www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေးဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ကျောင်းညှိနှိုင်းရေးမှူး သင်တန်းဖွင့်လှစ်

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေးဆိုင်ရာ ကြီးကြပ်ရေးမှူးနှင့် ကျောင်းညှိနှိုင်းရေးမှူး သင်တန်းဖွင့်လှစ်
-
နေပြည်တော် ဇန်နဝါရီ ၇ 
-
အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေး (South East Asia Primary Learning Metrics-SEA-PLM) ဆိုင်ရာကြီးကြပ်ရေးမှူးများ (Test Administrators) နှင့် ကျောင်းညှိနှိုင်းရေးမှူးများ (School Coordinators) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ မင်္ဂလာသီရိဟိုတယ် Grand Ballroom ခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အရှေ့တောင်အာရှဒေသတွင်း မူလတန်း ပညာရေးအဆင့် လေ့လာသင်ယူမှုအား သုတေသနပြုလုပ်စစ်ဆေး အကဲဖြတ်ရာတွင် တာဝန် ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးများအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ယခုဆောင်ရွက်မည့် သုတေသန လုပ်ငန်းသည် အာဆီယံ ဒေသတွင်း ရှိ Grade-5 အဆင့်ကျောင်းသား လူငယ်များအား စစ်ဆေးအကဲဖြတ်သည့် ''စံ'' တစ်ခုဖြင့် လေ့လာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ဆေးအကဲဖြတ် လေ့လာတွေ့ရှိချက်များကို အစီရင် ခံစာများ ရေးသားပြုစု၍ ပညာရေးဆိုင်ရာ မူဝါဒချမှတ်သူထံ တင်ပြသွားခြင်းဖြင့် အဓိပ္ပာယ် ပြည့်ဝသော သင်ယူမှုရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။ 
-
၂ဝ၁၉ ခုနှစ်အတွင်း SEA-PLM ပုံမှန်စစ်ဆေးလေ့လာမှု (Main Survey)ကို အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးစစ် ဆေးမည့်နိုင်ငံဖြစ် ကြောင်း၊အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်နှင့် လူသားကောင်းဖြစ်မှု စသော နယ်ပယ်များကို လေးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ဆီမီယို (SEAMEO)၊ ယူနီဆက်အရှေ့အာရှဒေသဆိုင်ရာရုံး (UNICEF-EAPRO)တို့က ငွေကြေး အထောက်အပံ့ပေးပြီး သြစတြေးလျနိုင်ငံ ပညာရေးသုတေသန ကောင်စီ (Australian Council for Educational Research-ACER)က နည်းပညာ ပံ့ပိုးပေးမှုများဖြင့် နိုင်ငံတကာ အဆင့်မီ ပညာရည်စစ်ဆေး အကဲဖြတ် စံတစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြု လုပ်သော လေ့လာစစ်ဆေး အကဲဖြတ်မှုတွင် ထူးခြားမှုအနေဖြင့် လူသားကောင်းဖြစ်မှု နယ်ပယ်အား ထည့်သွင်းစစ်ဆေးထားသည်ကို တွေ့ရကြောင်း၊ ကမ္ဘာပေါ်တွင် အရေးစွမ်းရည် စစ်မေးသည့် ပထမဦးဆုံး စစ်ဆေးမှုဖြစ်ပြီး ဆီမီယိုအဖွဲ့ဝင် နိုင်ငံများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်လည်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရများနှင့် ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များကို စွမ်းဆောင်ရည် မြှင့်တင်သင်တန်းများပေး၍ အဖွဲ့ဝင်နိုင်ငံ အသီး သီးရှိ ပညာရေးစနစ်တွင် ထည့်သွင်းဆောင် ရွက်ရန်ရည်ရွယ်ကြောင်း။ 
-
ယခုဆောင်ရွက်မည့် ပုံမှန်စစ်ဆေး အကဲဖြတ်မှု (SEA-PLM Main Survey)ကို တိုင်းဒေသကြီး နှင့်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ရွေးချယ်ထားသော ကျောင်းပေါင်း ၂ဝ၂ ကျောင်းမှ ကျောင်း သား၊ ကျောင်းသူပေါင်း ၅၈၅၃ ဦးကို စစ်ဆေးအကဲဖြတ် သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် မိဘ ၅၈၅၃ ဦး၊ Grade-5 သင်ကြားသည့်ဆရာ၊ ဆရာမ ၄၄၁ ဦး၊ ကျောင်းအုပ်ကြီး ၂ဝ၂ ဦးကို လည်း စစ်တမ်း မေးခွန်းလွှာများကို ဖြည့်သွင်းစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မူလတန်း ပညာရေး သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေး (SEAPLM)လုပ်ငန်းအောင်မြင်ရေး အတွက် အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးရှိ သော ပညာရေးကို ဖော်ဆောင်ပေးကြရန်တိုက်တွန်းကြောင်း စသည်ဖြင့် ပြောကြားသည်။ 
-
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် စစ်ဆေးအကဲဖြတ်မည့် ၂ဝ၂ ကျောင်းမှ ကျောင်းအုပ်ကြီးများက ကျောင်းညှိနှိုင်း ရေးမှူးများ အဖြစ်လည်းကောင်း၊ စစ်ဆေးမည့် ကျောင်းနှင့် တစ်မြို့နယ်တည်းရှိ အခြား ကျောင်းမှ ဆရာ၊ ဆရာမ ၂၈၂ ဦးက ကြီးကြပ်ရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ရန် သင်တန်းတက်ရောက်ကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger