သက်ရှည်ကျန်းမာဖို့ လူတိုင်း လမ်းလျှောက်ကြပါစို့
အောင်ဝင်း (ဖျာပုံ)
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့( WHO ) က ကိုယ်လက် လှုပ်ရှားမှု ချို့တဲ့ခြင်းကြောင့် နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ နှစ်သန်းကျော် အသက်ဆုံးရှုံး နေရသည်ဟု ခန့်မှန်း ထားရှိသည်။ ''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်းသည် အကောင်းဆုံးသော လာဘ်ကြီး ဖြစ်ကြောင်း လူတိုင်းသိရှိ နားလည်ပြီး ဖြစ်သည်။ ကျန်းမာခြင်းအတွက် လုပ်သင့်သည့် အစားအသောက်၊ အနေအထိုင် နှင့် ကျန်းမာရေး အထောက်အကူပြု လေ့ကျင့်ခန်းများ လိုက်နာ ကျင့်သုံးဖို့ မူကား လူအတော် များများ ပျက်ကွက်လျက် ရှိနေကြသည်။
ကျန်းမာခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရသော် ကာယသုခ၊ စိတ္တသုခ နှင့် လူမှုရေးသုခ များ ပြည့်စုံစေခြင်းတို့ ဖြစ်သည်။ ကျန်းမာမှ စိတ်ချမ်းသာပြီး မိမိအတွက်နှင့် အများ အကျိုးပြု လူမှုရေး လုပ်ငန်းများ စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာကိစ္စများ ပြီးမြောက် နိုင်မည် ဖြစ်သည်။
ယခုကာလသည် မိုးအကုန် ဆောင်းအကူး သာယာ လှပသည့် ရာသီကူးပြောင်း ကာလ ဖြစ်သည်။ မပူမအေး သမမျှတ ကာလ ရောက်ရှိပြီ ဖြစ်သည်။ ကျယ်ပြန့် ကောင်းမွန်စွာ ခင်းကျင်း ထားသည့် မြို့အဝင်၊ အထွက်လမ်းမကြီးများ၊ မြို့ပတ် မြို့ရှောင်လမ်း များ၊ ပန်းခြံများ နှင့် မြစ်ကူး တံတားကြီးပေါ် (လူသွားရန် သတ်မှတ်လမ်း) တို့တွင် မြို့ပြနေ အမျိုးသား၊ အမျိုးသမီးများ နံနက်စောစော တွင်မက ညနေဘက် တို့တွင်လည်း တစ်ဦးချင်း မှသည် အစုအဖွဲ့ အလိုက် ကျန်းမာရေး အထောက်အကူ ဖြစ်စေရေး လမ်းလျှောက် နေကြပြီ ဖြစ်သည်။ ကျန်းမာရေး လေ့ကျင့်ခန်း များကိုလည်း အချို့နေရာ တို့တွင် ကက်ဆက် ဖွင့်လျက် စည်းချက်နှင့် အညီ (အေရိုးဗစ်) ကာယ လေ့ကျင့်ခန်းများ ပြုလုပ်နေ ကြသည်ကို တွေ့မြင် ရသည်။ အားကစား လေ့ကျင့်ခန်း များစွာတို့ အနက် ငွေကုန် ကြေးကျ နည်းပါးပြီး တစ်ဦးတည်း ဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ နေရာမရွေး အချိန်အခါ မရွေး ဆောင်ရွက် နိုင်သည့် အားကစား လေ့ကျင့်နည်းမှာ လမ်းလျှောက် လေ့ကျင့် နည်းပင် ဖြစ်သည်။
ယခုအခါ ကမ္ဘာတစ်ဝန်း တွင် အရွယ်ရောက်သူ တစ်ဘီလီယံ ခန့်သည် ကိုယ်အလေးချိန် ပိုနေပြီး သန်း ၃ဝဝ ခန့်သည် အဝလွန် နေကြသည်။ အဝလွန် မှုကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း နှင့် အခြား တချို့သော ကင်ဆာရောဂါ စသည့် ရောဂါများ ပိုမို ခံစားနေကြ ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) ၏ မှတ်တမ်းများ အရ သိရသည်။ ထိုရောဂါများ ကာကွယ်ရန် နှင့် ရောဂါ ဖြစ်နေသူများ သက်သာ စေသည့် အကောင်းဆုံး နည်းလမ်းမှာ တစ်နေ့ မိနစ် ၃ဝ မှ ၄ဝ ပုံမှန် လမ်းလျှောက် ပေးခြင်း ဖြစ်သည်ဟု ဆေးပညာရှင် တို့က ဆိုထားသည်။
လမ်းလျှောက်ခြင်း အားဖြင့် ရောဂါဘယ ကင်းစင်၍ (၁) သွေးတိုးကို ကျစေသည်၊ (၂) စိတ်ပျော်ရွှင် စေသည်၊ (၃) အရိုးများ ကြံ့ခိုင် သန်စွမ်း စေသည်၊ (၄) အဝ မလွန်အောင် ထိန်းသိမ်း နိုင်သည်၊ (၅) ကြွက်သားများ သန်စွမ်းဖျတ်လတ် စေသည်၊ (၆) သွေးအတွင်းမှ အဆီကို ကျစေသည်၊ (၇) သွေးအတွင်းမှ သကြားဓာတ်ကို ကျစေသည့် အကျိုးဆက်များ ရရှိခံစား ရမည်ဖြစ်၍ လူတိုင်း သက်ရှည် ကျန်းမာစေဖို့ လမ်းလျှောက် ကြပါစို့ဟု အကြံပြု တိုက်တွန်း လိုပါသည်။
များမကြာမီ လူထု အားကစားလ ဟု သတ်မှတ် ထားသည့် ဒီဇင်ဘာလသို့ ရောက်ရှိ တော့မည် ဖြစ်သည်။ ဒီဇင်ဘာလ ၏ တနင်္ဂနွေ နေ့တိုင်း လူထု လမ်းလျှောက်ပွဲ များ အစဉ်အလာ မပျက် မြို့နယ်တိုင်း ပြုလုပ် ကြသည်။လမ်းလျှောက်ပွဲ များနှင့်အတူ အသံချဲ့စက် မှ ''ကိုယ်ခန္ဓာ သန်စွမ်းစေဖို့၊ စိတ်နှလုံး ရွှင်လန်းစေဖို့၊ ကျန်းမာစေဖို့၊ စောစောအိပ် လို့၊ စောစောထလို့၊ စောစော လမ်းလျှောက် ကြပါစို့'' ဟူသည့် တေးသံသာ နှင့်အတူ လူတိုင်း သက်ရှည် ကျန်းမာဖို့ လမ်းလျှောက် ကြပါစို့ဟု တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment