www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

မျက်စိပါဝါကျချင်ပါသလား


မျက်စိပါဝါကျချင်ပါသလား

( ဒေါက်တာ အေးမင်းထူး )

မျက်စိပါဝါ ချနည်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ်တိုင် သိပ်သိချင်တဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အွန်လိုင်းမှာလဲ အမေးများတယ်။ မျက်စိ သဘောက စနစ်တကျ မျက်စိပါဝါ မချတတ်ရင် (ဒါမှမဟုတ်) လုပ်နည်း မမှန်ရင် ပါဝါပိုတက် လာတတ်တယ်။ အမှန်တော့ စာရေးသူ ကိုယ်တိုင်လဲ စာရေးပြီး နောက်ပိုင်း (အထူးသဖြင့် ဝတ္ထုရေးပြီး နောက်ပိုင်း)မှာ မျက်စိပါဝါက သိသိသာသာ တက်လာခဲ့တယ်။ ဒါကြောင့် ပါဝါတက် နေသူတွေကို ကျစေချင်တဲ့ စေတနာ ရှိပါတယ်။

တကယ်တော့ မျက်စိပါဝါကျဖို့ ဆိုတာ တော်တော် ခက်ခဲတယ်။ လူငယ်အများစုက အဝေးမှုန် သမားတွေ ဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်း တွေရဲ့အကျိုးဆက် ဆိုလဲ မမှားပါ။ ဒီဘက်ခေတ် Online နဲ့ Facebook အလွန်အကျွံ ခေတ်စား လာတာလဲ မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလာ စေတယ်။ အထူးသဖြင့် ဖုန်းနဲ့ စာကြည့်တာ မျက်စိကို ပိုထိခိုက် စေတယ်။ အခု ဒီဆောင်းပါးမှာ မျက်စိပါဝါ ကျစေဖို့ သာမက ရှောင်ရန်အချက် တွေကိုပါ တစ်ခါတည်း ပြောပြသွားမှာ ဖြစ်တယ်။

မျက်စိပါဝါ ချချင်ရင် မျက်စိကို ကောင်းကောင်း အနားပေးဖို့ လိုတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ Screen ကထွက်တဲ့ အလင်းစူးစူးတွေ ကြည့်လို့ မရပါ။ ကွန်ပျူတာ၊ ဖုန်း အကြည့်များ သူတွေ အနေနဲ့ Brightness အလင်းကို တတ်နိုင်သမျှ လျှော့ချဖို့ လိုတယ်။ အလင်းစူးစူး တွေက မျက်စိ ကြွက်သားကို ပိုကျုံ့စေ တာကြောင့် ပါဝါတက်လာ တတ်တယ်။ တချို့ အွန်လိုင်း စာမျက်နှာတွေမှာ နေကသိုဏ်း ရှုဖို့ ပြောတာမျိုး ရှိတယ်။ တကယ်က နေရောင် အပါအဝင် ဘယ်အလင်း စူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ဘူး။ အဲဒီလို ပြုလုပ်တာက အတွင်းတိမ် (Cataract) ဖြစ်စေရုံမက Macular Degeneration ခေါ်တဲ့ မျက်စိအမြင် အာရုံကို တဖြည်းဖြည်း ပျက်စီး စေနိုင်တယ်။ အပြင်သွားတဲ့ အခါလဲ UVA and UVB Rays 99% နဲ့ 100% ကြား ကာကွယ်တဲ့ မျက်မှန်မျိုး တပ်ထားရမယ်။

အိပ်ရေးမဝ တာကလဲ မျက်စိကို ထိခိုက်စေတဲ့ အကြောင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် အိပ်ချိန် ကောင်းကောင်း ပေးဖို့လိုတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီဝကမ္မ ပြောင်းလဲစေရုံ သာမက မျက်စိကြွက်သား တင်းပြီး မျက်စိပါဝါ တက်လာ စေတယ်။ စိတ်ရော မျက်စိကိုရော အနားပေးပါ။ မျက်စိ သဘောက ဆယ်မိနစ် တစ်ခါ အနားပေး ရတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့ အကြံပြုချက်က သိပ်ကောင်းတယ်။ 

ဒီနေ့ခေတ် လူငယ်တွေဟာ ကွန်ပျူတာ၊ ဖုန်း စတဲ့ လျှပ်စစ်ပစ္စည်း တွေ၊ အလုပ်တွေ ကြားက ရုန်းမထွက် နိုင်ကြဘူးတဲ့။ အဲဒီအတွက် အကောင်းဆုံး အကြံပေး ချင်တာက တစ်ခုတည်းပါ။ မျက်စိ အားစိုက်ရတဲ့ အလုပ်မျိုးမှာ ခေါင်းငုံ့၊ ခေါင်းမော့ လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ် လောက် လုပ်ပေးပါတဲ့။ ဒီ လေ့ကျင့်ခန်းက မျက်စိနဲ့ လည်ပင်းကို သွေးလျှောက်အား ကောင်းစေပြီး မျက်စိပါဝါ ချရာမှာ အထောက်ကူ ပြုတယ်။

မျက်စိ အနားပေးတဲ့ အခါ Rule of 20 ဆိုတဲ့ ဥပဒေသ တစ်ခုရှိတယ်။ ဒီ ဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့အရာတစ်ခုကို အချိန်ကြာ ကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ် ပြည့်တိုင်း ပေ ၂ဝ မှာရှိတဲ့ ပစ္စည်းတစ်ခုကို စက္ကန့် ၂ဝ ကြာ ကြည့်ပေးပါတဲ့။ ဆိုလိုချင် တာက မိနစ် ၂ဝ တစ်ခါ ခပ်လှမ်းလှမ်းက အရာဝတ္ထုကို စက္ကန့် ၂ဝ ကြည့်ပြီး အကြောဖြေ ရမှာ ဖြစ်တယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာ တိုးတက်လာ စေတယ်။

နောက် အရေးကြီးတဲ့ တစ်ချက်က မျက်စိရေဓာတ် အားဖြည့်ဖို့ ဖြစ်တယ်။ ရေဓာတ် ခန်းခြောက်မှုက မျက်စိ ခြောက်ကပ်တာ၊ မျက်စိဝါးတာ ဖြစ်နိုင်တယ်။ အစိုဓာတ် ပြည့်ဝနေဖို့ ရေများများ သောက်သင့်တယ်။ ဒီနေရာမှာ အများစု မှားနေတာ တစ်ခုကို ဖော်ပြပါရစေ။ မနက်အိပ်ရာ ထထချင်း မျက်နှာကို အရင်ဆုံးသစ်တာ မျက်စိအတွက် တော့ လုံးဝမကောင်းဘူး။ တကယ် လုပ်သင့်တာက ပါးစပ်ထဲ ရေတစ်ငုံ အရင်ငုံလိုက်၊ နောက်ပြီးမှ မျက်စိကိုဖွင့်ပြီး ရေနဲ့ပက်ဖျန်း ရမှာ ဖြစ်တယ်။ အဲဒီလို ပြုလုပ်တာက မျက်စိကို အေးမြစေတယ်။ အအေးဓာတ်က တင်းရင်းနေတဲ့ မျက်စိ ကြွက်သားကို ပြေလျော့စေတာမို့ မျက်စိပါဝါ ကျဆင်းလာနိုင် တယ်လို့ ဆိုတယ်။ ဒီ အလေ့အကျင့် မျိုးကို မနက်အိပ်ရာ ထတိုင်း လုပ်ဖို့လိုတယ်။

မျက်စိပါဝါကျဖို့ လေ့ကျင့်ခန်းတွေ ရှိတယ်။ Eye Relaxation Exercise လို့ ခေါ်တယ်။ အရင်ဆုံး မိမိလက်ဖဝါး နှစ်ဖက်ကို ပူလာအောင် အချင်းချင်း ပွတ်ပါ။ ပြီးရင် မျက်စိကိုပိတ်ပြီး ပူလာတဲ့ လက်ဖဝါးကို မျက်လုံးပေါ် ဖိတင်ထားပါ။ စိတ်ထဲက မျက်စိကြွက်သား တွေ လျော့နေပြီလို့ ကိုယ့်ဘာသာ သဘောထားပါ။ ဒီ လေ့ကျင့်ခန်းမျိုး က အချိန်မပေး နိုင်ဘူးဆိုတဲ့ အိုင်တီ သမားတွေ၊ ကွန်ပျူတာရှေ့ နာရီပေါင်းများစွာ ထိုင်နေသူတွေ အတွက် အလွန်ကောင်းတယ်။ စာရေးတဲ့အခါ စာရေးသူ ကိုယ်တိုင် ဒီလို အလေ့အကျင့် လုပ်ထားတယ်။ မျက်မှန် သမားတွေ တကယ် လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှ ပြောမှာပါ။ လေ့ကျင့်ခန်းက သိပ်မခက်ပါ။ မျက်စိကို အထက် အောက်၊ ဘယ်ညာ ကစားပေးရမှာ ဖြစ်တယ်။ အဲဒီလိုလုပ်ဖို့ အရင်ဆုံး မျက်စိကို အပေါ် လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံလည် သလို စက်ဝိုင်းပုံ ဖြည်းဖြည်းချင်း လှည့်ပြီး ကစားပါ။ ၁ဝ ကြိမ်ရအောင် အရင်လုပ်ပါ။ ပြီးရင် အပေါ်ကို ကြည့်ပြီး နာရီလက်တံ ပြောင်းပြန် လားရာအတိုင်း မျက်စိကို လှည့်ကစားပါ။ ၁ဝ ကြိမ်ပဲ လုပ်ရမှာ ဖြစ်တယ်။ ပါဝါ သိပ်မတက်သေး သူတွေအနေနဲ့ မျက်မှန် တစ်ချိန်လုံး တပ်မထားသင့်ပါ။ သဘာဝ အမြင်ကိုလဲ အားကိုးသင့် တယ်။ အဲဒီအချက်က မျက်မှန်ပါဝါ သမားတွေ မကြာခဏ မေးလေ့ရှိတဲ့ မျက်မှန် အမြဲတပ်ထား ရမှာလား မေးခွန်းအတွက် အဖြေလဲ ဖြစ်နေပြန်တယ်။ တစ်ခါတစ်ရံ မျက်မှန် ချွတ်ထား သင့်တယ်။

ဆက်ပြောမှာက အစားအသောက် ရွေးချယ်မှုပါ။ မျက်စိလဲ အာဟာရဓာတ် ပြည့်ဝဖို့ လိုတယ်။ Vitamin A ၊ Vitamin C ၊ Lutein နဲ့ Beta Carotene ကြွယ်ဝတာတွေက မျက်စိအားကောင်း စေတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပတ်၊ ဖရုံ၊ တရုတ်ဆီးသီး နဲ့ စပျစ်သီး များများစားပါ။ ဝါတဲ့၊ နီတဲ့ သစ်သီးများများ စားရမယ်။ မုန်လာဥနီထဲမှာ မျက်စိ အားကောင်းစေတဲ့ Beta Carotene ဆိုတဲ့ ဓာတ်ပါတယ်။ မုန်လာဥနီ များများစားပါ။ ဖျော်ရည်လဲ လုပ်သောက် နိုင်တယ်။ အာနိသင်ကတော့ အစိမ်းလိုက် ဝါးစားတာလောက် မကောင်းပါ။ အခွံမာသီးနဲ့ ငါးအဆီမှာ Omega 3  ဆိုတဲ့ ဓာတ်ပါတယ်။ Omega 3 က အသက်အရွယ် ကြောင့်ဖြစ်တဲ့ မျက်စိမှုန်တာ အတွက် ကောင်းတယ်။ ဘယ်ရီသီး တွေက သွေးလည်ပတ်မှု အားကောင်း စေတယ်။ မျက်စိသွေး လျှောက်မှုက ပါဝါကျနိုင်တယ်။ ပါဝါသမားတွေ ရှောင်ရမှာက ချိုတာတွေဖြစ်တယ်။ သကြားဓာတ်က မြင်လွှာကို ပိုမိုပျက်စီး စေတယ်။ ဒါကြောင့် အဆာပြေ မုန့်ပဲသရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးတွေ ရှောင်ပါ။ ဆေးလိပ်၊ အရက် ကို လုံးဝ မသောက်ပါနဲ့။

မျက်စိပါဝါ ကျစေတဲ့ အိမ်သုံးနည်းက သခွားသီး ကပ်တာဖြစ်တယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာ ထဲ ထည့်ထားတဲ့ သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ် တင်အိပ်ပါ။ အေးတဲ့ဓာတ်က မျက်စိ ကြွက်သား ပြေလျော့စေပြီး မနက်ပိုင်း အိပ်ရာထမှာ မျက်လုံးကို ကြည်လင်နေမှာ ဖြစ်တယ်။ အနှစ်ချုပ် လိုက်ရင် မျက်စိ အားကောင်းစေဖို့ အစားအသောက် ရွေးချယ်တတ် ရမှာဖြစ်ပြီး မျက်စိ လေ့ကျင့်ခန်း လုပ်ဖို့ဖြစ်တယ်။ အထူးသဖြင့် နေ့စဉ် ကြက်ဥတစ်လုံး၊ ချဉ်တဲ့သစ်သီး တစ်မျိုးမျိုး (သံပရာသီး၊ လိမ္မော်သီး၊ ရှောက်သီး)၊ မုန်လာဥနီ တစ်တောင့်နဲ့ စပျစ်သီး တစ်တွဲ စားပေးတာဟာ မျက်စိပါဝါ သိသိသာသာ ကျဆင်းလာတာ တွေ့ရမှာ ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger