ပြီး ၄င်းတို့မှာ အပူကန်သော အခါဖြစ်လေ့ ရှိသော ဝေဒနာများ နှင့် ဆင်တူကြောင်း သိရသည်။ ခံတွင်းထဲတွင် အပူဖုများ ထွက်လာပြီး အဆိုပါ အဖုလေးများ ပေါက်ပြဲပြီး ခံတွင်း တစ်ခုလုံး နာကျင်ခြင်း ကို ခံစားရကြောင်း သိရသည်။ အချို့မှာ အစာစား ရန်ပင် နာကျင်လေ့ ရှိသည် ဟု သိရသည်။

'' ကျွန်မဆိုရင် လျှာမှာ ၊ နှုတ်ခမ်းမှာ ၊ အာခေါင်မှာ အပူဖု ပေါက်လေ့ ရှိပါတယ် ၊ တစ်ခါတလေ ၁ဝ ရက်လောက် အထိ နာကျင်တယ် ၊ ရေသောက်ရင် တောင်စပ်ပြီး နာတယ်။ စိတ်ရှုပ်တာ တွေ သိပ်များ လာရင် အပူကန် တော့တာပဲ .. .. '' ဟု ဝေဒနာ ခံစားရသူ မလွင်လွင် ကပြောသည်။

အများစုက အပူဖု ထွက်လျှင် ၀မ်းနှုတ်ဆေး သောက်ခြင်း ၊ ကီးမို့စ် ၊ ဘားပါ့လက် ၊ စီဗစ် အစရှိသော ဆေးဝါးများ သောက်သုံး လေ့ရှိကြပြီး ဝေဒနာ ပြင်းထန်ပါက ဆေးခန်း သွားရောက် ကုသရကြောင်း သိရသည်။

" စိတ်ဖိစီးမှု နဲ့အတူ ခြေထောက် အေးရင် ၊ အိပ်ရေးပျက် ရင်လည်း ဒီလို အနာလေးတွေ ဖြစ်တတ် ပါတယ် ၊ ဒီလိုရောဂါ မဖြစ်အောင်တော့ ဆင်ခြင် နေထိုင် ရပါတယ် ၊ သိပ်မစိုးရိမ် ရပေမယ့် ဝေဒနာရှင် တွေဟာ ရေနဲ့ထိရင် တောင် နာကျင် တတ်ပါတယ် .. .. " ဟု ဒေါက်တာ အောင်အောင် က ပြောပြသည်။


အချို့သော ဝေဒနာရှင် များမှာ မိမိကိုယ်တိုင် မဆန်းစစ် နိုင်သော အသက်အရွယ် ငယ်စဉ်ကပင် အပူနာ လေးများ ဖြစ်ပွားလေ့ ရှိကြောင်း သိရှိရသည်။

Thursday, September 26, 2013

စင်ကာပူနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူနေသော အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အောက်တိုဘာလဆန်း ပိုင်းတွင် ပြန်ရောက်မည်


ရန်ကုန် ၊ ၂၆-၉-၂၀၁၃

စင်ကာပူ နိုင်ငံတွင် ခွဲစိတ် ကုသမှုခံ ယူနေသော အရပ်(၇)ပေ (၁ဝ) လက်မရှိ လူထူးဆန်း ကိုဝင်းဇော်ဦး သည် အောက်တိုဘာ လဆန်းပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း အကူအညီ စောင့်ရှောက်မှု လုပ်ဆောင် နေသော အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း က ပြောကြား ခဲ့သည်။

ကိုဝင်းဇော်ဦး သည် သာမန်ထက် ထူးခြားသော အသွင် ရှိနေသည့် အတွက် ၄င်း၏ သတင်းများ ထွက်ပေါ်ချိန် ၌ ကမ္ဘာ တစ်ဝန်းလုံးမှ စိတ်ဝင် တစား ရှိခဲ့ကြောင်း ကိုဝင်းဇော်ဦး တွင် ယင်းကဲ့သို့ ဖြစ်နေ ရခြင်းသည် Pituitary Gland ကြောင့် Growth များအထွက် လွန်၍ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွား လာသည့် ရောဂါ ( Acromegaly ) ဟု ဆေးပညာအရ ခန့်မှန်း သတ်မှတ်ပြီး ဝေဒနာ ခံစားနေရသူ တစ်ဦး ဖြစ်ကြောင်း ၊ ယင်းအတွက် စင်ကာပူ နိုင်ငံသို့ ဆေးကုသမှု ခံယူရန် သြဂုတ်လ ၁၄ ရက်က သွားရောက် ခဲ့ကြောင်း သိရသည်။

'' ခွဲစိတ် ကုသမှု ရလဒ် ကောင်းတယ် ၊ လောလောဆယ် ခရီးကြမ်း သွားတာတွေ ၊ လှုပ်လှုပ်ရှားရှား လုပ်လို့ မရသေးတာ အတွက်ပါ ၊ မြန်မာပြည် ပြန်ရောက်ရင် လည်းသူ့အတွက် ကူညီမှုတွေ ပေးဦးမှာပါ ... '' ဟု ၄င်းက ပြောကြားခဲ့သည်။


ကိုဝင်းဇော်ဦး အား ခွဲစိတ် ကုသမှု အတွက် ကုန်ကျစရိတ် များကို အသည်း အထူးက ဆရာဝန်ကြီး ဦးခင်မောင်ဝင်း အပါအဝင် ကျန် စေတနာရှင် များ ဖြစ်သော ဦးဇော်ဇော်မှ ကျပ်သိန်း ၁ဝဝ ၊ KBZ ဘဏ်မှလည်း ထောက်ပံ့ကူညီ ခဲ့ကြောင်း ၊ ဆေးကုသမှု ခံယူပြီးပါက အလုပ်လုပ်ရန် အခက်အခဲများ ရှိသောကြောင့် ရာသက်ပန် လစဉ် ထောက်ပံ့မှုများ စီစဉ် ထားရှိကြောင်း သိရှိရသည်။

Wednesday, September 25, 2013

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်၌ ကူးစက်တတ်ခြင်း မရှိသည့် ရောဂါများကြောင့် သေဆုံးမှု ပိုများလာ


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

ကူးစက်တတ်ခြင်း မရှိသည့် ရောဂါ များကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်တွင် သေဆုံးမှု ပိုမိုများပြား လာကြောင်း သိရသည်။

တစ်ကမ္ဘာလုံး နှင့် နှိုင်းယှဉ်လျှင် နှစ်စဉ် သေဆုံးနေတဲ့ လူဦးရေ ၆၃ သန်းအနက် လူဦးရေ ၃၆ သန်းခန့်က ယင်း နာတာရှည် ရောဂါကြောင့် သေဆုံး နေရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၃၆ သန်းအနက် ၉ ဒသမ ၁ သန်းသည် အရွယ် မတိုင်မီ ကွယ်လွန် ကြသူများနှင့် အသက် ၆ဝ မတိုင်မီ သေဆုံးသူ ပေါင်း ၂၅ ရာခိုင်နှုန်း မျှရှိပြီး ယင်း သေဆုံးသူများ ထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ ဝင်ငွေ နိမ့်ကျသော ၊ ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများ မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူးစက်တတ်ခြင်း မရှိသည့် ( Non Communicable Diseases NCDs ) ရောဂါများ သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပိုမို အဖြစ်များကာ ဖြစ်ပွားနှုန်း နှင့် သေဆုံးနှုန်းမှာ ကူးစက် ရောဂါများ ကဲ့သို့ ကာကွယ် တားဆီး၍ မရကြောင်း ၄င်းက ရှင်းပြသည်။ ယင်း NCDs တွင် အဓိက ရောဂါ လေးမျိုး နှင့် အခြားရောဂါ ခုနစ်မျိုးတို့ ပါဝင်သည်။ အဓိကရောဂါ လေးမျိုးမှာ ကင်ဆာရောဂါ ၊ နာတာရှည် အဆုတ် နှင့် အသက်ရှူ လမ်းကြောင်း ရောဂါ ၊ နှလုံး သွေးတိုးရောဂါ နှင့် ဆီးချို သွေးချို ရောဂါတို့ ဖြစ်ပြီး အခြားရောဂါ ခုနစ်မျိုးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ နားလေးခြင်း ၊ မြွေကိုက်ခြင်း ၊ စိတ်ရောဂါ ၊ မျက်မမြင် ရောဂါ ၊ သက်ကြီးရွယ်အို ရောဂါနှင့် ဆေးလိပ် သောက်ခြင်းနှင့် မူးယစ် ဆေးဝါး သုံးစွဲခြင်း တို့ဖြစ်သည်။

NCDs ရောဂါဖြစ်ပွား ရသည့် အဓိက အန္တရာယ် အမူအကျင့် များမှာ
(၁) ဆေးလိပ်သောက် ၊ ဆေးရွက်ကြီးငုံ ၊ ကွမ်းစားခြင်း၊
(၂) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားခြင်း၊
(၃) ကိုယ်ကာယ လေ့ကျင့်ခန်း လှုပ်ရှားမှု နည်းခြင်း၊
(၄) အရက်အလွန် အကျွံ သောက်ခြင်းတို့ဖြစ်သည်။


NCDs ရောဂါများ မဖြစ်ပွားစေရန် နေ့စဉ် အစားအသောက်များ စားသုံး ရာတွင် သရက်သီးမှည့် ၊ သင်္ဘောသီးမှည့် စသည့် အဝါရောင် သစ်သီးများ ၊ ဒန့်ဒလွန်ရွက် ၊ ကန်စွန်းရွက် စသည့် အစိမ်းရောင် ဟင်းရွက်များ ၊ ရွှေဝါ ကန်စွန်းဥ ၊ မုန်လာဥနီ စသော အဝါရောင် သစ်ဥသစ်ဖု များကို ရွေးချယ်စား သုံးသင့်ပြီး အဆီမျိုးစုံကို ဆင်ခြင် စားသောက်သင့် ကြောင်း သိရှိရသည်။

Tuesday, July 30, 2013

ရက်သတ္တသုံးပတ် ဆက်တိုက် ချောင်းဆိုးပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း သံသယရှိနိုင်၍ စစ်ဆေးမှုခံယူသင့်


၃၀-၇-၂၀၁၃

ရက်သတ္တ သုံးပတ်ထက် ကျော်၍ ချောင်းဆိုးနေသူ တစ်ဦး အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ စစ်ဆေး ကုသမှု ခံယူသင့်ကြောင်း အဆုတ် ကင်ဆာ ရောဂါ တိုက်ဖျက်ရေး အစီအစဉ် တစ်ခုက ထုတ်ပြန် ကြေညာသည်။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု ဖြစ်စဉ် ၃၈၀၀၀ အသစ်တစ်ဖန် နှစ်စဉ် ဖြစ်ပွားလျက် ရှိရာ ဖြစ်စဉ် ၇ ခုလျှင် တစ်ခုသာ စောစီးစွာ စစ်ဆေး စမ်းသပ် ကုသမှု ထိရောက်စွာ ခံယူကြောင်း သိရသည်။

အဆိုပါ စစ်ဆေး စမ်းသပ်မှု များတွင် ခွဲစိတ် ကုသမှု ၊ ရေဒီယို ဓာတ်ရောင်ခြည် ဖြင့် စမ်းသပ်မှုနှင့် ဓာတ်ကင်မှုများ ပါဝင်ကြောင်း သိရသည်။ အခြား ကင်ဆာ ဖြစ်ပွားမှု ပုံသဏ္ဍာန် အမျိုးမျိုးမှ အသက်ရှင် ကျန်ရစ်မှု နှုန်းမှာ လွန်ခဲ့သည့် နှစ်သုံးဆယ် ကာလအတွင်း သိသိသာသာ မြင့်တက် ခဲ့သော်လည်း အဆုတ်ကင်ဆာ ဖြင့် အသက်ရှင် ကျန်ရစ်မှု နှုန်းမှာ တစ်သမတ် လည်း ဖြစ်လျက် ရှိသည်။


ကင်ဆာရောဂါ ကြောင့် ကုသမှု ခံယူသူ ပျမ်းမျှ လူနာ တစ်ဦးသည် ၅ လ အချိန်ကာလ သာ အသက်ရှင် နေနိုင်ကြောင်း သိရသည်။ ၄င်းမှာ အင်္ဂလန် နိုင်ငံတွင် ကြောက်မက်ဖွယ် အကောင်းဆုံး သေဆုံးမှု ဖြစ်ပြီး ကင်ဆာရောဂါ ကြောင့် တစ်နှစ်လျှင် လူ ၂၈၀၀၀ ခန့် သေဆုံး နေသည်ဟု သိရသည်။ နှစ်စဉ် အသစ်တစ်ဖန် ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ် ၃၈၀၀၀ ကျော် ရှိသော်လည်း ရောဂါ ဖြစ်ပွားစ အစောပိုင်းတွင် ဆေးကုသမှု ခံယူသူ ၁၅ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။

ကျော်ဇင်ထွဋ်

( ၂၀၁၃ ခုနှစ် သြဂုတ်လထုတ် မြ၀တီရသစုံ မဂ္ဂဇင်း ပါ ကျန်းမာရေးရာ သတင်းပဒေသာ ကဏ္ဍ )
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger