-
အိမ်မဲ ဇန်နဝါရီ ၆
-
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီ တို့ ပူးပေါင်း ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနှင့်ကောက်သစ် စားပွဲတော်ကို ယနေ့နံနက် ၈နာရီခွဲတွင် ဧရာ ဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စု ကျေးရွာ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီးဒေါ်နန့်ကြင်ကြည်တို့ တက်ရောက် ချီးမြှင့် ကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ နိုင်သက်လွင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူး စေးဖိုး၊ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
-
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ် မြတ်သူ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူ တူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်းတို့က အခမ်းအနားကိုဖားစည်တီး၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင် အမျိုးသား နှစ်သစ်ကူးနေ့အတွက်ပေးပို့သော နှုတ်ခွန်းဆက်သဝဏ်လွှာကို ဖတ်ကြားသည်။
-
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဆိုသည်မှာ ကရင်တိုင်းရင်းသားတို့၏သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မြန်မာပြည် အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့စဉ် ၁၈၈၁ ခုနှစ်တွင် ''ဒေါကလု'' ဆိုသည့် ကရင်အမျိုးသားအသင်းကြီး (ုမေနညြေ- အငသညေူ ဗျသခငအေငသည ) ပေါ်ပေါက်လာပြီး ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တိုးတက် မြင့်မားစေရန် ရည်သန်ကာ အသင်းကြီး၏ ကြိုးပမ်းမှုနှင့်အတူ အမြော်အမြင်ကြီးမားသည့် ဒေါက်တာတီသံပြာကဲ့သို့ ကရင်အမျိုးသား ခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၃၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့မူကြမ်းကို အင်္ဂလိပ်ခေတ် မြန်မာ့ပါလီမန်တွင် အသိအမှတ်ပြုပြဋ္ဌာန်းနိုင်ခဲ့ ကြောင်း။
-
ပါလီမန်လွှတ်တော်အမတ်များ၏ ညီညီ ညွတ်ညွတ် ကြိုးပမ်းအားထုတ်မှုကြောင့် သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခံရသည့်အတွက် ပထမဆုံးကရင်အမျိုးသား နှစ်သစ်ကူး နေ့ မိန့်ခွန်းကို ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အသံလွှင့်ခဲ့ကြောင်း၊ အဆိုပါမိန့်ခွန်းတွင် ''ကျွန်ုပ်တို့ သည် ကရင် တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကိုတည် ဆောက်ရင်းညီညွတ်သော မြန်မာနိုင်ငံ အဖြစ်သို့ ပါဝင် ဆောင်ရွက်ကြိုး ပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုး ရေးနှင့်ဘာသာရေးအာဃာတအလျဉ်းကင်းစင်သောစိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုး စီးပွားကို ဆောင်ရွက်ကြ မည်''ဟု ပါရှိကြောင်း။ ယနေ့ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သတ်မှတ်နိုင်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသော ကရင် အမျိုးသား ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီး မားမှု၊ ကိုယ်ကျိုးမဖက်သည့်စိတ်ထား၊ လူမျိုး ဘာသာမခွဲခြားဘဲ အာဃာတ ကင်းစင်သည့် စိတ်ဓာတ်များနှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်ဆန္ဒများ ရှိနေကြောင်းကို အသံလွှင့် မိန့်ခွန်းတွင် အထင်အရှား တွေ့မြင်နိုင်ကြောင်း။ ကရင်တိုင်းရင်းသားများသည် ရိုးသားကြကြောင်း၊ သစ္စာရှိကြောင်း၊ ကရင်အမျိုးသားများသည်စိုက်ပျိုးရေးဖြင့် အသက် မွေးဝမ်း ကျောင်းပြုကြောင်း၊ ကောက်ပဲသီးနှံများ ပေါ် ထွန်းလာချိန်တွင် ကောက်သစ် စားပွဲများ ကျင်းပကာ ကွဲကွာနေသော မိသားစုများ၊ ဆွေမျိုး သားချင်းများ ပြန်လည်ဆုံစည်းကြပြီးနှစ်သစ်ဆုမွန်များ တောင်းကြကြောင်း၊ စားကောင်း သောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံကာ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါင်းစည်းခြင်း၊ အနာဂတ်ကို ယုံကြည် မျှော်လင့်ခြင်းများဖြင့် ကောက်သစ်စားပွဲနှစ်သစ်ကူး အခါဟုလည်း ဆိုနိုင်ကြောင်း။
-
ယနေ့ကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်အခမ်းအနားများ ကို မြန်မာနိုင်ငံတစ်ဝန်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုဆိုလျှင် ၈၁နှစ်ရှိခဲ့ပြီဖြစ်ပြီး စည်းလုံးညီညွတ်ခြင်း သက်သေဟု ဆိုနိုင်ကြောင်း၊ ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်း ရေးအတွက် နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲဒေသအသီးသီး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းတွင်လည်း အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့်အတူတကွ ပူးပေါင်းရင်ဆိုင်ဖြေရှင်းကြရန်လည်း တိုက်တွန်း ပြောကြား လိုကြောင်း။ နိဂုံးချုပ်အနေဖြင့် ကရင်အမျိုးသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ ကောင်းများကိုဆက်လက်ထိန်းသိမ်းနိုင်ကြစေကြောင်း၊ ကရင်အမျိုးသားများသည် ပြည်ထောင်စုကြီး အတွက် ကြီးမား ခိုင်မာသော အင်အားတစ်ရပ် ဖြစ်စေကြောင်း၊ ရရှိပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်း များနှင့်အတူ ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ အတူ လျှောက်လှမ်းနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း ပြောကြားသည်။
-
ယင်းနောက် ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက ကောက်သစ် စားပွဲသည် ယခုမှပြုလုပ်ခြင်း မဟုတ် ဘဲ ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်ကတည်းက ကျင်းပလာသည့် ကရင်ရိုးရာဓလေ့ဖြစ်ကြောင်း၊ ကျင်းပသည့် နေ့ရက်ကို သတ်မှတ်မထားသော်လည်း ဒေသအလိုက်၊အဖွဲ့အစည်းအလိုက် အခက်အခဲ အမျိုးမျိုးကြားမှ ကောက်သစ် စားပွဲကို မဖြစ်မနေကျင်းပလာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားများအနေဖြင့် စွဲကိုင်ထားသည့် ရိုးရာဓလေ့များကို ဆက်ပြီး ကမ္ဘာတည်သရွေ့ ကျင်းပသွားစေလိုကြောင်း ပြောကြားသည်။
-
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။
-
ယင်းနောက် အခမ်းအနားကျင်းပရာနေရာတွင် ကောက်သစ်စားပွဲကို ကရင်ရိုးရာဓလေ့ အတိုင်းကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
-
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ တက်ရောက်လာကြသူများက ကရင် ရိုးရာအဝတ်အထည်နှင့် အသုံး အဆောင်ပစ္စည်းများ၊ ကရင်စာပေနှင့် တူရိယာပစ္စည်းများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ကရင်လူမျိုးများ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများ ပြခန်းဖြင့် ပြသထားမှုကို လှည့်လည် ကြည့်ရှုကြသည်။
-
မင်းသစ်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment