www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

ရေမျောထင်း ၀ယ်လက်များပြားလာသဖြင့် ထင်းဆယ်ရောင်းချသူ ယခုနှစ်ထက် ပိုမိုများပြား



ရေစကြို ၊ ၁၂-၇-၂၀၁၆

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်၌ ရာသီလုပ်ငန်း တစ်ခုဖြစ်သည့် ရေမျောထင်း ဆယ်ယူ ရောင်းချသူများ အနေဖြင့် ယခုနှစ်တွင် ဝယ်လက် များပြား လာသဖြင့် ရေမျောထင်း ဆယ်ယူ ရောင်းချသူများ ယခင်နှစ်ထက် ပိုမို များပြား လာကြောင်း ရေစကြိုမြို့နယ် ရေမျောထင်း ဆယ်ယူ ရောင်းချသူများ ထံမှ သိရသည်။

ရေစကြိုမြို့နယ် တွင် နှစ်စဉ် ဝါဆိုလဆန်းပိုင်း မှစ၍ တော်သလင်း လပြည့်ကျော်ထိ သုံးလ အတွင်း၌ ရေစကြိုမြို့နယ် ချင်းတွင်း မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများက စက်တပ်လှေများ၊ ရွက်လှေများဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက် စသည့်မြို့နယ် များ၌ မိုးချောင်းကြီး များမှ မျောပါလာသော ဝါးအမျိုးမျိုး၊ ထင်းအမျိုးမျိုး တို့ကို မီးဖိုချောင် သုံးထင်းအဖြစ် အသုံးချသော ကြောင့် ဝယ်လက်များဖြင့် ချိတ်ဆက်၍ ရောင်းချလျက် ရှိသည်။

ထိုသို့ ရောင်းချရာ တွင် ယခင်နှစ် များက ကုန်းပိုင်းရှိ ထန်းတောင်သူ လုပ်ကိုင်သူများ ကို အဓိကထားပြီး ဆယ်ယူ ရောင်းချကြ သော်လည်း ယခုနှစ်တွင် ထန်းတောင်သူ များအပြင် ပဲဆန်ကြော် လုပ်ငန်းရှင်များ၊ မြေအုတ် လုပ်ငန်းရှင် များနှင့် ထင်းရောင်းဝယ်ရေး လုပ်ငန်းရှင် များက ချင်းတွင်း မြစ်ဘေးတစ်လျှောက် ရေမျောထင်း ဆယ်ယူ ရောင်းချသူ များထံသို့ ကိုယ်တိုင် လာရောက် ဝယ်ယူကြ သဖြင့် အဆိုပါ ရေမျောထင်း ဆယ်ယူ ရောင်းချသူ များသည် ယခင်နှစ် များထက် ပိုမို များပြား လာကြောင်း သိရသည်။ ရေမျော်ထင်း တစ်ပုံကို (အလျားရှစ်ပေ၊ အနံငါးပေ) ငွေကျပ်၁၅ဝဝဝ၊ အရိုင်းပုံတစ်ပုံ ကားတစ်စီး (ထော်လာဂျီ) ကို ငွေကျပ် ၁၅ဝဝဝ နဲ့ ရောင်းချရကြောင်း  ရေစကြိုမြို့နယ် ကောက်ခတ်ကြီး ကျေးရွာမှ ရေမျောထင်း ဆယ်ယူရောင်းချသူ တစ်ဦးက ပြောပြသည်။

ရေမျောထင်းကို အသုံးပြုခြင်း အားဖြင့် မိုးဥတုတွင် မိုးမိသော်လည်း ခြောက်လွယ် သောကြောင့် လောင်စာအဖြစ် လွယ်ကူစွာ သုံးနိုင်ခြင်း၊ မျောပါလာသည့် ပျဉ်၊ အသားအတိုအစ များကို စားပွဲ၊ တန်းလျား၊ ဗီရိုစသော အိမ်သုံး ပရိဘောဂများ ပြုလုပ်နိုင်ခြင်း၊ အလိုအလျောက် သဘာဝ ဘေးဒဏ်ကြောင့် မျောပါလာသည့် သစ်များကို ထင်းအဖြစ် သုံးစွဲရသဖြင့် သစ်တော ပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များ တိုးပွားရရှိခြင်း စသော အကျိုးကျေးဇူး များရရှိခံစား နိုင်ကြောင်း သိရသည်။ (၁၈၇)

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger