www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ဘူးသီးတောင်မြို့နယ် အတွင်းရှိ AAအကြမ်းဖက် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုခံခဲ့ရသည့် နေရာများသို့ သွား ရောက် စစ်ဆေးပြီး တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အားပေး စကားပြောကြား

ဘူးသီးတောင်မြို့နယ် အတွင်းရှိ AAအကြမ်းဖက် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုခံခဲ့ရသည့် နေရာများသို့ သွား ရောက် စစ်ဆေးပြီး တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အားပေး စကားပြောကြား
-
စစ်တွေ   ဇန်နဝါရီ   ၇ 
-
ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင် ဦးစီးသည့်အဖွဲ့သည် AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ် ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရသည့် ဘူးသီးတောင်မြို့ နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာလိုအပ်သည့် လူမှုရေးဆိုင်ရာ အထောက်အကူများနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။ 
-
ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်  ယမန်နေ့က လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ သုံးသပ် ခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေး  ကျင်းပခဲ့သည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိပြီး မောင်တောမြို့ ပြည်သူ့ ဆေးရုံ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးဝါးကုသမှုခံယူလျက် ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကာ  ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးအပ်သည့်ထောက်ပံ့ငွေများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၏ ထောက်ပံ့ငွေများကိုပေးအပ်သည်။ 
-
ထို့နောက်  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ ဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပေးအပ် လှူဒါန်းသည့် ထောက်ပံ့ ငွေများကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ကိုယ်စားပေး အပ်ရာ ထောက်ပံ့ မှုများနှင့်ပတ်သက်၍ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အဖွဲ့မှူး ရဲမှူးချုပ်မြင့်တိုးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။ 
-
ယင်းနောက် ရဲမှူးချုပ်မြင့်တိုးက သတင်း မီဒီယာအဖွဲ့များနှင့် တွေ့ဆုံကာ ဘူးသီးတောင် မြို့နယ်အတွင်းရှိ နယ်ခြား စောင့် ရဲကင်း စခန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးသတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရသည့် စခန်းများအနက် ခထီးလှရဲ ကင်းစခန်းနှင့် ဂုပ္ပီရဲကင်းစခန်းတို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် သွားရောက်၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ထမ်းဆောင် လျက်ရှိသော ရဲကင်းစခန်းများရှိ ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်သည်။ 
-
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ တပ်ရင်းရုံး၌ ကျင်းပသော ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ၏မိသားစုများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ပြီး တပ်ဖွဲ့ဝင်များ၏ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ရွပ်ရွပ်ချွံချွံ အသက်ပေး ထမ်းဆောင်ခဲ့မှုအပေါ် နိုင်ငံတော် အစိုးရ ကိုယ်စား လေးစားဂုဏ်ပြု ကြောင်း၊  ကျဆုံးသူ တပ်ဖွဲ့ဝင်မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားပြီး မိသားစုများနှင့် တွေ့ဆုံ၍ နှစ်သိမ့် အားပေး စကားများ ပြောကြားသည်။ 
-
ယခုခရီးစဉ်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက်ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာများ အပါအဝင် အလားတူ ဖြစ်စဉ်မျိုး နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးဆိုင်ရာ အစီအမံများ ပြန်လည်သုံးသပ် နိုင်ရန်နှင့် ဖြစ်စဉ်တွင် ကျဆုံး၊ ထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင်များအပါအဝင်  ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် လူမှုရေးအထောက်အပံ့များပေးအပ်ရန်  သွားရောက်ခြင်း ဖြစ်ကြောင်း  သိရသည်။ 
-
ခရီးစဉ်တွင် ဒုတိယဝန်ကြီး နှင့်အတူ အဖွဲ့ဝင် များအဖြစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ  လိုက်ပါခဲ့ကြသည်။ ထို့ပြင် ခရီးစဉ် တစ်လျှောက် ဒီဗွီဘီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ မဇ္ဈိမ၊ ဧရာဝတီ သတင်းဌာန များအပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများလည်း အတူလိုက်ပါ သတင်းရယူခဲ့ကြကြောင်း သိရသည်။                   
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger