www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 26, 2018

အိမ်တွင်းအိမ်ပြင် အလှဆင် သစ်ပင်စိုက်ပျိုး များလှအကျိုး


တောတောင်စိမ်းစို သာယာပို၏။ တောတောင်တင့်တယ် စားကျက်ကြွယ်၏။ တောတောင်လန်းမှ စမ်းရေရ၏ စသောဆောင်ပုဒ်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  သစ်တောဦးစီးဌာနက သစ်တောများမှ သစ်ပင်များ၌ ဆိုင်းဘုတ်ကလေးများဖြင့် သတိပေးထားသည်။  
-
သစ်ပင်တို့သည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စုပ်ယူ၍ အောက်ဆီဂျင်ပြန်ထုတ်ပေးသဖြင့် သတ္တဝါများ အသက်ရှူရန် လေကောင်းလေသန့်ကို ရရှိကြသည်။ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် စက်မှုတော် လှန်ရေး ကာလနောက်ပိုင်းမှစ၍ လေထုညစ်ညမ်းမှုကြောင့် လူတို့ကျန်းမာရေးအတွက် ထိခိုက်မှုများ ရှိကြသည်။ အချို့ဒေသများ၌ တောမီးလောင်ခြင်း၊ သီးနှံစိုက်ခင်းများချဲ့ထွင်ရန် တောမီးရှို့ခြင်း၊  စိုက်ခင်းများတွင် မြေသြဇာကောင်းမွန်စေရန် ရိတ်သိမ်းပြီး သီးနှံပင်များအား မီးရှို့ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသည်။ 
-
တောတောင်စိမ်းစို သာယာပို၏ ဆောင်ပုဒ်သည် ကျေးလက်ဒေသအတွက်သာ မဟုတ်ဘဲ မြို့ပြဒေသအတွက်ပါ အကျိုးရှိစေရန်၊ အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် ဥယျာဉ်ပန်းခြံများ တည်ဆောက်ခြင်းကို မြို့ပြစီမံကိန်းများ၌ ထည့်သွင်းထားကြသည်။ ထို့အတူ မိမိတို့အိမ် ပတ်ဝန်းကျင်၌ သစ်ပင်ပန်းပင်များ စိုက်ပျိုးထားခြင်းသည်လည်း နေအိမ်အတွင်းမှာပင် လေကောင်းလေသန့် ရှူရှိုက်နိုင်ရန် အထောက်အပံ့ပေးသည်။ 
-
ထို့ပြင် သစ်ပင်များသည် လေထုအတွင်းမှ ရေခိုးရေငွေ့ကို စုပ်ယူပြီး ပြန်လည်ထုတ်လွှတ် ပေးသဖြင့် အသားအရေစိုပြည်ရေးကိုပါ ဖန်တီးပေးကြောင်း သိပ္ပံပညာရှင်တို့က အသိပေးထားကြသည်။ မိမိတို့နေအိမ် ဝန်းကျင်တွင်သော် လည်းကောင်း၊ အိမ်နံရံအလှဆင် ပန်းပင်မျိုးကိုသော် လည်းကောင်း စိုက်ပျိုးခြင်းသည် လူတိုင်းတတ်နိုင်သည့် လွယ်ကူသက်သာသော နည်းဖြင့် ကျန်းမာရေးအတွက် ဆေးတစ်ခွက်ကို ရရှိနိုင်သောကြောင့် ရေအနည်းငယ်သာ လောင်းပေးရသော နှင်းပန်း သို့မဟုတ် တိုက်ကပ်နွယ်ပင်မျိုးကို စိုက်ပျိုးသင့်ကြောင်း၊ စင်တင်စိုက်ပျိုးရသော အပင်တို့က ရေခိုးရေငွေ့ပို၍ ထုတ်ပေးကြောင်း တော်ဝင်သစ်သီးဝလံနှင့် ပန်းမျိုးစုံစိုက်ပျိုးရေး တက္ကသိုလ် မှ သိပ္ပံပညာရှင်များက တိုက်တွန်းထားကြသည်။ 
-
အိမ်ဝန်းကျင်နှင့် အိမ်တွင်းအလှဆင် ပန်းပင်များ စိုက်ပျိုးထားခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သောရောဂါကို ကာကွယ်နိုင်သည့်အပြင်  လေကောင်းလေသန့် ရရှိသည့် အကျိုးကျေးဇူးနှစ်ခုကို တစ်ပြိုင်တည်း ရရှိကြမည်ဖြစ်သည်။ ယခင်က လေ့လာတွေ့ရှိချက်များအရ လေထုအတွင်း ရေခိုးရေငွေ့ပါဝင်မှု များပြားလျှင် တုပ်ကွေးဖျားနာဖြစ်စေသော ရောဂါပိုးပျံ့နှံ့မှု ရာခိုင်နှုန်း နည်းပါးသည်ဟု ဆိုသည်။ လူနေအိမ်များနှင့် ရုံးအဆောက်အအုံတို့တွင် စိမ်းလန်းသော အပင်များကို လေဝင်လေထွက်ကောင်း၍ အလင်းရောင်ရသော နေရာများ၌ စိုက်ပျိုးကြရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
-
တောတောင်တင့်တယ် စားကျက်ကြွယ်၏ ဆောင်ပုဒ်နှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်သော တောတောင်ခြောက်ခန်း လယ်ယာနွမ်း၏ ဆောင်ပုဒ်ရှိရာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးမှာပင် သစ်တောထိန်းသိမ်းရေးနှင့် သစ်တောပျိုးထောင် စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်နေကြသည်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများမှ  ဂျာမနီနိုင်ငံရှိ ရိုင်းမြစ်ကြီးတွင် ၂ဝဝ၃ ခုနှစ်က စံချိန်တင်ကျဆင်းခဲ့သော ရေအမှတ် ၈၁ စင်တီမီတာရှိရာမှ ယခု ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တိုင်းတာချက်အရ ယခင်စံချိန်ထက် ၄ စင်တီမီတာ လျော့ကျသွားပြီး ၇၇ စင်တီမီတာ (လက်မ ၃ဝ) သာရှိတော့သဖြင့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားသည်ဟု AFP သတင်း၌ ဖော်ပြထားသည်။ ဂျာမနီနိုင်ငံမှ နယ်သာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သို့   ရိုင်းမြစ်ရေကြောင်း ပို့ဆောင်ရေးဖြင့် အဓိက ဆက်သွယ်လျက်ရှိရာ မြစ်ရေကျဆင်းနေခြင်းကြောင့် ခရီးသည် ပို့ဆောင်ရေး ရေယာဉ်များအား အောက်တိုဘာ ၁၅ ရက်မှ စတင်ရပ်ဆိုင်းထားရပြီး ကုန်တင်ရေယာဉ်များမှာလည်း ကုန်ချိန်လျှော့တင်နေရသည်။ 
-
အကြောင်းအမျိုးမျိုးကြောင့် ရိုင်းမြစ်ရေ ခန်းခြောက်မှုဖြစ်ရသည်တွင် ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မဟာမိတ်တို့က လေယာဉ်ဖြင့်ကြဲချခဲ့သော အလေးချိန်ပေါင် ၁၁ဝ ရှိ  ဗုံးများရှိနေသည့် အကြောင်းအချက် တစ်ခု အပါအဝင်ဖြစ်သည်။ ထို့ကြောင့် စစ်ကျန်ဗုံးများ ဖယ်ရှားရေးကို  မကြာမီရက်များအတွင်း ဆောင်ရွက်ရန် သက်ဆိုင်ရာတို့က စီစဉ်ထားကြောင်း သိရသည်။ ဂျာမနီနိုင်ငံတွင် ပြည်နယ် ၁၆ ပြည်နယ်ရှိသည့်အနက် ပြည်နယ် ၁၄ ပြည်နယ်မှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများမှာ စိုက်ပျိုးရေ မလုံလောက်မှုကြောင့် သီးနှံများပျက်စီးလျက်ရှိကြရာ ယခုနှစ်စိုက်ပျိုးသီးနှံများ၏ ၂ဝ ရာခိုင်နှုန်းအထိ ဆုံးရှုံးခံရဖွယ်ရှိသည်ကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။ စက်မှုဖွံ့ဖြိုးပြီး ဂျာမနီနိုင်ငံတွင်  မိုးခေါင်ရေရှားသည့် ပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးနေရသကဲ့သို့  ရေနံကြွယ်ဝသော အီရန်နိုင်ငံမှာလည်း လာမည့်နှစ် အနည်းငယ်အတွင်း ရေရှားပါးသည့်ပြဿနာ ကြုံတွေ့ရဖွယ်ရှိသဖြင့် စိုးရိမ်နေကြရသည်။ 
-
သို့ဖြစ်၍ အိမ်တွင်းအိမ်ပြင် အလှဆင်စိုက်ပျိုးသော ပန်းပင်နှင့် ရတနာတန်းဝင် သစ်ပင်သစ်တောများက လူတို့အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကြီးမားသော အထောက်အပံ့ပေးလျက်ရှိရာ တောတောင်လန်းမှ စမ်းရေရ၍ တောတောင်တင့်တယ် စားကျက်ကြွယ်ရေး မြော်တွေးလျက် သစ်တောများကို ထိန်းသိမ်းကြရန် ပြည်ထောင်စုကြီး အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူ အားလုံးတို့တွင် တာဝန်ရှိကြောင်း မြဝတီက ထပ်လောင်း၍ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    ။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger