လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေး ပတ်ဝန်းကျင်ကောင်း
မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေး အတွက် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက အခြေခံ အဆောက်အဦများ တည်ဆောက်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် ချမှတ်၍ နိုင်ငံတော် အခြေခံဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံ ကျင်းပနေချိန် မှာပင် ရွေးချယ် တင်မြှောက်ပုံ နည်းစနစ်များကို စာနယ်ဇင်းများက ရေးသား နေကြောင်း တွေ့ရသည်။
နိုင်ငံတကာတွင် ကျင့်သုံးနေသော ရွေးချယ်တင်မြှောက်မှု နည်းစနစ်များကို ရေးသားကြရာတွင် အများစု ကိုယ်စားပြုစနစ်၊ အချိုးကျ ကိုယ်စားပြုစနစ်၊ တစ်စိတ်တစ်ပိုင်း အချိုးကျ ကိုယ်စားပြုစနစ် တို့ဖြစ်ပြီး အများစု ကိုယ်စားပြု စနစ်ကို အခြေခံ၍ အမျိုးအစား ငါးမျိုးခွဲခြား ကျင့်သုံးကြောင်းလည်း တွေ့ရသည်။ ၄င်းအမျိုးအစား ငါးမျိုးမှာ မဲအများဆုံးရသူ အနိုင်ယူစနစ်၊ အစုလိုက် မဲပေးသည့်စနစ်၊ ပါတီကိုယ်စားပြု ရွေးချယ်သည့်စနစ်၊ လွှဲပြောင်း မဲပေးနိုင်သည့် စနစ်နှင့် နှစ်ကျော့ပြန် ရွေးချယ်သည့် စနစ်တို့ ဖြစ်သည်။
မြန်မာနိုင်ငံ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PRProportional Representative System) နှင့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP-First Pass the Post) များနှင့် စပ်လျဉ်း၍ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ရှိခဲ့ကြသော်လည်း မဲအများဆုံးရသူ အနိုင်ယူစနစ် ကိုသာ ဆက်လက်ကျင့်သုံး ခဲ့ကြသည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် အနိုင်ရခဲ့သော နိုင်ငံရေးပါတီသည် ဒုတိယအကြိမ် လွှတ်တော်များကို ဦးဆောင်၍ အစိုးရအဖွဲ့ ကိုလည်း တာဝန်ယူဖွဲ့စည်း ရတော့မည် ဖြစ်သည်။ မီဒီယာများတွင် ဖော်ပြထားသော သတင်းများအရ အနိုင်ရပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈ဝဝ ကျော်ရှိမည် ဖြစ်ပြီး အစိုးရ အဖွဲ့သစ်တွင် လက်ရှိအစိုးရ အဖွဲ့ဝင်အချို့ ပါဝင်ဖွယ်ရှိကြောင်းနှင့် ဖေဖော်ဝါရီ ၁ ရက်တွင် အစိုးရအဖွဲ့သစ် အမည်စာရင်း ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော်များနှင့် အစိုးရသစ်တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဆက်လက် တာဝန်ယူကြရမည် ဖြစ်ရာ သက်ဆိုင်သူ အားလုံးတို့သည် အတ္တနယ်မှ ပရနယ် သို့ ကူးပြောင်း ဝင်ရောက်ကြရာတွင် သူတစ်ပါးတို့ ပြုသော ကောင်းမှု၊ ဆိုးမှုတို့အပေါ် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ မိတ်ဖွဲ့ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းမထားဘဲ ဥပေက္ခာ တရားဖြင့် ရှေ့သို့ လျှောက်လှမ်းကြ ပေမည်။

ရှေ့သို့လျှောက်လှမ်း ကြရာတွင် အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့် အမှားအမှန်တို့ကို ခွဲခြားဝေဖန်၍ အမှားကင်းကွာ အမှန်တိုးပွားရေး အတွက် ကြိုးစားအားထုတ်ခြင်း၊ အမှားကို သည်းခံချုပ်တည်း ၍ အမှန်ကို ရအောင်ကြိုးစားခြင်း၊ အမှားကိုပယ်လှန်၍ အမှန်ကို လက်ခံခြင်းတို့သည် အတ္တနယ်မှ ပရနယ်သို့ ကူးပြောင်း ကြမည့်သူတို့ ကျင့်သုံးရမည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း သူတော်ကောင်း ပညာရှိများ ညွှန်ပြထားသည်။
တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် သီးခြားစီ မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ဆက်နွှယ်လျက် ရှိကြပေရာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုး တက်မှုရရှိရန် အချိန်တိုအတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ မဟုတ်ပါ။ ဘက်စုံဖွံ့ဖြိုးရေး အတွက် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်း ချမှတ်၍ ကဏ္ဍအလိုက် ဖော်ဆောင်ကြရာတွင် နိုင်ငံေ တ်ာအစိုးရ တစ်ဖွဲ့တည်း အင်အားဖြင့်ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ အစဉ်အလာအတိုင်း ပူးပေါင်း ဆောင်ရွက်ကြမှသာ တည်ငြိမ် အေးချမ်းသော ပတ်ဝန်းကျင် ကောင်းတွင် တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရှင်သန် နိုင်မည် ဖြစ်ပေသည်။
(အယ်ဒီတာ့အာဘော်)
မြ၀တီနေ့စဉ်
No comments:
Post a Comment