ငြိမ်းချမ်းလိုလျှင် မေတ္တာနှင့်ယှဉ်
ပန်းသပြေ ( ရွှေလောင်း )
လောကီလူသား မှန်သမျှသည် ငြိမ်းချမ်းသော လိုအင်ဆန္ဒကို တောင့်တကြ စမြဲပင် ဖြစ်သည်။ ငြိမ်းချမ်းလိုကြ ပါသော်လည်း အချို့ချို့ တို့မှာ အဘယ်ကြောင့် မငြိမ်းချမ်းကြ ပါသနည်း။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာမစ္ဆရိယ တည်းဟူသော အကုသိုလ် စေတသိက် တရားများ ရင်ဝယ် နှလုံးသားမှာ လွှမ်းမိုး ကိန်းအောင်း နေကြခြင်း ကြောင့်ပင် ဖြစ်သည်။ စိတ်နှလုံး မသာယာ၊ မငြိမ်းချမ်း ပူလောင်ပြင်းပြ ဝေဒနာ ခံစားနေရ ပေတော့မည် ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းလိုပါမူ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ် တရားကို လက်ကိုင် ထားပြီး နှလုံးသားကို အလှဆင်ကြ ရမည်ဖြစ်သည်။ အထူးသဖြင့် ငြိမ်းချမ်းသော လိုအင်ဆန္ဒကို အအေးဓာတ် ထုံမွမ်းသော မေတ္တာနှင့် ယှဉ်ကာ ရယူပိုင်ဆိုင် ကြရမည် ဖြစ်ပေသည်။
လူ့လောက ဝန်းကျင်တွင် အချို့နေရာ တို့၌ လောကပါလ တရားများ ဆိတ်သုဉ်း နေကြသည်။ မေတ္တာတရား ခေါင်းပါးပြီး လူသား အချင်းချင်း နိုင်လို မင်းထက် အနိုင်ယူ လိုမှုများ ရှေ့တန်းတင် နေကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံမှား သံသယဝင်ပြီး အမှန်ဘဝ ပျောက်၍ အမုန်းပွား နေကြသည်။ မုန်းတီးမှု မှသည် ဆန့်ကျင်ဘက် ဝိရောဓိ ပဋိပက္ခ အသွင်ဆောင် လျက် ရန်စောင် နေကြသည်။ ထိုသို့ ဆိုပါလျှင် ငြိမ်းချမ်းသော သဘော လက္ခဏာများ ဆိတ်သုဉ်း နေကြမည် မှာ မလွဲဧကန် အမှန်ပင် ဖြစ်သည်။
လောက လူ့ဘောင် ဘဝတွင် ငြိမ်းချမ်း လိုပါလျှင် မေတ္တာ၊ စေတနာ စိတ်စွမ်းအား ကို လွှမ်းမိုး စေရမည် ဖြစ်သည်။ လူသား အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု၊ အပြန်အလှန် သဟဇာတ မျှတမှုနှင့် သည်းခံ ခွင့်လွှတ်စိတ် မြှင့်တင်မှု တို့ကို အလေးထား ဆောင်ရွက် ကြရမည် ဖြစ်သည်။ ငြိမ်းချမ်းမှုကို ဖီလာ ဆန့်ကျင်မှု မှန်သမျှအား ချုပ်ငြိမ်း ရုပ်သိမ်း နိုင်စွမ်း ရှိရမည် ဖြစ်သည်။ ဤသို့ဖြင့် ပျော်ရွှင် ချမ်းမြေ့ဖွယ် ငြိမ်းချမ်းသော ဘဝမှာ ခိုနားနိုင်မည် ဖြစ်သည်။
ငြိမ်းချမ်းခြင်း သဘောကို လောကအမြင်၊ လောကနီတိ ကျင့်ဝတ်တို့ဖြင့် ရှုမြင်သော် ''တန်းတူတွေ့လျှင် မေတ္တာဝင်ပါ၊ ကိုယ့်အောက်တွေ့လျှင် ကရုဏာ ဝင်ပါ၊ ကိုယ့်ထက် သာလျှင် မုဒိတာဝင်ပါ ''ဟူသော ကျင့်ကြံ ပွားများဖွယ် နည်းလမ်း သုံးသွယ်ကို တွေ့မြင် ရမည် ဖြစ်သည်။ ငြိမ်းချမ်းခြင်း အမှန်လမ်းကို လျှောက်လှမ်း နိုင်ရန် ညွှန်ပြခြင်းသာ ဖြစ်သည်။
မေတ္တာတရား ပွားများခြင်း သည် ငြိမ်းချမ်းလိုသူ အတွက် အကျိုးစီးပွား ဖြစ်ထွန်းစေသည်။ ထိုသို့ဖြင့် လူတိုင်း လူတိုင်းသည် ကြီးမားလှသော မေတ္တာပွား များခြင်းကို ကောင်းစွာ မှီဝဲ အပ်ပေသည်။ မေတ္တာပွားများ ခြင်းဖြင့် လောကကို အလှဆင်ကြ ရမည်၊ ငြိမ်းချမ်းသော ကမ္ဘာကို တည်ဆောက်ကြ ရမည် ဖြစ်သည်။ လူ့လောက အသိုက်အဝန်း တွင် အများနှင့် နေထိုင်သောအခါ ကာယကံ မေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံမေတ္တာတို့ဖြင့် ပြောဆိုပြုမူ ကျင့်ကြံကြရ ပေမည် ဖြစ်သည်။
မြန်မာနိုင်ငံတော် အတွင်း ငြိမ်းချမ်း သာယာဝပြော လိုလျှင် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ခံယူချက် စိတ်ဓာတ်မှာ တို့တစ်တွေသည် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကြသော ညီရင်းအစ်ကို မောင်ရင်းနှမ ပြည်ထောင်စုဖွား တိုင်းရင်းသားများ ဖြစ်ကြသည်။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး မေတ္တာသက်ဝင် ချစ်ခင်စည်းလုံး ပျော်ရွှင်စွာ နေထိုင်ကြ လျှင်ဖြင့် ငြိမ်းချမ်း သာယာသော နိုင်ငံကြီး အဖြစ် ရပ်တည် နိုင်ကြမည်ဟု တွေးထား ရပေမည်။ ဤကဲ့သို့ မိသားစုအသွင် နားလည် ခွင့်လွှတ် နိုင်စွမ်းရှိပြီး လက်တုံ့ပြန် အနိုင်ယူမှု ကင်းကာ မေတ္တာ ထားနိုင်ကြ လျှင်ဖြင့် ပျော်ရွှင် ချမ်းမြေ့ဖွယ် နိုင်ငံတော်ကြီး တည်ဆောက် နိုင်ကြမည်သာ ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ '' ငြိမ်းချမ်းလိုလျှင် မေတ္တာနှင့်ယှဉ် '' ဟူသည်မှာ လောကသစ္စာ အမှန်တရားပင် ဖြစ်ပေသည်ဟု တွေးမြင်မိပြီး ကောင်းမြတ်သော စေတနာမွန်ဖြင့် ဖော်ထုတ် ရေးသား လိုက်ရပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment