www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

သန့်သန့်ရှင်းရှင်း ခံတွင်းအနံ့သင်းစေဖို့


သန့်သန့်ရှင်းရှင်း ခံတွင်းအနံ့သင်းစေဖို့

ဒေါက်တာလွင်သန့် 

ခံတွင်းအနံ့ဆိုးတဲ့ ပြဿနာကို အိမ်တွင်း ကုထုံးလေး တွေနဲ့ ဖြေရှင်းပေးလို့ရပါတယ်။

ခံတွင်းနံ့ဘာကြောင့်ဆိုးရတာလဲ

ခံတွင်းနံ့ဆိုးရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ ကိုယ်သောက်တဲ့ ဆေးလိပ်၊ ကိုယ်စားတဲ့ အစားအစာတွေ ဟာ ခံတွင်းနံ့ဆိုးစေတဲ့ လက်သည်တွေ ဖြစ်ကြတယ်။ မိသားစုဆရာဝန် နဲ့မပြခင် အိမ်မှာ လုပ်ကြည့်ပါဦး၊ တညင်းသီး စားလို့ တညင်းသီး စော်နံတာ သကြားနှစ်ဇွန်း ချက်ချင်း စားသင့်တယ်။ သို့မဟုတ် တညင်းသီး ရှောင်ခြင်း။

သွားတိုက်ခြင်း

ခံတွင်းအနံ့ဆိုး ထွက်နေခြင်းကို ဖြေရှင်းဖို့ အလွယ်ဆုံး၊ အသေချာဆုံး နည်းက သွားတိုက်ခြင်း ဖြစ်တယ်။ သွားတိုက်ခြင်းဟာ အနံ့ဆိုးထွက်ခြင်း ကာကွယ်နိုင်ရုံ မက ဗက်တီးရီးယားများ ခံတွင်းထဲမှ ရှင်းလင်း သွားအောင် သွားမှန်မှန် တိုက်ပေးရမယ်။ ဖြစ်နိုင်ရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပေးရမယ်။ သွားတိုက်ရာမှာ အကြိုအကြား ကပ်နေတဲ့ စားကြွင်းစားကျန်များ ထွက်သွားအောင်ပါ စနစ်တကျ တိုက်ပေးဖို့လိုတယ်။ ကျန်နေတဲ့ စားကြွင်းစားကျန် တွေမှာ ခိုကပ်နေတဲ့ ဗက်တီးရီးယား တွေပေါက်လာပြီး ခံတွင်းနံရခြင်း ဖြစ်တယ်။ နှစ်လတစ်ခါ သို့မဟုတ် သုံးလတစ်ခါ သွားပွတ်တံအသစ် လဲပေးရမယ်။ ထို့ထက်ကြာသွားရင် သွားပွတ်တံ ထိပ်ဖျားတုံးကာ  အကြိုအကြား နေရာက စားကြွင်း စားကျန်တွေကို ပွတ်ထုတ်ဖယ်ရှား ပေးနိုင်မှာ မဟုတ်ပါဘူး။

လျှာကိုသန့်ရှင်းခြင်း

လူတော်တော် များများဟာ သွားတိုက်တဲ့ အခါ သွားကိုပဲ တိုက်လေ့ရှိတယ်။ လျှာကိုပွတ်တိုက် သန့်ရှင်းတာ နည်းပါတယ်။ ခံတွင်းနံ့ဆိုးနံ ရတဲ့ အဓိက လက်သည်က လျှာပေါ်မှာ ပေါက်ဖွားတဲ့ ဗက်တီးရီးယား ပါတယ်။သွားတိုက်ပြီးရင် လျှာကိုပါ သွားပွတ်တံနဲ့ သေချာတိုက်သင့် ပါတယ်။

ရေဝအောင်သောက်ခြင်း

အာခေါင်ခြောက် နေရင် ခံတွင်းနံ့ဆိုး နိုင်ပါတယ်။ တံတွေးအထွက် နည်းကာ အာခြောက်နေရင် ခံတွင်းထဲနဲ့ လျှာပေါ်မှာ ဗက်တီးရီးယားတွေ ပိုပေါက်ပွားလာလို့ ခံတွင်းနံ့ပိုဆိုးနိုင် ပါတယ်။ မနက်အိပ်ရာထရင် ခံတွင်း နံ့ဆိုးရခြင်းမှာ တစ်ညလုံး အိပ်နေစဉ်က လူကအာခြောက် နေခြင်းကြောင့် ဖြစ်တယ်။ နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးခြင်းဟာ ခံတွင်းနံ့ဆိုး ပျောက်စေမယ့် နည်းလမ်းကောင်း ဖြစ်တယ်။ အရက်ဘီယာ တို့ဟာ ခန္ဓာကိုယ် ရေဓာတ်ကို အမြန် ညစ်နွမ်းစေလို့ ရေများများ သောက်ပေးဖို့ လိုအပ်တယ်။ အရက်သောက်သူများ အရက်နံ့ကျန် နေခဲ့ခြင်းမှာ ခန္ဓာကိုယ်ထဲ ညစ်နွမ်းသွားတဲ့ ရေဓာတ်ကို အမြန်မလဲပေး နိုင်လို့ ကြာလာတဲ့အခါ အရက်နံ့က တစ်ကိုယ်လုံး အနံ့အသက် စွဲသွားစေပါတယ်။

ကိုယ်စားတာဂရုစိုက်ခြင်း

တချို့ အစားအသောက် တွေက ပါးစပ်ကို နံစေတယ်။ ခံတွင်းနံ့လေး မွှေးပျံ့သင်း နေလိုလျှင် ကိုယ်စားတာ ကိုယ်ဂရုစိုက်ဖို့ လိုတယ်။ အက်စစ်ဓာတ် ပြင်းထန်တဲ့ ဖလူးတို့စ်ဓာတ် မြင့်မားစေတဲ့ အစားအသောက် တွေဟာ ဗက်တီးရီးယား ပေါက်ဖွားမှု အားကောင်းအောင် ဆွပေးနိုင်သလို ခံတွင်းအနံ့ဆိုး ထွက်စေနိုင်တယ်။ အစားအသောက် ကြောင့် ခံတွင်းနံ့လည်း ပျောက်စေနိုင်ပါတယ်။ ပါးစပ်နံရင် ပန်းသီးစားလိုက်ခြင်း၊ ဒိန်ချဉ်သောက် လိုက်ခြင်းက ပါးစပ်နံတာ ပျောက်သွားမယ်။ ပန်းသီးဟာ အမျှင်ဓာတ် အားကောင်းသလို၊ တံတွေးလည်း များများ ထွက်စေလို့ ခံတွင်းထဲက ဗက်တီးရီးယား တွေ ရှင်းသွားလိမ့်မယ်။ ဒိန်ချဉ်ကလည်း ခံတွင်းထဲက ဗက်တီးရီးယား ကို ရှင်းပေးနိုင်ပါတယ်။

ခံတွင်းသန့်ဆေးရည်သုံးခြင်း

ခံတွင်းသန့်ဆေးရည် များဟာ အများစုက ခံတွင်းနံ့ကို အခိုက်အတန့် မွှေးပျံ့အောင်သာ လုပ်ပေးနိုင်တယ်။ နာရီဝက်ခန့်ကြာရင် ယခင်အတိုင်း ပြန်နံလာတယ်။ ခံတွင်းထဲက ဗက်တီးရီးယား တွေကို ရှင်းလင်းပေးတဲ့ ခံတွင်း သန့်ဆေးရည်မျိုး ကမှ တစ်နေ့လုံး ခံတွင်းနံ့ဆိုး မထွက်အောင် ကုပေးနိုင်လို့ ယင်းဆေးရည်မျိုး ရွေးပြီးအသုံးပြုသင့် ပါတယ်။ ဒါပေမဲ့ ချင့်ချင့်ချိန်ချိန် သုံးဖို့တော့ လိုပါတယ်။

ဗီတာမင်စီဓာတ် အားနည်းခြင်း

ဗီတာမင်စီဟာ လူ့ခန္ဓာကိုယ် ခုခံမှုစနစ်မှာ အရေးပါသလို သွေးတိတ်အောင် ဖန်တီးပေးနိုင်တဲ့ အပြင် ဗီတာမင်စီဓာတ် အားနည်းရင် ခံတွင်းကသွားနဲ့ သွားဖုံးမှာ ''ရေစီးကမ်းပြို ဖြစ်ကာ အနံ့အသက် ဆိုးရွားလွန်းပါတယ်။ သွားတွေယိုင်နဲ့ပြီး ကျွတ်ထွက်လို့ သွားတစ်ချောင်း မှ မပေါက်တော့တဲ့ ဗီတာမင်စီဆိုးရွားတဲ့ လူနာ တစ်ယောက် အသက် ၄ဝ အရွယ် အမျိုးသမီး တစ်ဦးတွေ့ဖူးတယ်။ သူက ငယ်စဉ် ကတည်းက အချဉ် စားနည်းသလို အာဟာရ ပြည့်ဝအောင် မစားခဲ့ရဘူး။ ပြောရရင် ထမင်းဘူး ဝက်လောက်နဲ့ ကြက်ဥကြော် တစ်လုံးပါရင် ထမင်းတစ်နပ်ပြီး တယ်ဆိုတဲ့ အမျိုးသမီး၊ သားသမီးလည်း မရတဲ့အပြင် ယခင်တစ်ကြိမ် ကိုယ်ဝန်ဆောင် ဖူးတာလည်း ပျက်ကျသွားတယ် ဆိုတယ်။ ဘယ်သူ့ကိုမှ မပြဘဲ အိမ်တွင်းပုန်း ကုသနေရာက အနံ့အသက် ဆိုးရွားလာလို့ မိသားစု ဆရာဝန်ဆီ ရောက်လာတယ်။ အားနာလို့ ထင်ပါရဲ့ ကိုယ့်ပါးစပ်ကို လက်ကိုင်ပဝါနဲ့ ပိတ်ထား ပေမယ့် အနံ့က ထွက်နေပါတယ်။ စီဗစ်စားဆေး၊ ထိုးဆေးပေးပြီး အစားအသောက် ဆင်ခြင်ဖို့ မှာလိုက်ပါတယ်။ အဲဒီနောက် ကောင်းမွန်သက်သာ သွားပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ

အမျှင်ဓာတ်နည်းတဲ့ အစာဖြစ်တဲ့ ဂျယ်လီ ရေခဲမုန့်၊ ပေါင်မုန့်ဖြူ၊ ပီကူကိတ်မုန့် နှင့် ဘီစကစ် လျှော့စားသင့်တယ်။ မလိုင်အပြည့် ပါပြီး အဆီမထုတ် ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းများဟာ အခွံအမြှေးတွေ ပိုမိုထွက်စေပြီး ဝမ်းချုပ် ခြင်း ဖြစ်စေလို့ ခံတွင်းနံ့ ပိုဆိုးစေတယ်။ အူလမ်းကြောင်းမှာ အချဉ်ပေါက်စေနိုင်တဲ့ အစားအသောက် တွေဟာ ခန္ဓာကိုယ် အနံ့အသက်ဆိုး စေကာ ခံတွင်းနံ့နံ စေတယ်။ အချိုနဲ့အရက် ဖြတ်တောက်ရမယ်။ အစာစားပြီးရင် အသီးအနှံ စားသောက်တဲ့ အကျင့်ပြင် ရမယ်။ အနီရောင်အသား (အမဲသား၊ ဆိတ်သား၊ အဆီများတဲ့ အစာများဟာ အစာကြေဖို့ ခက်ခဲပြီး စွန့်ပစ်ရန်လည်း ရှည်ကြာတတ် ပါတယ်။

စားသုံးသင့်တဲ့အစာများ

သန့်စင်တဲ့ ရေဖန်ခွက်ေ ခြာက်ခွက်၊ ရေနှစ်လီတာ နေ့စဉ် သောက်သင့်တယ်။ ခန္ဓာကိုယ်မှ အဆိပ်အတောက် ကိုဖယ်ရှားရမယ်။ နံနက်စာကို နှံစား(ဂျုံ၊ စပါး) တွေနဲ့ စားသုံးစဉ်မှာ ပျော်ဝင်တဲ့အမျှင်တွေ ဖြစ်စေနိုင်တဲ့ နှမ်းနက်စေ့၊ ပိုက်ဆံလျှော်စေ့၊ ဆန်ဖွဲနု စတဲ့အမှုန့်တွေ ဖြူးထားရမယ်။ မွှေစက် သို့မဟုတ် သစ်သီးဖျော်စက် များအသုံး ပြုနိုင်တယ်။ ဘလူးဘယ်ရီသီး၊ ပန်းသီး၊ ကီဝီသီးများ ဖျော်စက်မှာ ဖျော်တဲ့အခါ ပဲနို့နှင့်အတူ နှမ်းစေ့၊ နေကြာစေ့ပါ ထည့်သင့်တယ်။ သစ်သီးဖျော်ရည် တွေ ညစာ မစားမီစားသုံးရင် ပိုပြီး သင့်လျော်တယ်။ ရက်ခြား သို့မဟုတ် နေ့စဉ် အစိမ်းရောင် အသီးအနှံများ ဖြစ်တဲ့ ဂေါ်ဖီထုပ်၊ တရုတ်နံနံ၊ နိုကိုဥ၊ ချင်းတက်နှင့် ရှားစောင်းလက်ပပ် ဖျော်ရည်များ သောက်သုံးရင် အဆိပ်အတောက် နဲ့ ပါးစပ်နံခြင်း ဖယ်ရှားပစ် နိုင်ပါတယ်။ နံနံစေ့ လတ်လတ်ဆတ်ဆတ် များကို ဖျော်ရည်နဲ့ အစားအစာမှာ ထည့်ပြီး စားသောက်ခြင်းဖြင့် ခန္ဓာကိုယ် အနံ့အသက် ဆိုးတွေ သက်သာစေတယ်။ အစာခြေအင်ဇိုင်း များပါတဲ့ နာနတ်သီးနဲ့ သင်္ဘောသီးတို့ ပိုမိုစားသုံး သင့်တယ်။ 

အသုံးပြုသင့်တဲ့ဆေးဝါး

အူလမ်းကြောင်း ပိုမိုကောင်းမွန် စေမယ့် အက်ဆီတိုဖီလစ် နဲ့ ဆိုင်ဖီးလပ် များ နေ့စဉ်အစာစားပြီး နှစ်တောင့်မှီဝဲ သင့်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အားဆေး (ဇင့်ဓာတ်ဖြည့်စွက်စာ စားသုံးသင့် ပါတယ်) သဘာဝ အစိမ်းရောင်ရှိ အစားအစာဖြစ်တဲ့ ကလိုရိုဖီး နဲ့ ဂျုံစေ့ ပင်ပေါက် တို့ဟာ အဆိပ်အတောက် ဖယ်ရှားတယ်။ ဆီလီကာ သတ္တုဓာတ်ဟာ ခန္ဓာကိုယ် အနံ့ဆိုးတွေ လျော့နည်းစေလို့ စားသုံးသင့်တယ်။

ဆောင်သင့်တဲ့အကြံပြုချက်

ခန္ဓာကိုယ်နေ့စဉ် အားကစား နာရီဝက်မှ တစ်နာရီကို အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးလုပ်သင့်တယ်။ အက်ဆီတိုဖီလစ် နဲ့ ဆိုင်ဖီးလပ် မှာပါရှိတဲ့ လတ်ဆတ်တဲ့ ဒိန်ချဉ် နေ့စဉ်စားသုံးပေးရင် အူလမ်းကြောင်း
ကျန်းမာစေတယ်။ နေ့စဉ် ရေမှန်မှန် ချိုးပြီး အူလမ်းကြောင်း ကျန်းမာရေး ကောင်းအောင် ထားရှိရမယ်။ ဝမ်းအချုပ်မခံသင့်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ရမယ်။ အစာစားပြီးတိုင်း သွားမတိုက် နိုင်တောင်ပလုတ်ကျင်း ရမယ်။ မနက်နှင့် ညအိပ်ရာဝင် ခါနီးနှစ်ကြိမ် ဖလိုရိုက် ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်ရမယ်။ သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထက်ပါအတိုင်း လိုက်နာပြုမူ လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့ခံတွင်းဟာ သန့်သန့်ရှင်းရှင်း နဲ့  မွှေးရနံ့သင်းနေမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger