www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 4, 2014

အညာမြေအိုအေစစ် (သို့မဟုတ်) စိမ်းလန်းစိုပြည် လာသည့် တန့်ကြည်တောင်



အညာမြေအိုအေစစ် (သို့မဟုတ်) စိမ်းလန်းစိုပြည် လာသည့် တန့်ကြည်တောင်

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် အတွင်း ပခုက္ကူမြို့ ၏ အနောက် တောင်ဘက် ၃၅ မိုင် အကွာ၌ တန်ခိုး ကြီးမား၍ ထူးခြားသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ စွယ်တော် ကိန်းဝပ်ရာ တန့်ကြည်တောင် မြတ်စွာဘုရား တည်ရှိ လေသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး များသည် တန့်ကြည် စွယ်တော် ဘုရားကို ရာသီမရွေး လာရောက် ဖူးမြော် ကြသည်။ အမြင့်ပေ (၁ဝ၄ဝ) ရှိသော တန့်ကြည်တောင် (သို့) ဟိရညတောင် သည် မြန်မာဘာသာ အားဖြင့် ရွှေတောင်၊ ငွေတောင်၊ ရတနာတောင် ဟု အဓိပ္ပာယ် ရသည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည် ဗုဒ္ဓ စွယ်တော်မြတ် ကို ပူဇော်လိုသော အားဖြင့် သီဟိုဠ် ဘုရင်မင်း ထံ မေတ္တာရပ်ခံ သောကြောင့် ဓမ္မ လက်ဆောင် အဖြစ် သီဟိုဠ်ဘုရင် မှ စွယ်တော်ပွား တစ်ဆူ ပေးအပ် လေသည်။ အနော်ရထာ မင်းကြီး ၏ အဓိဋ္ဌာန် ပြုချက်အရ စွယ်တော်များ ပွားလေသည်။ စွယ်တော် ပွားများအနက် တစ်ဆူကို ဆင်ဖြူတော် တင်၍ လွှတ်လေရာ  ဆင်ဖြူတော်သည် တန့်ကြည် တောင်ကြားသို့ တက်၍ ဝပ်လေသည်။ အနော်ရထာ မင်းကြီးသည် ဆင်ဖြူတော် ကိန်းဝပ်ရာ တန့်ကြည်တောင် ထိပ်၌ မှူးမတ် ဗိုလ်ပါ ပြည်သူ အပေါင်းနှင့် စွယ်တော်မြတ် ကို ဌာပနာ၍ စေတီ တည်တော်မူ လေသည်။

တန့်ကြည် စွယ်တော်မြတ် သည် ဒေသတွင်း သာမက မြန်မာပြည် အရပ်ရပ် ပျံ့နှံ့ ထင်ရှား တန်ခိုးကြီးသော စေတီတော်ကြီး ဖြစ်သည်။ စေတီတော်ကြီး ကိန်းဝပ်ရာ တန့်ကြည် တောင်တန်းကြီး ကို စိမ်းလန်း စိုပြည်ရေး အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် တန့်ကြည်တောင် စိမ်းလန်း စိုပြည်ရေး မှ အားသွန် ခွန်စိုက် ကြိုးပမ်း လုပ်ဆောင် နေကြောင်း သိရသည်။ တန့်ကြည်တောင် ကြိုးပြင် ကာကွယ်တော (၃၂ဝဝ) ဧက အတွင်း တည်ရှိသည်။

အပင်နည်းပါး ခြောက်သွေ့သည့် နေရာများကို အစဉ် ထာဝရ စိမ်းလန်း စိုပြည် စေရန် အရှိန် အဟုန်ြမှင့် ဆောင်ရွက်လျက် ရှိသည်။ တန့်ကြည်တောင် ဒေသသည် မိုးရေချိန် လက်မ ပျမ်းမျှ (၂၅.၆၃) ဝန်းကျင်သာ ရှိသည်။ အပူပိုင်း တောခြောက် အမျိုးအစား ဖြစ်၍ သန်း၊ ဒဟတ်၊ ရှား၊ နဘဲပင်၊ ထုံးပေါက်၊ ထနောင်း၊ ဇောင်ချမ်း၊ ကန္တာစိမ်း၊ သပွတ်ကြီး၊ ဖျောက်ဆိပ်၊ သမုန်း၊ဂွေး၊ စွေ့နီ၊ ကသစ်၊ အင်ကြင်း စသည့် အပင်များ ပေါက်ရောက် သည်။ ၂ဝ၁၂- ၂ဝ၁၃ ခုနှစ် အတွင်း တန့်ကြည်တောင် ဘုရားအရှေ့ဘက်ခြမ်း၌ အပင်ပေါင်း (၁၁၂ဝဝ) စိုက်ပျိုး နိုင်ခဲ့သည်။ စိုက်ပျိုးရန် ခက်ခဲသော ပိဿလင် တောင်ကုန်း တွင် ကွန်တိုမြောင်း (၁၁)ခု၊ ခြင်္သေ့ထိုင် ရေတင်စက် ကုန်းတွင် ကွန်တိုမြောင်း (၁၄)ခု ပြုလုပ်ပြီး ကွန်တိုမြောင်း တစ်ခုလျှင် ငါးပင်နှုန်းဖြင့် အပင် ၁၂၅ ပင် စိုက်ပျိုး နိုင်ခဲ့သည်။ မြန်မာ့ ကုက္ကို၊ မဲဇလီ၊ မာတာကွတ်၊ ရင်းမာ၊ တမာ၊ ဖျောက်ဆိပ်၊ ထနောင်း၊ သစ်မျိုးများ စိုက်ပျိုး နိုင်ခဲ့သည်။ ၂ဝ၁၃- ၂ဝ၁၄ ခုနှစ်တွင် ဘုရား အရှေ့ဘက်ခြမ်း ဧရိယာ၌ အပင်ပေါင်း ၁ဝ၁ဝဝ စိုက်ပျိုး နိုင်ခဲ့သည်။ ခက်ခဲ မတ်စောက်သော ဖောင်တော်ဦး တောင်ကုန်း တွင် ကွန်တိုမြောင်း ၂၅ ခု ပြုလုပ်၍ ကွန်တိုမြောင်း တစ်ခုလျှင် ငါးပင် နှုန်းဖြင့် အပင် ၁၂၅ ပင် စိုက်ပျိုး နိုင်ခဲ့သည်။

ဆက်လက်၍ ရေချမ်းစင် ကုန်းတွင် ကွန်တိုမြောင်း ၂၅ ခု၊ အပင် ၁၂၅ ပင် စိုက်ပျိုး သွားမည် ဖြစ်သည်။ တန့်ကြည်တောင် စိမ်းလန်း စိုပြည်ရေး အဖွဲ့သည် ဖြည့်စွက် စိုက်ပျိုးသည့် မြေနေရာ များတွင် ပန္နက် အကွာအဝေး (၆ပေx၆ပေ) (၉ပေx၉ပေ) ဆောင်ရွက် ထားရှိသည်။ ဆင်ခြေလျှော များ တွင် (၄ပေx တစ်ပေခွဲ တစ်ပေခွဲ)၊ ချက်ကျင်း (၁ပေx ၁ပေx ၁ပေ) နှင့် မြေပြန့်ပြူး သော နေရာများတွင် (၂ပေx ၂ပေx ၂ပေခွဲ) ကျင်းများ တူးဖော် ဆောင်ရွက် ထားရှိသည်။ မြေပြု ပြင်ခြင်း အပြင် တန့်ကြည်ရွာ အနီး တွင်လည်း ယာယီ ပျိုးဥယျာဉ် တည်ထောင် ထားရှိသည်။ ပြုစု ထိန်းသိမ်းပေါင်းရှင်း မြေတောင် မြှောက်ခြင်း၊ မြေသြဇာ ကျွေးခြင်း၊ သေပင် ဖာထေးခြင်း၊ မီးကာကွယ်ခြင်း၊ လှည့်လည် စစ်ဆေး ကြပ်မတ်ခြင်း၊ ဧရာဝတီမြစ် မှ တန့်ကြည်တောင် သို့ ရေပိုက် သွယ်တန်းကာ ရေရရှိအောင် ဆောင်ရွက်ခြင်း၊ ခြံစည်းရိုး ကာရန်ခြင်း၊ ဖြည့်စွက် စိုက်ပျိုးခြင်း၊ ကွန်တို မြောင်းများ ပြုလုပ် စိုက်ပျိုးခြင်း၊ ၂ဝ၁၄- ၂ဝ၁၅ မှ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် အတွင်း တစ်အုပ် တစ်မ စိုက်ပျိုးခြင်း များ ပြုလုပ်၍ အပင်ပေါင်း နှစ်ထောင်အထိ စိုက်ပျိုး သွားမည် ဖြစ်သည်။ တန့်ကြည်တောင် စိမ်းလန်း စိုပြည်ရေးကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိ သူများသည် အနီးကပ် ကြီးကြပ် ကွပ်ကဲလျက် စိုက်ပျိုး ထိန်းသိမ်း နေသောကြောင့် တန့်ကြည်တောင် ဒေသ တစ်ခွင်သည် စိမ်းလန်း စိုပြည်ကာ တန်ခိုး ကြီးမားသော ဗုဒ္ဓစွယ်တော် အား ဖူးမြော် လာသူတိုင်း ကြည်နူး ချမ်းမြေ့စေသည်။ ဧရာဝတီ မြစ်ပြင်မှ တိုက်ခတ် လာသော လေပြည် လေညင်း ကလည်း စိတ်ဘဝင်ကို ရွှင်လန်း စေသည်။ ဘုရားရိပ် တရားရိပ်၊ သံဃာရိပ် နှင့် တောရိပ် တောင်ရိပ် တို့ကြောင့် တန့်ကြည်တောင် ဒေသသည် အညာမြေ ၏ အိုအေစစ် သဖွယ် ရှိနေ ပါတော့သည်။

နေဦးမောင်(ပခုက္ကူ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger