www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း များတွေ့ရှိပါက သက်ဆိုင်ရာပညာရှင်များထံ အပ်နှံရန် လိုအပ်


မျောက်ဦးခေါင်း ကျောက်ဖြစ်ရုပ်ကြွင်း ကို တွေ့ရစဉ်

မြိုင် ၊ ၁၆-၁၁-၂၀၁၆

မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ သုတေသန ပညာရှင်များက ရှာဖွေ သတ်မှတ်ထားသော ပရိုင်းမိတ် နယ်မြေအတွင်း၌ လည်းကောင်း၊ စမ်းသပ်ရှာဖွေခြင်း မပြုလုပ်ရ သေးသော ပရိုင်းမိတ် နယ်မြေအတွင်း၌ လည်းကောင်း ဒေသခံပြည်သူများ အနေဖြင့် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ပညာရှင်များထံသို့ စုံစမ်းအပ်နှံ ပေးရန်လိုကြောင်း မြိုင်မြို့နယ် ဗဟင်းကျေးရွာ အတွင်း Amphipithecus Bahinnensis အံသွား စတင်တွေ့ရှိခဲ့သူ ဦးပေါညွန့် က ပြောပြသည်။

''ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းတွေကို ယင်းမာပင်ခရိုင် အတွင်း မိုးကောင်းကျေးရွာ ဒေသ၊ စပါးပုံတောင် ဒေသ၊ အရိုးတော်ပုံ ဒေသတွေမှာ တွေ့ရတတ် သလိုမြိုင်မြို့နယ် အတွင်းမှာလဲ ဗဟင်း၊ ဝယ်ထောင်၊ ဆင်ဆွယ်၊ ညောင်ပင်လယ်၊ သဒွတ်၊ ကံလယ်၊ မင်းတည်စု၊ မကျည်းကန်၊ သဖန်းကန်၊ သမင်ချောက်၊ သံဥတောကျေးရွာ တွေမှာလဲ ရှာဖွေတွေ့ရှိ နိုင်ပါတယ်။ တချို့တွေက ဒီလို ကျောက်ဖြစ် ရုပ်ကြွင်း အပိုင်းအစတွေ တွေ့လာရင် သက်ဆိုင်ရာ ပညာရှင်တွေဆီကို မအပ်ကြဘဲ ဘာမှ မသိကြတဲ့ သူတွေဆီ မုန့်ဖိုးယူပြီး ပေးကြတယ်။ ဒီလိုလုပ်တာဟာ ရှေးဟောင်း အမွေးအနှစ် တွေရဲ့ တန်ဖိုးကို ဆုတ်ယုတ်စေပြီး ပျောက်ပျက် သွားနိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများ အများဆုံး တွေ့ရှိ ရတတ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် တို့တွင် နှစ်ပေါင်း သန်း ၄ဝ ခန့်က တည်ရှိခဲ့သည့် သတ္တဝါတို့၏ အခြေခံ ကိုယ်ထည် အပိုင်းအစ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများကို ပြည်တွင်း ပြည်ပ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များနှင့် ရပ်ဝေးရပ်နီးမှ သက်ဆိုင်ရာ အဖွဲ့အစည်း ပညာရှင်များ မဟုတ်သည့် လေ့လာသူ များသည်လည်း ဗဟုသုတ ရရှိရန် အလို့ငှာ လေ့လာ ကြည့်ရှုလျက် ရှိသည်။

ထိုသို့ ကြည့်ရှုရာ၌ အချို့သော သူများသည် ၄င်းနယ်မြေ အတွင်း ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစ များကို အမှတ်တရအဖြစ် ယူဆောင်ထားခြင်း၊ စီးပွားရေး ဝိသမလောဘသား များထံသို့ အခကြေးငွေ အနည်းငယ် ရယူ၍ ပေးအပ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

ထိုကဲ့သို့ စစ်မှန်သည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း များကို သက်ဆိုင်ရာ ပညာရှင်များထံ မအပ်နှံခြင်း၊ ကမ္ဘာ့ အမွေအနှစ် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများ တန်ဖိုးမဲ့စွာ အလေအလွင့် ဖြစ်သွားနိုင်ခြင်း စသည့်အကြောင်း များကြောင့် ၄င်း အမွေအနှစ် များကို သက်ဆိုင်ရာ ပညာရှင်များထံသို့ အပ်နှံရန် လိုအပ်ကြောင်း ဦးပေါညွန့် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger