www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

စစ်တောင်းမြစ်ကူး ယာယီ တံတားဟောင်းတိုင်များ မဖယ်ရှားပါက ရေကြောင်း သွားလာရေး အန္တရာယ်ဖြစ်ပေါ်နိုင်

စစ်တောင်းမြစ်ကူး ယာယီ တံတားဟောင်းတိုင်များ မဖယ်ရှားပါက ရေကြောင်း သွားလာရေး အန္တရာယ်ဖြစ်ပေါ်နိုင်
-
ရေတာရှည်   ဇန်နဝါရီ   ၇ 
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း ဒေသခံပြည်သူများ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့်  အနောက်ဘက်ကမ်း ကူးလူးသွားလာနိုင်ရန် ဆောင်းရာသီနှင့် နွေရာသီကာလများ၌ ဒေသအလိုက် မြစ်ကူးတံတားများ တည်ဆောက်ကာသွားလာကြရသည်ကို တွေ့ရှိရသည်။ ထိုသို့ ယာယီမြစ်ကူးတံတားများသည် မိုးဦးရာသီ ကာလရောက်လျှင် တည်ဆောက်ထားသော ယာယီတံတားများကို ပြန်လည်ဖြုတ်သိမ်း၍ ကမ်းပေါ်၌ စုပုံကာ သိမ်းဆည်းထားသည်။  
-
ယင်းသို့  နှစ်စဉ်ပြန်ဆောက်လိုက်၊ ပြန်ဖြုတ်လိုက်လုပ်ကြရသည့် လုပ်ငန်းများကြောင့်  မြစ်အတွင်းမှ ပြန်လည်နုတ်သိမ်းခြင်း မရှိသော ငုတ်တိုင်ဟောင်း များစွာရှိနေရာ  မိုးရာသီကာလ ခရီးသွားလာကြရသော စက်လှေများ၊ကုန်တင်စက်လှေများ အနေဖြင့်   အဆိုပါ ငုတ်တိုင်ဟောင်းများကြောင့် အန္တရာယ်ရှိနိုင်ကြောင်း သာဂရမြို့ရှိ ဒေသခံများက သုံးသပ်ပြောကြားသည်။ 
-
''မိုးရာသီမှာက တံတားမရှိသေးတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ငှက်ပျောတောရွာဘက်ကနေ သာဂရမြို့ဘက်ကို ကျောင်းကုန်းကူးတို့ကပဲ ကူးရတယ်။ ဒေသတွင်းက ထွက်တဲ့ကုန်တွေဆိုလည်း စက်လှေတွေနဲ့ ကဲ့ယူရတယ်။ ရေကျချိန်ဆိုစက်လှေတွေနဲ့ စီးလာတဲ့ ခရီးသည်တွေအတွက် အန္တရာယ်ရှိတဲ့ အနေအထားဖြစ်နေလို့ တစ်နှစ်လုပ်တဲ့ ယာယီတံတားတွေ ပြန်ဖျက်မယ်ဆိုရင် ငုတ်ဟောင်းတွေ မကျန်အောင် ပြန်နုတ်သင့်ပါတယ်''ဟု   ဒေသခံ တစ်ဦးက  ပြောသည်။ 
-
ရေတာရှည်မြို့နယ်အတွင်း   မြို့ပြနှင့် ကျေးလက်ဒေသများ ခရီးလမ်းပန်း ဆက်သွယ်မှု ကောင်းမွန်၍ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်  ကျဉ်းမြောင်းလာစေရန် ရေတာရှည်-ကရင်ချောင်း - လိပ်သိုစစ်တောင်းမြစ်ကူးတံတား၊ ဆွာရွာမ-ငါးကြီးကွေ့ မြစ်ကူးတံတား၊ သာဂရ-ငှက်ပျောတော   မြစ်ကူးတံတားများ တည်ဆောက်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။ 
-
အဆိုပါစစ်တောင်းမြစ်ကူး တံတားသုံးစင်း ပြီးစီးပါက မြစ်အရှေ့ဘက်ကမ်းရှိ ကျေးလက်ဒေသနေ ပြည်သူများအတွက် ခရီးသွားလာရေးနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်များစွာ အဆင်ပြေကြမည် ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger