www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 3, 2016

ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ဖွင့်ပွဲကျင်းပ


ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ကိုတွေ့ရစဉ်


ကျောက်ပန်းတောင်း ၊ ၃-၃-၂၀၁၆

ကင်းထောက် လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် (ပုပ္ပားစခန်း)၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကင်းထောက် လူငယ်မောင်မယ် များက ''ပြည်သူ့အတွက် အစဉ်အသင့်'' ကင်းထောက် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံ အမျိုးသား ကင်းထောက်အလံ နှင့် အမျိုးသမီး ကင်းထောက်အလံ တို့အား လွှင့်တင်သည်။

ထို့နောက် ကင်းထောက်လူငယ် များနှင့် အခမ်းအနား တက်ရောက် လာကြသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကင်းထောက်အလံ တို့ကို အလေးပြုကြပြီး ကင်းထောက် လူငယ်များက ကင်းထောက် ကတိ(၃)ပါး ရွတ်ဆို၍ ကတိပြု ကြသည်။

ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ကြီးသည် ၁၉၆၄ ခုနှစ်တွင် တိမ်မြုပ်သွား ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း မွေးဖွားလာကြောင်း၊ ကျောင်းပေါင်း ၂ဝ ကို အခြေပြု၍ ကင်းထောက် လူငယ်မောင်မယ် ၂ဝဝဝ နှင့် စတင်ဆောင်ရွက် ရာမှ ယခုနှစ် ဇန်နဝါရီအထိ ကင်းထောက် အင်အား ၅၉ဝဝဝ ကျော်အထိ တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မြန်မာ အမျိုးသမီး ကင်းထောက်အဖွဲ့ ကို Country Working towards Membership အဖြစ် လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာ့ ကင်းထောက် အဖွဲ့၏ Associate Membership အဖြစ် လည်းကောင်း၊ မြန်မာအမျိုးသား ကင်းထောက်အဖွဲ့ ကိုလည်း ၂ဝ၁၅ ခုနှစ်တွင် ASEAN Scout Membership အဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရပြီး ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု နိုင်ရေး ကမ္ဘာ့ကင်းထောက် အဖွဲ့က စိစစ် ဆောင်ရွက်မှုများ ပြုလုပ် နေသည်ကိုလည်း လေ့လာသိရှိ ရသဖြင့် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့၏ ကြိုးစား ဆောင်ရွက်မှုနှင့် တိုးတက်မှုသည် အားရ ကျေနပ်ဖွယ် ဖြစ်ခဲ့ရကြောင်း၊ ကင်းထောက်များ အနေဖြင့် ကင်းထောက် ကတိ(၃)ပါးနှင့် ကျင့်ဝတ် (၁ဝ)ပါးကို ထာဝစဉ် ထိန်းသိမ်းပြီး ကင်းထောက် လူငယ် အချင်းချင်း ကင်းထောက် စိတ်ဓာတ်ဖြင့် လက်တွဲနေထိုင် သွားကြရန်နှင့် အများအကျိုး သယ်ပိုး ဆောင်ရွက်နိုင်ရေး အစဉ်အသင့် ဖြစ်နေပြီး ကောင်းမှုတစ်ခု နေ့စဉ်ပြု ကြရန်၊ ငယ်စဉ် ကင်းထောက် ထာဝရ ကင်းထောက် Once a Scout always a Scout ဆိုသည့် ဆောင်ပုဒ်အတိုင်း နောင် အနာဂတ် ခေါင်းဆောင်များ ဖြစ်သည့်အခါ ကင်းထောက် စိတ်ဓာတ်နှင့် ယုံကြည် စိတ်ချရသည့် နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်ညို က စခန်းချ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့အနေဖြင့် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ခွင့် ရရှိရေး အတွက် ဆောင်ရွက်ချက် များကို ရှင်းလင်း ပြောကြားသည်။

စခန်းချ ဖွင့်လှစ်ပွဲ အပြီးတွင် ကင်းထောက် ကြီးများက ကင်းထောက် အတွေ့အကြုံများ ကို ဟောပြော ပို့ချကြသည်။

စခန်းချ ကာလအတွင်း အခြေခံပညာ ကြီးကြပ်ဆရာ ၁၈ ဦး၊ ဆရာမ ၂၇ ဦး၊ တက္ကသိုလ် ကြီးကြပ်ဆရာ သုံးဦး၊ ဆရာမ ခုနစ်ဦး၊ အခြေခံပညာမှ အမျိုးသား ကင်းထောက် ၂၁၉ ဦး၊ အမျိုးသမီး ကင်းထောက် ၂၁၉ ဦး၊ တက္ကသိုလ် ကင်းထောက် အမျိုးသား ၃၁ ဦး နှင့် အမျိုးသမီး ၃၁ ဦးတို့ လေ့ကျင့် သင်ကြား ကြမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger