www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

မန္တလေးမြို့ရှိ အထင်ကရနေရာများတွင် အပတ်စဉ်အမှိုက်ကောက်ခြင်း လှုပ်ရှားမှုများ ဆောင်ရွက်မည်



မန္တလေး ၊ ၂၂-၁၁-၂၀၁၆

မန္တလေးမြို့ရှိ အထင်ကရ နေရာများတွင် အပတ်စဉ် အမှိုက်ကောက်ခြင်း လှုပ်ရှားမှု (Clean Up Mandalay) များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း NAGATA MYANMAR CO., LTD ထံမှ သိရသည်။

မန္တလေးမြို့ကို ပိုမိုသန့်ရှင်း စေရန် အပတ်စဉ် သောကြာနေ့ နံနက် ၉ နာရီတွင် အမှိုက်ကောက်ခြင်း လှုပ်ရှားမှုကို လုပ်ဆောင်လျက် ရှိပြီး Facebook စာမျက်နှာ တွင်လည်း အတူပါဝင် လှုပ်ရှားစေရန် အတွက် နှိုးဆော်ပေးခြင်းဖြင့် ယခုမှစပြီး လှုပ်ရှားမှုကို ကျယ်ပြန့်စွာ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ကုသိုလ်တော် ဘုရား ၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီး ဘုရား၊ မန္တလေးတောင်၊ ဘုရားကြီး အစရှိသော နေရာများတွင် အပတ်စဉ် အမှိုက်ကောက်ခြင်း လှုပ်ရှားမှုများကို ပြုလုပ်သွားမည် ဖြစ်ပြီး ယခု နိုဝင်ဘာ ၂၄ ရက်တွင် ကုသိုလ်တော် ဘုရား၌ အမှိုက်ကောက်ခြင်း လှုပ်ရှားမှုကို ပြုလုပ်သွားမည် ဖြစ်သည်။

''ကျွန်မတို့ ကုမ္ပဏီက ကြော်ငြာလုပ်ငန်း ကို အဓိက လုပ်ပါတယ်။ အလုပ်လုပ်ရင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသကို သန့်ရှင်းသာယာ လှပစေဖို့အတွက် ပုဂံမှာလဲ အမှိုက်ကောက် ခြင်း လှုပ်ရှားမှုကို လုပ်ဆောင် ပါတယ်။ မန္တလေးမှာလဲ အမှိုက်ကောက်ခြင်း လှုပ်ရှား မှု လုပ်တာ သုံးပတ်ပြီးသွား ပါပြီ။ မန္တလေး က အခုဖွံ့ဖြိုး တိုးတက် လာပါပြီ။ ဖွံ့ဖြိုး တိုးတက်မှု တွေနဲ့အတူ အမှိုက်ပြဿနာ ကို သူများနိုင်ငံက မြို့ကြီးတွေလို သာယာ လှပစေဖို့ အတွက် ဆောင်ရွက်ရ တာပါ'' ဟု NAGATA MYANMAR CO., LTD မှ Coordinator မဆုရွှေစင်ဝင်း က ပြောပြသည်။

အမှိုက်ကောက်ခြင်း လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးအတွက် အကာအကွယ် ပစ္စည်းများ ဖြစ်သော လက်အိတ်၊ မျက်နှာဖုံးများကို စနစ်တကျ တပ်ဆင်ပြီး အမှိုက်အိတ်၊ အမှိုက်ပုံးများ အတွင်းသို့ ကောက်ယူ ထည့်ကာ စည်ပင်က သတ်မှတ်ပေး ထားသော နီးစပ်ရာ အမှိုက်ကန်သို့ သွားရောက် ပို့ဆောင် ပေးကြောင်း သိရသည်။

အမှိုက်ကောက်ခြင်း လှုပ်ရှားမှုတွင် ပြည်သူများ အနေဖြင့် စိတ်ပါဝင်စား ပါက နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီ ခွဲထိ ကုသိုလ်တော် ဘုရားဝင်ပေါက် တွင် လာရောက်ကာ ပူးပေါင်းပါဝင် နိုင်ကြောင်း သိရသည်။

NAGATA MYANMAR CO., LTD သည် သဘာဝပတ်ဝန်းကျင် သာယာလှပရေး အတွက် ပုဂံမြို့တွင် စနေ နှင့် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်း၊ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီသို့ အဆင့်မီ အမှိုက်ပုံးများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး မှေးမှိန်လာသော စာပို့လုပ်ငန်းများ ပြန်လည် တိုးတက်လာ စေရန်အတွက် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စသည့်မြို့ကြီး တို့တွင် အဆင့်မီ စာတိုက်ပုံးများ ပေးအပ် လှူဒါန်းထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger