www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 4, 2014

ရိုးရာယဉ်ကျေးမှု ဖြင့် ပွဲလယ်တင့်ကြပါ


ရိုးရာယဉ်ကျေးမှု ဖြင့် ပွဲလယ်တင့်ကြပါ

မြန်မာနိုင်ငံတွင် လူမျိုး အသီးသီး ပေါင်းစု နေထိုင်လျက် ရှိရာ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်စီ ရှိကြသည်။ အဆင့်မြင့်သော လူနေမှု စနစ်၊ ဓလေ့ထုံးစံ၊ ဆင်ယင် ထုံးဖွဲ့မှု၊ ကိုးကွယ်ရာ အယူဝါဒ၊ စာပေနှင့် စကား၊ အတတ်ပညာ များဖြင့် လူမျိုးနွယ် အလိုက် တင့်တင့် တယ်တယ် ရှိကြသည်။

မြန်မာ့ ရေမြေ တောတောင် သဘာဝ နယ်မြေဒေသ များအတွင်း ရှေး နှစ်ပေါင်း များစွာ ကတည်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ 'ဝ'၊ ပအို့ဝ်၊ နာဂ၊ ပလောင် စသည့် လူမျိုးနွယ်စုများ နေထိုင် ကြရာ၌ အဆိုပါ လူမျိုးစုများ၏ ရိုးရာ စရိုက် ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု တို့သည် အခြေခံ အားဖြင့် တူညီကြ ပေသည်။

မြန်မာနိုင်ငံနှင့် ဆီလျော်သော အမျိုးသား ယဉ်ကျေးမှု သည် ရှေးဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက် မှစ၍ ယနေ့ထိတိုင် တသီးတခြား အခိုင်အမာ ရပ်တည် လာခဲ့သည်။ ဗုဒ္ဓ သာသနာတော် ၏ အဆုံးအမ ကို ခံယူစေပြီး ဟီရိ သြတ္တပ္ပ တရားကို အလေးထား ခဲ့ကြသည်။

နှစ်ပေါင်း တစ်ရာကျော် အထိ နယ်ချဲ့တို့၏ ယဉ်ကျေးမှု စရိုက် သွတ်သွင်း လွှမ်းမိုးခြင်း ခံခဲ့ရသော် လည်း မျိုးချစ် မြန်မာတို့သည် အရိုးကို အရွက်မဖုံး စေဘဲ ယဉ်ကျေးမှု အမွေအနှစ် မပျောက်ပျက် အောင် ဇာတိမာန်ကိုယ်ခံ စွမ်းအားဖြင့် ခုခံနိုင်ခဲ့ ကြသည်။

ယနေ့ အချိန်အခါ တွင် နည်းပညာ နှင့် သိပ္ပံ ပညာရပ်များ တိုးတက် နေသည့် အလျောက် လမ်းပန်း ဆက်သွယ်ရေး နှင့် သတင်း နည်းပညာ အချက်အလက် များ ကွန်ရက် သဖွယ် ယှက်နွှယ် နေသော ကြောင့် ပျံ့နှံ့မှု လွယ်ကူ မြန်ဆန်နေပြီး ကမ္ဘာကြီးသည် တပေါင်း တစည်းတည်း ဖြစ်နေ ပေသည်။

ထို့ပြင် ကမ္ဘာ့ရွာကြီး အသွင်သို့ ကူးပြောင်းကာ အင်တာနက် ကွန်ရက် လွှမ်းမိုးမှု ကြောင့်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကအစ လူနေမှုစနစ် ပုံသဏ္ဌာန် တို့ လျင်မြန်စွာ ပြောင်းလဲ လာနေသည်။

ထို့ကြောင့် ရိုးရာ ယဉ်ကျေးမှုကို ပျက်စီး စေရန် အလွယ်ဆုံး လုပ်ဆောင်မှုမှာ ဝတ်စား ဆင်ယင်မှု ဖြင့် ဆွဲဆောင်ခြင်း ဖြစ်သည်။ ထို ဝတ်စား ဆင်ယင်မှုသည် တေးဂီတ၊ ရုပ်ရှင်၊ ဗီဒီယို များမှ တစ်ဆင့် အရှိန်အဟုန် ပြင်းစွာ ကူးစက် လာကာ ဗုဒ္ဓ၏ အဆုံးအမ တရားတော် များအား လိုက်နာခြင်း မရှိဘဲ ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေး စရိုက် လက္ခဏာများ ပျက်စီး လာခဲ့သည်။ အဆိုးဆုံး မှာ သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ လွှမ်းမိုး လာခဲ့ခြင်း ဖြစ်ပေသည်။

သို့ဖြစ်ရာ မြန်မာ အမျိုးသမီး များ အနေဖြင့် ရိုးရာ ယဉ်ကျေးမှု၊ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှု တို့ကို ထိန်းသိမ်းရန် လိုအပ်ပြီး နောင်လာ နောက်သား မျိုးဆက်သစ် ကလေးငယ်များ ရိုးရာ ယဉ်ကျေးမှု ရေစီးကြောင်း အလိုက်မမှား ရလေအောင် မြန်မာ့အမြင် မြန်မာ့အတွေး ဖြင့် ခေတ်နှင့် လျော်ညီသော ဝတ်စား ဆင်ယင်မှုဖြင့် ပွဲလယ်တင့် ကြပါ စေကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger