www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 24, 2015

အသုံးပြုရန် မသင့်သော ပြည်တွင်းထုတ် ဓာတ်မြေသြဇာ ၄ မျိုးထုတ်ပြန်


ရန်ကုန် ၊ ၂၄-၇-၂၀၁၅

မြန်မာနိုင်ငံ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ဈေးကွက်အတွင်း အသုံးပြုရန် မသင့်သော ပြည်တွင်းထုတ် ဓာတ်မြေသြဇာ လေးမျိုးကို ထုတ်ပြန်ပြီး ဖြန့်ဖြူး ရောင်းချခြင်းများ တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း ဓာတ်မြေသြဇာ ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဓာတ်မြေသြဇာ များသည် မြေသြဇာ မှတ်ပုံတင် လက်မှတ်မရှိသော ဓာတ်မြေသြဇာများ ဖြစ်ပြီး ယင်းတို့မှာ မန္တလေးတိုင်း ဒေသကြီး မတ္တရာ မြို့နယ်မှ ထုတ်လုပ်သော Merica တံဆိပ်နှင့် Fight in drought တံဆိပ် ၊ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ်မှ Crown တံဆိပ် နှင့် A1 ပဒေသာ တံဆိပ်တို့ ဖြစ်သည်။ ဈေးကွက်အတွင်း မြေသြဇာ မှတ်ပုံတင် လက်မှတ် မရှိသော မြေသြဇာများ ရောင်းဝယ်ခြင်း၊ မြေသြဇာ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်မရှိဘဲ ဖြန့်ဖြူး ရောင်းချ နေသူများ ရှိကြောင်း သိရသည်။

ထို့အပြင် ဇွန်လ အတွင်းက တရားမဝင် တင်သွင်းသည့် ဓာတ်မြေသြဇာ ၊ ရွက်ဖျန်း မြေသြဇာ၊ ပိုးသတ်ဆေးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချ မှုများ ရှိနေသောကြောင့် အဆိုပါ ကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချပါက တင်သွင်း ရောင်းချလာသူ များကို ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အလားတူ ဓာတ်မြေသြဇာ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး များ၏ အညွှန်းစာ များတွင် မြန်မာ စာသားဖြင့် ရေးသား ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများ ရောင်းချမှုကို တားမြစ် ထားကြောင်းနှင့် တောင်သူ လယ်သမားများ အသုံးပြု နေသော ဓာတ်မြေသြဇာ ရွက်ဖျန်း မြေသြဇာ နှင့် ပိုးသတ်ဆေး များတွင် အညွှန်းစာ များကို ဓာတ်မြေသြဇာ ဥပဒေပုဒ်မ (၃၁) အရ လည်းကောင်း၊ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ (၃၄)အရ လည်းကောင်း၊ တောင်သူ လယ်သမားများ နားလည် လွယ်သော မြန်မာစာသား များဖြင့် ရေးသား ဖော်ပြရန် သတ်မှတ် ပြဋ္ဌာန်း ထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်း တရားမဝင်မှု များကို စစ်ဆေးတွေ့ရှိ နေရခြင်းကြောင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဆိုင်ရာ တင်သွင်း ရောင်းချခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ များကို အသိပေး နှိုးဆော် ထားသည်။ မှတ်ပုံတင် ထားပြီး ဖြစ်သော်လည်း မြန်မာစာသား ဖြင့် ရေးသားဖော်ပြ ထားခြင်း မရှိသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေး စသည် တို့အား ရောင်းချခြင်းကို စစ်ဆေး တွေ့ရှိပါက မှတ်ပုံတင် ခြင်းအား ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger