www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

နိုင်ငံ၏ အချုပ်အခြာအာဏာကို နျူကလီးယားလက်နက်ဖြင့် ကာကွယ်မည်ဟု ဆိုလာသည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်


North Korean leader Kim Jong Un speaks during the Workers' Party Congress in Pyongyang May 7, 2016 in this handout photo provided by KCNA. KCNA-via REUTERS

( နိုင်ထူး )

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက်များကို အသုံးပြု၍ တခြားနိုင်ငံ များအား ဦးစွာ တိုက်ခိုက်သွားမည် မဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာ အာဏာ ထိပါးလာမှုကို ကာကွယ် ရာတွင်သာ အသုံးပြု သွားမည် ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သည့် အလုပ်သမား ပါတီ၏ ကွန်ဂရက် လွှတ်တော် အစည်းအဝေး တွင် ပြောသည်။

ကင်ဂျုံအွန် ၏ ဆိုလိုသည့် အဓိပ္ပာယ်မှာ မြောက်ကိုရီးယား အစိုးရက တခြားနိုင်ငံ များကို နျူကလီးယား လက်နက်များဖြင့် စတင် တိုက်ခိုက်မည် မဟုတ်သော်လည်း နိုင်ငံ၏ အချုပ်အခြာ အာဏာကို ယင်းလက်နက် များဖြင့် ကာကွယ်မည် ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရည်မှန်းချက် ကြီးမား လှသည့် နျူကလီးယား အစီအစဉ်နှင့် တာဝေးပစ် ဒုံးပျံ လွှတ်တင်မှု ကြောင့် မကြာသေးမီက နိုင်ငံတကာ အသိုက်အဝန်း ၏ ဖိအားပေးမှု များနှင့် ရင်ဆိုင် နေရသော်လည်း နိုင်ငံအပေါ် ရန်လိုသည့် ပြည်ပနိုင်ငံ များနှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် အသင့် ရှိသည်ဟု ၄င်းက ပြောကြားသည်။

အလားတူ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြားတွင် ဖြစ်ပေါ်လျက် ရှိသည့် နားလည်မှု လွဲမှားခြင်းနှင့် အပြန်အလှန် ယုံကြည်မှု မရှိခြင်းတို့ကို လျှော့ချနိုင်ရေး အတွက် နှစ်နိုင်ငံ အစိုးရအကြား တွေ့ဆုံ ဆွေးနွေးမှုများ ပိုမို လုပ်ဆောင်ရန် ကင်ဂျုံအွန် က တောင်းဆိုထားပြီး ကိုရီးယား နှစ်နိုင်ငံ အရေးတွင် ကြားဝင် စွက်ဖက်ခြင်း မပြုရန် မြောက်ကိုရီးယား က အမေရိကန် အစိုးရအား တောင်းဆို လိုက်သည်။

သို့ရာတွင် မြောက်ကိုရီးယား နှင့် ယင်း နိုင်ငံအပေါ် ရန်လိုသည့် နိုင်ငံများ အကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ရန်လိုသည့် ပြည်ပနိုင်ငံများ အနေဖြင့် မြောက်ကိုရီးယား ကို ချဉ်းကပ်ရာတွင် မိတ်ဆွေဆန်စွာ ချဉ်းကပ် လုပ်ဆောင်ရန် လိုအပ်ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစား ရမည်ဖြစ်ကြောင်း ကင်ဂျုံအွန် က ပြောသည်။ ၄င်း၏ ပြောကြားချက် များသည် မြောက်ကိုရီးယား နိုင်ငံ က ၄င်းတို့၏ ပဉ္စမ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ရန်စီစဉ် နေဖွယ် ရှိသည်ဟု နိုင်ငံတကာမှ အကဲခတ် သူများက ပြောကြားနေစဉ် ထွက်ပေါ် လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် နျူကလီးယား လက်နက်များ မပြန့်ပွားရေး အတွက် လုပ်ဆောင်ရမည့် တာဝန်များနှင့် စပ်လျဉ်း၍ အမှန်တကယ် ဖြည့်ဆည်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ကမ္ဘာပေါ်၌ နျူကလီးယား လက်နက်များ ဖျက်သိမ်းနိုင်ရေး အတွက်လည်း လုပ်ဆောင် သွားမည်ဟု ဆိုသည်။ သို့ရာတွင် မြောက်ကိုရီးယား အစိုးရ၏ ယခု ကြေညာချက် နှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူ များက အနီးကပ်ေ စာင့်ကြည့်နိုင် ဖွယ် ရှိသည်။ 

မြောက်ကိုရီးယား သည် ၄င်းတို့၏ စတုတ္ထမြောက် နျူကလီးယား စမ်းသပ်မှုကို ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြုလုပ် ခဲ့ပြီးနောက် တစ်လ အကြာတွင် တားမြစ်ခြင်း ခံထားရသည့် ဂြိုဟ်တု အမည်ခံ တာဝေးပစ် ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်လွှတ် ခဲ့ပြီး နိုင်ငံတကာအား သွေးတိုးစမ်း ခဲ့သည်။ သို့သော် မြောက်ကိုရီးယား အစိုးရ၏ လုပ်ဆောင်ချက် များအပေါ် နိုင်ငံတကာ အသိုက်အဝန်း က ပြစ်တင်ဝေဖန် ခဲ့သည့်အပြင် ကုလသမဂ္ဂ က ပြင်းထန်သည့် ပိတ်ဆို့မှုများကို ထပ်မံချမှတ် ခဲ့သည်။ နိုင်ငံတကာ နှင့် ကုလသမဂ္ဂ အဖွဲ့က နိုင်ငံအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို မြောက်ကိုရီးယား အစိုးရက ပြန်လည်တုံ့ပြန် ခဲ့သည်။

ထို့ပြင် ယခုနှစ် မတ်လနှင့် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို ရှုတ်ချသည့် အနေဖြင့် မြောက်ကိုရီးယား က ပင်လယ် အတွင်းသို့ ဒုံးကျည်များ ပစ်ခတ်၍ တုံ့ပြန် လုပ်ဆောင် ခဲ့သည်။ အလားတူ မြောက်ကိုရီးယား အစိုးရက ၄င်းတို့ထံတွင် အဆင့်မြင့် နျူကလီးယား လက်နက်များနှင့် တာဝေးပစ် ဒုံးကျည်များကို ပိုင်ဆိုင်ထားပြီး ယင်း လက်နက်များဖြင့် အဓိကရန်သူ ဖြစ်သည့် အမေရိကန်နှင့် တောင်ကိုရီးယား တို့ကို ကြိုတင် လက်ဦးမှု ရယူ၍ တိုက်ခိုက် သွားမည်ဟု ခြိမ်းခြောက် ပြောကြားခဲ့သည်။ ယင်း လုပ်ဆောင်ချက် များသည် ယခု ကျင်းပသည့် ခုနစ်ကြိမ် မြောက် အာဏာရ အလုပ်သမား ပါတီ ကွန်ဂရက် လွှတ်တော်တွင် ကင်ဂျုံအွန် ၏ ပြောကြား ချက် များနှင့် ကွာခြားလှ သည်။ အမှန်စင်စစ် တွင် မြောက်ကိုရီးယား အစိုးရသည် ဒုံးကျည် ပစ်လွှတ်မှုနှင့် နျူကလီးယား စမ်းသပ်မှုကို ၄င်းတို့ ကြိုက်နှစ်သက်သည့် အချိန်တွင် ပြုလုပ်နိုင်စွမ်း ရှိပြီး ယင်းအချိန်ကို မည်သည့် နိုင်ငံကမျှ အတိအကျ မသိပေ။ ယင်းနိုင်ငံများ အနေဖြင့် ခန့်မှန်းနိုင်ရုံသာ ရှိသည်။ ယင်း အချက်သည် အိမ်နီးချင်း တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ တို့အား စိုးရိမ်မကင်း ဖြစ်စေသည်။ 

ထို့ကြောင့် ယင်းနိုင်ငံများ အနေဖြင့် မြောက်ကိုရီးယား ၏ နျူကလီးယား ခြိမ်းခြောက်မှု များကြောင့် ၄င်းတို့အတွက် လုံခြုံရေး အာမခံ ပေးနိုင်မည့် အမေရိကန် ပြည်ထောင်စု နှင့် ဆက်ဆံရေးကို တိုးမြှင့်လာ ခဲ့ကြသည်။တောင်ကိုရီးယား သည် မြောက်ကိုရီးယား ၏ နျူကလီးယား စမ်းသပ်မှု များနှင့် စပ်လျဉ်း၍ အလျှော့ မပေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရက နျူကလီးယား စမ်းသပ်မှုနှင့် တာဝေးပစ်ဒုံးပျံ ပစ်လွှတ်ခဲ့ပြီး နောက်ပိုင်းတွင် တောင်နှင့်မြောက် နှစ်နိုင်ငံပူးတွဲ ဖွင့်လှစ်ထားသည့် ကေဆုန် စက်မှုဇုန်ကို ပိတ်သိမ်းခဲ့သည်။ တောင်ကိုရီးယား အစိုးရ၏ စက်မှုဇုန် ပိတ်ပစ်ခဲ့မှုသည် မြောက်ကိုရီးယား အစိုးရအား စီးပွားရေးအရ ကြီးမားစွာ အထိနာ စေခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား အစိုးရသည် နောက်ပိုင်းတွင် တောင်ကိုရီး ယား နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ ကိုရီးယားကျွန်းဆွယ် ပေါ်တွင် ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချရန် တောင်ကိုရီးယား အစိုးရအဖွဲ့၏ တောင်းဆိုချက် ကို အကြိမ်ကြိမ် ငင်းဆန်၍ ယင်းနိုင်ငံအား တိုက်ခိုက် ဖျက်ဆီးပစ်မည် ဟု ထပ်တလဲလဲ ခြိမ်းခြောက် ခဲ့သည်။

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်ခြင်း သည် မြောက်ကိုရီးယား အစိုးရ၏ အဓိက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ သို့သော် ယင်းသို့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တိုးတက် လာစေရန် တောင်ကိုရီးယား အစိုးရအနေဖြင့် လက်ရှိ အဟန့်အတား ဖြစ်ပေါ်စေသည့် ဥပဒေများကို ဦးစွာ ပယ်ဖျက်ပစ်ရန် လိုအပ်မည်ဟု မြောက်ကိုရီးယား အစိုးရက တောင်းဆို ထားသည်။

ထို့ပြင် ကိုရီးယားနှစ် နိုင်ငံအကြားရှိ အရေးကိစ္စရပ် များတွင် အမေရိကန် အစိုးရ ဝင်ရောက်ကြားဝင် စွက်ဖက်ရန် မလိုအပ် တော့ကြောင်း၊ အကယ်၍ ရန်သူ၏ လက်နက်ကိုင် တပ်များ (အမေရိကန် တပ်ဖွဲ့) ပါဝင် လာခဲ့ပါက စစ်ပွဲစတင် ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ကင်ဂျုံအွန် က တိုက်တွန်းထားသည်။ ကင်ဂျုံအွန် ၏ တိုက်တွန်းချက်ကို တောင်ကိုရီးယား အစိုးရက လိုက်နာနိုင်မည့် အနေအထား မရှိပေ။ အကြောင်းမှာ အမေရိကန်အစိုးရ သည် ၄င်းတို့၏ တပ်ဖွဲ့ဝင် ဦးရေ ၂၈၅ဝဝ ကို မြောက်ကိုရီးယား ၏ ကျူးကျော်ရန်စမှုမှ ကာကွယ်ရန် တောင်ကိုရီးယား နိုင်ငံအတွင်း ဖြန့်ကြက် ချထားခြင်း ကြောင့်ဖြစ်သည်။

ထို့ကြောင့် အချုပ်အားဖြင့် ဆိုရပါက မြောက်ကိုရီးယား အစိုးရသည် ပြိုင်ဘက်နိုင်ငံ များအပေါ် ယခင်က လေသံပြင်းပြင်း ဖြင့် ခြိမ်းခြောက်ခဲ့ သော်လည်း ယခုအခါ ၄င်းတို့၏ လေသံမှာ ပြောင်းလဲ လာခဲ့ပြီဟု ဆိုနိုင်သည်။ သို့သော် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ လေသံပြောင်းလဲ လာခြင်း နောက်ကွယ်တွင် မည်သည့် အကြောင်းအရာများ ရှိနေသည်ကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့် နေမည်သာ ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger