www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

ထရမ့်ပ်၏ ကာကွယ်ရေးဝန်ကြီးသစ် ကြောင့် စိုးရိမ်နေရသည့် အီရန်နျူကလီးယား သဘောတူညီမှု


Donald Trump (L) shakes hands with 
retired United States Marine Corps general James Mattis

( ရှိန်းထက် )

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမေရိကန် သမ္မတနေရာ ၌ ဘီလျံနာသူကြွယ် ဒေါ်နယ်ထရမ့်ပ် အနိုင်ရပြီးနောက် ယခုအခါ ထရမ့်ပ်အဖို့ သူ၏ အစိုးရအဖွဲ့ ဖွဲ့စည်းရန် အလုပ်ရှုပ်လျက် ရှိသည်။ အစိုးရအဖွဲ့၏ ထိပ်ပိုင်း ရာထူးများတွင် မည်သူ့ကို မည်သည့် နေရာပေးမည်၊ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး တွင် မည်သူ့ကို ပေးမည် စသည်ဖြင့် အရေးကြီးသည့် နေရာများ အတွက် ထရမ့်ပ်က သူသဘောကျသည့် သူများနှင့် တွေ့ဆုံလျက် ရှိသည်။

သူတွေ့ဆုံနေသူ များကလည်း ထိတ်ထိတ်ကြဲ သဘောထား တင်းမာသူ အများစု ဖြစ်သည်။ ယခု သူ ကာကွယ်ရေး ဝန်ကြီး ခန့်အပ်မည့် စာရင်းတွင် ထိပ်ဆုံးမှ ပြေးနေသူ ဗိုလ်ချုပ်ကြီး ဂျိမ်းမက်တစ် ကိစ္စဆိုလျှင် ပို၍ပင် ဆိုးနေသည်။ ဂျိမ်းမက်တစ် သည် အမေရိကန် စစ်ရေး အသိုင်းအဝိုင်းတွင် သဘောထား တင်းမာသူ တစ်ဦးအဖြစ် နာမည်ကြီးပြီး အီရန် နျူကလီးယား အရေးကို စစ်ရေးအရ အဖြေရှာ လိုသည့် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ သူ၏ အီရန်အပေါ် သဘောထား တင်းမာမှုကြောင့် မက်တစ် အတွက် နာမည်ပြောင် တစ်ခု ပေါ်လာစေခဲ့သည်။ ခွေးရူး ( Mad Dog ) ဟူသည့် နာမည်ပြောင် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး မက်ဒေါ့ မှာ လူသိများ လာရတော့သည်။ ယခု ဒေါ်နယ်ထရမ့်ပ် က ထို ဗိုလ်ချုပ်ကြီးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သေချာသလောက် ရှိနေသည်။ လူတိုင်း၏ စိုးရိမ်စိတ်များ ကလည်း မက်တစ် နှင့် ယှဉ်ကာ အီရန်ဆီသို့ ရောက်သွား ရတော့သည်။

အိုဘားမား ၏ သမ္မတသက်တမ်း နှစ်ကြိမ်တွင် အီရန်ကို အကောင်းမွန်ဆုံး ကိုင်တွယ်ပြီး နျူကလီးယားသဘော တူညီမှုရရှိရန် နည်းလမ်းပေါင်းစုံ သုံးပြီး ချဉ်းကပ်ခဲ့သည်။ သူ၏ ဆောင်ပုဒ်အတိုင်း ရန်သူကို အနီးကပ်
စောင့်ကြည့်ခြင်းက အဝေးက မျှော်ကြည့်ခြင်းထက် ပိုထိရောက်သည် ဟူသည့်အတိုင်း အီရန်ကို အနီးကပ် ဆက်ဆံရေးဖြင့် သံတမန်ရေး လမ်းကြောင်း ခင်းကာ နောက်ဆုံး နျူကလီးယား သဘောတူ ညီမှုကို သူ့သက်တမ်း ကုန်ရန် တစ်နှစ်အလို မှာပင် ရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပြီး မရသေးမီ ကြားထဲမှာပင် အီရန်နှင့် နျူကလီးယား ဆွေးနွေးပွဲများ သည် ပျက်သွားလိုက်၊ ပြန်စလိုက်ဖြင့် နှစ်ကြိမ် သုံးကြိမ်ခန့် ပြုလုပ်ခဲ့ ကြသည်။ အိုဘားမားက ပျက်သွားသည့် ဆွေးနွေးပွဲများကို အပြီးတိုင် အပျက်မခံဘဲ ပြန်လည် စတင်ပြီး ဆွေးနွေးမှုများကို ဆက်တိုက်ပြုလုပ် စေသည်။ နောက်ဆုံးတွင် ဇွန် ၃ဝ ရက်က အိုဘားမား လိုချင်သည့် နျူကလီးယား သဘော တူညီချက်ကို ရရှိခဲ့သည်။

သမိုင်းတွင်ခဲ့သည့် အိုဘားမား အစိုးရ၏ အီရန်နှင့် နျူကလီးယား သဘောတူညီမှု ဖြစ်သည်။ ကမ္ဘာကြီးကို နျူကလီးယားစစ်ပွဲ တစ်ခုထဲမှ ကယ်ထုတ်နိုင်ပြီ ဟု ပြောစမှတ် တွင်စေခဲ့သည်။ သို့သော် အိုဘားမားအစိုးရ
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် ခဲ့သော နျူကလီးယား သဘောတူညီချက် သည် ထရမ့်ပ်ခန့်အပ်မည့် ကာကွယ်ရေး ဝန်ကြီးသစ် ကြောင့် ယခု စိုးရိမ်စရာ အခြေအနေနှင့် ကြုံနေရသည်။

အီရန်ကလည်း နျူကလီးယား ကိုသာ စွန့်လွှတ်မည်။ ဒုံးပျံစမ်းသပ်မှု များကိုတော့ လုံးဝ မစွန့်လွှတ်ပေ။ ထိုအရာသည် သူ့နိုင်ငံကို အကြီးမားဆုံး လုံခြုံရေး ပေးမည့်အရာ၊ အလိုအပ်ဆုံးအရာ ဖြစ်၍ အမေရိကန် တို့ မည်သို့ပင် ပြောပြော၊ ကုလသမဂ္ဂက မည်သို့ပင်နားချချ ရမည့်နိုင်ငံ မဟုတ်ပေ။ ယခုအချိန်ထိ နျူကလီးယား သဘောတူညီ ချက်သာ ရပြီး ထို သဘောတူညီချက် ထဲတွင် ပါဝင်ကန့်သတ် ထားသော ဒုံးပျံအရေးကို မဖြေရှင်းနိုင်သည့် အရေးသည် အီရန်နှင့် အမေရိကန် ကြားတွင် ပြဿနာကြီး တစ်ခု ဖြစ်နေသည်။

ယခု အိုဘားမား နေရာတွင် ထရမ့်ပ် တက်လာသည်။ ကာကွယ်ရေးဝန်ကြီး အတ်ရှ်ကာတာ နေရာတွင် မက်တစ် တက်လာတော့မည်။ ယခင်က နှစ်ဦးစလုံး ပျော့ပျောင်းသည့် လက်ဝဲယိမ်းများ ဖြစ်သည်။ ယခု နှစ်ဦးစလုံးမှာ သဘောထား တင်းမာသည့် လက်ယာယိမ်းများ ဖြစ်သည်။ ထိုကြားထဲ ထရမ့်ပ်က လူမျိုးရေးဝါဒီ တစ်ဦး ဖြစ်နေသေးသည်။ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာကို မုန်းတီးနေသူ ဖြစ်သည်။ 

ထို့ကြောင့် အမေရိကန်၏ ကာလရှည်ကြာ မဟာမိတ် ဆော်ဒီအာရေဗျ ကပင် ထရမ့်ပ်ကို သတိနှင့် စောင့်ကြည့် နေရသည်။ ဆော်ဒီ၏ သဘောထားသည် စီးပွားရေးသမား ထရမ့်ပ်ကို စီးပွားရေး သဘောသဘာဝ များနှင့်သာ ဆက်ဆံရန် ကြိုးစားနေသည်။ နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးအရ ဆက်ဆံမှုကို ဆော်ဒီ စီးပွားရေးအရ ဆက်ဆံမှု လောက်ပင် အရေးမပေးတော့။ ထရမ့်ပ်က အမေရိကကို နောက်တစ်ကြိမ် အင်အားကြီးမား လာအောင် ပြုလုပ်ပေးမည် ဟူသော မျိုးချစ်စိတ်ဖြင့် ရွေးကောက်ပွဲ အောင်မြင်လာ ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင် ကလည်း ဘီလျံနာ စီးပွားရေးသမား တစ်ဦး ဖြစ်နေသောကြောင့် ဆော်ဒီတို့ အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲ စေရန် စီးပွားရေးကိုသာ ရှေ့တန်းတင် နေခြင်းဖြစ်သည်။

ဆော်ဒီနှင့် ဆက်ဆံရန်က စီးပွားရေးရှိသည်။ အီရန်နှင့် အဆင်ပြေရန် ထင်ထင်ရှားရှား ပြနိုင်စရာ ဘာမျှမရှိ။ ချပြလျှင် မပြေလည်မှုများ ကသာ ထိပ်ဆုံးက ပါဝင်လာမည် ဖြစ်သည်။ ထိုကြားထဲတွင် ဒုံးပျံအရေးကြောင့်ယခုအချိန်ထိ အီရန်နှင့် အဆင်မပြေနိုင် ဖြစ်ကာ အီရန်နှင့် အမေရိကန် ဆက်ဆံရေး သည် စောင့်ကြည့်ရမည့် အမေရိကန်၏ ပြင်ပကမ္ဘာ ဆက်ဆံရေးများ ထဲမှ ထိပ်ဆုံးတစ်ခု ဖြစ်လာလျက် ရှိသည်။ ဆက်ဆံရေး တင်းမာသည်၊ မတင်းမာ သည်က အရေးမကြီးပေ။ အရေးကြီးဆုံးက နျူကလီးယား သဘောတူညီမှု မပျက်သွားရန် ဖြစ်သည်။ သို့သော် ဆက်ဆံရေး တင်းမာလာ လျှင်တော့ အီရန်နှင့် အမေရိကန်သံတမန် ရေး ပြတ်တောက် ကောင်း ပြတ်တောက် သွားနိုင်သည်။ ပြတ်တောက် လျှင်တော့ စိုးရိမ်နေသည့် နျူကလီးယား သဘောတူညီ မှု ပျက်မည်။ ကာကွယ်ရေး ဝန်ကြီးဖြစ်ရန် ရေပန်းစားနေသည့် မက်တစ် ကတော့ ထိုအချိန်တွင် စစ်ရေးအရ ဖြေရှင်းရန်ကိုသာ ဦးစားပေးမည် ဖြစ်သည်။

အီရန်တို့ကလည်း နျူကလီးယား နည်းပညာကို ရရှိရန် အနီးကပ်ဆုံး အခြေအနေ အထိရောက်ရှိထားခဲ့ ဖူးသည်။ သန့်စင်ပြီးသား ယူရေနီယံ များကို ပြည်ပသို့ ပို့လိုက်သည် ဆိုသော်လည်း နှစ်အနည်းငယ် အတွင်း ထိုအဆင့်သို့ ရောက်ရန်အတွက် အီရန်တို့ အချိန် အနည်းငယ်သာ ယူရန်လိုသည်။ အာရှ အရှေ့ခြမ်းက မြောက်ကိုရီးယား ကလည်း ယခင်ကတည်းက အီရန်နှင့် အဆက်အဆံ ရှိသည်။ ယခု မြောက်ကိုရီးယား တို့ အမေရိကန် ကြောင့် သူတို့၏ နျူကလီးယား ဖွံ့ဖြိုးရေး လုပ်ငန်းများ အထိနာနေသည်။ ထို့ကြောင့် အကယ်၍ အီရန်နှင့် အမေရိကန်တို့ နျူကလီးယား သဘော တူညီမှုပျက်ပြား ခဲ့ပါက မြောက်ကိုရီးယား နှင့်အီရန်တို့ တစ်ကျော့ပြန် ပေါင်းစည်းပြီး နျူကလီးယားကို ပိုမို အကောင်အထည် ဖော်လာနိုင် သေးသည်။

အမေရိကန်တို့က မြောက်ကိုရီးယား၌ နျူကလီးယားလက်နက် ရှစ်ခုအထိ ရှိနိုင်သည်ဟု ဝေဖန်ထားသည်။ထို့ကြောင့် အီရန်သည် မြောက်ကိုရီးယား နှင့်သာ တစ်ဖန် ပေါင်းစည်းသွားလျှင် နျူကလီးယား စစ်ရေး အခြေအနေ သည် ပြန်လည်ရှင်သန် လာတော့မည်။ ထို့ကြောင့် အီရန်နှင့် နျူကလီးယား သဘောတူညီမှု ပျက်စီးသွားမည် ကို နိုင်ငံတကာက စိုးရိမ်နေကြခြင်း ဖြစ်သည်။ ထရမ့်ပ် တက်လာ ကတည်းကပင် အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာကို မုန်းတီးနေသော သမ္မတ ဖြစ်သောကြောင့် အီရန် သဘောတူညီမှု ပျက်စီးမည်ကို စိုးရိမ်နေချိန်တွင် ကာကွယ်ရေး ဝန်ကြီးကို မက်တစ် အား ခန့်အပ်မည်ဆို သောကြောင့် အီရန်နျူကလီးယား သဘော တူညီမှု သည် စိုးရိမ်ပြီးရင်း စိုးရိမ်ရင်း ဖြစ်နေရ ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger