www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 2, 2014

အပြိုင်အဆိုင် ထုတ်လုပ်လာတဲ့ လေအားလျှပ်စစ် ဓာတ်အား



အပြိုင်အဆိုင် ထုတ်လုပ်လာတဲ့ လေအားလျှပ်စစ် ဓာတ်အား

TMK ဘာသာပြန်သည်

ကမ္ဘာတစ်ဝန်းမှာ လောင်စာဆီသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရုံ တွေဟာ လေထုထဲကို ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏ မြောက်မြားစွာ ရောက်ရှိစေပြီး ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်မှု ကနေ မိုးခေါင်ရေရှား ဖြစ်ပြီး ကောက်ပဲ သီးနှံတွေ ပျက်စီးစေတဲ့ တရားခံတွေ ထဲမှာ အပါအဝင် ဖြစ်လာပါတယ်။ လေထု ညစ်ညမ်းမှု ကြောင့် အဲဒီ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရုံ ပတ်ဝန်းကျင်မှာ နေထိုင် ကြီးပြင်း လာတဲ့ ကလေးတွေ ဟာလဲ ပန်းနာရင်ကျပ် ရောဂါတွေ ဖြစ်ကြပါတယ်။ ဒါ့အတွက် အမေရိကန် ပြည်ထောင်စုမှာ လေအား လျှပ်စစ်ကို တွင်ကျယ်စွာ အသုံးပြု လာပါတယ်။

တကယ်တော့ အမေရိကန် တစ်နိုင်ငံထဲ က လေအားလျှပ်စစ် သုံးနေတာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက လေအား လျှပ်စစ် အသုံးပြုတဲ့ နှုန်းက အမေရိကန် ထက်ကို ပိုတာပါ။ လေအား လျှပ်စစ်ကို အမေရိကန် ပြည်ထောင်စု က ၄ ဒသမ ၅ ရာခိုင်နှုန်း အသုံးပြုနေ ချိန်မှာ ဒိန်းမတ်က ၃၄ ရာခိုင်နှုန်း၊ စပိန်၊ ပေါ်တူဂီ၊ အိုင်ယာလန် တို့က ၂ဝ ရာခိုင်နှုန်း အသုံးပြု နေကြတာပါ။

အမေရိကန် ပြည်ထောင်စု ကလဲ လေအား လျှပ်စစ် အသုံးပြုတဲ့ နှုန်းကို မြှင့်တင် နေပါပြီ။ အိုင်ယိုးဝါး နဲ့ တောင်ပိုင်း ဒါကိုတာ ပြည်နယ်တွေမှာ အသုံးပြု နေတဲ့ လျှပ်စစ် ဓာတ်အား စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ဟာ လေအား လျှပ်စစ်ပါ။ ၁၂ ရာခိုင်နှုန်း အသုံးပြု နေတဲ့ ပြည်နယ် ခုနစ်ပြည်နယ် ရှိပါတယ်။

လေအား လျှပ်စစ် ဓာတ်အားဟာ သုံးစွဲသူများ အတွက်လဲ ဈေးနှုန်း သက်သာ ပါတယ်။ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထက်ကို သက်သာ တာပါ။

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကနေ တဖြည်းဖြည်း ဈေးကျ လာလိုက်တာ အခုဆိုရင် လေအား လျှပ်စစ်ဟာ ဈေး အသက်သာဆုံး လျှပ်စစ် ဓာတ်အား အမျိုးအစား ဖြစ်နေပါတယ်။ လေအားလျှပ်စစ် ပိုထုတ်နိုင်ဖို့ တာဘိုင် စက်သစ်ကြီးတွေ ထပ်ထပ်ပြီး ထိုင်ပေးနေတော့ တာဘိုင်အသစ် တစ်လုံးဟာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ ဒသမ ၈၇ ထုတ်ပေး နိုင်ပြီး အသစ် ထပ်တပ်ပေး ထားတဲ့ တာဘိုင်စက် တွေရဲ့ ကျေးဇူးကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ကထက် ၁၆၂ ရာခိုင်နှုန်း ပိုတဲ့ လျှပ်စစ် ဓာတ်အားကို ထုတ်လာ နိုင်တာပါ။ ငါးနှစ် အတွင်းမှာ တောင် ၁၄ဝ ရာခိုင်နှုန်း တိုးလာတဲ့ လေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းကြောင့် အခုဆိုရင် အမေရိကန် ပြည်ထောင်စု ဟာ လေအားလျှပ်စစ် ချည်း ၆၁ ဂက်ဂါဝပ် ထုတ်နိုင် နေပါပြီ။ ဒီလျှပ်စစ် ဓာတ်အားဟာ အိမ်ခြေပေါင်း ၁၅ ဒသမ ၅ သန်း အတွက် ဖူလုံ ပါတယ်။

လေအား လျှပ်စစ် ဓာတ်အား ထုတ်ရုံအသစ် တွေ တည်ဆောက်လေ၊ အဟောင်းတွေ တိုးချဲ့လေ အလုပ် အကိုင် အခွင့်အရေး အသစ်တွေ ပေါ်လေပါပဲ။ ၂ဝ၁၂- ၁၃ ဘဏ္ဍာရေးနှစ် မှာ လေအားလျှပ်စစ် စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာရဲ့ ၇ဝ ရာခိုင်နှုန်း ကို ပြည်တွင်းမှာပဲ ထုတ်ခဲ့ပါတယ်။ ဒါဟာ ၂ဝဝ၆ - ၂ဝဝ၇ ဘဏ္ဍာရေး နှစ်တုန်းက ၂ဝ ရာခိုင်နှုန်း ပဲ ရှိခဲ့တာနဲ့ နှိုင်းယှဉ် လိုက်မယ် ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း တွေ ဘယ်လောက်ထိ ထပ်တိုး လာတယ် ဆိုတာ သိသာ ထင်ရှား ပါတယ်။

လေအား လျှပ်စစ်စက်ရုံ တွေမှာ လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေကို ၂ဝဝ၇ ခုနှစ်မှာ ကန်ဒေါ်လာ ၁၆ သန်းဖိုး၊ ၂ဝ၁၃ ခုနှစ်မှာ ၄၂၁ သန်းဖိုး ထုတ်ခဲ့ရတာပါ။ တစ်ခါ ငွေကြေး သယ်ယူ ပို့ဆောင်ရေး ယာဉ်များလို့ တင်စား ခေါ်ဝေါ်တဲ့ ငွေကြေး လည်ပတ်မှု စနစ်အသစ် ကလဲ လေအား လျှပ်စစ်ကို မှီပြီး ထွက်လာ တာပါ။ Yieldco လို့ခေါ်တဲ့ ကုမ္ပဏီငယ် လေးတွေက အကြိမ်ကြိမ် အသုံးပြု နိုင်သော စွမ်းအင် ထုတ်လုပ်ရေး စီမံချက် ဆိုင်ရာ လုပ်ငန်း လည်ပတ်မှု ရည်မှန်းချက်တွေ ရေးဆွဲပြီး ပစ္စည်း ကိရိယာ တစ်နိုင် တင်သွင်း တာကို လက်သင့်ခံခြင်း၊ ရှယ်ယာ ရောင်းဝယ်ခြင်း တို့ကို ဆောင်ရွက် ပေးတဲ့ အတွက် ငွေကြေး သယ်ယူ ပို့ဆောင်ရေး ယာဉ်တွေ တစ်စီးပြီး တစ်စီး ဆိုက်ရောက် လာသလိုပဲ လူထုထဲ မှာလဲ ငွေကြေး လည်ပတ် စီးဆင်းမှုဟာ ချောမွေ့ လာပါတယ်။

ဒီတော့ အမေရိကန် အစိုးရဟာ လေအား ရနိုင်တဲ့ လမ်းကြောင်းကို ချဲ့ထွင်ရှာဖွေ တော့တာပေါ့။ အခုဆိုရင် အမေရိကန် ပြည်ထောင်စု အတွက် လေအား စုဆောင်း ပေးနိုင်မယ့် ဧရိယာ အကျယ်အဝန်းဟာ မိုင်ပေါင်း ၃၅ဝဝ ရှိပါတယ်။ ဒီနေရာတွေမှာ လေအား လျှပ်စစ်စက်ရုံ တည်ဆောက်မယ်၊ စက်ရုံ ကိုမှီပြီး လူနေ ရပ်ရွာတွေ ပေါ်ထွက် လာမယ်။ လုပ်ငန်းကြီး သမားတွေ အတွက်လဲ လေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရုံ၊ ဓာတ်အားပေး ရုံတွေ တည်ဆောက် နိုင်မယ့် လုပ်ငန်း ခွင်တွေ ရလာမှာဖြစ်ပြီး လုပ်ငန်း ငယ်သမားတွေ အတွက်လဲ အလုပ်အကိုင် အခွင့်အရေး ရော၊ တစ်ပိုင်တစ်နိုင် ပစ္စည်းတင်သွင်း ရောင်းချမှု တွေအတွက်ပါ ဈေးကွက်ဟာ မိုင်ပေါင်း ထောင်နဲ့ ချီပြီး ပိုမိုကျယ်ပြန့် လာတဲ့ သဘောပါပဲ။ ကျိုးကြောင်း ဆီလျော်စွာပဲ ကုမ္ပဏီတွေဟာ ကမ်းရိုးတန်း ပေါ်မှာ စက်ရုံတည်ခြင်း လုပ်ငန်းတွေကို အစပျိုး နေပြီ ဖြစ်သလို ကမ်းလွန် လေအား လျှပ်စစ် စက်ရုံတွေ တည်ဆောက် ဖို့လဲ စိုင်းပြင်း နေကြပါပြီ။

ဒါတောင် အမေရိကန် ဥပဒေပြု ကွန်ဂရက်က ၂ဝ၁၃ မှာ အမှားတစ်ခု လုပ်ခဲ့လို့ပါ။ အဲဒီတုန်းက ကုန်းမြေ အခြေစိုက် လေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ ကုန်ထုတ်လုပ်မှု အခွန်နဲ့ ကမ်းလွန် လေအား လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွန်တွေကို သက်တမ်း မတိုးမြှင့်ဘဲ ထားလိုက်လို့ ရင်းနှီးမြှုပ်နှံ သူတွေရော၊ ဓာတ်အား ထုတ်လုပ် နေသူတွေပါ လုပ်ငန်း ဆက်လုပ်ရ မလို၊ မလုပ်ရမလို ဖြစ်လို့ ၂ဝ၁၃ ခုနှစ်မှာ အလုပ်ပြုတ် ခဲ့တဲ့ လူတွေဟာ အများဆုံး ရှစ်သောင်းကျော်၊ အနည်းဆုံး ငါးသောင်းကျော် ရှိခဲ့ပါတယ်။ အခု ၂ဝ၁၄ မှာ သက်တမ်း ပြန်တိုး ပေးခဲ့ ပေမယ့်လဲ ၂ဝ၁၃ ရဲ့ပြဿနာ အရှိန် ကျန်ရှိ နေသေးတဲ့ အတွက် ရင်းနှီးမြှုပ်နံ မယ့် ကုမ္ပဏီ အတော်များများ ဟာ ၂ဝ၁၅ ရင်းနှီး မြှုပ်နှံမှု အတွက် မဝံ့မရဲ ဖြစ်နေကြ ပါတယ်။

အကျိုးဆက် အားဖြင့် အမေရိကန် ပြည်ထောင်စု ဟာ ၂ဝ၁၂ ခုနှစ် မှာ လေအားလျှပ်စစ် လုပ်ငန်း အတပ်ဆင် နိုင်ဆုံး နိုင်ငံ ဖြစ်ခဲ့ပေမယ့် ၂ဝ၁၃ ခုနှစ်မှာတော့ အဆင့် (၆) အထိ ထိုးကျခဲ့ပြီး တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဗြိတိန် နဲ့ ကနေဒါ တို့ နောက်ကနေ လိုက်ခဲ့ရ ပါတယ်။ ဒီလို ထိုးကျတာ ကြောင့် အမေရိကန် လုပ်ငန်းရှင် တွေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံ သူတွေဟာ အထိနာခဲ့ပြီး အလုပ်ပြုတ် သွားသူ ဦးရေလဲ ထိုးတက် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ အနေအထား မှာ အမေရိကန် ပြည်ထောင်စု ဟာ လေအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရုံ စီမံချက်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမယ်ဆိုတာ ထင်ရှား နေပေမယ့် ကွန်ဂရက် က အခွန်ပိုင်း ဆိုင်ရာ သက်တမ်း တိုးမြှင့်ခြင်း ကို ဆက်လက်ပြီး ခွင့်ပြု၊ မပြုဆိုတဲ့ ပြဿနာ ကြောင့် ရင်းနှီးမြှုပ်နှံ သူများဟာ ဘယ်သူက အရင်စပြီး လှုပ်ရှားမလဲ ဆိုတာကို စောင့်ကြည့် နေကြ ပါကြောင်း လေ့လာ ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

2 comments:

  1. ပြုလုပ်ချင်ပါတယ် ရနိုင်မလာ

    ReplyDelete
  2. ကုန်ကျကျစရိတ် ဘယ်လေက်ကျမလဲ

    ReplyDelete

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger