www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 14, 2018

ပြင်ဦးလွင် ၂၁ မိုင်အနီးတွင် အကောင်အထည် ဖော်မည့် New Mandalay Resort City စီမံကိန်းမှ စီမံကိန်းအပိုင်း (၂) တွင် ဇုန်ခုနစ်ခုတည်ဆောက်ရန် အဆိုပြုလျာထား



မန္တလေး ၁၄-၂-၂ဝ၁၈

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၂၁ မိုင်အနီးတွင် လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေခံသည့် New Mandalay Resort City ကို အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်မည်ဖြစ်ရာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော်မည့် စီမံကိန်းအပိုင်း (၂) တွင် ဇုန်ခုနစ်ခု တည်ဆောက်ရန် အဆိုပြုလျာထားကြောင်း တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

အဆိုပါဇုန်ခုနစ်ခုမှာ လူနေဇုန်၊ အုပ်ချုပ်မှုဇုန်၊ ပညာရေး ဝန်ဆောင်မှုဇုန်၊ စီးပွားရေးဇုန်၊ အသေးစား အလတ်စားစက်မှု လက်မှုဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုးရေးအခြေပြု စီးပွားရေးဇုန်တို့ဖြစ်ပြီး ၎င်းအဆိုပြုလျာ ထားသည့် ဇုန်များအတွက် အကြံပေးအဖွဲ့များဖြင့် အသေးစိတ်လေ့လာမှုများ ပြုလုပ်ကာရရှိလာမည့် အကြံပြုချက်များအပေါ် ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြန်လည်ပြင်ဆင်သွားမည် ဖြစ်သည်။

''စီမံကိန်းအပိုင်း (၁) နဲ့ (၃) က ပြည်ထောင်စုအစိုးရက ဆောင်ရွက်မှာဆိုတော့ ဘာတွေပါဝင် မယ်ဆိုတာ မသိရသေးပါဘူး။ အပိုင်း (၂) စီမံကိန်းဧရိယာအတွက် Plan ဆွဲပြီးသားပါ။ မူလလျာထားချက်တွေက အိမ်ရာတွေ ပါဝင်တဲ့ Mix Development Zone အဖြစ်သတ်မှတ် ထားပါတယ်။ ပါဝင်မယ့် စီမံကိန်းအတွက် အကြံပေး အဖွဲ့တွေနဲ့ အသေးစိတ် လေ့လာမှုတွေ လုပ်ပြီးတော့ အကြံပြုချက်တွေ ရလာတဲ့အခါ ပြန်လည်သုံးသပ်မယ်။မူလနယ်နိမိတ် (Boundary) တွေကိုတော့ တိုင်းတာပြီးသွားပါပြီ''ဟု ၎င်းက ပြောပြသည်။

New Mandalay Resort City စီမံကိန်းကို မြေဧက ၁ဝဝဝဝ ခန့်တွင် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြေဧက ၇ဝဝဝ ပေါ်တွင် စီမံကိန်းအပိုင်း (၁) နှင့်အပိုင်း (၃)ကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တည်ဆောက်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်မည် ဖြစ်ပြီး ကျန်ဧကပေါ်တွင် စီမံကိန်းအပိုင်း (၂) ကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမြေဧက တစ်သောင်းပေါ်တွင် ၂ဝဝ၆ခုနှစ်က ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရာမှယခုအခါ ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ပြန်လည်အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger