www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

အာနန္ဒာ ဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

အာနန္ဒာ ဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
-
ညောင်ဦး  ဇန်နဝါရီ  ၇ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၄ ရက်(၁၃၈ဝ ပြည့်နှစ် ပြာသိုလဆန်း ၈ ရက်မှပြာသိုလကွယ်နေ့)အထိ ကျင်းပမည်ဖြစ်ကြောင်း အာနန္ဒာဘုရား ဂေါပကဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။ 
-
ပုဂံ-ညောင်ဦးမြို့ရှိ အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားဖြစ်ပြီး နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊   ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာလာရောက်ရောင်းချကြောင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက် ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်ကြောင်းနှင့် ပွဲတော်ကာလတွင် ဈေးဆိုင်ခန်းပေါင်း ၁၈၅ဝ ကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။ အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဇန်နဝါရီ ၁၆ ရက်မှ  ၂၅ ရက် (ပြာသိုလဆန်း ၁၁ ရက်မှ ပြာသိုလဆုတ် ၅ ရက်)အထိသံဃာတော် အရှင်သူမြတ်များက အသံမစဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂ဝ ရက်(ပြာသိုလပြည့်နေ့) နံနက်ပိုင်းတွင် သံဃာတော်အပါး ၁၅ဝဝ ကျော်တို့အား  ဆွမ်း၊ သပိတ်လုံး၊ ပဒေသာပင်များဖြင့် လှူဒါန်း ပူဇော်မည်ဖြစ်ကြောင်း၊ ဓမ္မပူဇာတရားပွဲများကို ဇန်နဝါရီ ၇၊ ၈၊ ၉  (ပြာသိုလဆန်း ၁၂၊ ၁၃၊ ၁၄)ရက်တို့တွင်    သီတဂူဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင် ဉာဏိဿရနှင့် ဆရာတော်ကြီးများက ညဦးပိုင်း ဓမ္မပူဇာတရားတော်များ ဟောကြားမည်ဖြစ်ကြောင်း အာနန္ဒာဘုရားဂေါပက  ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။ 
-
အဆိုပါ အာနန္ဒာဘုရားပွဲတော်နှင့် ဈေးပွဲတော်သည် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ဘုရားပွဲတော်များ အနက် ကျေးလက်အညာ အငွေ့အသက်ကျန်ရှိနေသော ဘုရားပွဲဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများမှ ဒေသခံများက အာနန္ဒာဘုရားပွဲသို့ ပေါင်းမိုး(အမိုးအကာ)လှည်းများဖြင့် ထမင်းဟင်းချက်စားရန် အိုး၊ ခွက်၊ ပန်းကန်များယူဆောင်၍ အာနန္ဒာဘုရားကြီးဝင်းရှိ အရိပ်ရ မန်ကျည်းပင်ကြီးများ အောက်၌  လှည်းများထိုးထားကာ ထမင်း၊ဟင်း ချက်စားကြကြောင်း သိရသည်။ 
-
ယင်းအာနန္ဒာဘုရားပွဲတော်တွင် ဇာတ်ပွဲများဖြင့် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မြင့် ဘော်လီဘောအသင်းများကို ဖိတ်ကြားကာ ဘော်လီဘောပြိုင်ပွဲများကျင်းပခြင်း၊ မြန်မာ့လက်ရွေးစင် ခြင်း အလှခတ် အားကစားသမားများ ဖိတ်ကြားပြီး ခြင်းအလှခတ်ခြင်းများဖြင့် ဖျော်ဖြေပေးမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger