၁၉ ဇူလိုင် မမေ့နိုင် ... ဖြိုင်ဖြိုင် မျက်ရည်မိုး
မြင့်မြင့်မော် (နေပြည်တော်)
မြန်မာနိုင်ငံ အတွက် အသက်ပေးပြီး လွတ်လပ်ရေး ရအောင် ယူဆောင် ပေးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၆၇) နှစ် ကြာမြင့်ခဲ့ ပေပြီ။ ဇူလိုင် ၁၉ ရက်သည် မြန်မာပြည်သူ ပြည်သားများ အတွက် မျက်ရည်မိုးတို့ ရွာလေမစဲ တသဲသဲဖြင့် ဝမ်းနည်း ပူဆွေး ခဲ့ရသော နေ့ဖြစ်သည်။ '' ဗိုလ်ချုပ် အောင်ဆန်း နှင့် ခေါင်းဆောင်များ လုပ်ကြံ ခံရတယ် ''ဟူသော သတင်းက ပြည်သူ တစ်ရပ်လုံး အတွက် ယူကြုံးမရ ဖြစ်ခဲ့ရသည်။ နာကြည်း ဒေါသနှင့် အတူ မျက်ရည် ဖြိုင်ဖြိုင်ကျခဲ့ ရသည်။
ဗိုလ်ချုပ် အောင်ဆန်းက '' ငါ့မှာ ရန်သူမရှိ၊ ငါ့ကို ပြည်သူက ချစ်သည် ''ဟု ရိုးသားစွာ ယုံကြည်ချက်၊ ခံယူချက် ထားရှိသူ ဖြစ်သောကြောင့် မလိုသူတို့က လွယ်လွယ်ကူကူ လုပ်ကြံခံ ရခြင်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးချိန်မှာ ဗိုလ်ချုပ်၏ အသက်သည် ၃၃ နှစ်မျှသာ ရှိသေးသဖြင့် ငယ်ရွယ် သွက်လက်၍ တိုင်းပြည် အတွက် အလုပ်လုပ် နိုင်သော အရွယ်ကောင်း ချိန်မှာ လှေလှော်ရင်း တက်ကျိုး ခဲ့ရသည်ကို ဆရာဇော်ဂျီက ''သခင် အောင်ဆန်း ပြည်သူ့ပန်းသည် ... ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏ ''ဟု ဝမ်းနည်းစကား ဆိုခဲ့သည်။
သေသောသူ ကြာလျှင်မေ့ ဟူသော စကားသည် အခြားသူများ အတွက် မှန်ကန်သည်ဟုဆိုနိုင်သော်လည်း ဗိုလ်ချုပ် အောင်ဆန်း ကိုမူ မြန်မာပြည်သူ တို့က ယနေ့ထက်တိုင် မေ့မရနိုင် ဖြစ်ကြရ ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ကို မမေ့နိုင်သော အကြောင်းအချက် များစွာ ရှိသည့်အနက် ဗိုလ်ချုပ်သည် ပြည်ထောင်စု ကို တည်ထောင် ပြုခဲ့သည့် စွမ်းဆောင်မှု နှင့် ဗိုလ်ချုပ်၏ အရိုးသားဆုံး ဂုဏ်၊ အစွန့်လွှတ်ဆုံး ဂုဏ် နှင့် မြန်မာ့ တပ်မတော်ကို စတင် တည်ထောင် ခဲ့သော တပ်မတော်၏ ဖခင်ကြီး ဖြစ်သည် ဟူသော ဂုဏ်ဒြပ် များကြောင့် ဖြစ်လေသည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ လုပ်ကြံ ခံရသောနေ့မှာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ် အချိန် ဖြစ်သည်။ ထိုနေ့က မိုးလင်း ကတည်းက အုံ့မှိုင်းကာ မိုးဖွဲဖွဲရွာ နေသည်။ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အစည်းအဝေး ခန်းမထဲတွင် တိုင်းပြည် လွတ်လပ်ရေး အတွက် အစည်းအဝေး ပြုလုပ် နေကြသည်။ ဂငယ်ပုံ သဏ္ဌာန် ခင်းထားသည့် စားပွဲရှည်ကြီး ထိပ်ဆုံး အလယ်တည့်တည့် တွင် ဗိုလ်ချုပ်က နေရာယူသည်။ လက်ဝဲဘက် စားပွဲရှည်ကြီး တွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ပျော်ဘွယ် ဦးမြ တို့ ထိုင်သည်။ လက်ယာဘက် စားပွဲတွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း နှင့် မန်းဘခိုင် တို့ ထိုင်ကြသည်။
အစည်းအဝေး ကျင်းပမည့်ရက်မှာ မူလက ၁၉၄၇ ခုနှစ် ဇူလိုင် ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် ဖြစ်သော်လည်း ဗိုလ်ချုပ်က ဇူလိုင် ၁၉ ရက် စနေနေ့သို့ စောစီး ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ဗိုလ်ချုပ်တို့ အစည်းအဝေး စတင် ကျင်းပ ကြသည်။ အစည်းအဝေး ကျင်းပနေဆဲ မှာပင် အစည်းအဝေး ခန်းမမှ သေနတ်သံများ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်ဝန်ကြီးများ အစည်းအဝေး ခန်းမထဲမှာ သွေးအိုင်များနှင့် မြင်မကောင်းအောင် လဲကျ ငြိမ်သက် နေသည်။ လူသတ်သမား တစ်စုမှာ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ပြီး သွားသည်နှင့် ပြေးထွက်သွား ကြသူများမှာ အမှတ်(၁၂) တပ်ရင်း၏ ခြင်္သေ့တံဆိပ် နှင့် ယူနီဖောင်း ဝတ်ထားကြ သော်လည်း အစစ်အမှန်များ မဟုတ်ကြ ဘဲ ဂဠုန်ဦးစော ၏ နောက်လိုက်များ ဖြစ်ကြသည်။ သေနတ်သံ ကြားသူတိုင်း အထိတ်တလန့် ဖြစ်ကုန် ကြသည်။ ဝမ်းနည်း ပက်လက်ငိုကြွေး သူများ၊ တောက်ခေါက်ကာ ဒေါသ ဖြစ်နေသူများ၊ သတင်းဆိုးကို ကြားရသူ အပေါင်းတို့သည် ဝမ်းနည်း ပက်လက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေကြသည်။
''မိုးကစိုစို၊ ကျီးအုပ်ပြို၍၊ ထိုမှဤမှ၊ ထိုလမ်းမတွင် .. ပျံကြဝဲကြ၊ ငရဲထသို့၊ အုံကြွ မြည်အာ၊ မသာယာကို ငါကြားခဲ့ မှတ်မိလေ၏ '' ဟု ဆရာဇော်ဂျီ က ကဗျာဖြင့် မှတ်တမ်းတင် ခဲ့သည်။ ရိုးသားကြိုးစား သူ့စွမ်းအားဖြင့် လွတ်လပ်ရေး ရရန် ကြိုးစားနေသော ဗိုလ်ချုပ် အောင်ဆန်း မှာ မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရလေသည်။ ထိုနေ့က ဗိုလ်ချုပ်နှင့် အတူ ကျဆုံး သွားသူများမှာ သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင် နှင့် ရဲဘော် ကိုထွေး တို့ ဖြစ်ကြသည်။
ထိုနေ့က ချက်ချင်းပင် လူသတ်သမား များကို ဖော်ထုတ် ရရှိခဲ့ကြ သည်။ ဗိုလ်ချုပ်ကို လုပ်ကြံဖို့ ကြံစည် နေတယ်ဆိုသော သတင်းများ ကြားသော်လည်း ဗိုလ်ချုပ်က တိုင်းပြည် ကောင်းကျိုး လုပ်နေသူ မို့ သူ့မှာ ရန်သူမရှိဟု တွက်ဆ ထားသည်။ ဇူလိုင်လ ဆန်းပိုင်းက အင်္ဂလိပ် စစ်ပစ္စည်း ထောက်ပံ့ရေးတပ် မှ ဘရင်းဂန်း အလက် ၂ဝဝ နှင့် ကျည်ဆန်များ ပျောက်ဆုံး ခဲ့သည်။ စစ်ပစ္စည်း ထောက်ပံ့ရေးတပ် ကို ဦးစီး အုပ်ချုပ် နေသူများမှာ ဗြိတိသျှ စစ်အရာရှိ များသာ ဖြစ်သည်။
ဗြိတိသျှတို့ အနေဖြင့် လက်နက်တွေ ပျောက်ဆုံး နေသည်ကို သိလျက်နှင့် လုံလောက်သော လုံခြုံရေးများ ချထားခြင်း မရှိသဖြင့် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရခြင်း အတွက် တာဝန်မဲ့ ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဖဆပလအဖွဲ့ ၏ နိုင်ငံရေး ရန်သူမှာ မည်သူမည်ဝါ ဖြစ်သည် ကိုလည်း အင်္ဂလိပ်တို့ သိကြသည်။ ဝင်စတန်ချာချီ က ''မြန်မာပြည်ကို လွတ်လပ်ရေး ပေးလိုက်ရင် သွေးချောင်းစီးလိမ့်မယ် '' ဟု ပြောဆို ထားသည်။
ဗိုလ်ချုပ် အောင်ဆန်း ကို လုပ်ကြံရန် အတွက် ပြည်တွင်းမှ အမျိုးသား သစ္စာဖောက်များ နှင့် နယ်ချဲ့ သမားတို့ အကွက်ချ စီစဉ်ခဲ့ခြင်း ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်သည် မြန်မာ့သမိုင်း တွင် မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။ ကြေကွဲ ဝမ်းနည်းစရာ အလွန်ကောင်း လှသောနေ့ ဖြစ်ခဲ့သည်။ ဇူလိုင် ၁၉ ရက်ရောက်တိုင်း အဆိုတော်ကြီး ဒေါ်မေလှမြိုင် ၏ ကြေကွဲ လွမ်းဆွတ်ဖွယ် တေးသံကို ကြားရသည်။ ထိုတေးသံကို ကြားရသူတိုင်းက အနည်းဆုံးတော့ မျက်ရည်ဝိုင်း ခဲ့ရလေသည်။
''နှစ်လရာသီ ခါနာရီရွေ့ ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့်ပါပေ။ ယနေ့ဖြင့် အသိတရား ထားဖို့အခြေ အများ ပြည်သူတွေ အများပြည်သူတွေ အာဇာနည်နေ့ ကိုလေ တွေးရှုကာပဲ အလေးပြု ပါတယ်လေ''
ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံ အတွက် ရာဇဝင် အတ္ထုပ္ပတ္တိ လည်းရှိခဲ့သလို မော်ကွန်းလည်း ထိုးလောက်သော မြင့်မြတ်သည့် ခေါင်းဆောင်ကြီး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံကြီး လွတ်လပ်ဖို့ ကျွန်တွင်း မှ ဆွဲတင်ခဲ့သူ လွတ်လပ်ရေး ဗိသုကာ တပ်မတော်၏ ဖခင်ကြီး ဖြစ်သည်။ မြန်မာ တစ်မျိုးသားလုံး အတွက် အစားထိုး မရသော ခေါင်းဆောင်ကြီး ဖြစ်သလို ကမ္ဘာ့ ခေါင်းဆောင်များ ကလည်း ဗိုလ်ချုပ် အောင်ဆန်းကို လေးစား ကြသည်။
မြန်မာနိုင်ငံ သို့ ပထမဆုံး ရောက်လာသော ဂျပန် စစ်သေနာပတိ ဗိုလ်ချုပ် အီဒါ က အောင်ဆန်းသည် ငွေလည်း မမက် ၊ တစ်ကိုယ် ကောင်းလည်း မကြံ ၊ ဒါ့ကောင့် ကျုပ်တို့ ဂျပန်တွေ လေးစားသည် ဟု ဖွင့်ပြော ခဲ့သည်။ ထို့အတူ ဗိုလ်မှူးကြီး ဆူဇူကီး ကလည်း အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည် ၊ သူသည် သတ္တိ ဗျတ္တိ နှင့် ပြည့်စုံသော စစ်ခေါင်းဆောင် ဖြစ်သည် ၊ မျိုးချစ် စိတ်ဓာတ်လည်း ပြင်းထန်သည်။ ထို့ကြောင့် ငါတို့ ဂျပန်များက သူ့ကို ရိုသေ လေးစားသည် ဟု ၀န်ခံ ခဲ့ဖူးလေသည်။
ဖီးမာရှယ်ဆလင်း က Defeat in Victory ဟူသော စာအုပ်ထဲ၌ ... ကျွန်ုပ်တို့သည် အောင်ဆန်းကို လေးစား မိသည်။ သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ ပြောက်ကျား ခေါင်းဆောင် မဟုတ်ပေ။ သူသည် မျိုးချစ်ပုဂ္ဂိုလ် အစစ်ဖြစ်၍ စိတ်ကူးယဉ် သမားမဟုတ်။ လက်တွေ့သမား ဖြစ်သည်။ သူသည် အလွန် ရိုးသားသည်။ ပေးခဲ့သော ကတိအတိုင်း လည်း တည်သည်။ ကျွန်ုပ် အောင်ဆန်းနှင့် အလုပ်လုပ်၍ ဖြစ်သည် ဟူ၏။ ဗိုလ်ချုပ်အပေါ် ထားရှိသော မြန်မာလူထု၏ ကြည်ညိုမှုသည် ကိုးကွယ်မှု ဆန်သည်ဟု ပြောလောက်အောင် ဗိုလ်ချုပ် အောင်ဆန်းက ရှာမှရှားသော တကယ့် မဟာလူသား ဖြစ်ခဲ့လေသည်။
ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်ကြီး များကို လေးစားလျှင် ကြည်ညိုလျှင်၊ ချစ်မြတ်နိုးလျှင်၊ တန်ဖိုး ထားလျှင် သူတို့ ရယူပေးခဲ့သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုသော နိုင်ငံသားတိုင်း၏ မွေးရာပါ တာဝန်ကြီး သုံးရပ်ကို ဆက်လက် ထိန်းသိမ်း ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသား မှန်သမျှသည် မိမိတို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ သုံးပါးတွင် ကိုယ်နှုတ် နှလုံးသုံးပါးလုံး ဖြင့်ပြုသော အမှုတိုင်းသည် ကမ္ဘာတည် သရွေ့ မြန်မာတည်ရှိရေး အတွက် ဟူသော မျိုးချစ်စိတ်ကို အရင်းခံ၍ မှားမှန် ခွဲခြား သိမြင် ကြရပါမည်။
လွတ်လပ်ရေး ရသည် ဆိုသည်မှာ တစ်ချိန်သော အခါကာလက မလွတ်လပ်သော၊ အဖိနှိပ်ခံ ရသော၊ ချိုးနှိမ် ခံရသော အမှတ်အသား ကိုပြဆို နေခြင်း ဖြစ်သည်။ သူ့ကျွန်ဘဝ ရောက်ခဲ့ ဖူးသည်ဟု ဖော်ညွှန်း အသိပေး နေခြင်း ဖြစ်သည်။ ယနေ့ ရရှိထားသော လွတ်လပ်ရေး သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်များ၊ တပ်မတော်သား များ၏ အသက် သွေးပေါင်း မြောက်မြားစွာ အဆုံးရှုံးခံ၊ စတေးခံပြီးမှ ရထားခြင်း ဖြစ်သည်။
ထို့ကြောင့် နိုင်ငံသူ နိုင်ငံသား အပေါင်းသည် ၁၉ ဇူလိုင် မမေ့နိုင်.. ဖြိုင်ဖြိုင် မျက်ရည်မိုး ဖြစ်ခဲ့ရသော အာဇာနည်နေ့ ကို မမေ့နိုင် သကဲ့သို့ လက်ရှိ ရရှိထားသော လွတ်လပ်ရေးကို ကာကွယ် ကြရန်နှင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ထာဝစဉ် တည်တံ့ ခိုင်မြဲရေး ကိုလည်း အသိတရား ရှိရှိဖြင့် ကြိုးပမ်း လုပ်ဆောင် ကြရန် (၆၇)နှစ်မြောက် အာဇာနည်နေ့၌ အဓိဋ္ဌာန်ပြု ကြပါစို့ဟု တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။
#Themyawadydaily
No comments:
Post a Comment