www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ချေးငွေဆိုင်ရာ. Show all posts
Showing posts with label ချေးငွေဆိုင်ရာ. Show all posts

Monday, January 14, 2019

အသေးစား အရင်းအနှီး CHINA EXIM BANK ချေးငွေများ ကျေးရွာအရောက် ထုတ်ပေး

အသေးစား အရင်းအနှီး China Exim Bank ချေးငွေများ ကျေးရွာအရောက် ထုတ်ပေး
-
မြိတ်  ဇန်နဝါရီ   ၁၃ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု သဘွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် သမဝါယမ ဦးစီးဌာနက မဏိမေခလာ လယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းဝင်များသို့ အသေးစားအရင်းအနှီး China Exim Bank ချေးငွေများ ကျေးရွာအရောက် ထုတ်ချေးပေးခြင်း အခမ်းအနား ကျင်းပသည်။ 
-
ရှေးဦးစွာ မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက အမှာစကား ပြောကြားပြီး China Exim Bank အသေးစားအရင်းအနှီး ချေးငွေများနှင့် ပတ်သက်၍   သမဝါယမအသင်းစု၊ အသင်းဝင်၊ အသင်းသားများ၏ လယ်ယာနှင့်   အထွေထွေလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။ 
-
ဆက်လက်၍ မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက သဘွတ်ကျေးရွာအုပ်စုရှိ သမဝါယမ အသင်းဝင်များအနေဖြင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်အခက်အခဲများ ရှိပါက တင်ပြလျှောက်ထားနိုင်ပြီး လိုအပ်သော အကြံဉာဏ်များနှင့် ကူညီပံ့ပိုးမှုများကိုပါ  ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် တာဝန်ရှိသူများက သဘွတ်ကျေးရွာအုပ်စု အတွင်းရှိ မဏိမေခလာလယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အသင်းဝင် အသင်းသူ၊ အသင်းသားများအား China Exim Bank အသေးစား အရင်းအနှီး  ချေးငွေများကို တစ်ဦးချင်းစီ ထုတ်ချေး ပေးကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, June 26, 2018

ချေးငွေထုတ်ချေး လိုသည့် ဆီစက်ပိုင်ရှင်များကို ထောက်ခံချက်သာ ထုတ်ပေးတော့မည်



မန္တလေး ၂၆-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် ချေးငွေရယူလိုသည့် ဆီစက်ပိုင်ရှင်များကို ထောက်ခံချက်သာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းသို့ Project Loan ချေးငွေ ၂၅ ဘီလီယံထုတ်ချေးရန် ခွင့်ပြုထားပြီး အဆိုပါချေးငွေမှ ပြည်တွင်း ဆီစက်များ အဆင့်မြှင့်တင်ရန်အတွက် ခုနစ်ဘီလီယံ ချေးပေးရန် လျာထားသတ်မှတ် ထားသည့်အတွက် ချေးငွေရယူလိုသည့် ဆီစက်များကို မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှစုစည်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ SMEs ချေးငွေ လျှောက်ထားပေးရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

သို့သော် ချေးငွေရယူလိုသည့် ဆီစက်များကို အသင်းမှချေးငွေ မလျှောက်ထားပေးတော့ဘဲ မိမိအစီအစဉ်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ချေးငွေလျှောက်လိုသည့် လုပ်ငန်းရှင်ကို အသင်းဝင်ဖြစ်ကြောင်း ထောက်ခံချက်သာထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

"ဝန်ကြီး အပြောင်းအလဲ ဖြစ်သွားတယ်။ ပြီးတော့ ချေးငွေလျှောက်လိုတဲ့ လုပ်ငန်းရှင်တွေကို SME Member ကတ်တွေလဲ ထုတ်ပေးပြီးပြီ ဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ချေးကြဖို့ပဲ ကြေညာချက် ထုတ်လိုက်တယ်။ထုတ်ချေးမယ့် ပမာဏကများပြီး အသင်းသား တွေအာမ ခံပေးချင်တာက နည်းနေတာတွေလဲရှိတော့ ခုလိုအသင်းက တာဝန်ယူ မချေးပေးတော့ဘဲ အစီအစဉ်ပြောင်းလိုက်တာပါ။ အသင်းသားဖြစ်ကြောင်း ထောက်ခံချက်လောက်ပဲ ထုတ်ပေးတော့မယ်" ဟု အဆိုပါအသင်း ဗဟိုအလုပ် အမှုဆောင် (မန္တလေးခရိုင် ဆီစက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ) ဦးဆန်းထွန်းလွင်က ပြောပြသည်။

ဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် လျာထားသည့် ခုနစ်ဘီလီယံထဲမှ ချေးငွေရယူလိုသည့် ဆီစက်များကို လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်သိန်းသုံးထောင်ထိ ချေးပေးရန်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ ချေးငွေလျှောက်ထား သည့်ဆီစက် ငါးလုံးခန့်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆီစက်ပေါင်း အလုံးသုံးထောင်ခန့်ရှိပြီး လက်ရှိ လည်ပတ်နေသည့် ဆီစက်များမှာ အလုံးသုံးရာခန့်သာ ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

#Themyawadydaily

Wednesday, May 9, 2018

အစိုးရသစ်လက်ထက် SME လုပ်ငန်းများ၏ အခြေခံစားသောက်ကုန် လုပ်ငန်းများအတွက် နေပြည်တော်မှ တောင်သူ ၁၅ ဦးကို ချေးငွေများ စတင်ထုတ်ချေး



နေပြည်တော် ၉-၅-၂ဝ၁၈

ယခုအစိုးရသစ် လက်ထက်တွင် အသေးစားနှင့် အလတ်စား SME လုပ်ငန်းများ၏ အခြေခံစားသောက်ကုန် လုပ်ငန်းများအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ တောင်သူ ၁၅ဦးကို တစ်နှစ်လျှင် အတိုးနှုန်း ၁၃ရာခိုင်နှုန်းပြန်ဆပ်ကာလ ခြောက်လဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ယနေ့တွင်စတင် ထုတ်ချေး ပေးခဲ့သည်။

အဆိုပါ ချေးငွေများကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာမှ တောင်သူ ၁၅ ဦးကို စိုက်ပျိုးမြေ ၁၂ဒသမ ၃ဝ ဧကအတွက် ငွေကျပ် ၆၁၅ဝဝဝဝ ကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပြန်ဆပ်ကာလ ခြောက်လဖြင့် ထုတ်ချေး ပေးခြင်းဖြစ်ပြီး တစ်ဧက ငါးသိန်းနှုန်းဖြင့် အပေါင်ပစ္စည်းမဲ့ ထုတ်ချေးခြင်းဖြစ်ကာ ချေးငွေပြန်လည် ပေးဆပ်သည့် တောင်သူများ ကို ဒုတိယအကြိမ် ထုတ်ချေးပါက ယခုထက်ပိုမိုသော ချေးငွေပမာဏကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တွင် ယနေ့ပြုလုပ်သည့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် လျက်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်း ၁၅ ခုကို ချေးငွေလွှဲပြောင်း ပေးအပ်သည့် အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ချေးငွေတွေကို လုပ်ငန်းခွင်မှာ သုံးဖို့လိုပါတယ်။ဒီကမှ ပိုလျှံလာတဲ့ငွေကို တောင်သူတွေ အသုံးပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်ကို အများပြည်သူတွေ လာရောက်အပ်နှံကြတဲ့ အပ်ငွေတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကို ထုတ်မချေးဘဲနဲ့ အောက်ခြေမှာ တကယ်ကို လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထုတ်ချေးပေးထား တာဖြစ်တဲ့အတွက် မိဘပြည်သူတွေကလဲ တကယ်လိုအပ်တဲ့ နေရာမှာပဲ သုံးပြီးတော့ အချိန်မှန် အတွင်းပြန်ဆပ်ဖို့မျှော်လင့်ပါတယ်"ဟု အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က ပြောပြသည်။

လက်ရှိအစိုးရ သက်တမ်း နှစ်နှစ်တာ ကျော်လွန်သွားခဲ့ သော်လည်း ယခုကဲ့သို့ အပေါင်ပစ္စည်းမဲ့ ချေးငွေများ ထုတ်ချေးပေးနိုင်ခြင်း မရှိသေးကြောင်း၊ လုပ်ငန်းငယ်များကို အပေါင်ပစ္စည်းမဲ့ ထုတ်ချေးခြင်းမှာ ပထမဆုံးအကြိမ် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ချေးငွေများကို လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးပြုရန်လိုအပ်ပြီး ၎င်းမှပိုလျှံလာသည့် ငွေကိုသာ တောင်သူများအနေဖြင့် အသုံးပြုကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

#Themyawadydaily

Tuesday, January 9, 2018

အတိုးနည်း နှစ်လတ်ချေးငွေ ဖြည့်တင်းပေးမှုကြောင့် ယခုနှစ် မွေးမြူရေးကဏ္ဍ ပိုမိုတိုးတက်လာနိုင်



ရန်ကုန် ၉-၁-၂ဝ၁၈

မွေးမြူရေးကဏ္ဍအတွက် အတိုးနည်း နှစ်လတ်ချေးငွေဖြင့် အရင်းအနှီး ဖြည့်တင်းပေးမှုကြောင့် ယခုနှစ်အတွင်း မွေးမြူရေးကဏ္ဍမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။

''စီးပွားရေး လုပ်ငန်းဆိုတာက ရင်းနှီးမြှုပ်နှံမှုမရှိဘဲ အမြတ်ငွေဆိုတာ မျှော်မှန်းလို့မရပါဘူး။ ကဏ္ဍတိုင်းမှာ အဓိကက ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။ စီးပွားရေးအင်အား တိုးတက်မှုက ရင်းနှီး မြှုပ်နှံမှုအပေါ်မှာပဲ အခြေခံတယ်။ ဒီအပိုင်းမှာ အစိုးရအနေနဲ့ လက်တွေ့ အကောင်အထည် ဖော်တဲ့အနေနဲ့ ငွေကျပ် ၇ဝဝ ဘီလီယံကျော်ကို ချေးငွေအဖြစ် ထည့်လိုက်တဲ့အတွက် အဲဒီပမာဏ အတိုင်းအတာနဲ့ လျော်ညီတဲ့ ကုန်ထုတ်လုပ်မှု တစ်ခုဖြစ်ပေါ်လာပြီး ဒီအပေါ်မှာ အကျိုးအမြတ်တွေ ခံစားရမှာပါ''ဟု ဦးဝင်းကြိုင်ကပြောသည်။

မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း (SME) များအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ငွေကျပ် ၇ဝဝ ဘီလီယံခန့်ကို အတိုးနည်း နှစ်လတ် ချေးငွေ အဖြစ်ချေးပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 4, 2017

တရုတ်နိုင်ငံ EXIM Bank ပံ့ပိုးချေးငွေဖြင့် အခြေခံသမဝါယမအသင်း ၁၈၉ သင်းအား ငွေကျပ်သိန်းပေါင်း ၅ဝဝဝဝကျော် ထုတ်ချေး



စစ်ကိုင်း ၄-၇-၂၀၁၇

စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာနက တရုတ်နိုင်ငံ EXIM Bank မှ ပံ့ပိုးချေးငွေရယူပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမဝါယမအသင်း ၁၈၉သင်းအား ငွေကျပ်သိန်းပေါင်း ၅ဝဝဝဝ ကျော် ထုတ်ချေး ပေးခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက အခမ်းအနား ပြုလုပ်၍ အခြေခံသမဝါယမ အသင်းများအား ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လေးက ပြောပြသည်။

တရုတ်နိုင်ငံ EXIM Bank ၏ ပံ့ပိုးချေးငွေ ၂၇၂၂၅ ဒသမ ၆၉သိန်းနှင့် အခြေခံသမဝါယမ အသင်းများ၏ ထည့်သွင်းထားသော အစု၊စုဆောင်းငွေကျပ်သိန်း ၃ဝဝဝဝ ကျော် စုစုပေါင်း ငွေကျပ်သိန်း ၅ဝဝဝဝကျော်ကို စစ်ကိုင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမဝါယမ အသင်း ၁၈၉ သင်းမှ အသင်းသားဦးရေ ၃ဝဝဝဝ ကျော်အား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အခြေခံသမဝါယမ အသင်းများကို ခြောက်လတစ်ကြိမ် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးပေးသည့် ပုံစံစနစ်မှာ နှစ်စဉ် ဇန်နဝါရီလ ပထမအပတ်နှင့် ဇူလိုင်လ ပထမအပတ်ထဲများ၌ ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေး ငွေအတိုးနှုန်း အနေဖြင့်ငွေကျပ် ၁ဝဝလျှင် တစ်လ ၁ ကျပ်ပြား ၅ဝ အတိုးယူကြောင်း၊ အခြေခံသမဝါယမ အသင်းများ၏ စုဆောင်းငွေများပေါ်မူ ငွေကျပ်၁ဝဝလျှင် တစ်လတစ်ကျပ်နှုန်း အတိုး ပြန်ပေးကြောင်း၊ ချေးငွေများပြန်လည် ကောက်ခံရာတွင် သတ်မှတ်ရက်အတွင်း အပြေအကြေ ပြန်လည်ပေးသွင်း နိုင်သောအခြေခံ သမဝါမယအသင်း များကိုဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ပြုချီးမြင့်ပွဲများ ပြုလုပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း စစ်ကိုင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

Wednesday, June 7, 2017

အသေးစားအလတ်စားလုပ်ငန်းချေးငွေ တစ်နှစ်အတွင်း လုပ်ငန်းရှင်ခြောက်ဦးသာရရှိသေး



မန္တလေး ၇-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီးတွင် အသေးစားအလတ်စား လုပ်ငန်းများကို ထုတ်ချေးပေးနေသည့် Credit Guarantee Insurance (CGI) စနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ချေးငွေရရှိသည့် လုပ်ငန်းရှင်မှာ တစ်နှစ်ခန့်အတွင်း ခြောက်ဦးသာရရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

CGI ချေးငွေစနစ်ကို ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် ဇူလိုင်လမှ စတင်၍ CB ဘဏ်၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် အသေးစားအလတ်စား လုပ်ငန်းများ တိုးတက်ရေးဌာန တို့ပူးပေါင်း၍ ချေးငွေထုတ်ချေးပေး လျက်ရှိပြီး၂ဝ၁၇ခုနှစ် ဇူလိုင်လ၆ရက်ထိ CGI စနစ်ချေးငွေရှိရန် ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင် ဦးရေ ၁ဝဝ ကျော်ရှိရာ လုပ်ငန်းရှင် ၅၃ဦးကို SME Member အဖြစ် ထောက်ခံချက် ပေးထား၍ ချေးငွေကို လုပ်ငန်းရှင် ခြောက်ဦးအား ထုတ်ပေးထားကြောင်း သိရသည်။

Credit Guarantee Insurance (CGI) (အပေါင်ပစ္စည်းပါ ချေးငွေနှင့် အပေါင်ပစ္စည်းမဲ့ချေးငွေ) စနစ်များတွင် ချေးငွေပမာဏ နည်းပါးခြင်း၊ ချေးငွေရရှိရန်အဆင့်များ များလွန်းခြင်း၊ SME Member Card နှင့် မိရိုးဖလာလုပ်ငန်းများ များပြားနေခြင်း စသည့်အခက်အခဲများ ဖြစ်နေကြောင်း SME Working ကော်မတီဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

''CGI မှာက ချေးငွေပမာဏလဲ နည်းတယ်။ ဘဏ်ဘက်က အပေါင်ပစ္စည်း တောင်းတာလဲ ရှိသေးတယ်။ Business Plan တင်ပြရာမှာ ဒီကလုပ်ငန်းတွေက မိရိုးဖလာတွေများတော့ အခက်အခဲပြဿနာတွေ ရှိနေပါသေးတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။

လက်ရှိထုတ်ချေး ပေးနေသည့် Credit Guarantee Insurance (CGI) စနစ် အပေါင်ပစ္စည်းမဲ့ ချေးငွေမှာ အမြင့်ဆုံးငွေကျပ်သိန်း ၂ဝဝထိချေးပေးနေပြီး SME Two Step Loan ချေးငွေမှာ အပေါင် ပစ္စည်းလိုအပ်၍ အများဆုံး ချေးငွေကျပ် သန်းပေါင်း ၅ဝဝထိ ထုတ်ချေးပေးမည်ဖြစ်ကာ အတိုးနှုန်းမှာ ၈ ဒသမ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Monday, May 22, 2017

အများပြည်သူနှင့် ဝန်ထမ်းများ တန်ဖိုးမျှတအိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ချေးငွေကာလကို နှစ်၂ဝမှ နှစ်၃ဝထိ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်နေ



ရန်ကုန် ၂၂-၅-၂၀၁၇

အများပြည်သူ အိုးပိုင်အိမ်ပိုင် ဖြစ်လာစေရေး အတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် ဝန်ထမ်းအိမ်ရာများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးနေသော်လည်း အများပြည်သူများ ဝန်ထမ်းများ အနေဖြင့် ငွေကြေး အခက်အခဲများ ဖြစ်နေဆဲဖြစ်၍ ချေးငွေကာလကို နှစ်၂ဝမှ နှစ်၃ဝထိ တိုးမြှင့်ဆောင်ရွက် ပေးရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏သတင်းများအရ သိရသည်။

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာလို အပ်ချက်များကို အစိုးရ အဆက်ဆက်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ဆောင်ရွက်ပေးခဲ့မှု များအရ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနက ၁၉၅၁ခုနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထိ ရန်ကုန်တိုင်း ဒေသကြီးတွင် အခန်းအရေအတွက် စုစုပေါင်း ၁၁၆၄၈၆ ရှိသည့်အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် အများပြည်သူ အတွက် အိမ်ရာလိုအပ်ချက် များကိုဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးအတွက် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဖြည့်ဆည်း ဆောင်ရွက်ပေးနေ သော်လည်း ရရှိနိုင်သည့် မြေအရင်းအမြစ်၊ ဘဏ္ဍာရေး အရင်းအမြစ်နှင့် အများပြည်သူနှင့် ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၏ ဝယ်ယူနိုင်စွမ်း စသည့် အကန့်အသတ် အခက်အခဲများ ရှိနေဆဲဖြစ် သောကြောင့် ချေးငွေကာလကို တိုးမြှင့်သတ်မှတ်ပေးရန် ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, May 4, 2017

မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် လက်ရှိချေးငွေအစီအစဉ်များကို တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်



ရန်ကုန် ၄-၅-၂၀၁၇

မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များ အတွက်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် လက်ရှိချေးငွေ အစီအစဉ်များကို တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ် များဆွေးနွေးပွဲ သတင်းများအရ သိရသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲကို မေ၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့သစ်သီးဝလံ ကဏ္ဍနှင့်ပတ်သက်၍ တွေ့ကြုံနေရသည့် လတ်တလော အခက်အခဲများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက် နိုင်သည်များကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများ ကတင်ပြဆွေးနွေးခဲ့ မှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့်လက်ရှိ ချေးငွေအစီအစဉ် များကိုတိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဟု ပြန်လည်ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များကို ပြည်ပဈေးကွက်များသို့ တင်ပို့ ရောင်းချလျက်ရှိရာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးကဏ္ဍတွင် ဖရဲသီးနှင့် သခွားသီးမှလွဲ၍ ကျန်သီးနှံများသည် ပြည်တွင်းထုတ်လုပ်မှုကျဆင်းလျက်ရှိကြောင်း သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

Friday, June 24, 2016

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် CGI စနစ်ဖြင့် ချေးငွေများ ထုတ်ချေးမည်



ရန်ကုန် ၊ ၂၄-၆-၂၀၁၆

ပြည်တွင်း၌ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်ရန် ရည်ရွယ်၍ လိုအပ်သည့် ငွေကြေး အထောက်အပံ့ ရှိစေရန် Credit Guaranttee Insurance (CGI) စနစ်ဖြင့် ချေးငွေများ ထုတ်ချေးခြင်းကို မြန်မာ့အာမခံ လုပ်ငန်း ၊ Sumitomo Mitsui Banking Coporation (SMBC) နှင့် သမဝါယမဘဏ် CB Bank တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ဖြင့် ငွေချေး လိုပါက မြန်မာ နိုင်ငံသားပိုင် SMEs လုပ်ငန်း ဖြစ်ရမည့် အပြင် လုပ်ငန်းသက်တမ်း သုံးနှစ် ရှိရမည် ဖြစ်ကာ အပေါင်ပစ္စည်း မပါဘဲနှင့်လည်း ငွေချေးယူ နိုင်မည် ဖြစ်ကြောင်း အပေါင်ပစ္စည်းမဲ့ ချေးငွေအဖြစ် ငွေကျပ် သိန်း ၂ဝဝ အထိ ထုတ်ချေးပေးမည် ဖြစ်ပြီး လုပ်ငန်း တိုးတက်မှု အပေါ်မူတည်ကာ ပိုမို ထုတ်ချေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အပေါင်ပစ္စည်း နှင့် ငွေချေးပါက အမျိုးအစားနှင့် တန်ဖိုးပေါ် မူတည်ပြီး ချေးယူနိုင်မည် ဖြစ်ကာ CB Bank က ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း အတိုးယူမည် ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်၍ နှစ်စဉ် အာမခံသို့ ပေးဆောင်ရမည့် ပရီမီယံကြေး ကိုလည်း ငွေချေးယူသူ လုပ်ငန်းရှင်က ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ CGI စနစ်ဖြင့် ချေးငွေရယူလို သူများသည် မြန်မာ့အာမခံ လုပ်ငန်းနှင့် CB Bank သို့ ချိတ်ဆက်ကာ SMEs လုပ်ငန်း ဖြစ်ကြောင်း၊ အသိအမှတ်ပြု လက်မှတ် လုပ်ငန်း ဘဏ္ဍာရေး ရှင်းတမ်းများ နှင့်အတူ အသေးစားနှင့် အလတ်စား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဌာနကို လျှောက်ထား ရမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

Tuesday, February 10, 2015

နိုင်ငံတစ်ဝန်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ချေးငွေရယူရာတွင် အခက်အခဲများ ရှိနေ



ရန်ကုန် ၊ ၁ဝ-၂-၂ဝ၁၅

နိုင်ငံတစ်ဝန်း အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း များအနေဖြင့် ချေးငွေ ရယူရာတွင် အခက်အခဲများ ရှိနေကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ သိရသည်။ 

ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့ နေရမှုတွင် လုပ်ငန်းရှင်များ ဘက်မှ တင်ပြရသည့် အချက်အလက် များပြားနေခြင်း သည်လည်း ပါဝင်ကြောင်း စားသောက်ကုန် ထုတ်လုပ်သူ တစ်ဦး က ပြောသည်။

အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ရှင်များ အနေဖြင့် ချေးငွေ ရယူရန် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနသို့ လာရောက်၍ ချေးငွေ ရယူမည့် လုပ်ငန်းများသည် စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း ရှိ၊ မရှိကို ပထမဆုံး စစ်ဆေးခံ ရမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ အဆင့်တွင် အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် ချေးငွေ အဆိုပြုလွှာ တင်သွင်းရာ၌ ချေးငွေ လျှောက်ထားသည့် လုပ်ငန်းများ၏ အခြေအနေ ပုံစံတွင် ဖြည့်စွက်ပြီး လိုအပ်သည့် စာရွက်စာတမ်း များနှင့် ဓာတ်ပုံများကို ပူးတွဲတင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် SME ချေးငွေ ရရှိရန် ငွေချေးလိုသည့် လုပ်ငန်း များသည် စက်မှု လုပ်ငန်းဖြစ်ရန် လိုအပ်ပြီး (မြေနှင့် မရွှေ့ပြောင်း နိုင်သော အဆောက်အအုံ ) စသည့် အာမခံပစ္စည်း တင်ပြနိုင်ခြင်း၊ သင့်တင့်သည့် လုပ်ငန်း လည်ပတ်မှု ရှိခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ရှိခြင်းတို့ အပေါ်တွင် ချေးငွေရရှိမှု မူတည် နေကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် မေလမှ စတင်၍ ယခုအချိန် အထိ အသေးစားနှင့် အလတ်စား စက်မှုလုပ် ငန်း ၁၄၅ ခုအတွက် ငွေကျပ် ဘီလီယံ ၂ဝ ချေးပေးမည် ဖြစ်ပြီး ယင်းအနက် ငွေကျပ် ၄ ဘီလီယံကို ထုတ်ချေးပေးပြီး ဖြစ်ကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger