www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အခမ်းအနား. Show all posts
Showing posts with label အခမ်းအနား. Show all posts

Monday, April 1, 2013

Monywa International Learning Academy သင်တန်းဖွင့်လှစ်



မုံရွာ ၊ ၁-၄-၂၀၁၃

" MILA " Monywa International Learning Academy သင်တန်း ဖွင့်လှစ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်း က မုံရွာမြို့ ၊ ချမ်းမြသာစည် ရပ်ကွက် ၊ ဂျော်ကီလမ်း ရှိ အဆိုပါ သင်တန်းကျောင်း ၌ ကျင်းပ ပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနား သို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင် ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဇေယျာ ပဒေသာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်ထူး ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ ၊ ကွန်ပျူတာ တက္ကသိုလ် (မုံရွာ) ကျောင်းအုပ်ကြီး ဒေါက်တာ မျိုးဟိန်းဇော် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ တို့ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် တက်ရောက် နိုင်သည့် သင်တန်း အမျိုးအစား များမှာ အသက် ၃ နှစ်မှ ၆ နှစ် မူကြို ( Pre + Kg ) ၊ မူလတန်း Primary School ( P1 , P2 ) ၊ မူလတန်း Primary School ( P3 to P6 ) ၊ အလယ်တန်း Secondary School ( P1 to P4 ) ၊ အထက်တန်း I.G.C.S.E ၊ နိုင်ငံတကာ တက္ကသိုလ် ၀င်ခွင့် သင်တန်း I.E.L.T.S နှင့် STARTER , MOVER , FLYER သင်တန်းများ ဖြစ်သည်။ ပထမဆုံး စာရင်းသွင်း မှတ်ပုံတင် သူ ၁၀ ဦးအား Tablet အပါအ၀င် ကံစမ်းမဲများ ချီးမြှင့် ပေးမည်ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့ အထိ စာရင်းသွင်း မှတ်ပုံတင် သူတိုင်းအား ၁၀ ရာခိုင်နှုန်း Discount ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Monday, March 4, 2013

မြစ်ကြီးနား တက္ကသိုလ် ၏ ခါကာဘို နှင့် ဆွမ်ဘရာဘွမ် အဆောင်သစ် ဖွင့်ပွဲကျင်းပ



မြစ်ကြီးနား ၊ ၄-၃-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနား တက္ကသိုလ် ၏ ခါကာဘို (အမျိုးသား) ဘော်ဒါဆောင် နှင့် ဆွမ်ပရာဘွမ် (အမျိုးသမီး) ဘော်ဒါဆောင် ဖွင့်ပွဲကို မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီက ဆွမ်ပရာဘွမ် ဆောင်ရှေ့ မြက်ခင်းပြင် ၌ ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အေးကို တို့မှ အဆောင်နေ ကျောင်းသား ကျောင်းသူ များအား သြ၀ါဒ အမှာစကား များ ပြောကြား ခဲ့ပြီး အဆောင်နေ ကျောင်းသား ကျောင်းသူ များကိုယ်စား ကျောင်းသား ကျောင်းသူ တစ်ဦးစီက ကျေးဇူးတင် စကားများ ပြန်လည် ပြောကြား ခဲ့သည်။

ဆက်လက်၍ အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ကျင်းပရာ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း နှင့် တာဝန်ရှိ သူများက မြန်မာ မိတ်ကာဟုမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ၊ ဇေယျာမင်း စက်သုံးဆီ အရောင်းဆိုင် နှင့် တစ်ဦးချင်း အလှူရှင် များသို့ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ များ ပေးအပ်ပြီး ညစာ စားသုံးစဉ် အတွင်း ကျောင်းသား ကျောင်းသူ လေးများ၏ တိုင်းရင်းသား ရိုးရာ အက ပဒေသများဖြင့် ဧည့်ခံကာ အခမ်းအနားကို ည ၇ နာရီ အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

ပဉ္စမအကြိမ် မန္တလေးအဖေနေ့ အခမ်းအနား ကျင်းပမည်


မန္တလေး ၊ ၄-၃-၂၀၁၃

မန္တလေးမြိုက ၊ ချမ်းအေး သာစံမြို့နယ် ၊ ၃၂ လမ်း ၊ ၈၅ x ၈၆ လမ်းကြားရှိ မလွန်ဈေး ၊ ဆန်လှူ အသင်းကြီး ညီမူရာ ခန်းမတွင် ပဉ္စမ အကြိမ် မန္တလေးအဖေနေ့ အခမ်းအနား ကို လာမည့် မတ်လ ၂၆ ရက်နေ့ ( ၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား တွင် အဖေနေ့ ၊ အဖေ့ဂုဏ်ရည် တို့ကို ရသ - သုတ ပြည့်စုံစွာဖြင့် သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိသရ နှင့် စာရေးဆရာ လူရွှင်တော် ဦးချစ်စရာ တို့မှ စာပေ ဟောပြောမည် ဖြစ်ပြီး အဖေ့ခြေရာ ခံယူပွဲကို မတ်လ ၂၃ ရက် မှ မတ်လ ၂၅ ရက်နေ့ အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ မလွန်ဈေး ၊ ဆန်လှူ အသင်းတွင် ကျင်းပမည် ဖြစ်သည်။

ထို့အပြင် " အဖေ့ မေတ္တာဘွဲ့ ""'' စာမူ အလွတ်တန်း ၀တ္ထုတို များကို မတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံး ထားကာ ဖုန်းမြင့်အောင် ၊ အမှတ်(၄၁) ၊ ၆၉ လမ်း ၊ လမ်း ၄၀ x ၄၁ လမ်းကြား ၊ မဟာမြိုင် (၁) ရပ်ကွက် ၊ မန္တလေးမြို့ ၊ ဖုန်း ၀၂- ၇၇၅ ၆၉ နှင့် ထွန်းဦးစာ ၊ ၈၄ လမ်း နှင့် ၂၉ လမ်းထောင့် သို့ ပေးပို့ နိုင်ကြောင်း သိရှိရသည်။

Tuesday, February 26, 2013

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပ



မြစ်ကြီးနား ၊ ၂၆-၂-၂၀၁၃

ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ မိုးညှင်းခရိုင် ရုံးသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ရုံးသစ် အဆောက်အဦ ရှေ့၌ ကျင်းပ ပြုလုပ်ရာ မိုးညှင်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ ကချင်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ပြည်နယ် ဦးစီးမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က ရုံးဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ရုံးသစ် အစည်းအဝေး ခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး က အဖွင့် အမှာစကား ပြောကြားကာ ရုံးသစ် ဖွင့်လှစ် ရခြင်းနှင့် ဌာနမှ လုပ်ငန်း တာဝန် ၄ ရပ် အားလည်းကောင်း ၊ ယခင်က ယာဉ် မှတ်ပုံတင် ခြင်းနှင့် ယာဉ်မောင်း လိုင်စင် ပြုလုပ်ရန် မိုင် ၁၀၀ ကျော် ဝေးသော မြစ်ကြီးနား မြို့သို့ အချိန်ကုန် ၊ ငွေကုန်ခံပြီး လုပ်ဆောင် ရာမှ ယခု ရုံးသစ်တွင် ခရိုင် အတွင်းရှိ ယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင် များ မှတ်ပုံတင် သက်တမ်းတိုး ခြင်းများ အစစ အရာရာ သက်သာပြီး လုပ်ငန်း အဆင်ပြေ ချောမွေ့ စေတော့မှာ ဖြစ်ကြောင်း တို့ကို အကျယ်တ၀င့် ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဂရုဏာ ကုမ္ပဏီ မှ ရုံးသစ် အဆောက်အဦ နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ခရိုင် ဦးစီးမှူး ထံသို့ လွှဲပြောင်း ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။ အဆိုပါ ရုံး အဆောက်အဦမှာ အလျား ၈၀ ပေ ၊ အနံ ၄၀ ပေ ၊ အမြင့် ၂၃ ပေရှိ သံကူ ကွန်ကရစ် ၂ ထပ် အဆောက်အဦ ဖြစ်ကာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၇၀ အကုန်အကျခံ ဆောက်လုပ် ခဲ့ကြောင်း သိရှိရသည်။

Monday, February 25, 2013

အမေရိကန် နိုင်ငံရောက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွား ဆင်းတုတော် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၅-၂-၂၀၁၃

အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပင့်ဆောင် ရောက်ရှိ လာသော ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက် (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူ နှင့် ဌာနဆိုင်ရာ အကြီးအကဲ များ ၊ အမေရိကန် သံရုံးမှ တာဝန်ရှိ သူများ ၊ အမေရိကန် ပြည်ထောင်စု ( NIU ) မှ Associate Professor Dr. Catherine Raymon နှင့် ဧည့်သည်များ ၊ အမေရိကန် ရောက် မြန်မာ မိသားစုများ ၊ ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် နှင့် ၀န်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စု ၀န်ကြီးက တက်ရောက် လာသည့် ဧည့်သည်တော် များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။ ထို့နောက် Dr. Catherine Raymon က ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော် အကြောင်းအား ရှင်းလင်း ပြောကြားပြီး လွှဲပြောင်း ပေးအပ်ရာ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးကျော်ဦးက လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ ဆက်လက်၍ အမေရိကန် ရောက် မြန်မာ မိသားစုများက ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် အတွက် အမေရိကန် ဒေါ်လာ ၂၁၀၀ အား ပေးအပ် လှူဒါန်းရာ တာဝန်ရှိ သူများမှ လက်ခံ ရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်သည်။ ယင်းနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

အဆိုပါ ဓမ္မစက္ကမုဒြာ ရပ်တော်မူ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် သည် ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရား များမှ ၁၁ ရာစု သဲကျောက် ဆင်းတုတော် ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ခြေထောက်ကို ဖြတ်၍ ခိုးယူခံရာကာ အမေရိကန် သို့ ရောက်ရှိ ခဲ့သည်။ ရှေးဟောင်း အမွေအနှစ်ကို မူလ ပိုင်ရှင် နိုင်ငံမှ ထိန်းသိမ်းနိုင်ရေး နှင့် အမေရိကန် - မြန်မာ ဆက်ဆံမှု တိုးတက်ရေး ကို ရှေ့ရှု၍ အမေရိကန် ပြည်ထောင်စု ( NIU ) မှ Professor Cooler , Associatate Professor Dr. Catherine Raymon ၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနစ်စကို ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်း နှင့် အမေရိကန်ရောက် မြန်မာ မိသားစု တို့၏ ကြိုးပမ်းမှုကြောင့် ၁၉၇၀ ခုနှစ် ၊ ယူနစ်စကို သဘော တူညီမှု သံတမန် နည်းလမ်း အဆင့်ဆင့် တို့ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည် ပင့်ဆောင် ရောက်ရှိခဲ့ပြီး ယခု အခါ အများပြည်သူ ဖူးမျှော် လေ့လာ ကြည်ညို နိုင်စေရန် အမျိုးသား ပြတိုက် (ရန်ကုန်) ရှိ ခေတ် အဆက်ဆက် ဗုဒ္ဓ ဆင်းတုတော် ပြန်ခန်း တွင် ခင်းကျင်း ပြသ ထားကြောင်း သိရှိရသည်။

Sunday, February 24, 2013

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ် ဦးသာအေး မုံရွာမြို့ မြို့မိ မြို့ဖများနှင့် ဒုတိယအကြိမ် တွေ့ဆုံ



မုံရွာ ၊ ၂၄-၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် နှင့် မုံရွာမြို့ မြို့မိ မြို့ဖ များနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့်အတူ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တရား သူကြီးချုပ် ၊ ဥပဒေချုပ် ၊ စာရင်းစစ်ချုပ် နှင့် မြို့မိ မြို့ဖများ ၊ လမ်းကော်မတီများ တက်ရောက် ကြသည်။

အခမ်းအနား တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး က နှုတ်ခွန်းဆက် စကား ပြောကြားပြီး တိုင်းဒေသကြီး စည်ပင် သာယာရေး ၀န်ကြီး က ပထမအကြိမ် မြို့မိ မြို့ဖများနှင့် တွေ့ဆုံစဉ် တင်ပြချက် ၈၆ ချက် ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ဖတ်ကြား ရှင်းလင်းသည်။

ပဉ္စမအကြိမ်မြောက် ကျိုင်းတုံ တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၂၄-၂-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ တက္ကသိုလ် ၌ ပဉ္စမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခေမာရဋ္ဌ် ခန်းမဆောင် ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။


Tuesday, February 19, 2013

သန်လျင်မြို့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ



ရန်ကုန် ၊ ၁၉-၂-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် စေတီတော် ဓာတ်လှေကား ဆောင်ရှေ့တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွဲတော်အား ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၊ သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် စေတီတော် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ တို့ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ရန်ကုန် တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး က ပွဲတော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီးနောက် စေတီတော် ရင်ပြင်အား လှည့်လည် ဖူးမြော် ကြည်ညို ကြသည်။

သန်လျင်မြို့ ၊ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ် တပို့တွဲလ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့ အထိ အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ ၊ ရွှေသင်္ကန်း ကပ်လှူပွဲ ၊ ဗုဒ္ဓ ဘိသေက အနေကဇာ တင်ပွဲ ၊ ဆီမီး ပူဇော်ပွဲ ၊ ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ပွဲ ၊ ထမနဲ ထိုးပွဲ ၊ မြန်မာ့ ရိုးရာ ခြင်းလုံးအလှ ခတ်ပွဲ ၊ ဇာတ်သဘင် ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Friday, February 8, 2013

(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ



တောင်ကြီး ၊ ၈-၂-၂၀၁၃

၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ ၂၀၁၃ ခုနှစ် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ ကို ပြည်နယ် ၀န်ကြီးချုပ်က ဖတ်ကြား ရာတွင် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ် ၏ မင်္ဂလာ ရှိသော နေ့ထူး နေ့မြတ် အခမ်းအနား သို့ သ၀ဏ်လွှာ ပေးပို့ခွင့် ရသည့် အတွက် အထူး ကျေးဇူး ၀မ်းမြောက် ပါကြောင်း ၊ ရှမ်းပြည်နယ် သည် ပြည်နယ်နှင့် တိုင်းဒေသကြီး များအနက် အကြီးမားဆုံး နှင့် အကျယ်ပြန့်ဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စု ပေါင်း ၃၀ ကျော်ခန့် နေထိုင် လျက်ရှိပြီး ပြည်နယ် အတွင်းရှိ လူမျိုး ပေါင်းစုံအား ကိုယ်စားပြု နိုင်စေရန် ၁၉၆၀ ပြည့်နှစ် ၀န်းကျင်မှ စ၍ ရှမ်းအမျိုးသားနေ့ အား ရှမ်းပြည်နယ်နေ့ ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။

Friday, January 25, 2013

ကျိုင်းတုံတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ



ကျိုင်းတုံ ၊ ၂၅-၁-၂၀၁၃

၂၀၁၂-၂၀၁၃ ပညာသင်နှစ် မောင်မယ် သစ်လွင် ကြိုဆိုပွဲအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျိုင်းတုံ တက္ကသိုလ် ခေမာရဌ် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံ တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် နှင့် ဘာသာရပ် အလိုက် ပါမောက္ခ ၊ ဌာနမှူးများ ၊ ဆရာ - ဆရာမများ ၊ ကျောင်းသား - ကျောင်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၃၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားတွင် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ မေရီသိမ်း နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်စိုးမြင့် တို့မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပါမောက္ခများ၊ ဌာနမှူးများ မှ မိတ်ဆက် စကား ပြောကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ သိကောင်း စရာများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုင်းတုံ တက္ကသိုလ် မော်ကွန်းထိန်း ဒေါ်ခင်သန်းဆွေ မှ ကျောင်းစည်းကမ်း ၊ စည်းမျဉ်းများကို ဖတ်ကြား ရှင်းလင်း ခဲ့သည်။ ၄င်းနောက် ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် အင်္ဂလိပ်ဘာသာဖြင့် ကျပန်း စကားပြော ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီး တက်ရောက် လာသူများအား စားသောက်ဖွယ် ရာများဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ၁၁ နာရီ အချိန်တွင် အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

Saturday, January 19, 2013

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံ မြို့နယ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ

မန္တလေး ၊ ၁၉-၁-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံ မြို့နယ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁၁) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ကျင်းပ ပြုလုပ်ရာ အောင်မြေသာစံ မြို့နယ် ၊ မြို့နယ် ပညာရေးမှူး ဦးဥာဏ်ဝင်း ၊ လက်ထောက် မြို့နယ် ပညာရေးမှူး ဦးစိုးဝင်း ၊ အောင်မြေ သာစံမြို့နယ် အတွင်းရှိ (ထက် ၊ လယ် ၊ မူ) ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး ၊ ဆရာမကြီးများ ၊ ဖိတ်ကြားထား သူများ ၊ ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် " ပညာရေး စုံညီပွဲတော် " သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး အဆင့် ၊ မြို့နယ် အဆင့်နှင့် ကျောင်းတွင်း ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များအား မြို့နယ် ပညာရေးမှူး ၊ လက်ထောက် မြို့နယ် ပညာရေးမှူး နှင့် ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြကြောင်း သိရှိရသည်။

ကျွမ်းဘားအားကစားနည်း နည်းပြသင်တန်း ဖွင့်ပွဲ


ရန်ကုန် ၊ ၁၉-၁-၂၀၁၃

အားကစား ၀န်ကြီးဌာန ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သည့် ကျွမ်းဘား အားကစားနည်း နည်းပြ သင်တန်း (၁/၂၀၀၃) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ အားကစား ကွင်းရှိ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် လေ့ကျင့်ရေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်း ဖွင့်ပွဲတွင် အရှေ့တောင် အာရှာ ကျွမ်းဘား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းက သင်တန်းဖွင့် အမှာ စကား ပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ကျွမ်းဘား နည်းပြဆရာ Mr. Xu Zheng Huan က ကျေးဇူးတင်စကား ပြောကြားသည်။ ၄င်းသင်တန်းသို့ အားကစား ၀န်ကြီးဌာန ၊ ပညာရေး ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ နှင့် အဖွဲ့ချုပ်မှ သင်တန်းသား ၊ သင်တန်းသူ ၂၈ ဦးတို့ တက်ရောက် သင်ကြားကြပြီး သင်တန်းကို ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ တရုတ် ကျွမ်းဘား နည်းပြဆရာ Mr. Xu Zheng Huan နှင့် Mr. Deng Hua Qing တို့က မြန်မာ ကျွမ်းဘား အားကစားနည်း တိုးတက် ပြန့်ပွားရေး နှင့် စွမ်းရည် မြင့်တင်ရန် အတွက် ပြည်တွင်းရှိ နည်းပြ ဆရာများအား ခေတ်မီ တိုးတက် နေသော ကျွမ်းဘား နည်းစနစ် များကို စာတွေ့ လက်တွေ့ သင်ကြား ပေးမည်ဖြစ်ရာ အနာဂတ် မြန်မာ့ ကျွမ်းဘား နည်းပြများ၏ အရည်အသွေး ပိုမို တိုးတက် လာစေမည် ဖြစ်ကြောင်း သိရှိရသည်။

Saturday, January 12, 2013

ဆေးတက္ကသိုလ်(၂) ရန်ကုန် အနှစ်(၅)ပြည့် ရွှေရတု အခမ်းအနား ကျင်းပမည်

ဆေးတက္ကသိုလ်(၂) ရန်ကုန် အနှစ်(၅)ပြည့် ရွှေရတု အခမ်းအနား ကျင်းပမည် ဇန်န၀ါရီလ(၁၂)ရက်နေ့ ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ အနှစ်(၅၀)ပြည့် ရွှေရတု အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့များ တွင် ကျောင်း ပရ၀ုဏ်အတွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက် အစီအစဉ်များတွင် ရွှေရတု အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း၊ သံဃာတော် ၅၀ ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခြင်းနှင့် ညစာ စားပွဲ ကျင်းပခြင်းတို့ ပါဝင်ပြီး ဖေဖော်ဝါရီ ၃ ၇က်နေ့ အစီအစဉ် များတွင် အသက် ၇၀ နှစ်နှင့် အထက် ဆရာ၊ ဆရာမကြီး များအား ကန်တော့ခြင်း၊ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပခြင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ များ ကျင်းပခြင်း ပဒေသာ ကပွဲများ ကျင်းပခြင်းတို့ ပြုလုပ်မည် ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ အားလုံး ပါဝင် ဆင်နွှဲကြရန် အသိပေး နှိုးဆော် ထားကြောင်း သိရှိရသည်။

Thursday, January 10, 2013

(၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည့် သတင်း

(၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည့် သတင်း ဇန်န၀ါရီလ(၁၀)ရက်နေ့
ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အား ကျောက်ကြီးမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ကွင်းပြင်နှင့် အောက်မေ့ဖွယ် ခန်းမတွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ ကရင်တိုင်းရင်းသား များ စုစည်း၍ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနား အဖြစ် ကျင်းပမည် ဖြစ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ကရင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးစောဂျူဗလီစံလှ တက်ရောက်၍ ကေအင်န်ယူ တပ်ရင်း/တပ်ဖွဲ့များမှ နံနက် ၆ နာရီအချိန်တွင် ကရင် တိုင်းရင်းသား အမျိုးသား အလံတင် အခမ်းအနား ကျင်းပမည် ဖြစ်သည်။ ဇန်န၀ါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကရင်သမိုင်း ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု ပြခန်း၊ ကရင်ရိုးရာ ယဉ်ကျေးမှု အသုံးအဆောင် ပစ္စည်းပြခန်း၊ အသိပညာပေး ပြခန်းများ ဖွင့်လှစ် ပြသပေးမည် ဖြစ်ပြီး အဆိုပါ ညများတွင် အဆိုတော် ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ ချောစုခင်၊ ဘရိတ်ကီ၊ ဟက်ကက်၊ ဖိုးခွား တို့မှ Century တေးဂီတ အဖွဲ့ဖြင့် တွဲဖက်၍ စတိတ်ရှိုးဖြင့် သီဆို ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, December 18, 2012

မွန်လူငယ်များနေ့ ကျင်းပမည်

မွန်လူငယ်များနေ့ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကို မွန်လူငယ်များနေ့ အဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ အဆိုပါနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တောင်ပေါက် ကျေးရွာ၌ စည်ကား သိုက်မြို့စွာ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger