-
ရန်ကုန် ဇန်နဝါရီ ၇
-
ဥရောပသမဂ္ဂက ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP)သည် အထည် ချုပ်လုပ်ငန်း အများဆုံးရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက်သာမက အလုပ်အကိုင် အခွင့်အလမ်းအတွက်ပါ အရေးပါသဖြင့် လိုအပ် နေဆဲဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ထံမှသိရသည်။
-
၂ဝ၁၃ ခုနှစ်မတိုင်မီက ဥရောပသမဂ္ဂ ဈေးကွက်သို့ လက်ခစားစနစ်(CMP) ဖြင့် တင်ပို့နေသည့် အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံအရေအတွက် ၂၄ ရုံရှိပြီး အလုပ်အကိုင် အခွင့် အလမ်းအနေဖြင့် ၂ဝ၃၂၇ ဦး အတွက်သာ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂမှ ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကို GSP ပြန်လည်ပေးအပ်ပြီးနောက်ပိုင်း စက်ရုံ ၃၂၉ ရုံမှ တင်ပို့နိုင်ကာ လူဦးရေ သုံးသိန်းကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သဖြင့် GSP မှာ အရေးပါနေဆဲဖြစ်ကြောင်း သိရသည်။
-
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို GSP အခွင့်အရေးပေးအပ်ပြီး ဈေးကွက်အတွင်း တင်ပို့လာသည့် မြန်မာ့ထုတ်ကုန်များ၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းနှင့် စားသောက်ကုန်များကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးအပ်ခဲ့သော ကြောင့် ၂ဝ၁၈ ခုနှစ်က ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးအပ်ထားသော GSP ကို ရုပ်သိမ်း ရေးအတွက် ပြန်လည်သုံးသပ်ရန် လာရောက်ခဲ့ကြကြောင်း သိရသည်။ ''ဥရောပသမဂ္ဂက GSP ရုပ်သိမ်းမယ် ဆိုတဲ့အပေါ် တချို့ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်သွားတာတွေ ရှိပါတယ် '' ဟု ဦးအောင်နိုင်ဦးက ပြော သည်။
-
GSP အခွင့်အရေးသည် နိုင်ငံ၏ ဆင်းရဲမှု လျှော့ချရေး၊ ဒီမိုကရေစီအရေးတို့အတွက် အရေးပါပြီး ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာပိုင်းတို့တွင်လည်း အရေးပါသောကြောင့် GSP သည် လိုအပ်နေ ဆဲဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
-
မြန်မာနိုင်ငံ၏ကုန်သွယ်မှုမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် ဥရောပသမဂ္ဂသို့ အမေရိကန်ဒေါ်လာ သန်း ၈၃ဝ ဖိုးသာ တင်ပို့နိုင်ရာမှ GSP အခွင့်အရေးကြောင့် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၄ ဘီလီယံဖိုး အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment