www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 18, 2016

အပူစာလား အအေးစာလား


အပူစာလား အအေးစာလား

ကြည်လွင်မြင့် (မုဒြာ)

နေပူထဲမှ ပြန်လာလျှင် ရေအေး မသောက်ဘဲ ရေနွေးကြမ်း သောက်ပါဟု ဆိုသဖြင့် ဤအကြောင်း ကို မရှင်းလင်းပါ။ ရေနွေးကြမ်း သည် အပူ ဖြစ်သဖြင့် အပူစာလား၊ အအေးစာလား ဟု မေးလာသူ မိတ်ဆွေ တစ်ဦးကို ရှင်းပြလိုသဖြင့် ဤဆောင်းပါးကို ရေးလိုက် ပါသည်။

အပူစာ ဆိုသည်မှာ အဘယ်နည်း။ လျှာပေါ်တွင် ပူသွားတိုင်း အပူစာ ဟုတ်ပါသလား။ အအေးစာ ဆိုသည်မှာ လျှာပေါ်တွင် အေးစက်သွားလျှင် အအေးစာ ဖြစ်ပါသလား။ အပူစာ၊ အအေးစာသည် လျှာအရသာ အပေါ်တွင် မူတည်ဆုံးဖြတ် ပါသလား။ 

တိုင်းရင်းဆေး ပညာတွင် ပူမှု၊ အေးမှု တေဇောပြု ဆိုသောစကား ရှိသည်။ အပူသည် (ဥဏှတေဇော)၊ အအေးသည် (သီတတေဇော) ဖြစ်သဖြင့် ပူခြင်း၊ အေးခြင်းကို ဦးဆောင်သူမှာ ''တေဇော'' တစ်လုံးပင် ဖြစ်သည်။ အတွင်းဓာတ် သဘောသည် ရာသီဥတုပူရုံ၊ အေးရုံဖြင့် ပျက်မသွား သဖြင့် အပူစာသည် အမြဲ အပူစာဖြစ်ပြီး အအေးစာ သည်လည်း အမြဲ အအေးစာ ဖြစ်သည်။ အအေးစာကို အပူပေးရုံမျှဖြင့် အပူစာ ဖြစ်မလာနိုင်ပါ။

အထက်တွင် ရေးသားခဲ့သည့် ရေနွေးကြမ်း ကိုပင် ဥပမာပြု လိုသည်။ ရေသည်အအေး  ဖြစ်ပါသည်။ ရေကို မီးဖြင့် အပူပေးပြီး ပွက်ပွက်ဆူသည် ဆိုပါစို့။ ခေတ္တအပူသာ ဖြစ်သည်။ ကြာလျှင် ပြန်အေးသွားမည် ဖြစ်သည်။ ကြာရှည်ပူ၍ မနေနိုင်ပါ။ ရေနွေးကြမ်း ဆိုသည်မှာ ဆူပွက်ပြီးသော ရေနွေးပူပူတွင် လက်ဖက်ခြောက် ခတ်ထားသော အရည်ဖြစ်သည်။ လက်ဖက်ခြောက် သည် လက်ဖက်ရွက်မှ ဖြစ်လာခြင်း  ဖြစ်သည်။ မူလလက်ဖက်ရွက် ၏ အရသာမှာ (ဖန်+ခါး)သော အရသာ ဖြစ်လေသည်။ ဖန်နှင့်ခါးသည် သီတတေဇော အခြေခံသော အအေးစာ ဖြစ်သည်။ ထို့ကြောင့် လက်ဖက် အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ အအေးစာ ဖြစ်သည်။

လက်ဖက်ခြောက် ကို ရေနွေးပူပူ တွင် ခတ်သောက်သော အခါ ဖန်ခါး အရသာမှာ ချက်ချင်း ပေါ်လာသည်။ ပြင်ပတွင် ရာသီဥတု  အေးနေသောအခါတွင် အငွေ့ တထောင်းထောင်း နှင့် မှုတ်သောက်၍ ရင်းတွင်းနွေးထွေး သွားသည်။ ရင်းတွင်း၌ နွေးသောကြောင့် အပူမဖြစ်၊ ဝမ်းတွင်းအေး စေသည်။ ဆီးကို ရွှင်စေသည်။ သို့သော် အလွန်အကျွံ သောက်လျှင် အဖန်၏ ဓာတ်သဘောကြောင့် ဝမ်းချုပ် စေနိုင်သည်။

အနောက်တိုင်း သုတေသန ပညာရှင် များက ရေနွေးကြမ်း သောက်ခြင်းဖြင့် မကောင်းသော အဆီ ကိုလက်စထရော အဆိုးများကို ပယ်ဖျက်ပြီး ကောင်းသော အဆီ ကိုလက်စထရော များကို တိုးပွားစေသည်။ လက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်းကို နှစ်ရှည်လများ စွဲ၍သောက် သူ များမှာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်သော ကင်ဆာရောဂါ ဘေးမှ ကင်းဝေး စေကြောင်း ထောက်ခံချက် ပေးထားကြသည်။ ဖြစ်လည်း ဖြစ်နိုင်ပါသည်။ ကင်ဆာ၏ သဘောတရားမှာ ဆဲလ်များကို လို အပ်သည်ထက် ပို၍တိုးပွား လာခြင်းဖြစ်ပြီး လက်ဖက်ခြောက် ၏ အဖန်သတ္တိမှာ တိုးပွားမှုကို ကျုံ့စေသော သတ္တိကြောင့် ဖြစ်မည် ဟု ယူဆနိုင်ပါသည်။

''ကင်ဆာ'' ရောဂါကို ဘာသာရေး ရှုထောင့်မှ ကြည့်လျှင် ဖြစ်-ပျက် သဘောပင် ဖြစ်ပါသည်။ တရားသဘော အရ လောကကြီးတွင် မည်သည့် အရာမဆို ဖြစ်ပြီးလျှင် ပျက်မြဲဖြစ်သည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ အမှန်တရားကို သွေဖည်ပြီး ဖြစ်ပျက် မဟုတ်တော့ဘဲ ဖြစ်၊ ဖြစ် ချည်းဖြစ်နေလျှင် အပျက်မရှိတော့ သဖြင့် တိုးပြီးရင်း တိုးလာတော့မည်။ ဤသည်မှာ ဖောက်ပြန် သော ရောဂါ ဖြစ်သည်။ ခန္ဓာကိုယ်တွင် ဆဲလ်ခေါ် ကလာပ်စည်း များမှာ နေ့စဉ်သေဆုံး နေကြသည်။ တစ်ဖက်မှလည်း နေ့စဉ် ဆဲလ်အသစ်များ မွေးဖွားနေသည်။ မွေးဖွားမှုနှင့် သေဆုံးမှု ညီမျှနေသော အခါ ဘာမှမဖြစ်။ ဆဲလ်တစ်ခုသည် မသေတော့ဘဲ တိုးတိုး၍ ပွားလာသော အခါ ကင်ဆာဆဲလ်များ ဖြစ်လာလေသည်။ ထို့ကြောင့် တိုင်းရင်းဆေး အယူအဆအရ ကင်ဆာကို မြစ်ပွားနာ၊ တိုးပွားနာ ဟု ခေါ်ဆိုခြင်း ဖြစ်နိုင်သည်။

ဖန်သော အရသာကို အအေးစာဟု ယူဆ သကဲ့သို့ ချိုသောအရသာ ကိုလည်း အအေးစာဟု ယူဆနိုင်သည်။ (အချိုကိုမူ၊ အအေးယူ၊ အပူငြိမ်း လေသည်) ဟု အဆိုရှိသဖြင့် အချိုဓာတ်သည် အပူငြိမ်း စေသော ဓာတ်ဖြစ်သည်။ တိုင်းရင်းဆေး၊ အပူငြိမ်း သွေးဆေးကို စားကြည့်သော အခါ အေး၍ချိုသော အရသာကို လျှာပေါ်တွင် ရကြောင်း တွေ့ရသည်။ အပူကြီး၍ ဖျားသောအခါ ထိုသွေးဆေး ကိုပင် သနပ်ခါး၊ နံ့သာဖြူ၊ ကရမက် စသော နံ့သာသွေးရည် နှင့်ဖျော်၍ တိုက်သဖြင့် အပူဖျား ကျစေကြောင်း တွေ့ရသည်။ ဆီးပူသော အခါ ဆီးဆေးများကို ဆန်ဆေးရည်နှင့် တိုက်ကြောင်း တွေ့ရသည်။ ပူသော ရာသီတွင်ပင် ဆန်ကိုရေဖြင့် ဆေးသောအခါ ထို ဆန်ဆေးရည် သည် အေးစက် နေကြောင်း တွေ့ရသည်။ ဆန်ဆေးရည် ချည်းပဲ သက်သက် သောက်လျှင်ပင် ဆီးပူ၊ ဆီးအောင့်နှင့် မီးယပ်ဖြူ ရောဂါများ သက်သာကြောင်း တွေ့ရသည်။ 

အပူစာလား၊ အအေးစာလား ဆုံးဖြတ်သော အခါ လျှာပေါ်တွင် ဆုံးဖြတ်ခြင်း သာမက လက်ဖြင့် ထိတွေ့ခြင်း ဖြင့်လည်း ဆုံးဖြတ်နိုင်သည်။ ဆန်ဆေးရည် အေးနေခြင်းကို သာဓကယူ နိုင်သည်။ အပူစာ အကြောင်း ဆက်၍ တင်ပြလို ပါသည်။ မည်ကဲ့သို့သော အစာသည် အပူစာ ဖြစ်ပါသနည်း။

လျှာပေါ်တွင် တင်သောအခါ၊ ဝါးစား ကြည့်သောအခါ ပူ၊ စပ်၊ ချဉ် အရသာရှိသော အစာများသည် အပူစာ ဖြစ်သည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။ တြိကဋုတ် သုံးပါးခေါ် ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းတို့သည် အပူစာ စစ်စစ်များ ဖြစ်သည်။ အကြောင်းမှာ စားနေစဉ် လျှာပေါ်တွင် ပူသည်သာမက အစာ ကြေညက်ပြီး မစင်အဖြစ် ဝမ်းသွားချိန် အထိ ပူသောကြောင့် ဖြစ်သည်။ အပူစာ၏ သတ္တိမှာ သွေးထဲ ရောက်သည် အထိ ပူသည်။ အစာကြေညက် စေရန် အထောက်အကူ လည်းဖြစ်သည်။ ချွေးထုတ်ဆေး အဖြစ်လည်း အကျိုးပြုသည်။ အကိုက်အခဲ ပျောက်ဆေး အဖြစ်လည်း ပူစပ်သော အကျိုးသွား ရှိသည့်ဆေး များကို အသုံးပြု ကြသည်။

သို့သော် ရေနွေးကြမ်း၊ ဟင်းချိုရည်ပူပူ၊ ကြက်စွပ်ပြုတ်ရည်၊ ကော်ဖီပူပူ၊ ဆန်ပြုတ် ပူပူတို့မှာ ခေတ္တခဏသာ လျှာပေါ်တွင် ပူသောအစာများ ဖြစ်ကြပြီး ကြေညက်ပြီး သောအခါ အအေးစာများ ပင်ဖြစ်သည်။

ထို့အတူ ဘူးသီး၊ ခဝဲသီး၊ ပန်းဂေါ်ဖီ၊ မုန်လာထုပ်၊ မုန်လာဥ၊ ခါကြက်ဥ၊ ကန်စွန်းရွက်၊ ပဲတောင့်ရှည်၊ ဂေါ်ရခါးသီး၊ ဂေါ်ရခါး ညွန့်၊ ပြည်ပန်းညိုရွက်၊ ကညွတ်၊ ဇရစ်၊ မှို အမျိုးမျိုး စသည်တို့မှာ အတွင်းဓာတ်ခံ အအေးစာများ ဖြစ်သဖြင့် မည်သို့ပင် ပူအောင် ကြော်လှော် ချက်ပြုတ်စား သော်လည်း ခေတ္တသာ လျှာပေါ်တွင် ပူသော အအေးစာများ ဖြစ်ကြသည်။

ထို့အတူ ချင်းတက်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဇီယာ၊ ကရဝေးရွက်၊ ပိတ်ချင်း၊ မျှစ်၊ မျှစ်ချဉ်၊ ဥသျှစ်သီး၊ ဥသျှစ်ရွက်၊ တညင်းသီး၊ ဒူးရင်းသီး၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ သရက်ကင်း စသည့်များ မှာလည်း အပူ အကြောင်းခံ ရှိသော အစာများဖြစ် သဖြင့် မည်သို့ပင် အအေးခံ၍ စားသော်လည်း ကြေညက်ပြီးသော အခါ ပူသော ဥဏှာတေဇော အစာများပင် ဖြစ်သဖြင့် အပူရောဂါ၊ အတက်ရောဂါ ရှိသူများ ဆင်ခြင်စားသုံး ရမည့် အပူစားများပင် ဖြစ်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page