ပဋ္ဌာန်းဒေသနာတော်
ပဋ္ဌာန်း ဆိုသည်မှာ ပါဠိစကား 'ပဋ္ဌာန' မှ ဆင်းသက်လာသော စကားဖြစ်သည်။ ရုပ်တရား၊ နာမ်တရား တို့ ဖြစ်ပေါ် လာပုံကို အကြောင်းနှင့် အကျိုး အသေးစိတ် ဟောတော်မူ ထားသည့် တရားတော်ဟု အဓိပ္ပာယ် ရသည်။
ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီး နောက် ၄၉ ရက်ကြာ သတ္တ သတ္တာဟ စံတော်မူခဲ့ရာ စတုတ္တ သတ္တာဟ ရတနာဃရ ရွှေအိမ်နန်း၌ ပဋ္ဌာန်း ဒေသနာတော် မြတ်ကို သုံးသပ် ဆင်ခြင် တော်မူမှသာ ရောင်ခြည်တော် ခြောက်သွယ် တို့သည် ဗုဒ္ဓ၏ ကိုယ်တော်မှ ထွက်ပေါ် ကွန့်မြူး လာသည်။
အဘယ်ကြောင့် ထိုအခါမှ ရောင်ခြည်တော် များ ကွန့်မြူးရ သနည်းဟု မေးသည်ရှိသော် အဘိဓမ္မာ ခုနစ်ကျမ်း ရှိသည့်အနက် ပဋ္ဌာန်းကျမ်းသည် သဘော သဘာဝ နည်းနာ နိဿယ အားဖြင့် အခြားသော ကျမ်းတို့ထက် ကျယ်ဝန်း နက်နဲသည်။ ထို ကျယ်ဝန်းသော ပဋ္ဌာန်း ကျမ်းတော်မြတ် အတွင်း၌ ရွှေဉာဏ်တော် ကျက်စား ဆင်ခြင်သော အခါ ရွှေဉာဏ်တော် တည်းဟူသော နာမ်ဓာတ်များ ကြည်လင် လာသည်။
ဉာဏ်တော် ကြည်လင်ခြင်း ကြောင့် ဉာဏ်တော်ကို ခိုလှုံ၍ ဖြစ်နေကြသော ရုပ်ဓာတ်တို့ သည်လည်း ကြည်လင် လာသည်။ ထို့ကြောင့် ဘုရားရှင်၏ ကိုယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော် များ ထွက်ပေါ် ကွန့်မြူး လာခြင်း ဖြစ်သည်။
''ကျမ်းကြီး ပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ် ဓာတုကထာ'' ဟု ဆရာ အစဉ်အဆက် တို့ ပြောစမှတ်ပြုကာ မှတ်တမ်းတင် ထားကြသည်။ ကျမ်းငယ် တို့တွင် ဆန်းကျမ်းသည် နားလည်ရန် ခက်ခဲသော ကျမ်းတစ်စောင် ဖြစ်သည်။ ကျမ်းလတ် တို့တွင် ဓာတုကထာ ကျမ်းသည် နားလည် ရ ခက်ခဲသော စာရင်းဝင် ကျမ်းတစ်စောင် ဖြစ်သည်။ ထို့ပြင် ပဋ္ဌာန်းကျမ်း သည်လည်း အခက် စာရင်းဝင် ကျမ်းကြီး တစ်စောင် ဖြစ်သည်။
မြတ်စွာ ဘုရားရှင်သည် ထိုသို့ ခက်ခဲ နက်နဲသော ပဋ္ဌာန်းကျမ်း တော်ကြီးကို တာဝတိံသာ နတ်ပြည်၌ ဝါတွင်း သုံးလပတ်လုံး အလွန် လျင်မြန်သော နှုတ်တော်ဖြင့် အကျယ်ပြန့်ဆုံး ဟောတော်မူ ခဲ့သည်။ ထို့ပြင် လက်ယာတော်ရံ ပညာဉာဏ် ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အား အကျဉ်းဆုံး အမြွက်မျှ ဟောပြ တော်မူခဲ့သည်။ တစ်ဖန် အရှင် သာရိပုတ္တရာ က တပည့် ရဟန်းတော် အပါး ၅ဝဝ တို့အား မကျဉ်းမကျယ် အလယ်အလတ် ပြန်လည် ဟောတော်မူ ခဲ့သည်။
ပဋ္ဌာန်းသည် အနုလောမ ၌ တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိက ပဋ္ဌာန်း၊ တိကဒုက ပဋ္ဌာန်း၊ တိကတိက ပဋ္ဌာန်း၊ ဒုကဒုက ပဋ္ဌာန်းဟူ၍ ပဋ္ဌာန်းအားဖြင့် ခြောက်ကျမ်း ရှိသည်။ ထို့အတူ ပစ္စနိယ ၌လည်း ခြောက်ကျမ်း၊ အနုလောမ ပစ္စနိယ ၌ ခြောက်ကျမ်း၊ ပစ္စနိပ အနုလောမ ၌လည်း ခြောက်ကျမ်း ရှိသည်။ ထို့ကြောင့် ပဋ္ဌာန်း ၂၄ ကျမ်း ရှိသည်။
ဘုရားရှင်၏ အဆုံးအမ များကို သင်ကြားပေးသူ၊ သင်ယူသူ၊ ကျင့်ကြံသူ၊ လိုက်နာသူများ ရှိနေသေး သရွေ့ သာသနာ တော်ကြီး တည်နေမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက သာသနာတော် မတည်နိုင်၊ ကွယ်သွားမည် ဖြစ်ပေသည်။
သို့ဖြစ်ရာ ဗုဒ္ဓ သာသနာတော် မကွယ်ပျောက် စေရန် သာသနာတော် အတွက် တာဝန်သိသော၊ တာဝန်ရှိသော ပညာရှိ သူတော်ကောင်း တို့သည် ပဋ္ဌာန်း တရား ဒေသနာတော် များကို ပြန့်ပွားသည်ထက် ပြန့်ပွားစေရန် ကြိုးစား အားထုတ် နိုင်ကြစေရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily

No comments:
Post a Comment