www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

အိန္ဒိယနိုင်ငံ၏ ငွေမည်းတိုက်ဖျက်ရေး စွန့်စားလွန်းရာရောက်နေ


အိန္ဒိယနိုင်ငံ၏ ငွေမည်းတိုက်ဖျက်ရေး စွန့်စားလွန်းရာရောက်နေ

( TMK ဘာသာပြန်သည် )

နိုဝင်ဘာ ၈ ရက်မှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က နောက် လေးနာရီ အကြာမှာ အိန္ဒိယ တစ်နိုင်ငံလုံးမှာ သုံးစွဲနေတဲ့ ရူပီး ၁ဝဝဝ တန်နဲ့ ၅ဝဝ တန်ငွေစက္ကူ တွေကို တရားဝင် ငွေကြေးအဖြစ် ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့စီးပွားရေး ခိုင်မာ တောင့်တင်းမှုမှာ အဆင့်(၇) ရှိတဲ့ အိန္ဒိယနိုင်ငံက သူ့ရဲ့ တစ်နိုင်ငံလုံးမှာ လည်ပတ်နေတဲ့ ငွေကြေးရဲ့ ၈၆ ရာခိုင်နှုန်းကို ရပ်ဆိုင်း လိုက်ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးဟာ မူလလည်ပတ် နေတဲ့ ငွေကြေးရဲ့ ၁၄ ရာခိုင်နှုန်း နဲ့သာ ဆက်လက် လည်ပတ်နေတာ ဖြစ်ပါတယ်။ မိုဒီ ရဲ့ဆုံးဖြတ်ချက်ဟာ ရဲဝံ့ပြတ်သား တာလား ဒါမှမဟုတ် မိုက်ရူးရဲဆန် တာလား။

တကယ်တော့ အိန္ဒိယနိုင်ငံဟာ အလွန် ထူးခြားတဲ့ စီးပွားရေး လေ့လာ ဆန်းစစ်မှု တစ်ရပ်ကို ပြုလုပ်နေတာပါ။ အစိုးရအဖွဲ့က သူတို့ demonetization လုပ်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ တရားဝင်ငွေကြေး အဖြစ်က ရပ်ဆိုင်းခြင်း ဖြစ်ပါတယ်။ စီးပွားရေး ပညာရှင် တွေကတော့ ဒီလိုလုပ်တာ ကို shock and awe လို့ ခေါ်ပါတယ်။ သာလွန်အင်အား ကို ထုတ်ပြပြီး ရန်သူကို ခြောက်လှန့်ခြင်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်က ဂျပန်ကို နျူကလီးယားဗုံး နဲ့ တိုက်ခိုက်ပြီး အထိတ်တလန့် ဖြစ်စေတာဟာ လက်နက်ချဖို့ ဖိအားပေး ခဲ့တဲ့ပုံစံပါ။ ဒါဆိုရင် အိန္ဒိယအစိုးရ က ဘယ်သူတွေကို ခြောက်လှန့် နေတာလဲ။

အများပြော နေကြသလို လာဘ်စားမှု တိုက်ဖျက်ရေးလဲ မဟုတ်သလို အကြမ်းဖက် သမားတွေရဲ့ ငွေကြေး စီးဆင်းမှုကို ဖြတ်တောက်တာလဲ မဟုတ်ပါဘူး။ ပစ်မှတ်က အခွန်တိမ်းရှောင် သူတွေကို ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို လုပ်လိုက်တာ ကတော့ မိုက်ရူးရဲ ဆန်တယ်လို့ ပြောမရတောင် အတင့်ရဲလွန်း တာတော့ အမှန်ပါပဲ။ ပြည်နယ်တိုင်း၊ မြို့တိုင်းမှာ ငွေစက္ကူ ၁ဝဝဝ တန်နဲ့ ၅ဝဝ တန်တွေ အထုပ်လိုက် ကိုင်ပြီး ဘဏ်မှာ တန်းလာစီ နေသူတွေကို တရားဝင်အဖြစ် ခွင့်ပြုထားဆဲ ၁၄ ရာခိုင်နှုန်းသော ငွေကြေးနဲ့ ပြန်လဲလှယ်ပေးဖို့ လောက်ပါ့မလား။

၁ဝဝဝ တန် နဲ့ ၅ဝဝတန်ဆိုတာ အိန္ဒိယမှာတော့ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတွေ ဖြစ်ပေမယ့် နိုင်ငံတကာ ငွေကြေးဈေးကွက် မှာတော့ ရူပီး ၁ဝဝဝ ကို ၁၂ ပေါင်ပဲ တန်ကြေး ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းငွေကြေး စီးဆင်းမှုကိုတော့ အပြည့်အဝ ပံ့ပိုးထားတဲ့ ၈၆ ရာခိုင်နှုန်းသော ငွေကြေးတွေ ဖြစ်ပါတယ်။ အိန္ဒိယဆိုတာ ကလဲ အခြားနိုင်ငံတွေ လိုမဟုတ်ဘဲ အရာရာကို ငွေသားနဲ့သာ အပေးအယူ လုပ်နေဆဲ ဖြစ်ပါတယ်။ စီးပွားရေး ယန္တရားကြီး တစ်ခုလုံးရဲ့ ၉ဝ ရာခိုင်နှုန်းကို ငွေသားနဲ့ပဲ အပေးအယူ လုပ်နေတာပါ။

ဒါပေမဲ့ ဒီလိုငွေသားနဲ့ပဲ အပေးအယူ လုပ်နေတဲ့ စီးပွားရေးကနေ အဲဒီလို ရှာလို့ဖွေလို့ရတဲ့ ငွေကြေးတွေ အတွက် အခွန်အခ ပေးဆောင်တာ ကျတော့ လူနည်းစုပဲ ဖြစ်နေပါတယ်။ ၂ဝ၁၃ ခုနှစ်တုန်းက အိန္ဒိယ လူဦးရေရဲ့ တစ်ရာခိုင်နှုန်း ကပဲ ဝင်ငွေခွန် ပေးဆောင်တယ်လို့ သိရပါတယ်။ အခွန်မပေး၊ အခမပေးဘဲ ငွေစက္ကူတွေ အထပ်လိုက်၊ အစည်းလိုက်၊ သေတ္တာလိုက် ကို ဝှက်ထားကြ တာပါ။ အဲဒီ ငွေမည်းတွေ ပြန်ထွက်လာအောင် လုပ်တဲ့နည်း ကတော့ အဲဒီငွေတွေကို တရားဝင် ငွေကြေးကနေ ရပ်ဆိုင်းလိုက်ခြင်း ပဲပေါ့။

ဆင်းရဲသား လူတန်းစား တွေမှာတော့ ငွေကြေး ထောင်ဂဏန်း လောက်ပဲ စုဆောင်းထား တာရှိနိုင်ပေမယ့် အိန္ဒိယနိုင်ငံသား အတော်များများ ဆီမှာ ငွေမည်း အတော်များများ ရှိနေပါတယ်။ အနည်းဆုံးတော့ ၁ဝဝဝ တန်တွေ သေတ္တာလိုက် ရှိကြပါတယ်။ ဒါကို စီးပွားရေး လောကမှာ Shadow Economy လို့ခေါ်ပါတယ်။ မှောင်ခို စီးပွားရေးပါ။ ဒီမှောင်ခို စီးပွားရေး ကိုက အိန္ဒိယ တစ်နိုင်ငံလုံးရဲ့ GDP ရဲ့ ၂ဝ ရာခိုင်နှုန်း ရှိပါတယ်။ အခု မိုဒီ က အဲဒီမှောင်ရိပ်ခို နေတဲ့ ငွေမည်းတွေကို လိမ္မာပါးနပ်စွာ နဲ့ ဆွဲထုတ်လိုက်ပါပြီ။ အခု လူတစ်ယောက် တစ်ရက်ကို ၄ဝဝဝ လဲလှယ်ခွင့် ရှိပါတယ်။ ၁ဝဝဝ တန်နဲ့  ၅ဝဝ တန် ငွေစက္ကူတွေကို အသစ် ရိုက်နှိပ်ထုတ်ဝေ လိုက်တဲ့ ၅ဝဝ တန်နဲ့ ၂ဝဝဝ တန် ငွေစက္ကူတွေနဲ့ လဲလှယ်ပေး နေခြင်း ဖြစ်ပါတယ်။

အခုနှစ် ဒီဇင်ဘာလကုန် အထိတော့ ဘဏ်အပ်ငွေကို ကန့်သတ်ထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ရူပီး ၂၅ဝဝဝဝ ထက် ကျော်လွန်တဲ့ အပ်ငွေတွေ ကိုတော့ အခွန်ရုံးက စစ်ဆေး သွားမယ်လို့ အစိုးရက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။ အဲဒီပမာဏ ကျော်သွားရင် အခွန် ပေးဆောင်ထားခြင်း ရှိ၊မရှိ စစ်ဆေးခံရ ပါမယ်။ အခွန်ရှောင် ထားတာကို မိသွားရင် ကျသင့်တဲ့ အခွန်ကို ပေးဆောင်ရမှာ ဖြစ်သလို အဲဒီကျသင့်တဲ့ အခွန်ရဲ့ ၂ဝဝ ရာခိုင်နှုန်း ကိုလည်း ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ လူအတော် များများအတွက် ၂ဝဝ ရာခိုင်နှုန်း ဒဏ်ငွေဆိုတာ သိုလှောင် ထားသမျှ ပိုက်ဆံတွေအားလုံး ကုန်မယ့် သဘောပါပဲ။

နစ်နာမယ့် သူတွေတော့ ရှိမှာပါပဲ။ ဒါပေမဲ့ မိုဒီ က သူဟာ မဲဆွယ်စည်းရုံး စဉ်က အခွန်ရှောင်တာနဲ့ အကျင့်ပျက် ခြစားတာကို တိုက်ဖျက်မယ် လို့ ကတိပေးခဲ့တဲ့ အတိုင်း ဆောင်ရွက် နေတာလို့ ပြောပါတယ်။ တကယ်လဲ မိုဒီဟာ ငွေမည်းကို ဆွဲထုတ်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး သတ်မှတ်ကာလမှာ ငွေမည်း ကိုင်ဆောင်ထားမှု ကြေညာသူ တွေကို ကင်းလွတ်ခွင့် ပေးမယ်လို့ ပြောခဲ့ပါတယ်။ လောလောဆယ် တော့ အိန္ဒိယနိုင်ငံရဲ့ နေ့စဉ် ရောင်းဝယ်မှုတွေ၊ စီးပွားရေး စီးဆင်းမှုတွေ ရပ်တန့်လု နီးပါး ဖြစ်နေပါတယ်။

ထူးဆန်းစွာပဲ အခုအချိန်ထိ ၁ဝဝဝ တန်နဲ့ ၅ဝဝ တန် ပြဿနာကြောင့် ဆိုပြီး ဆူပူမှု တစ်စုံတစ်ရာ မဖြစ်သေးတာပါပဲ။ လူတွေကလဲ ဘဏ်တွေရှေ့မှာ စည်းကမ်းရှိရှိ တန်းစီစောင့်ဆိုင်း နေကြပြီး အစိုးရကို အပြစ်တင်သံ မကြားရပါဘူး။ အများဆုံး အပြစ်တင်တာက တန်းစီရတာ အချိန်ကြာလို့ ဆိုတာလောက်ပါပဲ။ ဒါပေမဲ့ မိုဒီ သတိထား ရပါလိမ့်မယ်။ ငွေမည်း တိုက်ဖျက်ဖို့ ၁ဝဝဝ တန်နဲ့ ၅ဝဝ တန်ကို သိမ်းတယ်ဆိုပြီး ၂ဝဝဝ တန်နဲ့ ၅ဝဝ တန် အသစ်ထပ်ထုတ် တာဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့ပြင် ၂ဝဝဝ တန်က လုံလုံ လောက်လောက် မထုတ်နိုင်သေး ပါဘူး။ ရက်ပိုင်းအတွင်း ပြတ်သွားတော့ မှာပါ။ ပိုဆိုးတာက အဲဒီ ၂ဝဝဝ တန်ကို အကြွေ ပြန်အမ်းဖို့ အရွက်သေးတွေလဲ မလုံလောက် နိုင်ပါဘူး။ တစ်နိုင်ငံလုံးရဲ့ ငွေကြေးရဲ့ ၁၄ ရာခိုင်နှုန်းပဲ ကျန်နေတာပါ။ 

အဲဒါကြောင့် အိန္ဒိယနိုင်ငံဟာ ငွေမည်း တိုက်ဖျက်ရေးကို အောင်မြင်စွာ ပြုလုပ်နိုင်ပါ့မလား ဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဆိုတာ လေ့လာ ရေးသားတင်ပြ လိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger