www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 14, 2015

ပိန်ဆေးမသုံးခင်


ပိန်ဆေးမသုံးခင်

ဒေါက်တာ အေးမင်းထူး

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာ အမျိုးမျိုး ရှိကြတယ်။ ပိန်ဆေး သုံးတဲ့အခါ သေချာရွေးချယ် သုံးစွဲတတ်ဖို့လဲ လိုအပ်ပါတယ်။ အဆီဓာတ် ချပေးတဲ့ ပိန်ဆေးလား။ ကစီဓာတ် ချပေးတဲ့ ပိန်ဆေးလား။ ဒါမှမဟုတ် အမျှင်ဓာတ် ပါဝင်တဲ့ ဝမ်းသွားစေတဲ့ ပိန်ဆေးမျိုးလား။ ဒါသိရုံနဲ့တင် မပြီးသေးဘူး။ ပါဝင်တဲ့ ဆေးအမျိုးအစား၊ ဆေးပမာဏ သိဖို့လဲ လိုအပ်တယ်။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေ ဖြစ်နိုင်လဲ ဆိုတာပဲ။

မြင်တာ ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာ လောက်သာ သိကြတယ်။ အာနိသင် ဘယ်လိုရှိလဲ။ ဘယ်နေရာ တွေမှာ အသုံးပြုရမလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲသင့်လဲ မသိသူသာ များကြတယ်။ သူများ ကောင်းတယ် ပြောလို့ လိုက်သောက်ကြ သူက ထက်ဝက်ကျော် လောက်ရှိတယ်။ ဆေးဆိုင် ညွှန်းလိုက်တာပါ ထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြော်ငြာ တွေကလဲ ကောင်းလိုက်တာ ကလား။ ဆေးက ဘယ်နှရက်အတွင်း ဘယ်လိုကျသွား စေရမယ်။ အစာရှောင်စရာ မလိုဘူး ဆိုတာက ပါသေးတယ်။ ဒီနေရာမှာ ပိန်ချင်သူတွေ သိရှိရမယ့် အရေးကြီး အချက်နှစ်ချက်ကို ဖော်ပြပါမယ်။
  • ၁။ အလေးချိန် ရုတ်တရက် ကျဆင်းတာဟာ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဥပမာ- ရက်သတ္တပတ် အတွင်း ၁ဝ ပေါင်လောက် ကျဆင်းသွားရင် မကောင်းတော့ဘူး။ လူကို တစ်ခုခု ထိခိုက်နိုင်တယ် ဆိုတာ သတိပြုပါ။
  • ၂။ အစားအသောက် မလျှော့ဘဲ ပိန်တဲ့ဆေး မရှိပါဘူး။ အစားအသောက် အပြင် လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်မှ အမှန်တကယ် ဝိတ်ကျပါတယ်။
ဝိတ်ချချင်သူ တွေရဲ့ အဓိက အားနည်းချက်က အယုံလွယ်တာ ပါပဲ။ ကောင်းတဲ့ အချက်တွေ ရှိသလို မကောင်းတဲ့ အချက်လဲ မနည်းလှပါဘူး။ ကြော်ငြာလေးတွေ ကောင်းရင် သိပ်သုံးကြည့် ချင်တာပဲ။ ဒါပေမဲ့ ကိုယ်တင် သူတင်မဟုတ်။ တခြားနိုင်ငံ တွေမှာလဲ အလားတူပါပဲ။ ဒါကြောင့် ကြော်ငြာတွေ အပြိုင်အဆိုင် လုပ်ကြတာပေါ့။ ပိန်ဆေးသုံးတဲ့ အခါ ကိုယ်နဲ့တည့်တာ ရှိသလို မတည့် တာတွေလဲ အများကြီးပါပဲ။ တချို့ပိန်ဆေး တွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးထိ ရှိတယ်။ ဥပမာ- နှလုံးရောဂါနဲ့ ကင်ဆာလို ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆေးဝါး တွေကို အမေရိကန် FDA က တရားဝင် ပိတ်ပင် လိုက်ပေမယ့် ဆက်လက် သုံးစွဲသူက သုံးစွဲနေကြဆဲ ပါပဲ။ မရှိတာထက် မသိတာက ခက်တယ်။ ကိုယ့်လူမျိုး ထုံးစံက ဒီဆေးနဲ့တည့်ရင် တခြားတစ်ယောက် ကိုပါ ဆေးသောက်ဖို့၊ သုံးစွဲဖို့ ညွှန်တတ်ကြ သေးတယ်။ ဘာကြောင့် သုံးမှန်း သေချာမသိကြ ပါဘူး။ ပိန်ဆေးသုံးပြီး ဆေးမတည့်ဘဲ ရောက်လာတဲ့ လူနာတွေလဲ ရှိပါတယ်။ ပိန်ချင်တာတော့ ဟုတ်ပါတယ်။ ဆေးသောက်ရုံ သောက်ပြီး အစားအသောက်၊ အနေအထိုင် မဆင်ခြင် နိုင်ရင်လဲ အဆင်မပြေ ပြန်ဘူး။

ဆေးကုမ္ပဏီ အများစုဟာ Psycho သဘောတရားကို နားလည်တယ်။ ကောင်းကောင်း အသုံးချတတ်တယ် ပြောရမယ်။ ပိန်ဆေးဆိုတဲ့ ခေါင်းစဉ် အောက်မှာကိုပဲ နာမည်အမျိုးမျိုး တပ်ကြတယ်။ Dietary Supplement
ဆိုတာမျိုး၊ Herbal ဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတာမျိုး၊ စားချင်တာစား ဝိတ်ကျဖို့ တာဝန်ထား ဆိုတာမျိုး တွေထိ မြူဆွယ် တတ်ကြတယ်။ ဘေးထွက်ဆိုးကျိုး မရှိရင် သုံးစွဲဖို့ ဝန်မလေး ကြတာ အများစုပါ။ ကံကောင်းရင် ဝိတ်ကျမယ်။ ကံမကောင်းလဲ အကျိုးမယုတ် နိုင်ပါဘူး အထင်နဲ့ ခပ်ပျော်ပျော်ကြီး သုံးစွဲကြတယ်။ ဒီထဲမှာ ပိုကံကောင်း တာက ဆေးကုမ္ပဏီ တွေပါပဲ။ နှစ်စဉ် ဒေါ်လာဘီလီယံ နဲ့ချီပြီး ဝင်နေကြတယ်။ တချို့ကုမ္ပဏီ တွေက Herbal ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တားမြစ်ထားတဲ့ ပိန်ဆေးတချို့ ထည့်မှန်းမသိ ထည့်ကြတယ်။ နောက်ဆုံးကျတော့ အလွယ်ကြိုက် တတ်တဲ့ သုံးစွဲသူတွေသာ အချိန်ကုန်၊ ငွေကုန်ဖြစ်ပြီး ဝိတ်ကမကျ စိတ်ညစ်ရတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ လေ့လာကြည့်တော့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ Over Weight ပုံမှန်ထက် ဝိတ်များသူ၊ ဝသူတွေ ဖြစ်ကြတယ်။ အနည်းဆုံး BMI 25 အထက်မှာ ရှိကြတယ်။ ပိန်ဖို့ ငွေဘယ်လောက် ကုန်ကုန် ဆိုတာမျိုးတွေလဲ မနည်းဘူး။ လွယ်လွယ်ကူကူ ပိန်ဖို့ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး၊ ကပ်ခွာဆေး၊ ချက်ကပ်တဲ့ဆေး စသည်ဖြင့် နည်းမျိုးစုံ သုံးကြတယ်။ ဒါဟာ ဆေးကုမ္ပဏီတွေ အတွက်တော့ အခွင့်ကောင်းပဲ။ ဆေးမျိုးစုံ မရိုးရအောင် ထုတ်ပြီး ကြော်ငြာ အမျိုးမျိုးနဲ့ မြှင့်တင်ရေး လုပ်တယ်။ သုံးစွဲသူတွေ ကလဲ တာဝန်ကျေ ပါတယ်။ ကြော်ငြာလေး ကောင်းတဲ့ဆေးဆို ဝယ်သုံးကြည့် လိုက်တာပဲ။ မကောင်းပြန်ရင် နောက်ဆေး ပြောင်းသောက် တာပေါ့။ နောက်ဆုံး တွက်လိုက်တော့ ဒုံရင်းက ဒုံရင်းပါပဲ။

တကယ်တော့ ကိုယ်တိုင် ဝိတ်ကျဖို့မကြိုးစားပဲ ဆေးချည်း အားကိုးနေလို့ ဒီလိုတွေ ဖြစ်နေတာပါ။ ဆေးသဘောက ကူညီရုံသာ တတ်နိုင်တယ်။ ပိန်ဆေးတိုင်းမှာ အစားရှောင်ဖို့၊ လေ့ကျင့်ခန်း လုပ်ဖို့ရေးထား ပါတယ်။ပိန်ဖို့အတွက် သေချာ ဆေးသောက်၊ အစီအစဉ် သေချာချပြီး စနစ်တကျ လုပ်ဆောင်ရင် သေချာပေါက် ပိန်ပါတယ်။

ဝိတ်ချဖို့အရေးကြီးဆုံးအချက်(၂)ချက်
  • ၁။ ခံယူချက်- ပိန်ရမယ်၊ ဝိတ်ကျကို ကျရမယ်ဆိုတဲ့ သန္နိဋ္ဌာန်မျိုး လုံးဝချမှတ်ရမယ်။
  • ၂။ လုပ်ဆောင်ချက်- ခံယူချက်အတိုင်း လိုက်လံ လုပ်ဆောင်နိုင်မှ အမှန်တကယ် အလုပ်ဖြစ် ပါတယ်။ ပင်ပန်းဆင်းရဲ ခံနိုင်ရမယ်။ ချုပ်တည်း နိုင်စွမ်းလဲ ရှိရမယ်။ အစားအသောက်၊ အနေအထိုင် ဆင်းရဲ နိုင်သလို လေ့ကျင့်ခန်းပါ 
ပူးတွဲ လုပ်ဆောင်နိုင်မှ အကျိုးရှိ ပါလိမ့်မယ်။ သူများ ဝိတ်ကျသူ တွေကိုကြည့်ပြီး အားကျရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်မှ အကျိုးရှိတယ်။

မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်(၂)ချက်
  • ၁။ အစားအသောက် လုံးဝဆင်ခြင်ရမယ်။ အထူးသဖြင့် အဆီအအိမ့်တွေ။
  • ၂။ လေ့ကျင့်ခန်းကို တစ်ဆင့်ချင်း ပိုမိုလုပ်ဆောင် ရမယ်။ လှုပ်ရှားမှု မရှိခဲ့တဲ့ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပေါ့ပါးလာစေဖို့ စတင် လုပ်ဆောင်ပါ။ တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အတွေ့အကြုံအရ ပြောရရင် အစားအသောက် မှာ ပြဿနာ မရှိပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သာမန်ကာ လျှံကာ လောက်သာ လုပ်တဲ့သူက များတယ်။ ဒီအနေအထားမှာ အထက်မှာ ပြောခဲ့သလို ခံယူချက်ပိုင်းက အရေးပါ လာပြီ။ ပင်ပန်းဆင်းရဲ ခံနိုင်ရမယ် ဆိုတဲ့ ခံယူချက်၊ သန္နိဋ္ဌာန် မခိုင်မာတဲ့ အခါ ဒီအပိုင်းမှာ အားနည်းပြီး ပိန်ဖို့ ရာခိုင်နှုန်းဟာ အားနည်း သွားတယ်။

ပုံမှန်အားဖြင့် ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားဖို့ တစ်ခုတည်း နည်းလမ်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာပဲ ရှိပါတယ်။ အဲလို လုပ်ဆောင် နိုင်မှသာ အဆီပျဉ်တွေ လှုပ်ရှားတာက တစ်ဆင့် ပြိုကွဲပြီး အပြင်ထွက်နိုင် မှာလေ။ ဒီ အရေးကြီးဆုံး အစိတ် အပိုင်းကို စိတ်ဓာတ် ခွန်အားနဲ့ ကောင်းကောင်း ကျော်ဖြတ်နိုင်ပြီ ဆိုရင် ပိန်ဖို့ထက်ဝက် ကျော်လောက် သေချာပြီလို့ ပြောနိုင် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ညှာတာဖို့ လုံးဝ မစဉ်းစားပါနဲ့။

ဒုတိယ အရေးကြီးတဲ့ အချက်က စားတဲ့အခါ ကိုယ် ပင်ပင်ပန်းပန်း လုပ်ရတာကို အောက်မေ့ပြီး တတ်နိုင် သလောက် လျှော့စား ပေးရမယ်။ လိုအပ် သလောက်သာ ချင့်ချိန်ပြီး စားပါ။ ပိုလျှံအောင်တော့ ဘယ်တော့မှ မစားပါနဲ့။ စွမ်းအင် လိုအပ်တဲ့အခါ ခန္ဓာကိုယ်တွင်း သိမ်းဆည်း ထားတဲ့ အဆီပျဉ်က လိုအပ် သလောက်ထုတ်ပေး လိမ့်မယ်။ ဒီလိုနဲ့ အဆီပျဉ်ဟာ လုံးပါးပါးပြီး တဖြည်းဖြည်း ဝိတ်ကျလာတယ်။ အထူး သတိပြုရမဲ့ အချက်က အစားအသောက် အလွန်အကျွံ ရှောင်ဖို့ မလိုအပ်ဘူး။ ဗိုက်ပြည့်လွယ်တဲ့ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ ပြောင်းလဲစားသုံး ပေးရမယ်။ ဗိုက်တင်းအောင်ထိ မစားပါနဲ့။ ဗိုက်ပြည့်ရုံသာ စားပါလေ။ မနက်စာနဲ့ နေ့လယ်စာ စားပြီး ညစာ ရှောင်တာလဲ ကောင်းတဲ့ အကျင့်ပဲ။ အဆီပိုတွေ တက်မလာအောင် ကာကွယ် ပေးနိုင်တယ်။ပိန်ဆေးအမျိုးအစား တွေကို ယေဘုယျလောက် သိအောင်ကြိုးစား သင့်တယ်။

၁။ ကစီဓာတ်ကျစေတဲ့ ပိန်ဆေး - အူလမ်းကြောင်းက ကစီဓာတ်တွေ မစုပ်ယူနိုင်အောင် တားမြစ်တဲ့ သဘော ဖြစ်ပါတယ်။ အစာခြေ လမ်းကြောင်းက Enzyme ဓာတ်တစ်မျိုးကို တားဆီးပေးတယ်။ ဥပမာ - Lobese လို ဆေးမျိုးဟာ ဆန်၊ ဂျုံ၊ ပြောင်း အစားများသူ တွေနဲ့ သင့်တော်တယ်။

၂။ အဆီဓာတ်ကျစေမယ့် ပိန်ဆေး - အူလမ်းကြောင်းမှာ ရှိတဲ့ အဆီဓာတ် ချေဖျက်ပေးတဲ့ Enzyme ကို တားမြစ် ပေးတယ်။ အဆီဓာတ်ကို မစုပ်ယူနိုင်လို့ တဖြည်းဖြည်း ဝိတ်ကျဆင်း စေတယ်။ ဈေးကွက်မှာ Zytrim ၊ Xanical ၊ Obelit နာမည်တွေနဲ့ ရနိုင်တယ်။ FDA က အသိမှတ်ပြု ထားတဲ့ ပိန်ဆေးမျိုး ဖြစ်ပါတယ်။ အဆီ၊ အအိမ့်၊ အသား အစားများ သူတွေ သောက်သုံးနိုင်တယ်။

၃။ အစာစားချင်စိတ် တားဆီးတဲ့ဆေး - ဦးနှောက်ထဲမှာ ရှိတဲ့ အစာစား ချင်စိတ်ကို ထိန်းသိမ်း ပြောင်းလဲ ပစ်တယ်။ ရင်ပြည့်နေသလို ခံစားရတယ်။ ဈေးကွက်မှာ အသုံးများတဲ့ Slimmax 10 ဟာ ဒီလိုဆေးမျိုး ဖြစ်ပါတယ်။ နှလုံးပုပ်တာ၊ လေဖြတ်တာ စတဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းက စပြီး တားမြစ်ခဲ့တယ်။

၎။ ဝမ်းပျော့၊အဆီချ ပိန်ဆေး - အဓိက ဝမ်းနုတ်ပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ် များတယ်။ အဆီအအိမ့် အစားများ သူဟာ ဝမ်းချုပ်တတ်တယ်။ ဆေး ဆိုတာထက် Dietary Supplement အမျိုးအစားထဲ ထည့်ထားတယ်။ ဝမ်းလဲ သွားသလို မကောင်းတဲ့ အညစ်အကြေး တွေပါ ပါသွားစေတယ်။ တချို့ ဆေးတွေက မနက်သောက်ပြီး တချို့က ညသောက်ရတယ်။ အဆီချ ဆီးသီး ၊ ကော်ဖီ၊ အမှုန့်ထုပ် စသဖြင့် အမျိုးမျိုး လာတယ်။ 

ကပ်ခွာဆေးလဲ ဒီသဘောပဲ။ သိပ်မထူးလှ ပါဘူး။ ဘေးထွက်ဆိုးကျိုး ကတော့ ရှိကြတာချည်း ဖြစ်ပါတယ်။ သတိထား သုံးစွဲဖို့က မိမိတာဝန် ဖြစ်ပါတယ်။ ဝိတ်ချတဲ့အခါ ပိန်ဆေးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သေချာနားလည် သဘောပေါက် ပြီးမှ သုံးစွဲသင့်ကြောင်း အကြံပေးလို ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger