www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 10, 2015

တာဝန်သိသော အာဆီယံပြည်သူများအဖြစ် ကြိုတင်ပြင်ဆင်


တာဝန်သိသော အာဆီယံပြည်သူများအဖြစ် ကြိုတင်ပြင်ဆင်

အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)ကို ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင် တည်ထောင်ခဲ့ရာ ၂ဝ၁၅ ခုနှစ် သြဂုတ် ၈ ရက်တွင် ၄၈ နှစ် ပြည့်ခဲ့ပေပြီ။ မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အာဆီယံ၏ တင်းပြည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ၄င်းနေ့မှာပင် အာဆီယံ စာချုပ်များနှင့် အခြားစာချုပ် ၁၄ ခု ကို လက်မှတ် ရေးထိုး၍ အဖွဲ့ဝင် နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ အပြုသဘော ပူးပေါင်း ဆောင်ရွက်မှု များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

စုစုပေါင်း လူဦးရေ သန်း ၆ဝဝ ကျော် နေထိုင်လျက် ရှိသော အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံသည် တည်နေရာ၊ မြေမျက်နှာပြင် နှင့် ရာသီဥတု မတူညီကြ သကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ပထဝီဝင် အချက်အလက် များလည်း ကွဲပြား ကြသော်ငြား တပေါင်း တစည်း တည်းသော အာဆီယံ (Integrated ASEAN) အဖြစ် တည်ဆောက် နိုင်ခဲ့ကြသည်မှာ ဂုဏ်ယူဖွယ် ဖြစ်သည်။

အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်၏ ရည်ရွယ်ချက် များမှာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ဖြစ်ထွန်းရန်၊ စီးပွားရေး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန် နှင့် CLMV နိုင်ငံများတွင် ဆင်းရဲမှု လျှော့ချနိုင်ရန် တို့ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များသည် ၂ဝဝ၃ ခုနှစ်တွင် ချမှတ်ခဲ့သော ဘာလီ သဘော တူညီချက်ကို အခြေခံသည့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အာဆီယံ ပဋိညာဉ် စာတမ်း၌ ထပ်လောင်း အတည်ပြု ခဲ့ကြပြီး ၂ဝ၁၅ ခုနှစ်ကုန်တွင် စတင် အကောင် အထည်ဖော် မည် ဖြစ်သည်။

အာဆီယံ အသိုက်အဝန်း တွင် နိုင်ငံရေး၊ လုံခြုံရေး မဏ္ဍိုင်၊ စီးပွားရေး မဏ္ဍိုင်နှင့် လူမှုရေး ယဉ်ကျေးမှု မဏ္ဍိုင်များ၏ ရည်မှန်းချက် များသည် ပြည်သူများ၏ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု မြှင့်တင်ပေးရန်၊ စီးပွားရေး၊ လူမှုရေး အဆင့်အတန်း မြင့်မားစေရန်၊ ဒေသတွင်း ပြည်သူများ အကြား နားလည်မှု ပိုမို တည်ဆောက် နိုင်ရန်နှင့် အပြန်အလှန် ဆက်ဆံမှုများ မြှင့်တင်ပေးရန် ဖြစ်သည်။

အာဆီယံ၏ စီးပွားရေး အလားအလာ နှင့်စပ်လျဉ်း၍ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ ၌ သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သော အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ (၄၈) ကြိမ်မြောက် အစည်းအဝေး ဆွေးနွေးချက်များ အရ ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့ ပြီးလျှင် အာဆီယံသည် ကမ္ဘာ့စတုတ္ထ ဈေးကွက် ဖြစ်လာ နိုင်ကြောင်း၊ ယနေ့ အာရှနိုင်ငံ များ၏ အခြေအနေ အရ ဆိုသော် အိန္ဒိယနိုင်ငံ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့၏ နောက်မှ အာဆီယံ က တတိယ အင်အားစု အဖြစ် ရပ်တည် နေကြောင်း သိရသည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ပြီး နောက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကုန်ထုတ် လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်းအား မြင့်မားရေး၊ ပြည်ပပို့ကုန် တိုးမြှင့် ထုတ်လုပ်နိုင်ရေး တို့အတွက် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကတို့ ဝိုင်းဝန်း ကြိုးပမ်းကြ ရမည် ဖြစ်သည်။

သို့ဖြစ်၍ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် ပေါ်ထွန်း လာမည့် အာဆီယံ အသိုက်အဝန်း ကို ကြိုဆိုကာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ အာဆီယံ အသိုက်အဝန်းကြီး အောင်မြင်ရေး ဆက်လက် ကြိုးပမ်း အားထုတ်ရင်း တာဝန်သိသော အာဆီယံ ပြည်သူများ အဖြစ် အာဆီယံ အသိုက်အဝန်း နှင့်အတူ ရရှိခံစားမည့် အခွင့်အလမ်း များကို လည်း အကောင်းဆုံး အသုံးချနိုင်ရန် ကြိုတင် ပြင်ဆင်ကြ ရမည် ဖြစ်ကြောင်း မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger