www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

တော်လှန်ရေးသူရဲကောင်း ဗိုလ်မှူးကြီး ဗထူး


တော်လှန်ရေးသူရဲကောင်း ဗိုလ်မှူးကြီး ဗထူး

ယခုနှစ် ၂ဝ၁၆ ဇူလိုင် ၁၂ ရက်နေ့တွင် ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာ ပြည့်ပြီ ဖြစ်ပေသည်။ ဗိုလ်မှူးကြီး ဗထူး သည် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်စွန့်လွှတ် ခဲ့သော အာဇာနည် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ တိုင်းပြည် အတွက် အသက်စွန့်လွှတ် ခဲ့ရာ၌ တိုက်ပွဲတွင် ကျဆုံးခြင်း မဟုတ်ဘဲ ငှက်ဖျားရောဂါဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ဗထူးကို ၁၉၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် လေးသွန်းခံ ကျေးရွာတွင် အဖ ရွာသူကြီး ဦးဘိုးထွန်း နှင့် အမိ ဒေါ်စိန်မြရင် တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်က လေးသွန်းခံရွာနှင့် လယ်ကွင်းကြီး တစ်ကွင်းခြား သည့် စစ်မြဲရွာ ဘုန်းတော်ကြီးကျောင်း ၌ စတင်ပညာ ဆည်းပူးသည်။ ထို့နောက် ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်း တွင် ပညာ ဆည်းပူးခဲ့ရာ အင်္ဂလိပ်-မြန်မာ ခုနစ်တန်းထိ ပညာသင်ကြား ခဲ့သည်။

ထို့နောက် ဟိန္ဒား သတ္တုတွင်းတွင် အလုပ်ဝင်ရောက် ခဲ့သည်။ ထို့နောက် ဟိန္ဒားမိုင်း အိုဗာစီးချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ခြယ်တို့၏ သမီး မအုန်းတင် နှင့် လက်ထပ်ထိမ်းမြား ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်မှူးကြီး လက်ျာ ဦးစီးသော ဗမာ့ လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်များ နှင့်အတူ ထိုင်းနိုင်ငံမှ ဖြတ်၍ ထားဝယ်မြို့နယ် မေတ္တာရွာကို ဖောက်ကာ မြန်မာနိုင်ငံ အတွင်း သို့ စတင်ဝင်ရောက် လာခဲ့သည်။

ကိုဗထူးသည် သတ္တုတွင်း အလုပ်သမားများ နှင့်အတူ ဗိုလ်ဗလတပ် တွင် တပ်မတော်သား အဖြစ် ဝင်ရောက် လိုက်သည်။ ထားဝယ်မြို့ကို ဘီအိုင်အေ တပ်က လုံးဝသိမ်းပိုက် လိုက်ပြီးနောက် စစ်ကြောင်းချီ ရာတွင် ကိုဗထူး သည် တပ်သား ၁၅ ယောက်ကို အုပ်ချုပ်ရသော သာမန် တပ်ကြပ် ရာထူးဖြင့် တာဝန်ယူ ဆောင်ရွက် ခဲ့သည်။

၁၉၄၂ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဂျပန်တို့က ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ကို ဖျက်သိမ်းကာ ဗမာ့ ကာကွယ်ရေး တပ်မတော် (BDA) ကို ဖွဲ့စည်း လိုက်သည်။ ထိုအခါ ဗိုလ်ဗထူး သည် ဗိုလ်မှူးရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ ရှိ ခြေလျင်တပ်ရင်း အမှတ်(၂) တပ်ခွဲတွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေးအပ် ခန့်ထားခြင်း ခံရသည်။ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်း ခန့်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ကာ ဗိုလ်မှူး အဆင့်အတန်း သို့ တိုးတက် ခန့်ထားခံ ရသည်။

၁၉၄၄ ခုနှစ် မေလတွင် ဗမာ့တပ်မတော် စစ်တိုင်းများ ခွဲခြား သတ်မှတ်၍ ဗိုလ်မှူးဗထူးကို တိုင်းမှူးအဖြစ် ခန့်အပ်ကာ မန္တလေးသို့ ရွှေ့ပြောင်း စေခဲ့သည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ငူဘက် တွင် ပျဉ်းမနားထိ၊ မြောက်ဘက်တွင် တမူး-ကလေးဝ ထိ ကျယ်ပြန့်သည်။ ဗိုလ်မှူး ဗထူး သည် နာမည်နှင့် လိုက်အောင် ထူးခြားသည်။

၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗိုလ်မှူး ဗထူး သည် သူ၏ တပ်များဖြင့် ဂျပန်ကို စတင်တော်လှန် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခြင်း ကြောင့် ကျန်တပ်များ ဒုက္ခမရောက် စေရန် ဗိုလ်ချုပ် အောင်ဆန်း နှင့် အဆက်အသွယ် ဖြတ်ကာ ၄င်း၏တပ်ကို ဗမာ့ တော်လှန်ရေး တပ်မတော် အမည်ဖြင့် ပရိယာယ်သုံး ဖော်ပြ တိုက်ခိုက် ခဲ့သည်။ ထိုသို့ တိုင်းပြည်၏ လွတ်လပ်ရေး အတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက် ရှိစဉ် ၁၉၄၅ ခုနှစ် ဇွန်လ ၂ရက် ည ၈ နာရီ ၁ဝ မိနစ်အချိန် တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့နယ် မြင်းကြားဒိုးရွာ အနီး တယ်လူးစခန်း ၌ အသက် ၂၉ နှစ်အရွယ်တွင် ကွယ်လွန် အနိစ္စရောက် ခဲ့သည်။

နိုင်ငံနှင့်လူမျိုး အတွက် ကိုယ်ကျိုးမဖက် ဇွဲသတ္တိဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း မထင်မရှား ကွယ်လွန်ခဲ့ ရှာသည့် ဗိုလ်မှူးကြီး ဗထူး ကို ဂုဏ်ပြုသော အားဖြင့် ရပ်စောက်မြို့ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဗထူးတပ်မြို့ ဟူ၍ ဂုဏ်ပြုခေါ်ဝေါ် သတ်မှတ် ခဲ့သည်။

၁၉၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်နေတ့တွင် မွေးဖွားခဲ့သော ဗိုလ်မှူးကြီး ဗထူးသည် ယခုနှစ် ဇူလိုင် ၁၂ ရက်တွင် အသက် ၁ဝဝ ပြည့်ပြီဖြစ်ရာ ရာပြည့်ပွဲတော် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ဂုဏ်ပြုထိုက် သူကို ဂုဏ်ပြု ပူဇော်ခြင်း ဖြစ်သည့်အတွက် တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီး ဗထူး အကြောင်းကို ဂုဏ်ပြုရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger