www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 11, 2016

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် နှင့် စောင့်ကြည့်ရမည့် အနာဂတ်ကမ္ဘာ့ရေးရာများ


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် နှင့် စောင့်ကြည့်ရမည့် အနာဂတ်ကမ္ဘာ့ရေးရာများ

( ရှိန်းထက် )

ကမ္ဘာလုံးက စောင့်ကြည့်နေသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ဒေသ စံတော်ချိန် ၂ နာရီကျော်မှာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကြိုတင်မဲရလဒ် များနှင့် ခြားနားစွာပင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် က ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကို မဲ ၄၇ ဒသမ ၉ ရာခိုင်နှုန်း ဖြင့် အနိုင်ယူခဲ့ကာ ဟီလာရီကလင်တန် က မဲ ၄၇ ဒသမ ၃ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ဒေါ်နယ်ထရမ့်ပ် ကို ရှုံးနိမ့်ခဲ့သည်။

ထရမ့်ပ်က အောင်ပွဲခံသည့် မိန့်ခွန်းတွင် ''အမေရိကန် ပြည်သူတွေကို ဘယ်တော့မှ စိတ်ပျက်ရအောင် မလုပ်ပါဘူး။ အမေရိကန် အတွက် အကောင်းမွန်ဆုံး အလုပ် တွေကိုသာ လုပ်ဆောင်သွား မှာပါ'' ဟု ပြောသည်။ ထို့ပြင် ရှုံးနိမ့်ခဲ့သော ကလင်တန် က ထရမ့်ပ်ထံ ဖုန်းဆက်ပြီး ဂုဏ်ယူကြောင်း ပြောခဲ့သည်။

အမေရိကန်၌ ထရမ့်ပ်နှင့် ၄င်းကို ထောက်ခံသူများက အောင်ပွဲခံနေပြီး တောင်ကိုရီးယား နိုင်ငံ၌မူ ထရမ့်ပ် သမ္မတ ဖြစ်သည်ဟု ကြားကြားချင်းမှာပင် အမျိုးသား လုံခြုံရေး အဆင့်မြင့် အစည်းအဝေးကို ချက်ချင်း ခေါ်ခဲ့ရသည်။ နိုင်ငံတကာ စီးပွားရေး ဈေးကွက်လည်း ချက်ချင်း အကျဘက်သို့ ရောက်ခဲ့ပြီး မက္ကဆီကိုနိုင်ငံ သုံးငွေ ပီဆို သည် အကျဆုံး စံချိန်ကိုပင် ချိုးသွားခဲ့သည်။

တရုတ်အပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဟောင်ကောင် စတော့ဈေးကွက် များသည် အရှုံးဖြင့် ရင်ဆိုင်ရပြီး တစ်ကမ္ဘာလုံးက စီးပွားရေးသမား များမှာ ထရမ့်ပ် အမေရိကန်သမ္မတ ဖြစ်လာခဲ့ ခြင်းကြောင့် မျက်ခုံးလှုပ် နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ငွေကြေးများကို ခိုင်မာမှု ရှိပြီး အာမခံချက် ရှိသည့်နေရာ၌ ရင်းနှီးမြှုပ်နှံရန် အသည်းအသန် ရှာဖွေခဲ့ကြသည်။

ထရမ့်ပ် သမ္မတ မဖြစ်ခင် နာရီပိုင်းအလို နေရာ ၅ဝ ၌ ၄၁ နေရာ ကြေညာပြီး ထရမ့်ပ် ဦးဆောင် နေချိန်မှာပင် စီးပွားရေး လုပ်ငန်းရှင် များသည် သူတို့၏ ငွေကြေးများကို ရွှေဈေးကွက်သို့ အလုံးအရင်းဖြင့် ပို့ဆောင်ရင်းနှီး မြှုပ်နှံကြသည်။ ထို့ကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့ရပြီး စတော့ဈေးကွက် သည် ကျဆင်းပြီးရင်း ကျဆင်းရင်း ဖြစ်နေရခြင်း ဖြစ်သည်။ ထိုမျှမက ထရမ့်ပ်သမ္မတ ဖြစ်သည့် ဂယက်သည် ဗြိတိန်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံ တို့ကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပြီး ဈေးကွက်တန်ဖိုး များကိုလည်း ဆက်လက်ကျ ဆင်းစေခဲ့သည်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ၏ ရိုက်ခတ်မှုသည် ဥရောပသမဂ္ဂ မှ အီးယူ ခွဲထွက်ရေး ထက်ပင်ပို၍ တစ်ကမ္ဘာ လုံးကို ရိုက်ခတ်ခဲ့သည်။

ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး များလုပ်စဉ်က ထရမ့်ပ်၏ စကားလုံးများ ထဲတွင် အာရှကို သူ၏ ဦးစားပေး စီးပွားရေး မျက်နှာစာနေရာ၌ ထည့်သွင်း မထားခဲ့ သောကြောင့် အာရှစီးပွားရေး ပညာရှင်များ အတွက် ထရမ့်ပ်သည် သဘောကျ နှစ်ခြိုက်ဖွယ် မရှိသည့် အမေရိကန်သမ္မတ ဖြစ်သည်။ ထို့ကြောင့် ထရမ့်ပ်သမ္မတ ဖြစ်ရန် ပိုမို နီးကပ်လာလေ အာရှစီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်လာလေ ဖြစ်ခဲ့ပြီး ယခု ထရမ့်ပ် သမ္မတ ဖြစ်သွားသည့် အခါ အာရှစီးပွားရေး ဈေးကွက်သည် အကျဘက်သို့ ဦးတည်ခဲ့ တော့သည်။

အမေရိကန်၌ ထရမ့်ပ် အောင်ပွဲသည် အမေရိကန်နှင့် ပြင်ပနိုင်ငံများ အတွက် တုန်လှုပ်စရာ ဖြစ်သွားခဲ့သည်။ ထရမ့်ပ် သည် လူမျိုးရေးဝါဒီ တစ်ဦးဖြစ်သော ကြောင့်လည်း တစ်ကမ္ဘာလုံးက ပိုမိုစိုးရိမ် နေခြင်းဖြစ်သည်။ အထူးသဖြင့် ထရမ့်ပ် သည် အမေရိကန်အစိုးရ အဆက်ဆက် မိတ်ဆွေရင်းချာ သဖွယ် ဆက်ဆံခဲ့သည့် မဟာမိတ် နိုင်ငံများကိုပင် ရန်သူအဖြစ် ပြောင်းလဲသွား အောင် ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်သည်။ ထိုသို့ သမိုင်းနှင့်ချီ ခဲ့သော ကောင်းမွန်ခဲ့ သည့်အရာများကို ထရမ့်ပ်က ပြောင်းလဲပစ် မှာကိုပင် လူတိုင်းက စိုးရိမ်နေကြခြင်း ဖြစ်သည်။

သို့သော် သူ့တွင် ရန်သူနိုင်ငံများကို မဟာမိတ် ပြုလုပ်နိုင်သည့် စွမ်းဆောင်ရည် ကလည်း ရှိနေသေးသည်။ အထူးသဖြင့် အမေရိကန်၏ မဟာ ရန်သူတော်ကြီး များဖြစ်သည့် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား တို့ဖြစ်သည်။ ထရမ့်ပ် သမ္မတလောင်း အဖြစ် သတ်မှတ်ခံရသည့် အချိန်မှာပင် ရုရှားသမ္မတ ဗလာဒီမာပူတင် က ထရမ့်ပ်ကို ထောက်ခံခဲ့ပြီး တရုတ်ကွန်မြူနစ် အစိုးရကလည်း ထရမ့်ပ် ဘက်တော်သား ဖြစ်ခဲ့သည်။ ထိုနည်းတူ မြောက်ကိုရီးယား ကလည်း ကလင်တန် ထက် ထရမ့်ပ်ကို ပိုမို အမြင်ကြည်သူ ဖြစ်သည်။ ထရမ့်ပ်က ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် အထိပင် ဆန္ဒရှိခဲ့ သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ထည့်သွင်းစဉ်းစား ရမည့် အရေးကြီးဆုံး အချက်တစ်ချက်မှာ အာရပ်ကမ္ဘာနှင့် ထရမ့်ပ်တို့ကြားက ပြဿနာဖြစ်သည်။ ထရမ့်ပ်သည် မွတ်စလင် မုန်းတီးရေးဝါဒီ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ ကပဲ နျူကလီးယား ပိုင်ပိုင် အာရပ်နိုင်ငံများ မပိုင်လျှင်ပြီးရော ဟူသည့် အယူအဆမျိုးကို ကိုင်စွဲ ထားသောကြောင့် မဟာမိတ် ဆော်ဒီအာရေဗျ နှင့် ဆက်ဆံရေး ကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက် လာနိုင်သည်။ ထို့ပြင် ဆော်ဒီအာရေဗျ သည် ကလင်တန်အတွက် အဓိက ထောက်ခံသူဖြစ်ပြီး ထရမ့်ပ်ကို လုံးဝကန့်ကွက်သူ ဖြစ်သည်။ 

အရှေ့အလယ်ပိုင်းမှ အီရန်နှင့် အိုဘားမားတို့ နှစ်နှင့်ချီ ဆွေးနွေးကာ ရယူထားသော နျူကလီးယား သဘောတူ စာချုပ်များအရေး တွင်လည်း ထိခိုက်လာနိုင်သည်။ နောက်ဆုံး အရှေ့အလယ်ပိုင်း သည် ထရမ့်ပ်ကြောင့် စစ်မြေပြင်သစ် အကြီးစားတစ်ခု အဖြစ် ပေါ်ထွက် လာနိုင်သည်။

ထရမ့်ပ်က ISIS တို့ကို နျူကလီးယားဗုံးကြဲရန် အထိပင် ဆန္ဒပြင်းပြခဲ့သူ ဖြစ်ပြီး ယခု သူသမ္မတ ဖြစ်သည့်အချိန် သူပြောခဲ့သည့် အတိုင်း အမှန်တကယ် လက်တွေ့ လုပ်မည်လား ဟူသည့် စိုးရိမ်မှတ်များပင် ဖြစ်လာရပြီ ဖြစ်သည်။ ထရမ့်ပ်က မဲဆွယ်စည်းရုံးရေး ကာလများတွင် အမြဲတမ်း ထည့်ပြောခဲ့သည့် ကိစ္စများမှာ ပြင်သစ် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်သည်။ သူသာ သမ္မတ ဖြစ်လာခဲ့ပါက ISIS တို့ကို အပြုတ် တိုက်ပေးမည် ဟူသော စကားပါ နေသော ကြောင့်လည်း ထရမ့်ပ်က စစ်ရေးအရ အမြင့်ဆုံး နည်းလမ်းများ အသုံးပြုမည်ကို လူတိုင်းက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထို့ပြင် မက္ကဆီကို နယ်စပ်ကိုလည်း အုတ်တံတိုင်း ခတ်ပစ်မည်ဟု ဆိုထားသော ကြောင့် မက္ကဆီကို နိုင်ငံရေးနှင့် စီးပွားရေး သည် ထရမ့်ပ်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေရပြီ ဖြစ်သည်။ နောက်ဆုံး ထရမ့်ပ် အောင်မြင်ခဲ့သည့် အဓိက အချက်မှာ အမေရိကန် နှင့် သူ့ပြည်သူများ ကိုသာ တစ်ဖက်သတ် ကြည့်ပြီး မဲဆွယ်ခဲ့ခြင်း ကြောင့်ဟု ဆိုနိုင်သည်။ ဥပမာ- ထရမ့်ပ် သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ပွဲများတွင် အမေရိကန် စီးပွားရေးနှင့် လုံခြုံရေးကို ဒုက္ခပေး နေသော သူ့နိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ၁ဝ သန်းကျော်ကို ချက်ချင်းနှင် ထုတ်ပစ်မည်။ နှစ်စဉ် မက္ကဆီကိုမှ တရားမဝင် လူပေါင်းများစွာ ဝင်ရောက်လာသော ယခု ခတ်ထားသည့် သံဆန်ခါ စည်းရိုးကို အုတ်တံတိုင်းနှင့် ခိုင်ခံ့စွာ တည်ဆောက် ပေးမည်။ ကမ္ဘာအရပ်ရပ်တွင် တပ်ဖြန့် ချထားသော အမေရိကန် စစ်သားများကို ကွဲကွာနေသော သူ့မိသားစု များနှင့် ပြန်လည် ပေါင်းစည်း စေမည်။ အမေရိကန် လုံခြုံရေးနှင့် စီးပွားရေးကိုသာ ပထမကြည့်ပြီး အကြမ်းဖက် အဖွဲ့အစည်းများကို အမြစ်ပြတ် တိုက်ဖျက် သွားမည် စသည်ဖြင့် အမေရိကန် တို့၏ လတ်တလော ဖြစ်ပေါ်နေသည့် ခံစားချက် များကို ထရမ့်ပ်ဆုပ်ကိုင် နိုင်ခဲ့သော ကြောင့် ဖြစ်သည်။

အမေရိကန်၌ ပြည်သူများနှင့် ထရမ့်ပ် ထောက်ခံသူများ ကတော့ အောင်ပွဲခံ နေကြပြီး အင်ပါယာစတိတ် အဆောက်အအုံကြီး ကပင် ထရမ့်ပ်၏ အောင်ပွဲအတွက် ထရမ့်ပ်ရုပ်ပုံကို ပြသပြီး ချီးကျူးဂုဏ်ပြုခဲ့ သေးသည်။ သို့သော်လည်း အမေရိကန် ပြင်ပတွင်တော့ ထရမ့်ပ်ကြောင့် စိုးရိမ်သောက များနှင့် အရေးပေါ် အစည်းအဝေး ခေါ်သည့် နိုင်ငံကခေါ်၊ စတော့ဈေးကွက် ကျဆင်းမှုနှင့် ငွေကြေး အကျပ်ရိုက်သည့် နိုင်ငံက ရိုက်နှင့် သမ္မတသစ် ဖြစ်သော ထရမ့်ပ်၏ ဂယက်က ဆိုးရွားလွန်း နေသည်။

သို့ဖြစ်၍ စောင့်ကြည့်ရမည့် အဓိက အရာများမှာ အမေရိကန် သမ္မတသစ်နှင့် အာရပ်ကမ္ဘာ ကြားက လူမျိုးရေးနှင့် ဘာသာရေး မုန်းတီးမှု ပြဿနာကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စစ်ပွဲများ၊ ယခင် မဟာမိတ် ဟောင်းများနှင့် သမ္မတသစ် ထရမ့်ပ် တို့ကြားက ဆက်ဆံရေး၊ ရန်သူတော် ဟောင်းများ ဖြစ်သည့် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား နှင့် ထရမ့်ပ် တို့ကြားက ဆက်ဆံရေး၊ ထရမ့်ပ်၏ အသစ် ထပ်တိုး လာနိုင်သည့် ယခင် သမ္မတအဆက် ဆက် ကမရှိခဲ့သော စစ်ရေး မူဝါဒနှင့် စီးပွားရေး မူဝါဒများ၊ ယခု အမေရိကန်၌ ကလင်တန် မနိုင်ခဲ့ သောကြောင့် မျက်ရည်ကျကာ ထရမ့်ပ် ကိုဆန္ဒပြနေသည့် ပြည်သူများကို သမ္မတသစ် မည်သို့ ကိုင်တွယ် ဖြေရှင်းရခြင်း တို့သည် အသစ်စက်စက် ဖိတ်ခေါ်မှု တို့ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger