www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 15, 2016

တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာ ၊ ကောင်းမွန်သည့် စနစ်များကို ဆက်လက်ထိန်းသိမ်းပြီး ကောင်းသည်ထက် ကောင်းအောင်ကြိုးစားလုပ်ဆောင်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းပြားတပ်နယ် ၊ ကမ်းနီ ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းသားများနှင့် အရာရှိ ၊ စစ်သည် ၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းပြားတပ်နယ် ၊ ကမ်းနီ ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းသားများနှင့် အရာရှိ ၊ စစ်သည် ၊ မိသားစုဝင်များကို တွေ့ဆုံအမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၁၅-၇-၂၀၁၆

တပ်များ၏ စွမ်းရည်မြှင့်တင် ပေးသည့် တိုက်ပွဲဝင် စွမ်းရည်ကို မြှင့်တင်ပေးသည့် သင်တန်း ကျောင်းများဖြစ်၍ သင်တန်းတွင် လေ့ကျင့် သင်ကြားမှု၊ လက်တွေ့ လုပ်ဆောင်မှုနှင့် လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာ လိုက်နာ အသုံးချနိုင်မှု များကို အမြဲသုံးသပ် လုပ်ဆောင် ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် မင်းပြား တပ်နယ်၊ ကမ်းနီရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်း၊ အောင်စစ်သည် ခန်းမ၌ သင်တန်းသား များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ပညာ သဘောတရား များသည် အစဉ် ပြောင်းလဲလျက် ရှိသကဲ့သို့ စစ်လက်နက် ပစ္စည်းများ မှာလည်း ပြောင်းလဲ တိုးတက် နေကြောင်း၊ ယခု နည်းပညာ ခေတ်ဖြစ်သည်နှင့် အညီ နည်းပညာကို အခြေခံသည့် စစ်နည်းဗျူဟာ ကျင့်သုံးမှုများ သုံးသပ် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့် ၊ လိုက်နာ ဆိုသည့် တပ်မတော် ၏ လုပ်ငန်းစဉ် သုံးရပ်နှင့်အညီ ပြောင်းလဲ တိုးတက်နေသည့်  စစ်အတတ်ပညာ၊ စစ်လက်နက် ပစ္စည်းများကို သိရှိ နားလည်အောင် လေ့လာခြင်း၊ ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုနိုင်အောင် လေ့ကျင့်ခြင်း၊ လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာ လိုက်နာ အသုံးချခြင်း များ လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်ကြား လေ့ကျင့်မှု များကို စိတ်ဝင်စားစွာ ကြိုးစားလေ့လာ သင်ယူကြပြီး သင်တန်း ပြီးဆုံး ချိန်တွင်လည်း လက်တွေ့ နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ တာဝန် ထမ်းဆောင်မှုတွင် အဖွဲ့စနစ်၊ အဖွဲ့စိတ် များဖြင့် လုပ်ဆောင်ရကြောင်း၊ တချို့နေရာ များတွင် တစ်ဦး တစ်ယောက်ချင်း ၏ စွမ်းရည်သတ္တိ ဖြင့် သူရဲကောင်း ဆန်စွာ လုပ်ဆောင် ရသည်များလည်း ရှိ၍ ယင်းတို့ကို မှန်ကန်စွာ ပေါင်းစပ် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း၊ တပ်များအား ကောင်းမွန်သော စနစ်ပေါ်တွင် အခြေခံ တည်ဆောက် ထားခြင်းဖြစ်၍ တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာ၊ ကောင်းမွန်သည့် စနစ်များကို ဆက်လက် ထိန်းသိမ်းပြီး ကောင်းသည်ထက် ကောင်းအောင် ကြိုးစားလုပ်ဆောင် ကြရမည် ဖြစ်ကြောင်း မှာကြားသည်။

နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ရန် အတွက် ကျန်းမာကြံ့ခိုင် မှသာ အပြည့်အဝ တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်၍ ကျန်းမာရေး ကောင်းမွန်အောင် စားသောက် နေထိုင်၍ ကြံ့ခိုင် သန်စွမ်းအောင် ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ အလားတူ တပ်မတော်သား များနှင့် မိသားစုဝင်များ၏ ပညာရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိရာ မိမိကိုယ်တိုင် နှင့် သားသမီးများ၏ ပညာရည် မြင့်မားရေး အားပေး လုပ်ဆောင်ကြရန် လိုကြောင်း၊ တစ်ဆက်တည်းတွင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ ပြည့်စုံကြွယ်ဝ စေရန် စာဖတ်ရှိန်၊ စာဖတ်အား မြှင့်တင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်တွင် ကောင်းမွန်စွာ သက်တမ်းပြည့် တာဝန်ထမ်းဆောင် သူများကို အငြိမ်းစားယူ ချိန်တွင် နေထိုင်နိုင်ရန် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောင်ရွက် ပေးခြင်းတို့ဖြင့် တာဝန်ထမ်းဆောင် ရာတွင် နောက်ဆံမတင်း ရစေရေး စီမံ လုပ်ဆောင်ပေးလျက် ရှိကြောင်း ပြောကြားသည်။

တပ်မတော်သား များနှင့် မိသားစုဝင်များ အားလုံးသည် နိုင်ငံတစ်နံတစ်လျားမှ လာရောက်ပြီး တပ်တွင်း၌ စုစည်းနေထိုင် ကြခြင်းဖြစ်၍ စစ်သည် အချင်းချင်း ညီအစ်ကိုစိတ်၊ ရဲမေ အချင်းချင်း ညီအစ်မစိတ်များ မွေးပြီး မိသားစုစိတ်ဖြင့် တစ်ယောက်နှင့် တစ်ယောက် စောင့်ရှောက် ပေးကြရန် လိုကြောင်း၊ ယင်းမှာ သစ္စာ ရှိမှုပင် ဖြစ်ပြီး တပ်မတော်၏ စုစည်း ညီညွတ်မှုကို တည်ဆောက်ခြင်း ဖြစ်၍ အထက်-အောက် အပြန်အလှန် တန်ဖိုးထား ဆက်ဆံခြင်း၊ အုပ်ချုပ်သူ အဆင့်ဆင့်မှလည်း မှန်ကန်သော ခေါာင်းဆောင်မှု ပေးပြီး ညီညွတ်မျှတ သည့် အုပ်ချုပ်မှု စနစ်ဖြင့် စေတနာထား အလုပ်လုပ် ကြရမည် ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး၊ တပ်နယ်မှ အရာရှိကြီးများ၊ သင်တန်းသား များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သုတရသ စာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို လည်းကောင်း အသီးသီး ပေးအပ် ကြသည်။

ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်ထုပ် များနှင့် စားသောက် ဖွယ်ရာများကို လည်းကောင်း၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး က အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက် လာကြသော သင်တန်းသား များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger