www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 14, 2015

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် သဲနုန်းများ ထူထပ်လာသောကြောင့် ကုန်တင်သင်္ဘောများ ၀င်ရောက်ရာတွင် အခက်အခဲဖြစ်


ရန်ကုန် ၊ ၁၄-၃-၂၀၁၅

ပြည်တွင်း ပြည်ပ ကုန်သွယ်မှု ရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ကုန်စည် တင်ဆောင်လာသော သင်္ဘောများ ရန်ကုန်မြို့တွင်းရှိ ဆိပ်ကမ်းများသို့ မဝင်ရောက်မီ ပင်လယ်ဝမှ စ၍ ရန်ကုန်မြစ်ကြောင်း တစ်လျှောက် သဲနုန်းများ ထူထပ် လာသဖြင့် ရေအနက်ပေ လျော့ကျ လာခြင်းကြောင့် ရန်ကုန် ဆိပ်ကမ်းများသို့ ကုန်တင် သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်ရန် အခက်အခဲများ ဖြစ်ပေါ် နေကြောင်း ကုန်တင် သင်္ဘော လုပ်ငန်း လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

နိုင်ငံခြား တိုင်းပြည်များမှ ကုန်စည် တင်ဆောင်လာသော ကုန်တင် သင်္ဘောကြီးများ ရန်ကုန်မြစ် အတွင်းသို့ စတင် ဝင်ရောက်လာရာ ပင်လယ်ဝမှ စ၍ မြစ်ကြောင်း တစ်လျှောက် သဲနုန်းများ ပို့ချမှု များပြားကာ ပွင့်လင်းရာသီ များတွင် မြစ်ရေ လျော့ကျ လာခြင်းကြောင့် ရေအနက်ပေ ရေစူးအမှတ်သည် လက်ရှိ သင်္ဘောများ ဆိုက်ကပ်လျက် ရှိသော ဆိပ်ကမ်းများတွင် ရှိသည့် သင်္ဘောများ၏ ကိုယ်ထည် အမြင့်ထက် လျော့ကျ နေသဖြင့် မိုးရာသီကာလ မရောက်မချင်း ကုန်တင် သင်္ဘောကြီးများ ခက်ခဲစွာ ကုန်သွယ်မှု ပြုလုပ်နေ ရကြောင်း၊ လျော့ကျ နေသော ရေစူးအမှတ်များအတွင်းသို့ မလွဲမရှောင်သာ ဝင်ရောက် နေရသော သင်္ဘောများ အနေဖြင့်လည်း ရေရှည်တွင် ပျက်စီး ဆုံးရှုံးနိုင်ခြေများ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

''အဓိက ပြဿနာက ရေတိမ် လာတာပါ။ ဒီလို သင်္ဘောကြီးတွေ ကပ်လို့ရတဲ့ ဆိပ်ကမ်း နေရာက သောင်တွေ ထူနေတယ်။ အဲဒီမှာ ရေအနက် ၆ မီတာ လောက်ပဲ ရေစူးရှိတယ်။ သင်္ဘောတွေက ကုန်ပစ္စည်း တန်ချိန် တစ်သောင်း အောက် တင်လာတော့ ရေစူးက ၇ မီတာ ရှိနေတယ်။ မြစ်ရေ အတက်အကျ ရှိချိန်မှာ သင်္ဘောပေါ်မှာ ရှိတဲ့ ကုန်တချို့ကို ဆိပ်ကမ်းမှာ ချတော့ ကျန်ခဲ့တဲ့ ကုန်သေတ္တာတွေ သင်္ဘောဦးပိုင်းနဲ့ ပဲ့ပိုင်း အလေးချိန် မတူညီတဲ့ အခါမှာ မြစ်ရေ ရိုက်ခတ်မှု နဲ့ အလေးချိန် တစ်သောင်းရှိတဲ့ ဝန်ဖိအားကြောင့် သင်္ဘောမှာ ခါးနာတာတွေ ဖြစ်လာပြီး စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ ဖြစ်လာပါတယ်။ တန်ချိန် တစ်သောင်း ကုန်ပစ္စည်း အလေးချိန်၊ သင်္ဘောအင်ဂျင်နဲ့ သံကိုယ်ထည် အလေးချိန်၊ သင်္ဘောပေါ်ရှိ စက်သုံးဆီနဲ့ သောက်ရေ သုံးရေတို့ရဲ့ အလေးချိန်တို့ တစ်ပြိုင်နက်တည်း သင်္ဘောမှာ ရှိတဲ့ သံရက်မများ၊ ဖရိန်တန်းများ ဖိချခံရသလို ဖြစ်နေပါတယ်။ အဲဒီ သဲနုန်းပို့ချမှုတွေ များလာရင် နောင်ဆိုကုန်တင် သင်္ဘောတွေ လုံးဝ ဝင်မရနိုင်အောင် ဖြစ်သွားနိုင်တယ်'' ဟု ကုန်သွယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

မိုးအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger