www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)ကို စာတိုက်နှင့်ကြေးနန်းရုံး အဆောက်အအုံ၌ မတ်လအတွင်း ဖွင့်လှစ်မည်

-
ရန်ကုန်   ဇန်နဝါရီ   ၆ 
-
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်ရုံးခွဲ)ကို ယခင်စာတိုက်နှင့် ကြေးနန်းရုံး အဆောက်အအုံ၌ ယခုနှစ် မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ထံမှ သိရသည်။  
-
အဆိုပါ စာတိုက်နှင့်ကြေးနန်းရုံး အဆောက်အအုံ၌ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်၍ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ယခင်ကဲ့သို့ နေပြည်တော်၌ သွားရောက် လုပ်ကိုင်ရန် မလိုတော့ကြောင်း၊ အဆိုပါရုံး ဖွင့်လှစ်ပြီးစီးပါက နေပြည်တော်၌ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ယင်းရုံးမှ တစ်ဆင့် အမြန်ချောပို့ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက်   လုပ်ငန်းများ လျင်မြန်လွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိစာတိုက်နှင့်ကြေးနန်းရုံး အဆောက်အအုံသည်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနပိုင် အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့၌   ဆက်သွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်ရေး အတွက် ရုံးခွဲဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ''အရင်ကတော့  ဒီအဆောက်အအုံကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်အဖြစ် ဖွင့်လှစ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဒဂုံ(တောင်ပိုင်း)မြို့နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် နေပြည်တော်ကို ထပ်မံ ပြောင်းရွှေ့ခဲ့တယ်။ ရန်ကုန်မှာ ဆက်သွယ်ရေး အော်ပရေတာရုံးတွေ အထိုင်များတယ်။ အော်ပရေတာ ကိစ္စတွေရှိရင် နေပြည်တော်ကို သွားလုပ်ကြရတယ်။ ဒီမှာ ရုံးခွဲဖွင့်လှစ်လုပ်ကိုင်ပေးရင် သူတို့အတွက်လည်း အဆင်ပြေမယ်။ နေပြည်တော်ကိုသွားပြီး လုပ်ကိုင်ရမယ့် ကိစ္စတွေရှိရင်လည်း  ဒီကပဲ  နေပြည်တော်ကို   အမြန်ချောပို့နဲ့ ဖြေရှင်းနိုင်အောင် အခုလိုရုံးခွဲဖွင့်လှစ်ဖို့ စီစဉ်တာပါ'' ဟု ဦးမျိုးဆွေကပြောသည်။ ရန်ကုန်မြို့၌ ဆက်သွယ်ရေး အော်ပရေတာ လေးခုရှိပြီး ဆက်သွယ်ရေးနှင့် ပတ်သက်သော  ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီပေါင်း  ၁၄၆ ခုကို လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ 
-
ယင်းတို့သည် ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူခြင်းနှင့် ဖိုက်ဘာကေဘယ် လုပ်ငန်းများအတွက်ဖြစ်သည်။ လက်ရှိတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်  ဆက်သွယ်ရေး တာဝါတိုင်အသစ်များစိုက်ထူခြင်း၊ ဆက်သွယ်ရေးကြိုးများနှင့်  လျှပ်စစ်ဓာတ်အားကြိုးများ  ရှုပ်ထွေးမှုကို ရှင်းလင်းခြင်း၊  ဆက်သွယ်ရေးလုပ်ငန်းများ၏  တရားမဝင်လုပ်ကိုင်မှုများကို ကြပ်မတ်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger