www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

ဘုရားဖူး ဧည့်သည်များကို ယာဉ်ရပ်နားစခန်းမှ အလောင်းတော် ကဿပ စံကျောင်းသို့ ဆင်အကောင် ၂ဝ ဖြင့် ပို့ဆောင်ပေးလျက်ရှိ

ဘုရားဖူး ဧည့်သည်များကို ယာဉ်ရပ်နားစခန်းမှ အလောင်းတော် ကဿပ စံကျောင်းသို့ ဆင်အကောင် ၂ဝ ဖြင့် ပို့ဆောင်ပေးလျက်ရှိ
-
ကနီ  ဇန်နဝါရီ  ၁ဝ 
-
အလောင်းတော်ကဿပ စံကျောင်းတော်တောင်ခြေရှိ မော်တော်ယာဉ် ရပ်နားစခန်းမှ စံကျောင်းသို့ သွားရောက်သည့် အကွာအဝေး တစ်မိုင်အရှည်ရှိတောင်တက် ခရီးစဉ်ကို ဆင်စီးတက်ရောက်လိုသူများအတွက် ဆင်အကောင်ရေ ၂ဝ ဖြင့် ပို့ဆောင်ပေးလျက် ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၏ ပြောကြားချက်အရ သိရသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်အတွင်းရှိအလောင်းတော်ကဿပသို့သွားရောက်နိုင်သည့် ဘုရားဖူး ရာသီလမ်းကို ဇန်နဝါရီ ၃ ရက်တွင်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင်မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် ဝင်ရောက်လာရာ တောင်ခြေယာဉ်ရပ်နားစခန်းမှ စံကျောင်းသို့ ဆင်စီးပြီး သွားရောက် သူများပြားမှုကြောင့် လက်ရှိဆင်အကောင်ရေ ဖြင့် မလုံလောက်သဖြင့် ထပ်မံခေါ်ယူထားရာ ယခုလလယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာသစ်ထုတ်ရေး ဒေသရှိ  ဆင်ကောင်ရေ ၃ဝ ခန့် ထပ်မံရောက်ရှိ လာမည်ဖြစ်သည်။ 
-
''သက်ကြီးအဘိုး၊ အဘွားတွေ၊ အဝလွန်သူတွေ၊ ကလေးငယ်တွေကို ဦးစားပေးပြီး တစ်မိုင်အကွာအဝေးရှိတဲ့  တောင်တက်ခရီးစဉ်ကို ဆင်စီးပြီးသွားနိုင်ဖို့အတွက် အမျိုးသားဥယျာဉ်က ဆင် ၁ဝ ကောင်၊ သစ်တောဦးစီးဌာနက ၁ဝ ကောင်နဲ့ မနက်ပိုင်းတစ်ကြိမ် ညနေပိုင်း တစ်ကြိမ် တစ်ရက်ကိုနှစ်ကြိမ် အသွား/အပြန် ပို့ဆောင်ပေးနေပါတယ်။ နောက်ပိုင်းမှာလည်း ဘုရားပွဲအမီတော့ ဆင်တွေ ထပ်ရောက်လာဦးမှာပါ''ဟု အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။ 
-
ဆင်စီးခအဖြစ် ယာဉ်ရပ်နားစခန်းမှ အလောင်းတော်ကဿပ စံကျောင်းတော် အရောက် အသွားတစ်ကြောင်းလျှင် လေးယောက်စီး ဆင်တစ်ကောင်လျှင် ငွေကျပ် ၈ဝဝဝနှုန်းဖြင့် လည်းကောင်း၊ နှစ်ယောက်စီး ဆင်တစ်ကောင်လျှင် ငွေကျပ် ၄ဝဝဝ နှုန်းဖြင့် လည်းကောင်း နံနက် ၆ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ တစ်ကြိမ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page