www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

မွေးရပ်မြေကို စွန့်ခွာကြသူများ


မွေးရပ်မြေကို စွန့်ခွာကြသူများ

( မဒါလေး )

ငယ်စဉ်က ကြုံခဲ့ရသည့် မွေးရပ်မြေမှ သင်္ကြန်မြင်ကွင်း များကို ဟိုတစ်စ၊ သည်တစ်စ ပြန်လည် ဆက်စပ်ရင်း အတိတ်က ဖြစ်ရပ်တို့သည် စိတ်တွင် ရေးရေး ပေါ်လာသည်။ စာရေးသူတို့ ငယ်စဉ်က နေထိုင်ရာ အဘွားအိမ်ရှေ့ တွင် ကျွန်းရွာ လမ်းမကြီး ရှိသည်။ ကျွန်းရွာ လမ်းမကြီးတွင် သင်္ကြန်အခါ ဆိုလျှင် အစည်ကားဆုံး ဖြစ်သည်။ လူငယ်များ အုန်းလက်မဏ္ဍပ် ကိုယ်စီဖြင့် စုဖွဲ့ ရေလောင်းရေပက် ကြသည်မှာလည်း ပျော်စရာ ကောင်းလှသည်။ 

စာရေးသူတို့ မြို့မှလူငယ်များ သင်္ကြန် လည်ရာတွင် မိမိတို့ ကားပေါ်၌ အသံချဲ့စက်များ တင်ကာ ကြိုက်နှစ်သက်ရာ သီချင်းများ ဖွင့်ပြီး ရေပက်ခံ ထွက်ကြခြင်း ဖြစ်သည်။ မဏ္ဍပ် မရှိသည့် နေရာတွင်လည်း ကားကို ရပ်ထားပြီး ကိုယ့်ကားမှာ ကိုယ့်မဏ္ဍပ် ကဲ့သို့ပင် သီချင်းများဖွင့်ကာ ဆိုကြ၊ ကကြနှင့် ပျော်စရာ ကောင်းသည်။ ယနေ့အချိန်အခါ တွင်လည်း ထိုကဲ့သို့ ပင်လောဟု တွေးရင်း သင်္ကြန်ရက် များကို ရင်ခုန်မိသည်က အမှန်ပင်ဖြစ်သည်။

ယခင်အခါ များက ဈေးသို့ လမ်းလျှောက် သွားလေ့ မရှိသော်လည်း သင်္ကြန်ရက်များ အတွင်းတွင် ဈေးကို လမ်းလျှောက် သွားဖြစ်သည်။ ဈေးသွားလျှင် လမ်းဘေးဝဲ၊ ယာရှိ အိမ်များကို ကြည့်ရင်း ယခင်က ခင်မင်ဖူးသော လူများကို ပုံဖော်ကြည့် နေမိသည်။ အများစုသည် အိမ်သစ်များ ဖြစ်ကြပြီး ယခင်က ကဲ့သို့ ရိုးရာခြေတံရှည် အိမ်မြင့်များ မဟုတ်ကြ တော့ဘဲ တိုက်များ၊ အိမ်များ သူ့ထက်ငါ အပြိုင် အထပ်မြင့် ဆောက်ထား ကြသည်။ အိမ်ပိုင်ရှင် အတော်များများ သည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ လမ်းဘေး တစ်လျှောက်တွင် အိမ်ကြီးအိမ် ကောင်းများ ဖြစ်သော်လည်း သော့ခတ် ထားသည်က များသည်။ အကြောင်းမှာ နယ်စပ်နှင့် တစ်ဖက် နိုင်ငံတွင် သွားရောက် လုပ်ကိုင် ကြသောကြောင့် ဖြစ်သည်။ စာရေးသူတို့ ဇာတိသည် အလုပ်အကိုင် အားဖြင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းနှင့် အရောင်းအဝယ် လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။ ရော်ဘာလုပ်ငန်း ကို လုပ်ငန်းရှင် ကြီးများကသာ လုပ်ကိုင်ကြသည်။

ယခုအခါတွင် လုပ်သား ရှားပါးခြင်းနှင့် ဈေးကွက် ကျဆင်းခြင်း တို့ကြောင့် ရော်ဘာလုပ်ငန်း သည်လည်း ပြောပ လောက်အောင် အဆင်မပြေပေ။ ထို့ကြောင့်လည်း မိသားစု တစ်စုတွင် အနည်းဆုံး နှစ်ဦး၊ သုံးဦးခန့်သည် တစ်ဖက်နိုင်ငံ သို့ သွားရောက် လုပ်ကိုင်ကြသည်။ အိမ်တိုင်းတွင် နိုင်ငံခြားပြန် မရှိသလောက် ဟု ဆိုရမလိုဖြစ်သည်။ တစ်ဖက်နိုင်ငံ တွင် သွားရောက် လုပ်ကိုင်သူများ သဖြင့် ဒေသအတွင်း တွင် လုပ်သား ရှားလာသည်။ 

လုပ်သား တော်တော်များများ ကိုလည်း အလုပ်ရှင် များက ငွေကြိုပေး စနစ်ဖြင့်သာ ခိုင်းကြသည်က များသည်။ ငွေကြိုမပေး နိုင်လျှင် လုပ်ငန်း မလည်ပတ် နိုင်အောင် ဖြစ်ရသည်။ သင်္ကြန်ရက်အတွင်း အလုပ်ပိတ်မည် ဖြစ်သောကြောင့် လုပ်ခ ကြိုတင်ယူ သူများဖြင့် အိမ်တွင် စည်ကားနေသည်။ စာရေးသူ၏ ဦးလေးနှင့် အဒေါ်အား လာကန်တော့ရင်း လုပ်ခကို ကြိုထုတ်ကြခြင်း ဖြစ်သည်။ လာ ကန်တော့သည့် မိသားစုတိုင်းတွင် တစ်ဖက်နိုင်ငံမှ အလုပ်ပိတ်ရက် ရသဖြင့် ပြန်လာသူ၊ တစ်ဖက်နိုင်ငံသို့ သွားရန် ပြင်နေသူ များဖြင့် ခေါင်းစဉ် မရိုးအောင် တွေ့ရသည်။ ထိုသို့ လာကန်တော့ တိုင်း စာရေးသူ၏ ဦးလေး ပြောသည်က ဇာတိရပ်ရွာ ဆိုသည်မှာ မမေ့ကောင်းကြောင်း၊ ကိုယ့်ရပ် ကိုယ့်ရွာကို တစ်နှစ်တစ်ခါ ပြန်လာသင့်ကြောင်း ဆိုသည့် စကားပင် ဖြစ်သည်။ ထိုစကားကို ကြားရသည့် အခါ စာရေးသူ ရင်ထဲတွင် ဖော်ပြခြင်းငှာ မစွမ်းသာသော ဝေဒနာ တစ်ခုကို ခံစား လိုက်ရသည်။

စာရေးသူ၏ မိဘများသည် ဝန်ထမ်းများ ဖြစ်သဖြင့် နယ်မြေဒေသ မရွေး ရွှေ့ပြောင်းသွားလာ နေရသည်။ စာရေးသူတို့ မောင်နှမ သည်လည်း မွေးတစ်နေရာ၊ နေတစ်နေရာ၊ ကြီးတစ်နေရာ ဖြင့် နေရာဒေသ အတည်တကျ အသေအချာ ပြော၍ မရခဲ့ပေ။ ယခင်က တစ်နှစ်တစ်ခါ ပြန်ရန် နယ်မြေဝေးကွာ လွန်းသည့် အတွက်ကြောင့် လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ သောကြောင့် လည်းကောင်း သေရေး၊ ရှင်ရေးက လွဲလျှင် မပြန်ဖြစ် သည်က များသည်။ ယခုလည်း အထက်အညာ ဒေသတွင် အခြေချ ဖြစ်သော စာရေးသူ အတွက် ငါးနှစ်ကြာမှ တစ်ကြိမ် ပြန်ရောက်ခြင်း ဖြစ်လေရာ ဦးလေးပြောသော စကားများသည် စာရေးသူ၏ ရင်ကို တည့်တည့် လာမှန်လေသည်။ အမှန် ပြောရမည် ဆိုပါက စာရေးသူ လည်း တစ်နှစ်တစ်ခါ ပြန်ချင်သည်။ မန္တလေးမြို့နှင့် မုဒုံမြို့ဆိုသော ခရီးသည် ယခု အနေအထား နှင့် ညနေ ကားစီးလျှင် မနက် ရောက်သောကြောင့် မဝေးလှဟု ဆိုနိုင်သော အနေအထား ဖြစ်သည်။ သို့သော် သာမန် လူတန်းစား တစ်ယောက် အနေဖြင့် ဤခရီး အသွားအပြန်တွင် ကုန်ကျမည့် စရိတ်များက ကြီးလေးလွန်း လှသည်။ တစ်ဦးထဲ ဆိုလျှင် မသိသာ သော်လည်း မိသားစုနှင့် ခရီးသွားရန် ဆိုသည်မှာ တော်ရုံ တန်ရုံ ကြိုတင်ပြင်ဆင်မှု မျိုးနှင့် မရပေ။ သို့အတွက် တစ်နှစ်တစ်ခါ မပြန်ဖြစ် သည်က များသည်။ မည်သူမဆို မိမိ မွေးရပ်မြေကို ပြန်ချင်မည်မှာ အသေအချာ ဖြစ်သည်။

တစ်ဖက်က ကြည့်လျှင်လည်း မွေးရပ်မြေကို စွန့်ခွာကာ တစ်ရပ်တစ်ကျေး တွင် အလုပ်လုပ် နေကြသော သူများသည်လည်း စာရေးသူ ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ မိမိဒေသတွင် ကြီးပွား တိုးတက်ရန် လုပ်ငန်း အခွင့်အလမ်း များ မရှိသော ကြောင့်သာ သူတစ်ပါး ဒေသများတွင် သွားရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည်။ တစ်ဖက်နိုင်ငံ ၏ စက်ရုံများရှိ ပန်ကာအောက်တွင် စက်ချုပ်ကာ တစ်လလျှင် ငွေကျပ် လေးသိန်း၊ ငါးသိန်း ရနေကြ သူများက ရော်ဘာေ တာထဲတွင် တစ်နေကုန် လုပ်မှ ငွေကျပ် လေးထောင်၊ ငါးထောင် ရသော အလုပ်ကို စွန့်သွား ကြသည်မှာ လည်း သူတို့ကို အပြစ်မပြော သာပါ။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး ဆိုကာ တစ်ဖက် နိုင်ငံတွင် စွန့်စား လုပ်ကိုင်ရန် သွားကြသူ များလည်း ရှိသည်။ စာရေးသူ ကိုယ်တိုင်ပင်လျှင် ဖခင်ဆုံးပါး သွားချိန် မွေးရပ်မြေ သို့ပြန်ရန် အကြိမ်ကြိမ် စဉ်းစား သော်လည်း ကိုယ်တတ် ကျွမ်းသည့် ပညာနှင့် မွေးရပ်မြေတွင် လုပ်နိုင်သည့် အလုပ်အကိုင် မှာ တခြားစီ ဖြစ်နေပြန်သည်။ နောက်ဆုံးတွင် မိသားစု အဆင်ပြေကာ ယခင် အနေအထား မပျက်စေမည့် တစ်ရပ် တစ်ကျေးတွင် အခြေချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အခြေချ လိုက်ခြင်းသည် ဇာတိမြေတွင် သုညမှ ပြန်စရသည်နှင့် စာလျှင် တော်သေးသည် ဟု ပြောရမည် ဖြစ်သည်။

သို့သော် မွေးရပ်ဇာတိကို မည်သို့သော အကြောင်းကြောင့် စွန့်ခွာခဲ့ရသည် ဖြစ်စေ စာရေးသူ၏ နှလုံးသားတွင် ဇာတိမြေ၏ လွမ်းမောစရာ နေ့ရက်များသည် အမြဲထာဝရ ရှင်သန်နေမည် ဖြစ်သည်။ တစ်ရပ် တစ်ကျေးတွင် ပင်ပန်းဆင်းရဲ ခဲ့ရသမျှ မွေးရပ်မြေ၏ လှပသော ရှုခင်းများနှင့် လတ်ဆတ်သော လေနုအေး လေးများက နှလုံးအိမ်ကို ပြန်လည်နိုးထ စေနိုင်ခဲ့သည်။ မွေးရပ်မြေက ခဏတာ လွမ်းဆွတ်မှု တို့ကို ပြေပျောက် စေကာ စာရေးသူ၏ နှလုံးအိမ် ထဲတွင် ဖျက်မရသော ပန်းချီကား တစ်ချပ်ပမာ ဆေးရောင်စုံ လင်းလက် တောက်ပ နေဦးမည် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ (၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger