www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

ရွှေတိဂုံစေတီတော်မြတ်ကြီး တွင် နိုင်ငံခြားသား ဧည့်ဝင်ကြေးနှုန်းထား နှင့် ရွှေစင်ရွှေပြား လှူဒါန်းမှု နှုန်းထားများ ပြောင်းလဲသတ်မှတ်မည်



ရန်ကုန် ၊ ၁၆-၁၂-၂၀၁၆

ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ် ကြီးတွင် နိုင်ငံခြားသား ဧည့်ဝင်ကြေး နှုန်းထားနှင့် ရွှေစင်ရွှေပြား လှူဒါန်းမှု နှုန်းထားများကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ပြောင်းလဲ သတ်မှတ်သွားရန် စီစဉ်ထားကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး ၌ နိုင်ငံခြားသား ဧည့်ဝင်ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ နှုန်း သတ်မှတ်ထားပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း
ပြောင်းလဲသတ်မှတ် ကောက်ခံသွားမည် ဖြစ်သည်။

ထို့ပြင် ရွှေစင်ရွှေပြား လှူဒါန်းမှုနှုန်းထား ကိုလည်း ပြောင်းလဲ သတ်မှတ်မည် ဖြစ်ပြီး ယခင်က တစ်ကျပ်သား ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၆ဝဝဝဝဝ နှုန်း သတ်မှတ်ခဲ့ရာမှ လာမည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ငွေကျပ် ၈၁ဝဝဝဝ နှုန်းဖြင့် လှူဒါန်းမှု ပြုနိုင်မည် ဖြစ်သည်။

ယခုအခါခရီးသွား ပွင့်လင်းရာသီ စတင် ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် များပြားလာပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြသော ကမ္ဘာလှည့် ခရီးသည်များ၊ နိုင်ငံခြားသား ခရီးသွားများလည်း အရေအတွက် တိုးမြင့်လာကြောင်း သိရသည်။

ထိုသို့ တိုးမြင့်လာသည့် အတွက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ နိုင်ငံခြားသား ဧည့်သည် ၅၇၉၆ဝ ဦး လာရောက်ခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်ဘာလတွင် နိုင်ငံခြားသား ဧည့်သည်
၇၁၉၈၂ ဦးအထိ မြင့်တက်လာပြီး နိုင်ငံခြားသား ဧည့်ဝင်ကြေးမှာ ငွေကျပ်သိန်းပေါင်း ၅၇ဝဝ ကျော်ရရှိခဲ့သည်။

အဆိုပါ ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် များ အများဆုံး လာရောက်ဖူးမြော် ကြသည့်အပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန် စသည့် နိုင်ငံတို့မှ ခရီးသွားများလည်း လာရောက် ဖူးမြော်ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger